နတ်အာဏာရှင်စစ်သူကြီးများ၏ တုန်လှုပ်ဖွယ်ရာစွမ်းအား
Vol. 75 Ch. 791
ဟန်ကျွယ်ဟာ ချင်လင်းကို ဧကရာဇ်အနှစ်ဆေးလုံး ၉၉ လုံး ကူဖော်ပေးလိုက်တဲ့အတွက် ချင်လင်းက သူ့ကို ဒူးထောက်ပြီး ဆရာမြှောက်လုနီးနီးပါပဲ။ ချင်လင်းဟာ ဟန်ကျွယ်ရဲ့ အဂ္ဂိရတ်ပညာအစွမ်းကို တကယ် အထင်ကြီးသွားတာပါ။
ချင်လင်း ပြင်ဆင်ထားတဲ့ ဆေးပစ္စည်းတွေက အခါတစ်ရာ ဖော်စပ်ဖို့ပဲ လုံလောက်တာပါ။ သာမန်ဆေးဖော်စပ်တာက ၁၀ ရာခိုင်နှုန်းပဲ ရှိတာပါ။ ဒါပေမဲ့ အခုတော့ အခါ ၁၀၀ မှာ ၉၉ ခါက အောင်မြင်သွားပါတယ်။ နောက်ပြီး မအောင်မြင်တဲ့အကြိမ်ကလည်း ချင်လင်း ဖော်စပ်ထားခဲ့တဲ့ တစ်ကြိမ်ပါ။
ချင်လင်းဟာ ဟန်ကျွယ်ရဲ့ ပခုံးနဲ့ နောက်ကျောကို နှိပ်နယ်ပေးပြီး ဟန်ကျွယ် စိတ်ကျေနပ်အောင် အကောင်းဆုံး ကြိုးစားပါတယ် “အစ်ကိုကြီး... ဘာစားချင်လဲ၊ ဘာသောက်ချင်လဲ၊ ကျွန်တော်ကိုပြော... ကျွန်တော် အကုန်လုံး လုပ်ပေးမယ်”
“ဒီဆေးလုံးတွေထဲက ၆၀ ရာခိုင်နှုန်းကို အကိုကြီး ယူသွားပါ၊ ကျွန်တော်ကို အကုန်လုံး ပေးစရာ မလိုပါဘူး”
“ငါ့အတွက် ဒီဆေးလုံးတွေ မလိုဘူး၊ မင်းဘာသာ ကြည့်လုပ်လိုက်”
“အစ်ကိုကြီးက ကျွန်တော်ကို ဒါတွေ အကုန်လုံး ပေးတာလား... ကျွန်တော်...”
“မင်း မလိုချင်ဘူးလား၊ မလိုချင်ရင် လွှင့်ပစ်လိုက်...”
“လိုချင်ပါတယ်... လိုချင်ပါတယ်... ဘယ်က မလိုချင်ရမှာလဲ”
ချင်လင်းဟာ ဝမ်းသာအားရနဲ့ ဧကရာဇ်အနှစ် ဆေးလုံးတွေကို လက်ခံလိုက်ပါတယ်။ ချင်လင်းဟာ ဒီနှစ်တစ်သိန်းကျော်မှာ ဒီနေ့လောက် ဘယ်တုန်းကမှ မပျော်ခဲ့ရပါဘူး။ ဟန်ကျွယ်ကို ကြည့်တဲ့ အကြည့်တွေကလည်း ပျော့ပျောင်း ညင်သာသွားပါတယ်။ ဟန်ကျွယ်က သူ့ကျေးဇူးရှင် မဟုတ်ပါလား။
“အစ်ကိုကြီး... အစ်ကိုကြီးက ကျွန်တော်ကို ဒီလောက်ထိ ကူညီထားတာ၊ ကျွန်တော် အစ်ကိုကြီးအတွက် ဘာလုပ်ပေးနိုင်မလဲ” ချင်လင်းက မေးလိုက်ပါတယ်။ ချင်လင်းဟာ ဟန်ကျွယ်ကို ပြန်ပြီးတော့ မကူညီရရင် စိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ လောကမှာရှိတဲ့ တန်ဖိုးအရှိဆုံး ရတနာကို လိုချင်တယ်၊ မင်း ငါ့ကို ကူရှာပေးနိုင်မလား”
ချင်လင်းက တအံ့တဩ ပြန်မေးပါတယ် “ဘယ်လိုရတနာမျိုးလဲ”
“နောက်ကျရင် မင်း နားလည်လာပါလိမ့်မယ်”
