ရှေးဟောင်းနဲ့ အသစ်၊ တာအိုကျင့်ကြံသူ မင်ယွင်
Vol. 73 Ch. 774
ဟုန်စဲ့မင်ယွင်ဟာ မဟာရှေးဟောင်းနယ်မြေကို ဝင်ရောက်သွားတဲ့အခါမှာတော့ စကားပြောတာ ရပ်သွားပါတယ်။ ဒီတော့မှ ဟန်ကျွယ်လည်း နားအေးသွားပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေက မောက်မာပြီး သွေးဆာတဲ့လူတွေချည်းပဲလို့ ထင်ထားတာပါ။ ဟုန်စဲ့မင်ယွင်လိုမျိုး ပဋိပက္ခနတ်ဘီလူးတွေ ရှိနေလိမ့်မယ်လို့ ထင်မထားပါဘူး။
ဟုန်စဲ့မင်ယွင်က ပဋိပက္ခ နတ်ဘီလူးထက် လူသားနဲ့ ပိုတူပါတယ်။
မဟာရှေးဟောင်းနယ်မြေကို မီးအလွှာတစ်လွှာက ရစ်ပတ်ထားပါတယ်။ အတွင်းပိုင်းက အလွန်တရာ ကျယ်ဝန်းပြီး အနည်းဆုံး အင်မော်တယ်ကမ္ဘာလောက် ရှိပါတယ်။ အပြာရောင် ကောင်းကင်၊ အဖြူရောင် တိမ်တိုက်၊ အစိမ်းရောင် တောင်တန်းတွေနဲ့ တသွင်သွင် စီးဆင်းနေတဲ့ မြစ်ချောင်းတွေက သူတို့ဘာသာ ကမ္ဘာတစ်ခု ဖြစ်တည်နေပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘယ်သက်ရှိရဲ့ ရောင်ဝါကိုမှ အာရုံမခံမိပါဘူး။
မကြာခင်မှာ ဟန်ကျွယ်နဲ့ ဟုန်မင်စဲ့ယွင်ဟာ မိုးထိမျှော်တက်နေတဲ့ ဧရာမနန်းတော်ကြီးဆီ ရောက်သွားပါတယ်။ ဒီနန်းတော်ရဲ့ တံခါးကတောင် ပေတစ်သန်းကျော် မြင့်မားပါတယ်။ တံခါးရှေ့မှာလည်း ဧရာမ ဆေးအိုးကြီးနှစ်လုံး ရှိနေပြီး ဆေးအိုးကြီးထဲမှာ ကြီးမားတဲ့ အမွှေးတိုင်တစ်ချောင်းစီ ထွန်းထားပါတယ်။ အမွှေးတိုင်ငွေ့တွေဟာ လေထဲမှာ ပြည့်နှက်နေပြီး တိမ်တွေအသွင် ပြောင်းလဲကာ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနေပါတယ်။
တံခါးရှေ့မှာ လူဘီလူးကြီးတစ်ကောင် ရပ်နေပါတယ်။ ဒီလူဘီလူးကြီးဟာ ထူထပ်တဲ့ ကြေးသံချပ်ကာကို ဝတ်ဆင်ထားပြီး သူ့ရဲ့ပုံရိပ် အစစ်အမှန်ကိုတော့ မြင်တွေ့နိုင်ခြင်း မရှိပါဘူး။
လူဘီလူးကြီးဟာ ဟန်ကျွယ်တို့ နှစ်ယောက်ကို တွေ့တာနဲ့ ပြောလိုက်ပါတယ် “နတ်ဘီလူးတို့ ခန်းမထဲကို ဝင်ကြပါ၊ သခင်က အထဲမှာ စောင့်နေပါတယ်”
ဟန်ကျွယ်နဲ့ ဟုန်စဲ့မင်ယွင်လည်း ခန်းမထဲကို ဝင်လိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ ခန်းမထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အလွန်အားကောင်းတဲ့ ရောင်ဝါတစ်ခုကို ခံစားလိုက်ရတာကြောင့် နှမြောတသ ဖြစ်သွားပါတယ် ‘ငါ့ကိုယ်ပွားသာ အသွင်တူလက်ရည်စမ်းပွဲသုံးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလို့ရရင် ကောင်းမှာပဲ’
ခန်းမထဲမှာ ပရိဘောဂတွေ တစ်ခုမှမရှိပါဘူး။ ခန်းမဟာ အဖြူရောင် အလင်းတွေနဲ့ ပြည့်နေပြီး လွတ်လပ်စွာ တည်ရှိနေတဲ့ အာကာသတစ်ခုလိုပါပဲ။ ခန်းမထဲမှာ ရှိတာဆိုလို့ ပေတစ်သောင်းစီ ဝေးကွာတဲ့ ကော်ဇောတွေပါ။ ဒီကော်ဇောတွေ အကုန်လုံးဟာ အရပ်မျက်နှာတစ်ခုတည်းကို မျက်နှာမူထားကြပါတယ်။
