နတ်ဘီလူး မျိုးနွယ်စု
Vol. 73 Ch. 775
‘ကျင်းတျန်ကုန်းက ရှုံဟွာ ဖြစ်သွားတာလား...’ ဟန်ကျွယ်ဟာ ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဒီအတိုင်း ဆက်သွားရင် ရှုံဟွာက တကယ်ပဲ အမှောင်သခင်ကြီးရဲ့ အင်အားစု ဖြစ်လာတော့မှာပါ။
ဟန်ကျွယ်ဟာ ယီတျန်က ပဋိပက္ခ နတ်ဘီလူးစွမ်းအား နိုးထသွားတာကို သတိထားမိလိုက်ပါတယ်။ ယီတျန်က ကောင်းကင်တာအိုရဲ့ သားတော် ဖြစ်တဲ့အပြင် ပဋိပက္ခ နတ်ဘီလူး ပြန်ဝင်စားတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကောင်းကင်ရုံးတော်ရဲ့ တိုက်ပွဲမှာ ယီတျန်ဟာ ဟန်ကျွယ်အပေါ်ကို တစ်ခါတည်း မျက်နှာသာပေးမှု ကြယ်ခြောက်ပွင့် ရှိလာခဲ့ပါတယ်။
ယီတျန်နဲ့ ဟန်ထော်က ညီအစ်ကိုတွေလို ဖြစ်နေတဲ့အတွက် ဟန်ကျွယ်ဟာ ယီတျန်ကို သူ့မိတ်ဆွေ အသိုင်းအဝိုင်းထဲ ထည့်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ယီတျန်ကို တကူးတကတော့ လိုက်မကြည့်ပါဘူး။
ကြည့်ရတာ ယီတျန်နဲ့ ဟန်ထော်က ထပ်ပြီးတော့ ဒုက္ခရောက်ပုံပါပဲ။ ဟန်ထော်က သူ့ခန္ဓာကိုယ်ကိုတောင် စတေးလိုက်ပါတယ်။
‘ကောင်စုတ်လေး... မင်း ခန္ဓာကိုယ်ကို ငါ ပေးထားတာလေ၊ ဘာဖြစ်လို့ လျှောက်စတေးရတာလဲ... ငါ မင်းကို ဖိတ်ခေါ်ပညာရပ် သင်ပေးထားရဲ့သားနဲ့၊ ဘာလို့ မသုံးတာလဲ၊ မင်းဘာသာ ဖြေရှင်းလို့ ရတယ်လို့ ယုံကြည်ချက် ရှိနေလို့လား...’
ဟန်ကျွယ်ဟာ သူ့လူတွေက ဖိတ်ခေါ်ပညာ သုံးခဲတာကို ရှာတွေ့သွားပါတယ်။ အသက်အန္တရာယ်ရှိရင် ဖိတ်ခေါ်ပညာရပ်ကို သုံးလို့ရတယ်လို့ ဟန်ကျွယ်က ပြောထားပေမဲ့ သူတို့တွေဟာ ဟန်ကျွယ်ကို နှောင့်ယှက်ဖို့ထက် သေခြင်းရှင်ခြင်းကြားမှာပဲ တွားသွားကြပါတယ်။
‘ငါက အေးစက်လွန်းလို့ နှောင့်ယှက်မခံချင်ဘူးလို့ ထင်နေကြတာများလား...’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြန်သုံးသပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ပါတယ်။
စာစောင်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အမှောင်ထုရဲ့ အိပ်မက်ဆိုးကို အသုံးပြုပြီး ကျင်းတျန်ကုန်းကို အိပ်မက်ထဲ ဆွဲသွင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျင်းတျန်ကုန်းကို အမှောင်သခင်ကြီးပုံစံနဲ့ တွေ့ဆုံပါတယ်။
အိပ်မက်နယ်မြေ။
ကျင်းတျန်ကုန်းဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ မျက်လုံးထဲကနေ သတ်ဖြတ်ငွေ့တွေ လျှံထွက်လာပါတယ်။ ကျင်းတျန်ကုန်းက အရင်ကျင်းတျန်ကုန်းနဲ့ လုံးလုံးကို မတူတော့တာပါ။
“အမှောင်သခင်ကြီး...”
