ပဋိပက္ခအား ပြန်စတင်လိုခြင်း၊ မိစ္ဆာဘိုးဘေး လို့ယွမ်
Vol. 73 Ch. 776
အမှောင်ထုထဲမှာ မီးလျှံတွေ ပတ်လည်ဝိုင်းနေတဲ့ ရုပ်သွင်တစ်ခုဟာ အာကာသကို အရူးအမူး တိုက်ခိုက်နေပါတယ်။ ဒီရုပ်သွင်ကတော့ ယီတျန်ပါ။
“ခွီးတဲ့မှပဲ...”
ယီတျန်ဟာ အကောင်းဆုံး ကြိုးစားတိုက်ခိုက်ပေမဲ့ အမှောင်ထုအာကာသကို မချိုးဖျက်နိုင်ပါဘူး။ အဆုံးမဲ့ အသူရာချောက်ရဲ့ နက်ရှိုင်းတဲ့အပိုင်းထဲ ရောက်နေတဲ့ ဟန်ထော်ကို ကယ်တင်ဖို့ကတော့ ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။
ယီတျန်ဟာ ဒီလောက်ခိုင်တဲ့ အာကာသကို တစ်ခါမှ မကြုံဖူးပါဘူး။ သူ့ဓမ္မစွမ်းအားက အမှောင်ထုကို ဝင်တိုက်မိတာနဲ့ ချက်ချင်း ပျက်ပြယ်သွားတာကြောင့် ယီတျန်ရဲ့ ရုပ်နာမ်နှစ်ပါးစလုံးကို တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။
ယီတျန်ဟာ ဒီလိုမျိုး ကူကယ်ရာမမဲ့တာ အတော်ကြာခဲ့ပါပြီ။ ဟန်ထော်က လောကဦးပဋိပက္ခ တာအိုအသီးကို ရလိုက်ကတည်းက သူ့ကို ကာကွယ်ပေးခဲ့တာပါ။ နောက်ဆုံးမှာ သူ ပဋိပက္ခ နတ်ဘီလူးစွမ်းအားကို နှိုးနိုင်ခဲ့ပေမဲ့ ဟန်ထော်ကို မကယ်တင်နိုင်သေးပါဘူး။
ဒီကိစ္စက ယီတျန်ကို ရူးသွပ်စေပါတယ် ‘ဘာဖြစ်လို့လဲ... ငါ ဘာဖြစ်လို့ ဒီလောက်တောင် အားနည်းရတာလဲ၊ မိဘတွေ မရှိတဲ့ ငါက ငါ့ရဲ့ တစ်ဦးတည်း ညီအစ်ကိုကိုတောင် မကယ်နိုင်ဘူးတဲ့လား... ငါနဲ့ ပုရွက်ဆိတ်ကြားမှာ ဘာများ ကွာခြားတော့မှာလဲ’
ယီတျန်ဟာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။
ဒီအချိန်မှာပဲ...
