ဟန်ထော်ရဲ့ ဝေခွဲမရဖြစ်မှု
Vol. 73 Ch. 777
‘ဒါပေမဲ့ တကယ်လို့ လို့ယွမ်က ဟန်ထော်ရဲ့ ဆရာသခင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ရင်း အတွေးများသွားပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အခြေအနေကို နားလည်ဖို့အတွက် ဟန်ထော်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေက တောတောင်မြစ်ချောင်းတွေနဲ့ သာယာလှပနေပါတယ်။
ဟန်ကျွယ်ဟာ ဟန်ထော် ပြောင်းလဲသွားတာကို ရှာတွေ့သွားပါတယ်။ ဟန်ထော်ရဲ့ ခန္ဓာကိုယ်က အရင်ထက် စွမ်းအားပိုကြီးလာတဲ့အပြင် မျက်နှာကလည်း နည်းနည်း ကြမ်းနေပါတယ်။ ဆံပင်ဖြူတွေကိုလည်း သွေးကြောတစ်ကြောနဲ့ ချည်နှောင်ထားပါတယ်။ ကြည့်ရတာ ဟန်ထော်က ဒီနှစ်တွေမှာ တော်တော်လေး ဒုက္ခတွေ့ခဲ့ပုံပါပဲ။
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာနဲ့ ပတ်သက်ပြီး ဟန်ထော်ကို မေးခွန်းထုတ်ချင်ပေမဲ့ ဟန်ထော်ရဲ့ အခုလို အသွင်အပြင်ကို မြင်ရတဲ့အခါမှာတော့ စိတ်ပျော့သွားပါတယ်။
ဟန်ထော်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မှင်တက်သွားပြီး ချက်ချင်း မတ်တတ်ရပ်ကာ ဦးညွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ထော်ဟာ အရင်လိုမျိုး စိတ်လှုပ်ရှားမှု မရှိတော့ဘဲ တည်ငြိမ်နေပါတယ်။
ဟန်ထော်ဟာ တကယ်ကို ကြီးပြင်းလာခဲ့ပါပြီ။
ဟန်ကျွယ်က စပြီးတော့ မေးလိုက်ပါတယ် “အဆင်ပြေရဲ့လား”
ဟန်ထော်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ အမှန်အတိုင်း ပြန်ဖြေပါတယ်။ အဆုံးမဲ့ အသူရာချောက်ထဲမှာ ပိတ်မိတာကနေ မိစ္ဆာဘိုးဘေး လို့ယွမ်ဆီမှာ အညံ့ခံလိုက်ရတဲ့ အကြောင်းတွေကို အကုန်အစင် ပြောပြပါတယ်။ အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ မိစ္ဆာဘိုးဘေးကို ခန္ဓာကိုယ် ပြန်တည်ဆောက်နိုင်အောင် ကူညီဖို့ ကြိုးစားနေကြပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် “မိစ္ဆာဘိုးဘေးက အခုထိ သူ့ပင်မခန္ဓာကိုယ်ကို ပြန်မတည်ဆောက်ရသေးဘူးလား”
ဟန်ထော်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ သူ့ခန္ဓာကိုယ်ကို ပန်ကူးက ဖျက်ဆီးပြီး သူ့ဝိညာဉ်ကို တာအိုဘိုးဘေးက ရှေးပျက်သုဉ်းနယ်မြေမှာ နှစ်မရေမတွက်နိုင်အောင် ဖိနှိပ်ထားခဲ့တာဆိုတော့ ပြန်ကောင်းလာဖို့ အချိန်တော်တော် ယူရမယ်”
ဟန်ထော်ရဲ့ မျက်လုံးမှာ စိုးရိမ်မှုတွေ ယှက်သမ်းသွားပါတယ်။
“မင်း ဘာပြောချင်တာလဲ”