ကျင်းတျန်ကုန်းဟာ တအံ့တဩ ဒူးထောက်လိုက်ပြီးနောက် တုန်တက်သွားပါတယ် ‘ဘယ်လောက်တောင် ကြာသွားပြီလဲ... နောက်ဆုံးတော့ အမှောင်သခင်ကြီးက ငါ့ကို ဆက်သွယ်လာခဲ့ပြီပဲ’
ဟန်ကျွယ်က အသံဩဩကြီးနဲ့ မေးလိုက်ပါတယ် “ကျင်းတျန်ကုန်း... မင်း ငါ့အပေါ် အမြင်ပြောင်းသွားပြီလား”
“မပြောင်းပါဘူး၊ ကျွန်တော်က သခင်ကြီးရဲ့ လက်အောက်မှာ အမြဲတမ်း ရှိနေမှာပဲ၊ သခင်ကြီး ဘာခိုင်းခိုင်း ကျွန်တော် လိုက်လုပ်မှာပါ”
ကျင်းတျန်ကုန်းဟာ လန့်သွားပြီး သူ ဘယ်လောက်သစ္စာရှိကြောင်း အရူးအမူး ပြောပါတော့တယ်။ ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးက သူ ရှုံဟွာထဲ ဝင်လိုက်တာကို မကြိုက်ဘူးလို့ ထင်နေတာပါ။
“ကောင်းပြီ... ဒါဆို မင်းအခြေအနေကို ငါ့ကို ပြောပြ”
ကျင်းတျန်ကုန်းဟာ ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ အတွေ့အကြုံတွေကို စပြီးတော့ ပြောပြပါတယ်။
အမှောင်သခင်ကြီး ပေါ်မလာတာ အတော်ကြာပြီ ဖြစ်တဲ့အတွက် အင်မော်တယ်ကမ္ဘာက အမှောင်သခင်ကြီးရဲ့ နာမည်ကို မေ့သွားကြပါပြီ။ ဒါက ကျင်းတျန်ကုန်းကို တော်တော်လေး မပျော်မရွှင် ဖြစ်စေပါတယ်။ ဒါကြောင့် ကျင်းတျန်ကုန်းဟာ လူယုံတွေကခေါ်ပြီး ရှန်နန်းတော်က ထွက်ခွာလာခဲ့ပါတယ်။ အဲဒီနောက် ပဋိပက္ခမှာ အမှောင်ဂိုဏ်းကို ပြန်တည်ထောင်လိုက်ပါတယ်။ နောက်ပိုင်း ရှီတုတောက်က ကျင်းတျန်ကုန်းကို ရှာတွေ့သွားပြီး ရှုံဟွာထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။
ကျင်းတျန်ကုန်းက ဂရုတစိုက် မေးလိုက်ပါတယ် “ရှီတုတောက်က သခင်ကြီးရဲ့...”
“ဟုတ်တယ်... ဒါပေမဲ့ မင်း ဒီကိစ္စကို စိတ်ထဲမှာပဲထား၊ မင်း ငါ့ကို ကူပြီး ရှီတုတောက်ကို ပညာပြလို့လည်း ရတယ်၊ တချို့အရာတွေက သတိကြီးကြီးထားတာ မမှားဘူး”
ကျင်းတျန်ကုန်းဟာ ကျေနပ်အံ့အားသင့်သွားပါတယ်။ ကျင်းတျန်ကုန်းဟာ ရှီတုတောက်နဲ့ ပတ်သက်ပြီး သံသယနည်းနည်း ရှိနေခဲ့တာပါ။ အခု အမှောင်သခင်ကြီးရဲ့ လူမှန်း သိလိုက်ရတဲ့အခါမှာတော့ တော်တော်လေး ဝမ်းသာသွားပါတယ်။ စိတ်တူကိုယ်တူလူ ရှာတွေ့ပြီ မဟုတ်ပါလား။
နောက်ပြီး တစ်ဖက်လူက ရှီတုတောက်ပါ။ ရှီတုတောက်ဟာ ကောင်းကင်တာအို ပညာရှိတွေအောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ခဲ့တာပါ။ အကုန်လုံးကလည်း သူ့ရဲ့ စွမ်းအားကို အသိအမှတ်ပြုကြရပါတယ်။ အခုသူက တာအိုရယူနိုင်ခဲ့ပြီဆိုတော့ သူ့အနာဂတ်က အကန့်အသတ်မဲ့သွားပါပြီ။
“ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော် နောက်ကျရင် တာအိုရောင်းရင်းရှီနဲ့အတူ အတူတူတက်ပြီး အတူတူဆုတ်ပါမယ်”
ကျင်းတျန်ကုန်းဟာ ရင်ဘက်ပုတ်ပြီး စိတ်လှုပ်ရှားစွာ ကတိပေးလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ကျင်းတျန်ကုန်းက ရှီတုတောက်ကို အသိအမှတ်ပြုတဲ့အတွက် အမှောင်သခင်ကြီးရဲ့ အုတ်မြစ်က နောက်ဆုံးတော့ အခြေတည်သွားပါပြီ။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
.....