ချင်လင်းဟာ ဟန်ကျွယ်စကားကြောင့် အတွေးနက်သွားပါတယ်။ ချင်လင်းဟာ ဟန်ကျွယ်က သူ့ကို တမင်ပြောသွားမှန်း မသိရှာပါဘူး။ ချင်လင်းဟာ ဟန်ကျွယ်ပြောတဲ့ ရတနာက ဓမ္မရတနာတစ်ပါးလို့ ထင်နေတာပါ။ အင်မော်တယ်ကမ္ဘာရဲ့ ရတနာအများစုက ဓမ္မရတနာတွေ မဟုတ်ပါလား။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ရှန်နန်းတော်က ထွက်သွားပါတယ်။ ချင်လင်းလည်း ဂူအောင်းပြီး ဧကရာဇ်အနှစ် ဆေးလုံးတွေကို စတင်မှီဝဲပါတယ်။
နောက်နှစ်လေးငါးဆယ်မှာ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ခရီးနှင်ပြီး အင်မော်တယ်ကမ္ဘာရဲ့ စည်ပင်သာယာ ဝပြောမှုတွေကို ကြည့်ရှုပါတယ်။ နေရာတိုင်းမှာ ကျင့်ကြံတဲ့ ယဉ်ကျေးမှုက ပြည့်နှက်နေပြီး သေမျိုးရွာတွေတောင် ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သိကြပါတယ်။
ပဋိပက္ခကောင်းကင်လမ်းနဲ့ သက်ရှိတွေ ပဋိပက္ခကို စူစမ်းရှာဖွေနေတာကြောင့်သာ မဟုတ်ရင် အင်မော်တယ်ကမ္ဘာက အငတ်ဘေးဆိုက်တာ ကြာပါပြီ။ ရင်းမြစ်တွေက အကန့်အသတ်ရှိပြီး ကျင့်ကြံသူ အရေအတွက်က ဆက်တိုက် တိုးလာရင် တိုက်ပွဲဆိုတာက လုံးဝကို ရှောင်လွှဲလို့မရတဲ့ အရာပါ။
ငရဲပြည်။
ဟန်ကျွယ်ဟာ ဟန်ရှင်ယွမ်ရဲ့ နေရာကို ရောက်လာပါတယ်။ ဟန်ရှင်ယွမ်ဟာ ဟန်ကျွယ်နဲ့ ဟန်ထော်ရဲ့ ရုပ်ရည်ကို ဆက်ခံထားပါတယ်။ ဝတ်ရုံဖြူ ဝတ်ဆင်ထားတဲ့ ဟန်ရှင်ယွမ်ဟာ အခန်းထဲမှာ တစ်ယောက်တည်းထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။
ဟန်ကျွယ် တွက်ချက်ကြည့်လိုက်တဲ့အခါ ဟန်ရှင်ယွမ်က ရေစက်သိပ်မရှိဘဲ ဟန်ယွီထက်တောင် နည်းနေတာ တွေ့လိုက်ရပါတယ်။ ဟန်ရှင်ယွမ်က တစ်ကိုယ်တည်းနေလာတာ နှစ်တစ်သန်း ကြာသွားပါပြီ။ ငရဲပြည်ကို ရောက်လာပြီးနောက် ဟန်ရှင်ယွမ်ဟာ အာဏာကြီးကြီးမားမား ရလာခဲ့ပေမဲ့ အာဏာမှာ မယစ်မူးဘဲ အချိန်အများစုကို ကျင့်ကြံအားထုတ်ရင်း ကုန်ဆုံးပါတယ်။
ဟန်ကျွယ်ဟာ ဟန်ရှင်ယွမ်ကို မနှောင့်ယှက်ဘဲ အန္တိမမူလ မဟာတာအိုနဲ့ လွှမ်းခြုံလိုက်တဲ့အတွက် ဟန်ရှင်ယွမ်ဟာ တာအို သုံးသပ်နားလည်တဲ့ အခြေအနေကို လျင်မြန်စွာ ဝင်ရောက်သွားပါတယ်။