“ဟီးဟီး... နတ်ဘီလူးငယ်လေး လက်လျှော့လိုက်တော့... မင်း အဆုံးမဲ့ အသူရာချောက်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး၊ ငါတို့ကျင့်ကြံမှုက ကွာခြားလွန်းတယ်”
လှောင်ပြောင် သရော်သံတစ်သံ ထွက်ပေါ်လာပါတယ်။
ယီတျန်ဟာ တိုက်ခိုက်နေတာ ရပ်ပြီး လှည့်ကြည့်လိုက်ပါတယ် “ထွက်လာခဲ့စမ်း... သတ္တိရှိရင် ငါနဲ့ လာတိုက်ချည်”
“ဟားဟား... ငါက မင်းကို ဘာလို့ သတ်ရမှာလဲ၊ ငါ မင်းကို မသတ်ချင်ပါဘူး၊ ငါက မင်းတို့နှစ်ယောက်ကို ငါ့ဆီမှာ အညံ့ခံစေချင်တာ၊ မင်းတို့နှစ်ယောက် ငါ့ဆီမှာ အညံ့ခံရင် ပဋိပက္ခနတ်ဘီလူးထက် သာလွန်တဲ့ အရည်အချင်းကို ရနိုင်တယ်”
ယီတျန်ဟာ ပြုံးလိုက်ပါတယ် “ဘယ်လိုအရည်အချင်းက ပဋိပက္ခ နတ်ဘီလူးကို ကျော်တက်နိုင်တာလဲ၊ လောကဦး နတ်ဘီလူးလား၊ ခင်ဗျားက ကျုပ်တို့ကို ပဋိပက္ခရဲ့ လူထုရန်သူဖြစ်အောင် ဖြားယောင်းနေတာလား”
အဖြူရောင်ရုပ်သွင်ဟာ ယီတျန်ရှေ့မှာ ရုတ်ခြည်းပေါ်လာပြီး ယီတျန်ရဲ့ နဖူးကို လက်ညှိုးနဲ့ ညွှန်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ယီတျန်ခန္ဓာကိုယ်ပေါ်က မီးလျှံတွေဟာ လွင့်ပါး ပျက်ပြယ်သွားပါတယ်။
ယီတျန်ဟာ မျက်လုံးပြူးပြီး ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။
အဖြူရောင် ရုပ်သွင်ဟာ လူသားပုံစံရှိတဲ့ ရုပ်သွင်တစ်ခု ဖြစ်ပြီး ကျောက်စိမ်းလို ဖျော့တော့တဲ့ အသားအရေ ရှိပါတယ်။ မျက်နှာမှာတော့ မျက်လုံးမပါတဲ့ ကျောက်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးရဲ့ နောက်မှာတော့ ပိုးကောင်နက်တွေကနေ ဖြစ်တည်လာတဲ့ ဆံပင်ရှည်တွေဟာ လေထဲမှာ လူးလွန့်နေပါတယ်။
ယီတျန်ဟာ မလှုပ်ရှားနိုင်တာကြောင့် အံကြိတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
အဖြူရောင်ရုပ်သွင်ဟာ အသက်မပါစွာ ရယ်မောလိုက်ပါတယ် “ဟီးဟီး... မင်း ငါ့ကို မိစ္ဆာဘိုးဘေးလို့ ခေါ်လို့ရတယ်”
‘မိစ္ဆာဘိုးဘေး...’ ယီတျန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကောင်းကင်တာအိုရဲ့ မိစ္ဆာဘိုးဘေးလား”
“အဲဒါက ငါရဲ့ ဓမ္မရုပ်တုတစ်ခုပဲ၊ ပဋိပက္ခရဲ့ ကမ္ဘာသုံးထောင်မှာ ငါ့ဓမ္မရုပ်တုတွေ ရှိတယ်၊ ငါက မရေမတွက်နိုင်တဲ့ကမ္ဘာတွေကို စနစ်တကျဖြစ်အောင် ကူညီခဲ့တယ်၊ ငါက အသက်အကြီးဆုံး ပဋိပက္ခ နတ်ဘီလူးပဲ၊ ငါ မွေးလာတုန်းက ပဋိပက္ခက သူ့ရဲ့ မူလပုံစံပဲ ရှိသေးတယ်၊ ကမ္ဘာလည်း မရှိသလို သက်ရှိလည်း မရှိဘူး၊ အရာအားလုံး မီးခိုးရောင်ချည်းပဲ၊ ငါ့စိတ်ထဲမှာတော့ အဲဒါက အလှဆုံးပဲ” မိစ္ဆာဘိုးဘေးဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။
ယီတျန်ဟာ ချောက်ချားသွားပါတယ် ‘သူက ဘာကိုဆိုလိုတာလဲ... အရာအားလုံးကို ဖျက်ဆီးပြီး ပဋိပက္ခကို မူလပုံစံ ပြန်ရောက်စေချင်တာလား...’
