မူလအာကာသ နိယာမ
Vol. 73 Ch. 778
အသိဉာဏ်ရှိတဲ့ ဘယ်တည်ရှိမှုမဆို တစ်ကြိမ်တစ်ခါတော့ ဝေခွဲမရ ဖြစ်တတ်စမြဲပါ။ ဒါကို ဟန်ကျွယ် ကောင်းကောင်းကြီး သိပါတယ်။ ဟန်ကျွယ်ကိုယ်တိုင်လည်း မကြာခဏ ဝေခွဲမရ ဖြစ်ခဲ့တာပါ။
ဥပမာအားဖြင့် အခုအချိန်မှာ ဟန်ကျွယ်ဟာ မိစ္ဆာဘိုးဘေးနဲ့ တိုက်ခိုက်ရင် နိုင်ခြေ ၆၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမဲ့ မိစ္ဆာဘိုးဘေးက သူ့ခန္ဓာကိုယ်ကိုတောင် ပြန်မရသေးပါဘူး။ ဒါက ဟန်ကျွယ်အတွက် သတင်းကောင်းတော့ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မိစ္ဆာဘိုးဘေးကို သွားတိုက်မဲ့အစား ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေက အရင်အတိုင်း ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်ထဲမှာပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မျက်နှာပူသွားပြီး ပထမဆုံး ပြောလိုက်ပါတယ် “တောင်းပန်ပါတယ်၊ ငါ မင်း,သားကို မကာကွယ်လိုက်နိုင်ဘူး”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ကျွန်တော်ကသာ အရှင်မင်းကြီးကို တောင်းပန်ရမှာပဲ၊ ဒီကောင်လေးက စိတ်မမှန်လို့ အရှင်မင်းကြီးကို ဒဏ်ရာရအောင်လုပ်လိုက်တာ၊ သူ့ကို ဗွေမယူပါနဲ့”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါက ဘယ်လိုလုပ်ပြီး သူ့ကို အပြစ်တင်နိုင်မှာလဲ၊ သူက ကောင်းကင်ရုံးတော်အတွက် အများကြီး အကျိုးဆောင်ပြီးပြီ၊ သူ တကယ်ထွက်သွားချင်ရင် ငါ မတားပါဘူး၊ နောက်ပြီး ငါ့ကို ဒဏ်ရာရအောင်လုပ်တဲ့လူက တကယ်တော့ သူ မဟုတ်ပါဘူး၊ မိစ္ဆာဘိုးဘေးရဲ့ စွမ်းအားကြောင့်သာ ငါ ဒဏ်ရာရသွားတာ၊ သူလည်း တော်တော်လေး လန့်သွားတယ်၊ သူ့ကိုယ်သူ အပြစ်တင်နေမယ်ဆိုတာ ငါ သိတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒီအကြောင်း ပြောမိတဲ့အခါမှာတော့ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ တကယ်တော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒီလိုအခြေအနေမျိုးကို ကြုံဖူးပေါင်း များပါပြီ။ ကောင်းကင်တာအိုမှာတုန်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တာအိုပညာရှိ ဂိုဏ်းတွေဆီကို ပါရမီရှင်တွေ တော်တော်လေး စေလွှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကောင်းကင်ရုံးတော်ကို ပြန်လာတဲ့လူက လက်တစ်ဖက်စာတောင် မရှိပါဘူး။ လူသားတွေက တစ်ဆင့်ထက်တစ်ဆင့် ပိုမြင့်ချင်ကြတယ် မဟုတ်ပါလား။
“အဲဒီတုန်းက ကျွန်တော်ကို ဘာလို့ မဆင့်ခေါ်တာလဲ”
“ဒီမိစ္ဆာဘိုးဘေးက မရိုးရှင်းဘူး၊ သူက အရမ်းရှေးကျလွန်းတယ်၊ သူက ပန်ကူးနောက်ကို ခေတ်တစ်ခေတ်ကြာအောင် လိုက်ခဲ့ဖူးတယ်၊ နောက်မှသာ တာအိုဘိုးဘေးရဲ့ အတွင်းနတ်ဆိုး ဖြစ်လာတာ၊ တာအိုဘိုးဘေးက သူ့ကို ဖြတ်ထုတ်လိုက်ပေမဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုက အရမ်းနက်ရှိုင်းနေတော့ တာအိုဘိုးဘေး မသေရင် မိစ္ဆာဘိုးဘေးကလည်း သေမှာ မဟုတ်ဘူး၊ ဒီလို တည်ရှိမှုမျိုးက ရန်မစလေ ကောင်းလေပဲ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မိစ္ဆာဘိုးဘေးက ဒီလောက်တောင် ကြမ်းတာလား...’