မဟာရှေးဟောင်း နတ်ဘီလူးဟာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်။ သူ့ဦးခေါင်းဟာ မီးလျှံနက်နဲ့ တူပြီး မျက်နှာကိုတော့ မြင်တွေ့နိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ မြင်တွေ့ရသူတိုင်းကို လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ ခံစားချက်ကိုတော့ ပေးစွမ်းနိုင်ပါတယ်။
နတ်ဘီလူး အပါး နှစ်ဆယ်ကျော်ဟာ နေရာယူပြီးနေပါပြီ။ ဟန်ကျွယ်နဲ့ ဟုန်စဲ့မင်ယွင်လည်း ကပ်နေတဲ့ ကော်ဇော်နှစ်ခုမှာ ဝင်ထိုင်လိုက်ပါတယ်။
“ဒါက ကောင်းကင်တာအိုက တာအိုရောင်းရင်း ဟန်ကျွယ်ပဲ၊ မျိုးဆက်သစ်တွေက တကယ် အထင်ကြီးဖို့ကောင်းတယ်၊ သူက မျှော်လင့်ချက်မဲ့ တာအိုစိတ်ဝိညာဉ်ကို သတ်ပြီး ရှန်ပေါင် တာအိုကျင့်ကြံသူကို အနိုင်ယူလိုက်တယ်၊ မဟာတာအိုပညာရှိ ၁၄ ပါးလည်း သူ့လက်ချက်နဲ့ အသက်ဆုံးသွားတယ်၊ သူက ငါတို့ ပဋိပက္ခ နတ်ဘီလူးတွေအတွက် တိုက်ခိုက်ခဲ့တာပဲ” မဟာရှေးဟောင်း နတ်ဘီလူးဟာ ဟန်ကျွယ်ကို ရုတ်တရက် လှမ်းကြည့်ပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိ အာရုံတွေက သူ့ဆီ စုပြုံကျရောက်လာတာကို ခံစားမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ပြောလိုက်ပါတယ် “ကျွန်တော်မှာ ရွေးချယ်စရာ မရှိလို့ပါ၊ စီနီယာနဲ့ယှဉ်ရင် ကျွန်တော်က ဘာမှ မဟုတ်သေးပါဘူး”
ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နတ်ဘီလူးရဲ့ စကားကို မငြင်းပါဘူး။ ဒီလိုအချိန်မှာ သိုသိုသိပ်သိပ်နေတာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများပါလိမ့်မယ်။
မဟာရှေးဟောင်း နတ်ဘီလူးဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အရင်တုန်းက ပဋိပက္ခမှာ နတ်ဘီလူး သုံးထောင်က မားမားမတ်မတ် ရပ်ခဲ့ကြတယ်၊ ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ၊ ပဋိပက္ခ မျိုးနွယ်စုတွေက ငါတို့မွေးဖွားလာတာနဲ့တင် ကြောက်ရွံ့တုန်လှုပ်ပြီး မျှော်လင့်ချက် ကင်းမဲ့ကြရတယ်၊ ကံဆိုးချင်တော့ ပန်ကူးက တာအိုကို ရယူနိုင်ဖို့အတွက် ဇာတ်တူသား စားခဲ့တယ်၊ ငါ ဒီအကြောင်းကို ပြန်တွေးမိတိုင်း ဒေါသထွက်ရတယ်၊ တာအိုရောင်းရင်းဟန်... မင်း ကောင်းကင်တာအိုကို ကောင်းကောင်း ထိန်းချုပ်ဖို့လိုတယ်၊ ပန်ကူးကို အသက်ပြန်ရှင်သန်လာဖို့ လုံးဝ အခွင့်အရေး မပေးနဲ့”
တခြား နတ်ဘီလူးတွေလည်း သက်ပြင်းချလိုက်ကြပါတယ်။ အများဆုံးဟာ ရှေးကျတဲ့အသံတွေ ဖြစ်တဲ့အတွက် ပန်ကူးကပ်ဘေးမှာ ရှင်ကျန်ရစ်ခဲ့တဲ့ ပဋိပက္ခ နတ်ဘီလူးတွေ ဖြစ်လောက်ပါတယ်။