ဒါက သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံတာပါ။ သူတို့နှစ်ယောက်က သွေးချင်း ဆက်စပ်နေပေမဲ့ ဟန်ရှင်ယွမ်ဟာ ဟန်ကျွယ်ရဲ့ တည်ရှိမှုကို လုံးဝ မသိပါဘူး။ ဟန်ထော်နဲ့ ယီတျန်ကလည်း ဟန်ကျွယ်အကြောင်းကို လုံးဝ ပြောမထားပါဘူး။ ဟန်ကျွယ်ရဲ့ အဆင့်အတန်းက အရမ်းမြင့်လွန်းတယ် မဟုတ်ပါလား။ နောက်ပြီး ဟန်ရှင်ယွမ်က ကျင့်ကြံမှုနိမ့်နေသေးတဲ့အတွက် သိတာများရင် ကံတရားဝန်ကို ထမ်းဆောင်ရနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဟန်ကျွယ်ကို ကရိကထ မများစေချင်တာကြောင့်ပါ။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။
ဟန်ရှင်ယွမ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဒါက ဘယ်လိုစွမ်းအားမျိုးလဲ... ငါ တကယ်ပဲ သုံးသပ်နားလည်နိုင်ခဲ့တာလား...” ဟန်ရှင်ယွမ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် မျက်စိပြန်မှိတ်ကာ သေချာအာရုံခံစားပါတယ်။
နှစ်တစ်ရာ ခရီးသွားပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားဟာ ပြန်တည်ငြိမ်သွားတဲ့အတွက် ခရီးစဉ်လည်း ပြီးဆုံးသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပါတယ်။ ဒုတိယ တာအိုစက်ကွင်းရဲ့ မျိုးဆက်ဟောင်း နတ်ဘီလူးတွေထဲမှာ အားအနည်းဆုံး နတ်ဘီလူးက တာအိုပညာရှိအတုအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ မွေးဖွားတာ မကြာသေးတဲ့ သွေးသားနတ်ဘီလူးနဲ့ ဟင်းလင်းပြင်နတ်ဘီလူးကတော့ လောကဦး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ကို ရောက်ခါစပဲ ရှိပါသေးတယ်။
ဟန်ကျွယ်ရဲ့ နတ်ဘီလူးစစ်တပ်က အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း အင်အားကြီးလာပါပြီ။
လီယောင်နဲ့ ဝူတောက်ကျန့်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချင်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်ကြပါတယ်။
ဟန်ကျွယ်ဟာ နေရာမှာ ဝင်ထိုင်ပြီး တာအိုစတင် ဟောကြားပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုဟောကြားသံက ဒုတိယ တာအိုစက်ကွင်းမှာ ပဲ့တင်ထပ်သွားပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြာပါတယ်။
ဟန်ကျွယ် ထွက်သွားဖို့ ပြင်လိုက်စဉ်မှာပဲ...