မဟာရှေးဟောင်း ခန်းမက ပဋိပက္ခနတ်ဘီလူးတွေဟာ နှစ်သောင်းချီကြာအောင် ဆွေးနွေးပြီးတဲ့ နောက်မှာတော့ ဆုံးဖြတ်ချက် ချနိုင်ခဲ့ပါတယ်။
ဟန်ကျွယ်ကတော့ မျက်လုံးမှေးနေပါပြီ။ ဆွေးနွေးတယ်ဆိုပေမဲ့ တကယ်တော့ ရန်ငြိုးတွေကို ဖြေရှင်းတာပါ။ ပဋိပက္ခ နတ်ဘီလူးတွေက ရန်ငြိုးကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် ရန်သူကို အတူတူ ရင်ဆိုင်မယ်ဆိုရင် သူတို့ကြားက ကိစ္စတွေကို အရင်ရှင်းဖို့ လိုပါတယ်။
အခုတော့ ပဋိပက္ခ နတ်ဘီလူးတွေဟာ သဘောတူညီချက် ရသွားပါပြီ။
ဒီနေ့ကစပြီး ငါတို့အားလုံး တပည့်တွေ စေလွှတ်ပြီး လောကဦးနတ်ဘီလူးကို ရှာဖွေမယ်၊ လောကဦး နတ်ဘီလူး ဖြစ်လာနိုင်တဲ့ ဘယ်ပါရမီရှင်ကိုမဆို ချက်ချင်း ထိန်းချုပ်ရမယ်” မဟာရှေးဟောင်း နတ်ဘီလူးက မတိုးမကျယ် ပြောလိုက်ပါတယ်။
နတ်ဘီလူးတွေဟာ ခေါင်းညိတ် သဘောတူကြပါတယ်။
“နောက်ပြီး ပဋိပက္ခနတ်ဘီလူးတွေက အချင်းချင်း မတိုက်ခိုက်ရဘူး၊ တကယ်လို့ အချင်းချင်း တိုက်ခိုက်တာကို ရှာတွေ့ခဲ့ရင် စတိုက်တဲ့လူကို နတ်ဘီလူးမျိုးနွယ်စုထဲက ထုတ်ပစ်မယ်၊ ပြီးရင် ငါတို့တွေ အတူပေါင်းပြီး အဲဒီနတ်ဘီလူးကို လိုက်သတ်ကြမယ်၊ ဒါမှ ကပ်ဘေးရောက်လာရင် နောက်ကျောကို ဓားနဲ့ မထိုးခံရမှာ၊ ဒီလိုမျိုးသာဓကတွေက ပန်ကူးခေတ်မှာလည်း ရှိခဲ့တယ်”
နတ်ဘီလူးတွေဟာ ဒီကိစ္စကိုလည်း မကန့်ကွက်ကြပါဘူး။
မဟာရှေးဟောင်း နတ်ဘီလူး လက်ဝှေ့ယမ်းလိုက်တဲ့အခါ မဟာရှေးဟောင်း ခန်းမရဲ့ တံခါးဟာ ပွင့်သွားပါတယ်။
နတ်ဘီလူးတွေလည်း မတ်တတ်ရပ်ပြီး ထွက်ခွာသွားကြပါတယ်။ ဟန်ကျွယ်လည်း မဟာရှေးဟောင်း ခန်းမထဲက ထွက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ အရေးကြီး သတင်းအချက်အလက်တွေကို မကြားခဲ့ရပေမဲ့ ဒီနတ်ဘီလူးတွေရဲ့ နာမည်ရဲ့ ပုံစံကို မှတ်ထားပါတယ်။ နောက်ကျလို့ ကျိန်စာတိုက်ချင်ရင် အဆင်သင့်ပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တစ်နေ့ကျလို့ သူ ဘယ်သူလဲဆိုတာကို ဆက်ပြီးတော့ ဖုံးကွယ်ထားလို့ မရတော့ရင် သေမှာကို ထိုင်စောင့်နေမဲ့အစား ရန်သူတွေကို အရင်ဆုံး သတ်ပစ်မှာပါ။ ပြိုင်ဘက်ကင်းတယ်ဆိုတာက စွမ်းအား တစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ ပရိယာယ်လည်း ပါပါတယ်။
ဟန်ကျွယ်ဟာ မဟာရှေးဟောင်း ခန်းမထဲက ထွက်လိုက်တာနဲ့ ဟုန်စဲ့မင်ယွင်ဟာ နောက်ကနေ အမီလိုက်လာပါတယ် “တာအိုရောင်းရင်းဟန်... ခဏလောက် နှစ်ယောက်တည်း စကားပြောလို့ရမလား”