ဟန်ထော်ဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “ကျွန်တော် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဒဏ်ရာရအောင် လုပ်လိုက်တာက တိုက်ခိုက်တာ မဟုတ်ပါဘူး၊ သူနဲ့ ကျိုးဖန်က ကျွန်တော်နဲ့ ယီတျန်ကို ကယ်ချင်တယ်၊ ဒါပေမဲ့ ကျွန်တော်က မိစ္ဆာဘိုးဘေးနဲ့ တစ်ခုခုလုပ်ဖို့ ကြိုးစားကြည့်ချင်တယ်၊ အဖေ ကျွန်တော်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ဟန်ထော်ဟာ ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ဆံရေးကို သိတာကြောင့် ဟန်ကျွယ် စိတ်ဆိုးမှာကို စိုးရိမ်နေတာ ဖြစ်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘာဖြစ်လို့ မိစ္ဆာဘိုးဘေးနောက်ကို လိုက်ချင်ရတာလဲ”
ဟန်ထော်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး ပြတ်သားတဲ့အကြည့်နဲ့ ပြန်ဖြေပါတယ် “ကျွန်တော့် တည်ရှိမှုရဲ့ အဓိပ္ပာယ်ကို ရှာဖွေချင်တာပါ၊ ကျွန်တော် အရှင်မင်းကြီးနောက်လိုက်ပြီး လူတွေ မရေမတွက်နိုင်အောင် သတ်ဖြတ်ပြီးခဲ့ပြီ၊ ကောင်းကင်ရုံးတော် အင်အားကြီးမားလာခဲ့ပေမဲ့ ကျွန်တော်ဘဝရဲ့ အဓိပ္ပာယ်ကို မရှာဖွေနိုင်ခဲ့ဘူး၊ ကျွန်တော် မိစ္ဆာဘိုးဘေးနောက်ကို လိုက်ရင် ဘဝရဲ့အဓိပ္ပာယ်ကို ရှာတွေ့ကောင်း ရှာတွေ့နိုင်လိမ့်မယ်”
ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် ‘ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေတယ်... မင်းမှာ တခြားလုပ်စရာ မရှိတော့ဘူးလား... အသက်ရှင်သန်တာက အကြီးမားဆုံး အဓိပ္ပာယ်ပဲ’
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ အကြည့်ကို မြင်ရတဲ့အခါမှာ ဘာမှမပြောတော့ပါဘူး။ လူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီ ရှိကြတယ် မဟုတ်ပါလား။
ဟန်ကျွယ်ရဲ့ လမ်းစဉ်ကိုလည်း တခြားလူတွေ နားလည်ကြတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဘေးနားက လူတွေဟာ ဟန်ကျွယ်ကို သတ္တိကြောင်ပြီး ပြဿနာတက်မှာ ကြောက်တဲ့လူလို့ တွေးထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူ့စွမ်းအားနဲ့ သူမှန်ကြောင်း သက်သေပြခဲ့ပါပြီ။
အနည်းဆုံး အစတုန်းကလည်း ဟန်ကျွယ်ဟာ သူ့ဆုံးဖြတ်ချက်အပေါ် အရမ်းပြတ်သားခဲ့ပါတယ်။
ဟန်ထော်ဟာ အရာများစွာကို တွေ့ကြုံခဲ့ရတာကြောင့် ခံစားချက်မျိုးစုံနဲ့ ဆန္ဒမျိုးစုံကို ခံစားဖူးပါတယ်။ အောင်မြင်မှုရဲ့ အရသာကို ခံစားဖူးတဲ့အပြင် ကျရှုံးမှုရဲ့ဒဏ်ကိုလည်း ရင်ဆိုင်ဖူးပါတယ်။ ဟန်ထော်ရဲ့ အဆင့်မှာ ရန်သူတွေ့ဖို့က အတော်ခက်ခဲသွားပါပြီ။ ဒါကြောင့်လည်း အလွယ်လေးနဲ့ ဝေခွဲမရ ဖြစ်လာတာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆို မိစ္ဆာဘိုးဘေးက ဘာလိုချင်လဲဆိုတာ ငါ့ကို ပြောပြလို့ရမလား”