မိစ္ဆာဘိုးဘေးက ဆက်ပြောပါတယ် “တကယ်တော့ ငါ မင်းတို့နှစ်ယောက်ကို အမြင့်ကြီး တွေးထားတာ၊ အဲဒါကြောင့် ငါ မင်းနဲ့ အချိန်ကုန်ခံပြီး စကားပြောနေတာ၊ ငါ့ဆီမှာ အညံ့ခံ၊ ငါ အာဏာအသစ်ကို တည်ထောင်ပြီး အရာအားလုံးရဲ့ အထက်မှာ ရပ်တည်မယ်၊ ငါက တစ်ဆူတည်းသော နတ်ဘုရားပဲ၊ မင်းတို့က ငါကလွဲရင် ပထမတန်းစား တည်ရှိမှုတွေ ဖြစ်လာလိမ့်မယ်”
ယီတျန်ဟာ တိတ်ဆိတ်သွားပါတယ်။
မိစ္ဆာဘိုးဘေးက စိတ်ရှည်လက်ရှည် ဆက်ပြောပါတယ် “မင်းတို့တွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်အတွက် တိုက်ခိုက်ပေးလို့ ဘာရနိုင်မှာလဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ် ကောင်းကင်တာအိုမှာ ရှိတုန်းက ငါ့ဓမ္မရုပ်တုကိုတောင် အကူအညီတောင်းရတယ်၊ သူက မိစ္ဆာမျိုးနွယ်စုကို လွှတ်ပေးပြီး သေမျိုးကမ္ဘာက သက်ရှိတွေကို သုတ်သင်ပေးဖို့ ငါ့ဓမ္မရုပ်တုကို တောင်းပန်ခဲ့တယ်၊ ဒါမှ အင်မော်တယ်တွေက ကယ်တင်ရှင်လုပ်နိုင်မှာလေ၊ အဲဒီလို လူမျိုးနောက်ကို ဘာလို့ လိုက်နေမှာလဲ”
ယီတျန်ဟာ နှလုံးလှုပ်သွားပါတယ်။ ယီတျန်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဒီလိုမျိုး လုပ်ဖူးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
“ငါ ပဋိပက္ခကို ပြန်စတင်ချင်တယ်၊ ကောင်းကင်တာအို ပြန်စတင်သလိုမျိုးပေါ့၊ သန့်စင်ပစ်မှပဲ ပြန်မွေးဖွားနိုင်လိမ့်မယ်၊ လက်ရှိ ကောင်းကင်တာအိုက ပြီးပြည့်စုံလုနီး ဖြစ်နေပြီ၊ ဒါပေမဲ့ အဲဒါက တိုတောင်းလှတဲ့ ငြိမ်းချမ်းရေးလေးတစ်ခုပဲ၊ မင်းညီအစ်ကိုရဲ့ အဖေက မပြတ်သားသေးဘူး၊ ကောင်းကင်တာအိုကို အုပ်ချုပ်ဖို့ တာအိုပညာရှိကို မှီခိုနေတုန်းပဲ၊ မဟုတ်ရင် ကောင်းကင်တာအိုက လုံးဝကို ပြီးပြည့်စုံသွားမှာ” မိစ္ဆာ ဘိုးဘေးဟာ ဟန်ကျွယ်အကြောင်း ပြောမိတဲ့အခါ နည်းနည်း နောင်တရသွားပါတယ်။
ယီတျန်ဟာ အံကြိတ်လိုက်ပါတယ် “ကျုပ်တို့ ခင်ဗျားနောက်ကိုလိုက်ရင် ကျုပ်တို့မိတ်ဆွေတွေကို ပြန်သတ်ဖို့ ကူညီရမှာလား”