“ညီမ... အပြင်ခဏ ထွက်ပေးလို့ရမလား” လီယောင်က ဝူတောက်ကျန့်ကို ရုတ်တရက် ပြောလိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ မှင်တက်သွားပြီးနောက် လိမ်လိမ်မာမာပဲ တာအိုဘုံကျောင်းထဲက ထွက်သွားပါတယ်။
ဝူတောက်ကျန့် ထွက်သွားတာနဲ့ လီယောင်ဟာ ဟန်ကျွယ်ကို လှမ်းဆွဲလိုက်ပါတယ်။ ဟန်ကျွယ်လည်း ခပ်ဆိတ်ဆိတ်နေပြီး လီယောင်ဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ဒီနောက်ပိုင်းကိစ္စတွေကတော့...။
ဒီလိုနဲ့ နှစ် ၂၀ ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကိုပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
[မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ နိုးထလာကြောင်း သတင်းရရှိထား၏။ နတ်အာဏာရှင်စစ်သူကြီးများသည် ပဋိပက္ခတစ်ခုလုံးကို လိုက်လံစစ်ဆေးလိမ့်မည်။ ထို့ကြောင့် သင်သည် အောက်ပါ ရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ဂူအောင်းကျင့်ကြံရာမှ ချက်ချင်းထွက်၍ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ဖျက်ဆီးပစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အကောင်းစား ရတနာ တစ်ပါး၊ ဆန်းကြယ်စွမ်းအား တစ်မျိုးနှင့် စနစ်၏ လုပ်ဆောင်ချက်အသစ်တစ်ခုကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်လက်ကျင့်ကြံ၍ ဤပြဿနာအား လောလောဆယ် လျစ်လျူရှုထားပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ကြိမ် ရရှိမည်။]
‘မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ... ရှုံဟွာကိုလား... ငါ့ကို လာပြီးတော့ လှည့်ဖြားနေတာပဲ’
ဟန်ကျွယ်ဟာ ဒုတိယ ရွေးချယ်မှုကို တွေ့လိုက်ရတဲ့အခါမှာတော့ မျက်လုံးတွေ အရောင် တောက်သွားပါတယ်။ တာအိုစက်ကွင်း အဆင့်မြှင့်တင်တာက ကောင်းတဲ့ကိစ္စ မဟုတ်ပါလား။
‘ငါ့ တာအိုစက်ကွင်းက အဆင့်မြှင့်လို့ရသေးတာလား...’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တစ်ခါတည်း ရွေးချယ်လိုက်ပါတယ်။ ဘယ်ဟာကမှ လုံခြုံရေးထက် အရေးမကြီးဘူး မဟုတ်ပါလား။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ်အား ရရှိပါသည်။]
[တာအိုစက်ကွင်းအား စတင် အဆင့်မြှင့်တင်ပါပြီ။]
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို အာရုံပြန်စိုက်လိုက်ပါတယ်။
“နတ်အာဏာရှင်စစ်သူကြီးတွေက ပဋိပက္ခကို ဘယ်လို စစ်ဆေးမှာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဒီလိုမျိုးရွေးချယ်မှုက ပေါ်မလာတာ အတော်ကြာပြီ ဖြစ်တဲ့အတွက် ဒီကိစ္စက သာမန်ရိုးရှင်းတဲ့ ကိစ္စတစ်ခုတော့ မဖြစ်နိုင်ပါဘူး။ သူ့အသက်နဲ့ ပတ်သက်ရင်တောင် ပတ်သက်နေနိုင်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာသည် နတ်အာဏာရှင်စစ်သူကြီး တစ်သောင်းကို ဖန်တီးလိမ့်မည်။ ထိုစစ်သူကြီးများသည် ပဋိပက္ခ၏ ထောင့်တိုင်း နေရာတိုင်းကို လိုက်လံရှာဖွေပြီး ပဋိပက္ခကို အန္တရာယ်ပေးနိုင်သည့် အရာမှန်သမျှကို အမြစ်ပြတ် သုတ်သင် ရှင်းလင်းလိမ့်မည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ငါနဲ့ ငါ့သားမှာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်နိုင်မဲ့ နည်းလမ်းရှိလား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုစက်ကွင်းထဲမှာ နေတာတောင် မရှောင်တိမ်းနိုင်ဘူးလား”