ဟန်ထော်ဟာ ဒီကိစ္စကိုတော့ မဖုံးကွယ်ပါဘူး။ အမှန်အတိုင်း ပြန်ဖြေပါတယ်။ ဟန်ကျွယ်ဟာ မိစ္ဆာဘိုးဘေးက ပဋိပက္ခကို ပြန်စတင်ချင်နေမှန်း သိလိုက်ရတဲ့အတွက် အံ့အားသင့်ခြင်း မရှိပါဘူး။ မသိမသာတောင် ပြုံးမိလိုက်ပါသေးတယ်။
ရှုံဟွာ၊ နတ်ဘီလူးမျိုးနွယ်စု၊ မိစ္ဆာဘိုးဘေး၊ မဟာတာအို နတ်စိတ်ဝိညာဉ် စတဲ့ အင်အားစုတွေဟာ တစ်စုပြီးတစ်စု ထွက်ပေါ်လာပါပြီ။ ဟန်ကျွယ်အတွက်တော့ ဒါက ကောင်းတဲ့ကိစ္စပါ။ ဝရုန်းသုန်းကား ဖြစ်လေလေ သူ့သရုပ်မှန် ပေါ်ဖို့ ခက်လေလေ မဟုတ်ပါလား။
ဟန်ထော်က မိစ္ဆာဘိုးဘေးရဲ့ ရည်ရွယ်ချက်ကို သိနေတဲ့အတွက် မိစ္ဆာဘိုးဘေးက ဟန်ထော်ကို ဦးနှောက်မဆေးထားဘူးဆိုတာ ထင်ရှားပါတယ်။ မဟုတ်ရင် မိစ္ဆာဘိုးဘေးဟာ သူ့ရည်ရွယ်ချက်ကို လျှို့ဝှက်ထားမှာပါ။
“မင်း သေချာစဉ်းစားပြီးပြီလား၊ ဒီလမ်းက အတော်ကို ခက်ခဲလိမ့်မယ်၊ ပြဿနာအများကြီးလည်း တက်လိမ့်မယ်” ဟန်ကျွယ်က ထပ်မေးလိုက်ပါတဘ်။
ဟန်ထော်က ပြတ်သားတဲ့ မျက်နှာနဲ့ ပြန်ဖြေပါတယ် “ပထမတော့ ကျွန်တော်လည်း ဒီကိစ္စကို လက်မခံပါဘူး၊ ဒါပေမဲ့ မိစ္ဆာဘိုးဘေးက ကျွန်တော်ကို ကိစ္စတော်တော်များများ ပြတယ်၊ အဲဒါကြောင့် ကျွန်တော် သူ့နောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တာ၊ မိစ္ဆာဘိုးဘေးမှာ အရာအားလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ ကျင့်ကြံမှုရှိတယ်၊ ကျွန်တော် တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်ဖို့ မိစ္ဆာဘိုးဘေးကို တောင်းဆိုပေးမယ်၊ တကယ်လို့ မိစ္ဆာဘိုးဘေး မအောင်မြင်ခဲ့ရင် ကျွန်တော် အဖေနဲ့ ရေစက်ဖြတ်လိုက်မယ်၊ ဒီလိုဆို အဖေ့ကို ဘာပြဿနာမှ ဖြစ်စေမှာ မဟုတ်တော့ဘူး”
ဒါက အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပါ။ ဘယ်လိုကြည့်ကြည့် ဟန်ကျွယ်အတွက် အရှုံးမရှိပါဘူး။
ဟန်ထော်က သူ့ဘဝမှာ လူတော်တော်များများကို ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဟန်ကျွယ်က သူ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပါ။ ဒါပေမဲ့ ဟန်ကျွယ်က စွမ်းအားကြီးလွန်းတဲ့အတွက် ဟန်ထော်ဟာ ကျေးဇူး ဘယ်လိုပြန်ဆပ်ရမှန်း မသိပါဘူး။ ဒါကြောင့် မိစ္ဆာဘိုးဘေးနောက်လိုက်ပြီး ဟန်ကျွယ် ရှင်သန်ဖို့ အခွင့်အရေးတစ်ခုအတွက် တိုက်ခိုက်တာပါ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ ရည်ရွယ်ချက်နဲ့ ခံစားချက်တွေကို ခံစားမိပါတယ် ‘ဒီကောင်လေးက ငါ့ကို လျှော့တွက်ထားတာပဲ’
ဟန်ထော်ဟာ မဆိုစလောက် ခေါင်းငုံ့သွားပါတယ် “အဖေက ကျွန်တော်ကို ကာကွယ်နေပေမဲ့ ကျွန်တော်ဆီက ဘာမှ မမျှော်လင့်ထားဘူးမလား”