သူတို့တွေ စကားပြောနေတာကို ကြည့်ပြီး ဟန်ကျွယ်ဟာ ဘာမှပြန်မပြောဘဲ တိတ်တိတ်လေး နားထောင်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးအစစ် မဟုတ်တဲ့အတွက် ဒီနတ်ဘီလူးတွေနဲ့ မိတ်ဆွေဖွဲ့မှာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဒီနတ်ဘီလူးတွေက သူ့ကို ဘယ်လိုလုပ်ချင်လဲဆိုတာကို ကြားချင်နေတာပါ။
ဟုန်စဲ့မင်ယွင်က ဟန်ကျွယ်ကို အသံလွှင့်ပြီး ပြောလိုက်ပါတယ် “ပဋိပက္ခ နတ်ဘီလူးတွေကို ရှေးဟောင်းနဲ့ အသစ်ဆိုပြီး ခွဲထားတယ်၊ အခုစကားပြောနေတာတွေက ရှေးကျတဲ့ တည်ရှိမှုတွေပဲ၊ ရှင်နဲ့ ကျွန်မက အသစ်တွေ၊ ကျွန်မတို့ ကျင့်ကြံမှုက သူတို့ကို မမီတော့ ကျွန်မတို့တွေ ဆုံးဖြတ်ချက်ချနိုင်ဖို့ ခက်ခဲလိမ့်မယ်”
“ငါ နားလည်ပါတယ်”
ရှေးဟောင်း ပဋိပက္ခ နတ်ဘီလူး အုပ်စုဟာ အတိတ်က ကိစ္စတွေကို စားမြုံ့ပြန်ကြပါတယ်။ ဟန်ကျွယ်ကတော့ ဒီပဋိပက္ခ နတ်ဘီလူးတွေဟာ လူထင်ကြီးအောင် လုပ်နေတယ်လို့ပဲ ကောက်ချက်ချပါတယ်။ ဒီအတိုင်းဆက်သွားရင် တော်တော် စောင့်ရဦးမယ်ပုံ ရှိပါတယ်။
ဟန်ကျွယ်ဟာ လက်ရှိပဋိပက္ခထဲမှာ ပဋိပက္ခ နတ်ဘီလူး ဘယ်နှပါး ပုန်းနေလဲဆိုတာကိုတော့ သိချင်ပါသေးတယ်။
ဒီလိုနဲ့ လေးငါးဆယ်ရက် အကြာမှာတော့ ဓားရူးတာအိုပညာရှိ ရောက်လာပါတယ်။ ဓားတာအိုပညာရှိဟာ ဟန်ကျွယ်ကို တွေ့လိုက်ရလို့ အံ့အားသင့်ခြင်း မရှိဘဲ ဟန်ကျွယ်နဲ့ နီးတဲ့ ကော်ဇောကိုရှာကာ ဝင်ထိုင်လိုက်ပါတယ်။ အဲဒီနောက် အသံလွှင့်ပြီး ဟန်ကျွယ်နဲ့ စကား စပြောပါတယ်။
ဓားရူးတာအိုပညာရှိဟာ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ သူ့စကားအရ ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်နဲ့ တိုက်ခိုက်ပြီးတဲ့နောက် သူ့နေရာ သူပြန်ပြီး ဓားတာအိုကို သုံးသပ်နားလည်ခဲ့တဲ့အတွက် စွမ်းအားပိုကြီးလာခဲ့ပါတယ်။ ဟန်ကျွယ်နဲ့ နောက်တစ်ခါ ထပ်တိုက်ရင် အရင်လိုမျိုး ရုပ်ပျက်ဆင်းပျက် မဖြစ်တော့ဘူးလို့လည်း ယုံကြည်နေပါတယ်။
ဒါပေမဲ့ ဓားရူးတာအိုပညာရှိဟာ သူ့အကြောင်း သူသိတဲ့အတွက် ဟန်ကျွယ်ကိုတော့ ထပ်စိန်မခေါ်ပါဘူး။ ဓားရူးတာအိုပညာရှိဟာ နေ့ဝက်ကြာအောင် တရစပ် ပြောပြီးတဲ့နောက်မှာတော့ ပြောစရာ စကား မရှိတော့ပါဘူး။
ဓားရူးတာအိုပညာရှိဟာ ရှေးဟောင်းအဖွဲ့ထဲ ပါဝင်ပေမဲ့ ရှေးဟောင်း နတ်ဘီလူးတွေရဲ့ စကားဝိုင်းထဲ ဝင်မပါပါဘူး။ ဟန်ကျွယ် မြင်ရသလောက်တော့ နတ်ဘီလူးတွေက ဓားရူးတာအိုပညာရှိကို လက်မခံချင်ပုံပါပဲ။
“တာအိုရောင်းရင်း... တာအိုပညာရှိမင်ကျွယ်ကို သိလား”