ပဋိပက္ခကို ပြန်စတင်ဖို့က ပဋိပက္ခမှာရှိတဲ့ သက်ရှိအားလုံးကို အနည်းအကျဉ်းပဲ ကျန်တဲ့အထိ သတ်ဖြတ်ရမှာပါ။
မိစ္ဆာဘိုးဘေးဟာ ပြုံးလိုက်ပါတယ် “မင်းတို့က ငါ့ဘက်ကဆိုမှတော့ ငါက မင်းတို့ကို ကျိန်းသေပေါက် ဂရုစိုက်ရမှာပါ၊ မင်းတို့ ဂရုစိုက်တဲ့လူတွေကို ငါ ကာကွယ်ပေးမယ်... မင်းမှာ ငြင်းစရာအကြောင်း ရှိသေးလား၊ မင်းငါ့ကို အညံ့ခံရင်ခံ မဟုတ်ရင် သေရမယ်”
ယီတျန်ဟာ ယမ်းပုံမီးကျ ဖြစ်သွားပေမဲ့ ဘာမှမတတ်နိုင်ပါဘူး။
“ခင်ဗျားက ဘာလို့ ကျုပ်တို့နှစ်ယောက်ကို ရွေးချယ်ရတာလဲ”
မိစ္ဆာဘိုးဘေးဟာ ပြုံးလိုက်ပါတယ် “ဘာဖြစ်လို့လဲဆိုတော့ မင်းတို့နှစ်ယောက်က ထူးခြားနေလို့ပဲ၊ မင်းညီအစ်ကိုက ပဋိပက္ခ နတ်ဘီလူးလို့ ထင်ရပေမဲ့ ကိုယ်ပိုင် မဟာတာအို မရှိဘူး၊ ဒါကို ကြည့်ခြင်းအားဖြင့် သူက ပဋိပက္ခ နတ်ဘီလူး မဟုတ်ဘူးဆိုတာ ထင်ရှားတယ်၊ မင်းကိုကျတော့ ကောင်းကင်တာအိုက ကောင်းကင်တာအို သားတော်အဖြစ် ရွေးချယ်လိုက်တယ်၊ ဒါက အရမ်းထူးဆန်းတယ်၊ ကြည့်ရတာ ပန်ကူးရဲ့ စိတ်ဆန္ဒက နောက်ကနေ အရာအားလုံးကို ထိန်းချုပ်နေတာ ဖြစ်နိုင်တယ်၊ မင်း ငါ့အတွက် နယ်ရုပ် ဖြစ်ပေးရမယ်၊ တစ်နေ့ကျရင် ငါ ပန်ကူးနဲ့ တာအိုဘိုးဘေးကို ရင်ဆိုင်ရလိမ့်မယ်၊ သူတို့ကို သတ်ပြီးမှပဲ ငါ ပဋိပက္ခကို ပြန်စတင်နိုင်လိမ့်မယ်”
ယီတျန်ဟာ တိတ်ဆိတ်သွားပါတယ်။
မိစ္ဆာဘိုးဘေးဟာ ပြုံးလိုက်ပါတယ် “အချိန် သိပ်မကျန်တော့ဘူး၊ ငါ့စိတ်ရှည်မှုက ကုန်တော့မယ်”
ယီတျန်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါတယ် “ကောင်းပြီ... ခင်ဗျား ကျွန်တော်ရဲ့ ညီအစ်ကိုကို လွှတ်ပေးမယ်ဆိုရင် အရာအားလုံး အဆင်ပြေတယ်”
မိစ္ဆာဘိုးဘေးရဲ့ ကျောက်မျက်နှာဖုံးဟာ ရှုံ့တွသွားပြီး ထူးဆန်းတဲ့အပြုံးတစ်ခု ပေါ်လာပါတယ် “မင်း ဒီဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး”
.....