“ငါက မင်းဆီက ဘာမှ မျှော်လင့်မထားရင် ဘာလို့ ကယ်နေမှာလဲ”
“ကျွန်တော်က အဖေရဲ့သား ဖြစ်နေတာကြောင့်လေ၊ ကျွန်တော်ပြောတဲ့ မျှော်လင့်ချက်က ဆွေမျိုးတော်စပ်တာနဲ့ ဘာမှမဆိုင်ဘူး၊ အဖေက လူအများကြီးကို ကာကွယ်ပြီး အမြဲတမ်း တစိုက်မတ်မတ် ကျင့်ကြံအားထုတ်တယ်၊ အဖေက အဖေကလွဲရင် ဘယ်သူ့ကိုမှ မယုံဘူးမလား၊ အဖေရဲ့နှလုံးသားထဲမှာ တခြားလူတွေ လာကယ်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူးမလား၊ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်တယ်လို့ ယုံကြည်ထားတာမလား”
ဟန်ကျွယ်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဟန်ထော်ရဲ့ စကားတွေက မှန်နေတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တကယ်ပဲ ဘယ်သူ့ဆီမှာ အများကြီး မမျှော်လင့်ထားပါဘူး။ နတ်ဘီလူး စစ်တပ်ကို တည်ဆောက်တာကလည်း သူ့အတွက် ပြဿနာတွေ ကူရှင်းပေးဖို့ပါ။ တိတ်ဆိတ်ဂိုဏ်းနဲ့ နတ်ဘီလူးစစ်တပ်က သူ့ကို လာကယ်ဖို့ တစ်ခါမှ မျှော်လင့်မထားပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က အဲဒီလိုအခြေအနေမျိုး မရောက်အောင် နေထိုင်လို့ပါ။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ ဒီလောက် စွမ်းအားကြီးနေတာတောင် ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံနေတာပါ။
“ကျွန်တော်ကို ကြိုးစားခွင့်ပြုပါ အဖေ” ဟန်ထော်ဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်ပါတယ်။
ဟန်ထော်နဲ့ ဟန်ကျွယ်ဟာ တကယ်သားအဖတွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဟန်ထော်က အဖေနဲ့ ပိုတူနေပါတယ်။
“ကောင်းပြီ... ငါ မင်းရဲ့ ရွေးချယ်မှုကို လေးစားပေးမယ်၊ ဒါပေမဲ့ ငါ့ကို ခြိမ်းခြောက်လာရင်တော့ မိစ္ဆာဘိုးဘေးကို သနားနေမှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် မင်းသူ့အတွက် လာမတောင်းပန်နဲ့”
ဟန်ထော်ဟာ မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ကျွန်တော်က သူ့အတွက် ဘာလို့ တောင်းပန်ပေးရမှာလဲ၊ ကျွန်တော်က ကျွန်တော်အတွက် လုပ်တာ၊ သူ့အပေါ် အကောင်းမြင်စိတ် ရှိတာ မဟုတ်ဘူး”
“သေရမဲ့ အခြေအနေကို ရောက်ရင် ငါ့ကို အချိန်မရွေး ဆင့်ခေါ်လို့ရတယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ခြောက်ကပ်နေတဲ့ နယ်မြေတစ်ခုမှာ ကြယ်တာရာတွေက လင်းလက်နေပါတယ်။
ဟန်ထော်ဟာ တောင်ကုန်းတစ်ခုပေါ်မှာထိုင်ရင်း မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ ကြယ်တွေကို မော့ကြည့်လိုက်ပါတယ် “အဖေက ကျွန်တော် မလုပ်နိုင်ဘူးလို့ ထင်နေတုန်းပဲ...”