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ဟန်ထော် မိစ္ဆာဘိုးဘေးနောက်ကို လိုက်တာက ဒီထက်စွမ်းအားပိုကြီးလာမှာ အမှန်ပဲ၊ သူ ဆုံးဖြတ်ပြီးပြီဆိုတော့ ငါ့ဘက်က ဘာမှပြောစရာ မရှိပါဘူး”
မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ အနည်းငယ် နောင်တရသွားပေမဲ့ မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေတုန်းပါ။
“အို... အရှင်မင်းကြီးက မိစ္ဆာဘိုးဘေးကို အထင်ကြီးနေတာလား”
“ဟုတ်တယ်၊ လောကကြီး ဖန်တီးမှုအပြီး ဖြစ်ပွားခဲ့တဲ့ တာအိုနဲ့ မိစ္ဆာတိုက်ပွဲမှာသာ အနိုင်ရခဲ့ရင် မိစ္ဆာဘိုးဘေးက တာအိုဖန်တီးရှင် ဖြစ်နေလောက်ပြီ၊ လက်ရှိ ကောင်းကင်တာအိုက ဒီထက်တော့ အခြေအနေဆိုးမှာ မဟုတ်ဘူး၊ မိစ္ဘာဘိုးဘေးမှာ ကြီးမားတဲ့ဆန္ဒတစ်ခု ရှိတယ်၊ အဲဒါက ပိုပြီးတော့ စွမ်းအားကြီးလာဖို့ မဟုတ်ဘူး၊ ငြိမ်းချမ်းဖို့ပဲ”
“ပန်ကူး ကောင်းကင်တာအိုကို မဖန်တီးခင်တုန်းက ပဋိပက္ခမှာရှိတဲ့ နတ်ဘီလူးသုံးထောင်စလုံးက တိုက်ခိုက်တာကို ကြိုက်ကြတာ မဟုတ်ဘူး၊ မိစ္ဆာဘိုးဘေးက တိုက်ခိုက်တာကို မုန်းတဲ့ တည်ရှိမှုတွေထဲက တစ်ခုပဲ၊ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး...”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဒါက နောက်ထပ် ဝမ်းနည်းစရာကောင်းတဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ပါလား။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “လောလောဆယ်မှာ မိစ္ဆာဘိုးဘေးကို ဂရုစိုက်စရာ မလိုဘူး၊ တစ်ယောက်ယောက်က သူ့ကို ရင်ဆိုင်လိမ့်မယ်၊ ထော်အာအတွက်တော့ သူက အကြီးမားဆုံး ကံတရား အထောက်အပံ့ပဲ၊ ထော်အာအတွက်တင် မဟုတ်ဘူး၊ ယီတျန်အတွက်ရောပဲ၊ သူတို့နှစ်ယောက်က အန္တရာယ်ကြားထဲ မကြာခဏကျတယ်၊ ဒါပေမဲ့ အမြဲတမ်း တစ်ယောက်ကို တစ်ယောက် မှီခိုပြီး ရှင်သန်နိုင်ခဲ့ကြတာချည်းပဲ၊ ငါ နားလည်သလောက်တော့ သေခြင်းတရားကနေ အမြဲတမ်းလိုလို လွတ်ပြီး စွမ်းအားကြီးလာတဲ့ လူတွေ အကုန်လုံးက ကြီးမားတဲ့ ကံတရား အထောက်အပံ့ရှိတဲ့လူတွေချည်းပဲ၊ နောက်ပြီး ထော်အာနဲ့ ယီတျန်က အနာဂတ်မှာ ပဋိပက္ခကို တုန်လှုပ်စေလိမ့်မယ်လို့ ငါ ခံစားမိတယ်၊ သူတို့က မင်းထက် နိမ့်ကျမှာ မဟုတ်ဘူး”
“ဟီးဟီး... တကယ်လား”
ဟန်ကျွယ်ဟာ ဟန်ထော်က ဘာဖြစ်လို့ မကျေမနပ် ဖြစ်နေလဲဆိုတာ ရုတ်တရက် နားလည်သွားပါတယ်။ တစ်ဖက်မှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်က အားပေးနေပြီး တစ်ဖက်မှာလည်း သူ့လိုမျိုး အဖေတစ်ယောက် ရှိနေတယ် မဟုတ်ပါလား။