ဟန်ကျွယ်ဟာ ဟုန်စဲ့မင်ယွင်ကို တစ်ချက်ကြည့်လိုက်ပါတယ် “နောက်မှ ပြောမယ်၊ ကောင်းကင်တာအိုမှာ လုပ်စရာရှိသေးတယ်၊ အရင်သွားနှင့်ပြီ”
“ဒါဆိုလည်း သွားပါ၊ ကျွန်မ အခွင့်အရေးရရင် ကောင်းကင်တာအိုကို လာလည်မယ်”
“ကောင်းပါပြီ၊ နှုတ်ဆက်ခဲ့ပါတယ်”
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ သုတ်ခြေတင် ထွက်ပြေးပါတော့တယ်။
ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ထွက်သွားတာကို ကြည့်ပြီးတဲ့အခါမှာတော့ မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပါတယ်။
ဓားရူးတာအိုပညာရှိဟာ နောက်ကနေ လျှောက်လာပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ငါ မင်းကို အကြံတစ်ခု ပေးလိုက်မယ်၊ ကိုယ့်သေတွင်း ကိုယ်မတူးနဲ့၊ တာအိုရောင်းရင်းဟန်က ကြင်နာတက်တဲ့ပုံ ပေါ်ပေမဲ့ သူ့သတ်ဖြတ်ငွေ့က မသေးဘူးနော်”
ဟုန်စဲ့မင်ယွင်ဟာ ဓားရူးတာအိုပညာရှိကို လှည့်ကြည့်လိုက်ပါတယ် “ကျွန်မက သူ့ကို ဒုက္ခမပေးရင် သူက ဘာဖြစ်လို့ ကျွန်မကို သတ်မှာလဲ”
“ဟီးဟီး...” ဓားရူးတာအိုပညာရှိဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဓားအလင်းတန်းအသွင် ပြောင်းလဲကာ ထွက်ခွာသွားပါတယ်။
.....
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ကောင်းကင်တာအိုဆီကို ခရီးနှင်နေတုန်းပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့ကိုယ်ပွား ကြုံတွေ့ခဲ့ရတာတွေကို သိသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ သူ့ကိုယ်ပွားနဲ့ အချိန်မရွေး သိစိတ်ချင်း လဲလှယ်လို့ရလို့ပါ။
‘ပဋိပက္ခ နတ်ဘီလူးတွေကို စုစည်းချင်တာလား... ဟီးဟီး ငါ မင်းကို ကျိန်စာတိုက်လိုက်ရင် မင်းတို့တွေ စုစည်းနိုင်ဦးမလားဆိုတာ ကြည့်ချင်သေးတယ်’
ဟန်ကျွယ်ဟာ တွေးရုံပဲ တွေးလိုက်တာပါ။ တကယ် ကျိန်စာမတိုက်ပါဘူး။ လောလောဆယ်မှာ နတ်ဘီလူးမျိုးနွယ်စုကို သုံးပြီး သူခိုးကြမ်းပိုးတွေကို ခြိမ်းခြောက်လို့ ရပါတယ်။
လောကဦး နတ်ဘီလူးနဲ့ သက်ဆိုင်နေတာကြောင့် ဒီကိစ္စဟာ ပဋိပက္ခမှာ တောမီးပမာ ပျံ့နှံ့သွားပါတယ်။ ပဋိပက္ခက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ကျွယ်က နတ်ဘီလူးမျိုးနွယ်စုနဲ့ ဆက်သွယ်မိသွားမှန်း သိသွားကြပါတယ်။