အေးစက်တဲ့ လေပြေကြောင့် ဟန်ထော်ရဲ့ ဆံဖြူတွေဟာ လူးလွန့်သွားပါတယ်။
ယီတျန်ဟာ ဟန်ထော်ဆီကို လျှောက်လာပါတယ်။ ဟန်ထော်လိုပဲ ယီတျန်လည်း ပုံစံပြောင်းသွားပါတယ်။ ယီတျန်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ သံချပ်ကာနက်ကို ဝတ်ဆင်ထားပြီး သူ့ဆံပင်တွေက ခြေဖျားထိရောက်ပါတယ်။ မျက်နှာကလည်း ဘယ်သူကိုမှ လူမထင်ပါဘူး။
“ဘာတွေ တွေးနေတာလဲ၊ မိစ္ဆာဘိုးဘေးတော့ ပြီးလောက်ပြီ ထင်တယ်၊ သူက တကယ်ရွံဖို့ကောင်းတယ်၊ ရှေးဟောင်းပဋိပက္ခ နတ်ဘီလူးရဲ့ အလောင်းကို ဒီအတိုင်း အစိမ်းစားတယ်” ယီတျန်ဟာ ဟန်ထော်ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။
ဟန်ထော်က မေးလိုက်ပါတယ် “ယီတျန်... မင်း ဘာဖြစ်လို့ ကျင့်ကြံအားထုတ်နေလဲဆိုတာ တွေးဖူးလား၊ မင်းဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ယီတျန်ဟာ ဟန်ထော်ရဲ့ မေးခွန်းကြောင့် မှင်တက်သွားပြီးနောက် ပြုံးလိုက်ပါတယ် “ရည်ရွယ်ချက်လား... ရှိတာပေါ့၊ ငါ့ရည်ရွယ်ချက်က အစွမ်းအထက်ဆုံး တည်ရှိမှု ဖြစ်လာဖို့ပဲ၊ မင်းပြောတဲ့ ကောင်းကင်နဲ့ညီမျှတဲ့ တန်ခိုးရှင်လိုလေ”
“ကောင်းကင်နဲ့ညီမျှတဲ့ တန်ခိုးရှင်က နောက်ဆုံးမှာ တိုက်တိုင်းအောင်ဗုဒ္ဓ ဖြစ်လာတယ်လေ”
ယီတျန်ဟာ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်ပါတယ် “အဲဒါက သူ ရှုံးသွားလို့လေ၊ သူ နိုင်ခဲ့ရင် ဗုဒ္ဓတောင် သူ့ရှေ့မှာ ဒူးထောက်ရလိမ့်မယ်”
ဟန်ထော်ဟာ ယီတျန်ရဲ့ အပြုံးကိုကြည့်ရင်း အတွေးထဲ နစ်မျောသွားပါတယ်။ ယီတျန်က အမြဲတမ်း အကောင်းမြင်ပြီး စိုးရိမ်ပူပန်မှုတွေ မရှိပါဘူး။
ယီတျန်ဟာ ဟန်ထော်ရဲ့ ခံစားချက်တွေကို ခံစားမိတာကြောင့် ဟန်ထော်ရဲ့ ပခုံးကို အသာပုတ်လိုက်ပါတယ် “ဒါတွေကိုပဲ တစ်နေကုန် ထိုင်တွေးမနေနဲ့၊ မင်းမှာက အားထားစရာ အဖေတစ်ယောက် ရှိသေးတယ်၊ မင်းက ဘာပဲလုပ်လုပ် မသေဘူးဆိုတာ သိလို့ တမင် ပြဿနာရှာချင်နေတာလား”
“မင်း ဘာသိလို့လဲ၊ ငါက ဘဝအဓိပ္ပာယ်ကို စဉ်းစားနေတာ၊ ဒါတွေ မင်းနားမလည်ပါဘူး”
ယီတျန်ဟာ ပြုံးဖြဲဖြဲ လုပ်လိုက်ပါတယ် “ငါ မင်းကို ဖိနှိပ်ပြီး တက်နင်းလိုက်ရင် မင်းမှာ စဉ်းစားဖို့ အင်အားတောင်ရှိမှာ မဟုတ်ဘူး၊ ငါ့ကို ဘယ်လိုဖိနှိပ်ရမလဲဆိုတာပဲ မင်း တွေးနေလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။