“ဟားဟား... ထော်အာ စွမ်းအားကြီးလာရင် မင်းလည်း အကျိုးအမြတ်ရမှာပဲ၊ ဒါနဲ့ မင်းမှာ နောက်ထပ်သားတစ်ယောက် ရှိသေးတယ်မလား၊ မင်း သူ့ကို ဂရုမစိုက်ချင်ရင် ငါ့ဆီ ပိုလို့ရတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်ရဲ့ အငယ်ဆုံးသားကို တော်တော်လေး စိတ်ဝင်စားနေပါတယ်။ ဟန်ကျွယ်ရဲ့ အငယ်ဆုံးသားက ဟန်ထော်ရဲ့ သွေးစည်းကို လှုံ့ဆော်နိုင်ခဲ့တယ် မဟုတ်ပါလား။ ဒါကြောင့် သူ့အရည်အချင်းက အနည်းဆုံး ဟန်ထော်အထက်မှာပဲ ရှိမှာပါ။
ဟန်ကျွယ်က ဒေါသတကြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီးက ဘာဖြစ်လို့ ကျွန်တော်သားတွေကိုပဲ လိုချင်နေရတာလဲ၊ အဲဒီကောင်လေးရဲ့ အရည်အချင်းက မကောင်းဘူး၊ ဟန်ထော်ကို မယှဉ်နိုင်ဘူး၊ နောက်ပြီး သူ့အမေက သူ့ကို တစ်ချိန်လုံး ခေါ်ထားတာ၊ မျက်စိအောက်က အပျောက်ခံတာ မဟုတ်ဘူး”
“ဟုတ်လား... အဲဒီလိုဆိုရင်တော့ ဝမ်းနည်းစာရာပဲ၊ ငါ့အထင်တော့ သူ့အရည်အချင်းက ထက်မြက်မှာပါ၊ မင်း သူ့အရည်အချင်းကို ရှာမတွေ့သေးလို့နဲ့ တူပါတယ်”
“နောက်ကျလို့ အခွင့်အရေးရှိခဲ့ရင် ကျွန်တာ် သူ့ကို အရှင်မင်းကြီးဆီပို့ပြီး အရှင်မင်းကြီး နယ်မြေချဲ့ထွင်ရာမှာ ကူညီခိုင်းမယ်လေ”
“မင်းပြောပုံက ငါကပဲ အသားယူနေသလိုပဲ”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကောင်းကင်ဧကရာဇ်က သမာသမတ် ကျတယ်လေ၊ ကျွန်တော် ဘယ်လိုလုပ်ပြီး အဲဒီလို တွေးရဲမှာလဲ”
“ကောင်စုတ်လေး... မင်းက ငါ့ရှေ့မှာ ဘယ်လို လေးလေးစားစား နေခဲ့လဲဆိုတာ မေ့သွားပြီလား၊ ငါ့ကို မျက်နှာတောင် မပေးတော့ဘူးလား”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာမဟုတ်တာလေးကို အကြောင်းပြပြီး ငြင်းခုံကြပါတော့တယ်။ ဒါပေမဲ့ သူတို့မျက်နှာပေါ်က အပြုံးတွေဟာ ပျောက်ကွယ်မသွားပါဘူး။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ စကားပြောပြီးနောက် မိစ္ဆာဘိုးဘေးကို ကျိန်စာတိုက်မဲ့ အကြံအစည်ကို လက်လျှော့လိုက်ပါတော့တယ်။
ဟန်ကျွယ်ဟာ မျက်စိပြန်မှိတ်ပြီး ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်စဉ်မှာပဲ ထူးဆန်းတဲ့ လှုပ်ခတ်မှုတစ်ခုကို ခံစားလိုက်ရပါတယ်။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဖူစန်းသစ်ပင် ပတ်လည်က အာကာသဟာ ပြင်းထန်စွာ ရှုံ့တွနေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ ချက်ချင်း ရောက်သွားပြီး လှုပ်ရှားဖို့ ပြင်လိုက်စဉ်မှာပဲ ဖူစန်းသစ်ပင်က ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