[တာအိုစက်ကွင်းသည် ခုခံနိုင်သော်လည်း ထောက်လှမ်းမှုကို မရှောင်တိမ်းနိုင်ပါ။ အန္တရာယ်ရှိအရာအဖြစ် သတ်မှတ်ခံရပြီး နတ်အာဏာရှင်စစ်သူကြီး တစ်သောင်း၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။]
‘ဒီလိုဆိုတော့ မဆိုးသေးဘူးပဲ’
စနစ်ရဲ့ အဖြေအရ နတ်အာဏာရှင်စစ်သူကြီး တစ်သောင်းဟာ တာအိုစက်ကွင်းကို ပစ်မှတ်ထားနိုင်ပေမဲ့ တာအိုစက်ကွင်းထဲကို ဝင်လာနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စ ပျံ့နှံ့သွားရင် ဖြစ်လာမဲ့ အကျိုးဆက်က မတွေးရဲစရာပါ။
ဟန်ကျွယ်ဟာ စနစ်ကို ထပ်မေးလိုက်ပါတယ် “နတ်အာဏာရှင်စစ်သူကြီးတွေက ဘယ်လောက် စွမ်းအားကြီးလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နတ်အာဏာရှင်စစ်သူကြီးတစ်ပါးသည် မဟာတာအိုပညာရှိတစ်ပါးနှင့် ညီမျှသည်။]
‘မဟာတာအိုပညာရှိ တစ်သောင်း... ဂလု...’ ဟန်ကျွယ်ဟာ မျက်လုံးပြူးပြီး ချက်ချင်း မတ်တတ်ရပ်မိလိုက်ပါတယ်။
‘ငါ ဒီကပ်ဘေးကို ဘယ်လို ဟန့်တားနိုင်မှာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာက လူသားခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်နဲ့ တူပါတယ်။ ဒီစွမ်းအားက တကယ်ကို ဗိုလ်ကျလွန်းတာပါ။ ပဋိပက္ခထဲမှာရှိတဲ့ ဘယ်အင်အားစုကမှ သူတို့ကို ခုခံနိုင်မှာ မဟုတ်ပါဘူး။ ကျိန်းသေပေါက် သတ်ဖြတ်ပွဲတွေ ဖြစ်လာမှာပါ။
ဒီလိုအင်အားစုကို ရင်ဆိုင်ရတဲ့ ဘယ်တည်ရှိမှုမရှိ သေရင်သေ မသေရင်လည်း သူတို့တွေ စစ်ဆေးမှု ပြီးဆုံးတာကို လိမ်လိမ်မာမာ ထိုင်စောင့်ရမှာပါ။ လက်ရှိ ကောင်းကင်တာအိုရဲ့ စွမ်းအားနဲ့ ဒီအင်အားစုကို ဟန့်တားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလိုဆို ကောင်းကင်တာအိုထဲမှာ ရှိနေတဲ့ သူ့ရဲ့ တာအိုစက်ကွင်းကလည်း ကျိန်းသေပေါက် အန္တရာယ်တွေ့မှာပါ။
ကောင်းကင်တာအိုဟာ ခုမှ တိုးတက်ပြောင်းလဲဖို့ အခွင့်အရေးရတာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်တာအို ဆုတ်ယုတ်ပျက်စီးမှာကို မမြင်ချင်ပါဘူး။
“နတ်အာဏာရှင်စစ်သူကြီး တစ်သောင်းက အတူတူ လိုက်စစ်ဆေးမှာလား၊ ဒါမှမဟုတ် ခွဲပြီးတော့ စစ်ဆေးမှာလား”
[အတူတူ စစ်ဆေးလိမ့်မည်။]
ဒီတစ်ခါတော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို နှုတ်မသွားပါဘူး။ ဒါပေမဲ့ အဖြေကလည်း အဆိုးရွားဆုံးပါ။
“နတ်အာဏာရှင်စစ်သူကြီး တစ်သောင်းက ကောင်းကင်တာအိုကို ဘယ်အချိန် ရောက်လာမှာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နှစ်ငါးသန်း။]
ဒီအဖြေကို မြင်တဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ မျက်မှောင်ဟာ ပြေလျော့သွားပါတယ်။ အခြေအနေက သူထင်ထားသလောက် မဆိုးသေးဘူး မဟုတ်ပါလား။ ပဋိပက္ခက အလွန်တရာ ကျယ်ပြန့်လွန်းတဲ့အတွက် နတ်အာဏာရှင်စစ်သူကြီး တစ်သောင်းဟာ ပဋိပက္ခတစ်ခုလုံးကို အချိန်တိုအတွင်း စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။