နားထဲဝင်လာတဲ့ အသံကြောင့် ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ မီးခိုးရောင်ဝတ်ရုံနဲ့ တာအိုကျင့်ကြံသူအိုကြီးက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။
“ကြားတော့ ကြားဖူးတယ်၊ သိတော့ မသိတော့ဘူး၊ ကျွန်တော် တာအိုပညာရှိဖြစ်တော့ သူ မရှိတော့ဘူး”
“ဒါလည်း ဟုတ်တာပဲ၊ ငါရဲ့ အသုံးမကျတဲ့ တပည့်က အမှောင်သခင်ကြီးကို ရှုံးနိမ့်ပြီး ကောင်းကင်တာအိုပညာရှိတွေ စွန့်ပစ်တာကို ခံလိုက်ရတယ်”
‘တပည့်... ဒါဆို ဒီလူက တာအိုကျင့်ကြံသူ မင်ယွင်ပဲ’ ဟန်ကျွယ်ဟာ သတိပြန်ရသွားပါတယ်။ အတိတ်မှာတုန်းက တာအိုကျင့်ကြံသူ မင်ယွင်နဲ့ နွီဝါ ပူးပေါင်းပြီး တစ်စုံတစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ တာအိုပညာရှိ မင်ကျွယ် သေသွားကတည်းက တာအိုကျင့်ကြံသူ မင်ယွင်ဟာ ပေါ်မလာတော့ပါဘူး။
ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် “ကျွန်တော်လည်း ထပ်တူ ဝမ်းနည်းမိပါတယ်၊ ဒါပေမဲ့ ကောင်းကင်တာအိုက အရင် ကောင်းကင်တာအို မဟုတ်တော့ သေသွားတဲ့ တာအိုပညာရှိတွေက တာအိုရောင်းရင်းရဲ့ တပည့်တစ်ယောက်တည်း မဟုတ်ဘူး”
“ဒါလည်း ဟုတ်တာပဲ၊ ငါ မင်းကို အပြစ်မတင်ပါဘူး၊ ငါက မင်းနဲ့ မိတ်ဆွေဖြစ်ချင်ရုံပါ၊ ငါ မင်းကို တော်တော်လေး စိတ်ဝင်စားမိတယ်”
“မိတ်ဆွေတစ်ယောက် တိုးလာတာ ကောင်းတဲ့ကိစ္စပဲ”
“ဟုတ်တယ်”
ဟန်ကျွယ်နဲ့ တာအိုကျင့်ကြံသူ မင်ယွင်ဟာ စကားနည်းနည်းပါးပါး စပြီးတော့ ပြောဆိုကြပါတယ်။
[တာအိုကျင့်ကြံသူ မင်ယွင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီဟာကို သိပ်အလေးမထားပါဘူး။ ဒါပေမဲ့ တာအိုကျင့်ကြံသူ မင်ယွင်ကတော့ စိတ်ရင်းနဲ့ ဆက်ဆံတာပါ။ ဟန်ကျွယ်ရဲ့ တိုက်ပွဲမှတ်တမ်းက တောက်ပလွန်းတယ် မဟုတ်ပါလား။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ ကြင်နာပြီး နှိမ့်ချတဲ့ ပုံစံက တာအိုကျင့်ကြံသူ မင်ယွင်ကို တော်တော်လေး သက်သောင့်သက်သာ ဖြစ်စေပါတယ်။
အဲဒီနောက်ပိုင်း နှစ်တွေမှာ နတ်ဘီလူးတွေ တစ်ပါးပြီးတစ်ပါး ရောက်လာပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း သုံးရာကျော် ကုန်ဆုံးသွားပါတယ်။ နောက်ဆုံးမှာတော့ မဟာရှေးဟောင်း ခန်းမရဲ့ တံခါးဟာ ပိတ်သွားပါတယ်။ ဟန်ကျွယ် ရေတွက်ကြည့်တဲ့အခါ ပဋိပက္ခ နတ်ဘီလူး ၆၇ ပါး ရှိနေတာကို တွေ့လိုက်ရပါတယ်။ ဒီအရေအတွက်က ဟန်ကျွယ် ခန့်မှန်းတာထက် ပိုပါတယ်။ ဒါပေမဲ့ ပဋိပက္ခ နတ်ဘီလူး အများစုက လွတ်လပ် တာအိုပညာရှိ အဆင့်မှာပါ။
မဟာရှေးဟောင်း နတ်ဘီလူးဟာ စကားပြောတာ ရပ်လိုက်တဲ့အတွက် မကြာခင်မှာပဲ မဟာရှေးဟောင်း ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။
အတန်ကြာတဲ့အခါမှာတော့...