ပေတစ်သောင်းကျော် မြင့်မားတဲ့ ဖူစန်းသစ်ပင်က ရုတ်တရက် ပျောက်ကွယ်သွားတဲ့အတွက် အမြင်အာရုံအားဖြင့် ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ်။ သစ်ပင်ပေါ်က တာအိုစက်ကွင်း အစောင့်တွေ၊ အာတ၊ ရှောင်အာနဲ့ ငရဲကြက်နက်တို့လည်း မြေပြင်ပေါ် လျှောကျသွားပါတယ်။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရဲ့ စိတ်လေးလံမှုဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။ ဒီတော့မှ သူ စိတ်လေးနေတာက ဟန်ထော်ကြောင့် မဟုတ်ဘဲ ဖူစန်းသစ်ပင်ကြောင့်ဆိုတာ ဟန်ကျွယ် သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပေမဲ့ ဘယ်လျှို့ဝှက်ဆန်းကြယ် ရန်သူကိုမှ ရှာမတွေ့ပါဘူး။ ဟန်ကျွယ်ဟာ အလျင်စလို မလိုက်ရဲပါဘူး။ တာအိုစက်ကွင်းရဲ့ အစီအမံကို ကျော်ဖြတ်ပြီး လှုပ်ရှားနိုင်တဲ့လူက ဘယ်လိုမှ သာမန်စွမ်းအားကြီးပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး။
“ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ကြ... ဘာမှမဖြစ်သလိုသာနေ”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ပြီး တွက်ချက်ကြည့်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ရှာတွေ့သွားပါတယ်။ ဖူစန်းသစ်ပင်က သူ့ထက် အားနည်းတဲ့အတွက် ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှုကိုတောင် သုံးစရာ မလိုပါဘူး။
ဒါပေမဲ့ ဖူစန်းသစ်ပင်က ကောင်းကင်တာအိုနဲ့ ဒီလောက်ဝေးဝေးကို ရောက်သွားလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားပါဘူး။ ဖူစန်းသစ်ပင် ရောက်သွားတဲ့နေရာက မဟာရှေးဟောင်းနယ်မြေထက်တောင် ပိုဝေးနေပါသေးတယ်။
ဖူစန်းသစ်ပင်ဟာ ပဋိပက္ခချီတွေ လှိမ့်ထွက်နေတဲ့ မှောင်မိုက်တဲ့ အာကာသတစ်ခုမှာ ပေါ်လာပါတယ်။ ဒီနားဝန်းကျင်မှာ သက်ရှိဆိုလို့ ပိုးကောင်တစ်ကောင်တောင် မရှိပါဘူး။ ဖူစန်းသစ်ပင်ရဲ့ အကိုင်းတွေဟာ တုန်ခါသွားပြီး သစ်ရွက်တွေ ကြွေကျကုန်ပါတယ်။ ကြွေကျသွားတဲ့ သစ်ရွက်တွေဟာ အမှုန့်ဖြစ်သွားပြီး ကြယ်ကလေးတွေ ဖြစ်တည်လာကာ ပတ်ဝန်းကျင်ကို လင်းလက်သွားစေပါတယ်။
ဟန်ကျွယ်ဟာ တခြားတည်ရှိမှုတွေကို မတွက်ချက်မိပါဘူး။ ကြည့်ရတာ ဖူစန်းသစ်ပင် ကိုယ်တိုင်က ထွက်သွားချင်ပုံပါပဲ။ ဒါပေမဲ့ ဖူစန်းသစ်ပင်က တာအိုစက်ကွင်းရဲ့ အစီအမံကို ကျော်ဖြတ်နိုင်တဲ့အထိတော့ အစွမ်းအစ မရှိသေးပါဘူး။