နတ်ဘီလူးမျိုးနွယ်စု တည်ထောင်တာက လောကဦး နတ်ဘီလူးကိုပဲ ရင်ဆိုင်ဖို့ မဟုတ်ပါဘူး။ အတူပူးပေါင်းပြီး ရန်သူကို အတူတူ တိုက်ခိုက်တာပါ။ ဒါကြောင့် ပဋိပက္ခနတ်ဘီလူးတိုင်းရဲ့ ရန်သူတွေဟာ နတ်ဘီလူးမျိုးနွယ်စု တစ်စုလုံးရဲ့ ရန်သူတွေ ဖြစ်သွားမှာပါ။ ဒီအင်အားက တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ ရှုံဟွာတောင် ဒီအင်အားကို မယှဉ်နိုင်ပါဘူး။
ပဋိပက္ခ နတ်ဘီလူးတိုင်းက ဧရာမ အင်အားစုကြီးတစ်စုကို ထိန်းချုပ်ထားကြတာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဒီအကြောင်းကို အများကြီး မတွေးဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ နှစ်တစ်သောင်း ဂူအောင်းကျင့်ကြံတာက မပြီးသေးတဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံတာကို ရပ်လို့ မရပါဘူး။
‘နှစ်တစ်သောင်းက မလောက်သေးဘူး... ငါ ဒီထက် ပိုကြာကြာ ကျင့်ကြံအားထုတ်သင့်တယ်၊ ဟုတ်တယ်... နှစ်တစ်သိန်း ကျင့်ကြံရမယ်’
.....
ပုံရိပ်ယောင်လို့ ထင်ရတဲ့ လျှို့ဝှက်ဆန်းကြယ် အာကာသတစ်ခုမှာ ဟန်ထော်ရဲ့ ဝိညာဉ်ဟာ ပေါလောမျောနေပါတယ်။ ဟန်ထော်ရဲ့ ဝိညာဉ်ဟာ ခပ်ယဲ့ယဲ့လေး ထင်နေတဲ့ ချိန်းကြိုးတွေက နှောင်ဖွဲ့ထားပါတယ်။ ဒီအာကာသရဲ့ ပတ်ဝန်းကျင်မှာ ဘာမှမရှိပါဘူး။ ရှုံ့တွနေတဲ့ အာကာသရဲ့ အရောင်အသီးအသီးက လွဲလို့ပေါ့။ ဒီနေရာက နယ်နှင်ဒဏ်ခံရတဲ့ နေရာလိုမျိုး ဘာမျှော်လင့်ချက်မှ မရှိပါဘူး။
“ညီအစ်ကို... နည်းနည်း တောင့်ခံထားဦး... ငါ မင်းကို မကြာခင် လာကယ်မယ်” ယီတျန်ရဲ့ အသံဟာ ဘယ်ကမှန်းမသိ ထွက်ပေါ်လာပါတယ်။
ဟန်ထော်ဟာ စကားမပြောနိုင်ပါဘူး။ ဟန်ထော်ဟာ သူ့အင်အားကို စုစည်းနေတာပါ ‘ငါ့မှာသာ အဖေလိုမျိုး ဓမ္မရုပ်တုတွေ အများကြီးရှိရင်...’
ဟန်ထော်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ ဟန်ထော်ဟာ သူ ဒီအဆုံးမဲ့ အသူရာချောက်ကနေ မလွတ်မြောက်နိုင်ဘူးလို့ မယုံကြည်ပါဘူး။ ဟန်ထော်ဟာ ဟန်ကျွယ် တိုက်ခိုက်တဲ့ မြင်ကွင်းတွေကို စိတ်ထဲမှာ ပြန်ပုံဖော်ပါတယ်။
အရိပ်နက်ကြီးတစ်ခုဟာ ဟန်ထော်ရဲ့ ခန္ဓာကိုယ်ထဲက ထိုးထွက်ချင်နေပါတယ်။ ဒီအရိပ်နက်က နတ်ဘီလူးဓမ္မရုပ်တုပါ။
ဟန်ထော်ဟာ မွေးဖွားကတည်းက ဒီစွမ်းအားကို ပိုင်ဆိုင်ခဲ့တာပါ။ ဒါက ဓမ္မရုပ်တုလို့ ပြောလို့ရပေမဲ့ ဓမ္မရုပ်တုချည်းလည်း မဟုတ်ပါဘူ။ ဟန်ထော်ဟာ ဒီနတ်ဘီလူး ဓမ္မရုပ်တုကို မှီခိုပြီး အန္တရာယ်တော်တော်များများကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။