မဟာရှေးဟောင်း နတ်ဘီလူးက ပြောလိုက်ပါတယ် “အားလုံးပဲ... ငါတို့တွေ ဒီတစ်ခါ စုဝေးတာက လောကဦး နတ်ဘီလူးအတွက်ပဲ၊ လောကဦး နတ်ဘီလူးက မမွေးဖွားသေးဘူးလို့ ဟောကိန်းရှိပေမဲ့ ဒီကိစ္စက ငါတို့ ပဋိပက္ခ နတ်ဘီလူးတွေကို အန္တရာယ်ဖြစ်စေနေပြီ၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ၊ အနှိုင်းမဲ့ နတ်စိတ်ဝိညာဉ်တွေ၊ ပဋိပက္ခသက်ရှိတွေနဲ့ တခြားသက်ရှိတွေက လောကဦး နတ်ဘီလူးနာမည်ကိုသုံးပြီး ငါတို့ကို ဒုက္ခပေးလာနိုင်တယ်”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ကတော့ ဒီဟောကိန်းကို ဘယ်သူဖြန့်လိုက်လဲဆိုတာ ပိုသိချင်သွားပါတယ်။ ပင်မခန္ဓာကိုယ်ဆီ ပြန်ရောက်ရင် တွက်ချက်ကြည့်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
ရှေးဟောင်း နတ်ဘီလူးတွေဟာ လောကဦး နတ်ဘီလူး ဘယ်နေရာမှာ မွေးဖွားလာမယ် ဘယ်သူက သူတို့ကို ဒုက္ခပေးနိုင်တယ် ဆိုတာကို စပြီးတော့ ဆွေးနွေးကြပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုနဲ့ ပတ်သက်လာရင် ဝင်ပါမှာပါ။ မဟုတ်ရင်တော့ ဒီအတိုင်း ထိုင်ကြည့်နေမှာပါ။
ဒီစကားဝိုင်းက တော်တော်ကို ကြာမဲ့ပုံ ရှိပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် နှစ်တစ်သောင်း ဂူအောင်းကျင့်ကြံပေမဲ့ သူ့ကိုယ်ပွားက အခုထိ ပြန်မလာသေးပါဘူး။ ကိုယ်ပွား ပြန်မလာသေးတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်လေးပြီး အေးအေးဆေးဆေး မကျင့်ကြံနိုင်တော့ပါဘူး။
စွမ်းအားကြီးပုဂ္ဂိုလ်တွေက သူ့ကို သတ်ဖို့ သူ့နောက်ကွယ်မှာ တိုင်ပင်နေကြတာ မဟုတ်ပါလား။ ဟန်ကျွယ်နေရာမှာ တခြားလူတွေဆိုရင်လည်း အေးအေးဆေးဆေး ထိုင်နေနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ စာအိတ်ကို ဖွင့်ဖတ်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျင်းတျန်ကုန်းသည် ရှုံဟွာဖြစ်သွားပြီး ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ဓားတာအိုကို သုံးသပ်နားလည်ပြီး လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်သင်ပြမှုကို ရရှိခဲ့သည်။]
[သင့်မိတ်ဆွေ ကောင်းကင်အရှင်ရွှမ်တုသည် အခွင့်အားလျော်စွာ အကောင်းစား ရတနာတစ်ပါးအား ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် ကာလဒေသ ဝရုန်းသုန်းကား အခြေအနေသို့ ဝင်ရောက်သွား၏။]
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် ကာလဒေသ ဝရုန်းသုန်းကား အခြေအနေသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ကျန်းယီသည် ကာလဒေသ ဝရုန်းသုန်းကား အခြေအနေသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ယီတျန်သည် ပဋိပက္ခ နတ်ဘီလူးစွမ်းအားကို နိုးထစေခဲ့ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်သား ဟန်ထော်သည် ခန္ဓာကိုယ်ကို စတေးပြီး အကန့်အသတ်အား ဖိနှိပ်လိုက်သဖြင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။