“ဖူစန်းသစ်ပင်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကနေ ထွက်သွားဖို့ ဘယ်သူ ကူညီလိုက်တာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တာအိုဖန်တီးရှင်များလား...’ ဟန်ကျွယ်ဟာ ပူပန်သွားပါတယ်။
ဆက်တွက်မယ်။
[မူလအာကာသ: ဖူစန်းသစ်ပင်သည် အသွင်ပြောင်းလဲလိုခြင်း ပြင်းထန်လှသဖြင့် မူလအာကာသ နိယာမကို သွားထိမိ၏။ မူလအာကာသ၏ စိတ်ဆန္ဒဖြင့် ဖူစန်းသစ်ပင်သည် ပဋိပက္ခ၏ လောကဦးနယ်မြေသို့ ရောက်ရှိသွားပြီး အရာအားလုံးအသွင် ပြောင်းလဲဖို့ ပြင်ဆင်နေ၏။ ဖူစန်းသစ်ပင်သည် မဟာတာအို ကုသိုလ်ကံအား အသုံးပြုကာ အသွင်ပြောင်းလဲလိုခြင်းတည်း။]
ဟန်ကျွယ်ဟာ ဒီစာကို မြင်ရတဲ့အခါမှာ ဘယ်လိုပြောရမှန်း မသိတော့ပါဘူး။
ဖူစန်းသစ်ပင်က အသွင်ပြောင်းချင်တာက ဟိုးအရင်ကတည်းကပါ။ ဒါပေမဲ့ ဖူစန်းသစ်ပင်က လောကဦး နတ်သစ်ပင် ဖြစ်တဲ့အတွက် အထူးနိယာမတွေရဲ့ ကန့်သတ်မှုကို ခံရပြီး အသွင်မပြောင်းနိုင်ခဲ့ပါဘူး။ မဟာတာအိုပညာရှိဖြစ်တဲ့ ဟန်ကျွယ်တောင် ဖူစန်းသစ်ပင် အသွင်ပြောင်းလဲအောင် မကူညီနိုင်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ခန္ဓာကိုယ် စွန့်လွှတ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖူစန်းသစ်ပင်က ချက်ချင်း သဘောမတူခဲ့ပါဘူး။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို အကျိုးအကြောင်း မေးကြည့်ချင်ပေမဲ့ ဘယ်လိုမေးရမှန်းမသိ ဖြစ်နေပါတယ်။ လက်ရှိ တာအိုစက်ကွင်းက ဖူစန်းသစ်ပင်ရဲ့ စိတ်ဝိညာဉ်ချီ ထောက်ပံ့မှုကို မလိုအပ်တော့ပါဘူး။ အကူအညီမရမှတော့ သူ လိုချင်တာနောက်ကို လိုက်ဖို့ ခွင့်ပြုပေးသင့်ပါတယ်။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင် ထွက်ခွာသွားတဲ့အတွက် ဝမ်းမနည်းပါဘူး။
ဟန်ထော်၊ ဖူစန်းသစ်ပင်၊ တာအိုအရှင်သခင်၊ ကျိုးဖန်နဲ့ တခြားလူတွေက သူတို့လမ်းကို သူတို့လျှောက်နေကြတာပါ။ သူတို့က ဟန်ကျွယ်ရဲ့ ကာကွယ်မှုကို လိုအပ်နေတဲ့ လူမမယ်ကလေးတွေ မဟုတ်တော့ပါဘူး။
“ဒီလိုဆိုမှတော့ မင်းရဲ့ဆန္ဒ အောင်မြင်ဖို့ ငါ မျှော်လင့်ပါတယ်၊ နောက်ကျရင် ငါ့ကို အံ့အားသင့်အောင် လုပ်စမ်းပါ၊ ဒါပေမဲ့ ငါ့ကို ဖိနှိပ်ဖို့ကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း မျက်လုံးတွေက လုံးဝ ပြတ်သားသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။