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီတစ်ခါ ဟန်ကျွယ် ဂူအောင်းကျင့်ကြံတာ နှစ်ရှစ်သောင်း ကြာသွားပါတယ်။ ဟန်ကျွယ် အသက်တစ်သန်း ပြည့်ပြီးနောက် စနစ်ကပေးတဲ့ ရွေးချယ်မှုဟာ နှစ်တစ်သိန်းကို တစ်ခါ ပေါ်မလာတော့ပါဘူး။ ကြည့်ရတာ နှစ်တစ်သန်းကြာမှ တစ်ခါ ပေါ်လာတော့မယ်နဲ့ တူပါတယ်။
ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်ဟာ လုံလုံလောက်လောက် စွမ်းအားကြီးနေပြီ ဖြစ်တဲ့အတွက် စနစ်ကပေးတဲ့ ဆုလာဘ်တွေကို သိပ်ပြီးတော့ အလိုမရှိတော့ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီအတောအတွင်း စိတ်လေးလက်လံ ဖြစ်နေတဲ့အတွက် လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဘာမှ ထွက်မလာပါဘူး။
‘ထူးဆန်းတယ်... ငါက မဟာတာအိုပညာရှိ... အကြောင်းမဲ့တော့ စိတ်မလေးနိုင်ဘူး... ကြည့်ရတာ ငါ့ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုတစ်ခုခုတော့ ပါဝင်ပတ်သက်နေပြီ ထင်တယ်’
ဟန်ကျွယ်ဟာ သဲလွန်စ ရလိုရငြား စာအိတ်ကို ဖွင့်ဖတ်လိုက်ပါတယ်။
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် အကောင်းစား ရတနာကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်သား ဟန်ထော်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ယီတျန်သည် အင်မော်တယ် နတ်ဘုရားများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၉၂၀
[သင့်တပည့် ကျိုးဖန်သည် သင့်သား ဟန်ထော်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ချင်လင်းသည် သင့်မိတ်ဆွေ ယီတျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ တာအိုကျင့်ကြံသူ မင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုဆွေးနွေးခဲ့သည်။]
[သင့်တပည့် ဂျိရှင်းရှန်သည် ပဋိပက္ခ လျှို့ဝှက်နယ်မြေသို့ မတော်တဆ ဝင်ရောက်မိပြီး ကံတရား အထောက်အပံ့ တိုးတက်သွား၏။]
‘ဟင်... ဟန်ထော်နဲ့ ယီတျန်က ဘာဖြစ်သွားတာလဲ’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ ဟန်ထော်နဲ့ ယီတျန်ရဲ့ ကျင့်ကြံမှုက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့် ရောက်နေတာကို တွေ့လိုက်ရပါတယ်။
‘မြန်လှချည်လား... ဒါပေမဲ့ ဒီအဆင့်လောက်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ကျိုးဖန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ပါ့မလား’
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး သေချာကြည့်လိုက်တဲ့အခါ ဟန်ထော်နဲ့ ယီတျန်ရဲ့ ကံတရား အထောက်အပံ့ အချက်အလက်ထဲမှာ မိစ္ဆာဘိုးဘေး ဆက်ခံသူဆိုတာကို တွေ့လိုက်ရပါတယ်။
‘မိစ္ဆာဘိုးဘေး...’
ဟန်ကျွယ်ဟာ ချက်ချင်း ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ဟန်ထော်နဲ့ ယီတျန်ကို အမွေပေးလိုက်တဲ့ မိစ္ဆာဘိုးဘေးက ဘယ်သူလဲ”
[သက်တမ်း ၄၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မိစ္ဆာဘိုးဘေး လို့ယွမ်: မဟာတာအို အထွတ်အထိပ် အလယ်အဆင့်၊ တာအိုဘိုဘေး၏ မိစ္ဆာနှလုံးသား၊ အနန္တ မိစ္ဆာဘိုးဘေး၊ ရှေးဟောင်း ပဋိပက္ခနတ်ဘီလူး။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မဟာတာအို အထွတ်အထိပ်အဆင့်... ဒီကောင် ဘယ်ကနေ ရောက်လာတာလဲ’
“ငါ မိစ္ဆာဘိုးဘေး လို့ယွမ်နဲ့ တိုက်ခိုက်ရင် နိုင်ခြေ ဘယ်လောက်ရှိလဲ”
[သက်တမ်း ၄၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မိစ္ဆာဘိုဘေး လို့ယွမ်အား သတ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ရှိသည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အန္တရာယ်များလှချည်လား... ငါ ထိပ်တိုက်တွေ့လို့ မဖြစ်ဘူး... ဒီတော့ ကြမ္မာဆိုးစာအုပ် သုံးရမှာပဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။