← Chapters

ဖန်တီးရှင်သခင်

Vol. 75 Ch. 792

ဖန်တီးရှင်သခင်

Vol. 75 Ch. 792

‘ဒါနဲ့ နတ်အာဏာရှင်စစ်သူကြီး တစ်သောင်းက အတူတူ လိုက်စစ်ဆေးမယ်ဆိုရင် နေရာတိုင်းမှာ ပုန်းလို့ရတာပဲ... ဒါမှမဟုတ် သူတို့မှာ အထူးနည်းလမ်းတွေများ ရှိနေတာလား...’

ဟန်ကျွယ်ဟာ ဒီကိစ္စအတွက် ထပ်ပြီးတော့ မတွက်ချက်တော့ပါဘူး။ မလွတ်နိုင်မှန်း သိနေမှတော့ ထပ်ပြီး တွက်ချက်လည်း သက်တမ်းကုန်တာပဲ အဖက်တင်ပါလိမ့်မယ်။

ဟန်ကျွယ်ဟာ စိတ်အခြေအနေကို ပြုပြင်လိုက်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အာဏာ မတိုက်ခိုက်ခင် မဟာတာအိုပညာရှိ အထွတ်အထိပ်အဆင့်ကို ရောက်ချင်ပါတယ်။ မဟုတ်ရင် လုံခြုံတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။

အခုတောင် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်ထောင်ကို မနည်း တိုက်ခိုက်နေရတာပါ။ နတ်အာဏာရှင် စစ်သူကြီး တစ်‌သောင်းဆိုရင်တော့ ပြောမနေပါတော့နဲ့။

ဟွမ်ဇွမ်တျန်ဟာ လျှို့ဝှက်ဆန်းကြယ် အာကာသ တစ်ခုရဲ့ ရေအိုင်တစ်အိုင်ထဲမှာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ လီတောက်ခုံးနဲ့ ရှီတုတောက်လိုပဲ ကပ်ဘေးထိန်းချုပ်သူ ဖြစ်လာပါပြီ။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့တော့ အချိန်တချို့ လိုအပ်ပါသေးတယ်။

ရေအိုင်ဘေးမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။

“ဟွမ်ဇွမ်တျန် မင်း တွေးပြီးပြီလား” လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်က အသံဩဩကြီးနဲ့ မေးလိုက်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်ပြီး ပြန်မေးလိုက်ပါတယ် “ကျွန်တော့်မှာ ရွေးချယ်စရာ ရှိလို့လား”

“မရှိဘူး... ဒါပေမဲ့ မင်းတွေးပြီးပြီဆိုရင် ဒုက္ခမခံရတော့ဘူးပေါ့၊ မင်း အဖမ်းခံရတာ ကြာပြီ၊ ဒါပေမဲ့ ဘယ်သူမှ မင်းကို လာမကယ်ဘူး၊ မင်းကို ဂရုမစိုက်တဲ့လူတွေကို ဘာဖြစ်လို့ သစ္စာရှိနေဦးမှာလဲ”

ဟွမ်ဇွမ်တျန်ဟာ တိတ်ဆိတ်သွားပါတယ်။

လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်က ဆက်ပြောပါတယ် “ပဋိပက္ခက တည်ရှိလာတာ ကြာပြီ၊ ခုထိ တစပြင်လို တိတ်ဆိတ်နေတုန်းပဲ၊ ဒါ အရာအားလုံးကို ဖြုန်းတီးရာ မရောက်ဘူးလား၊ ပဋိပက္ခ ဒီလိုဖြစ်နေရတာက အဲဒီ မဟာတာအိုပညာရှိတွေနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကြောင့်ပဲ၊ သူတို့က သက်ရှိတွေ သူတို့ကို ကျော်တက်သွားမှာ အရမ်းစိုးရိမ်ကြတယ်၊ ပဋိပက္ခရဲ့ အာဏာကို မထိန်းချုပ်နိုင်မှာလည်း ကြောက်ကြတယ်၊ အဲဒါကြောင့် သူတို့က ပဋိပက္ခရဲ့ တိုးတက်မှုကို ကန့်သတ်ထားကြတာ၊ ငါတို့ရှုံဟွာတွေ လုပ်ချင်တာ ဒီကောင်တွေကို တော်လှန်ပြီး ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ခေတ်သစ်ကြီးတစ်ခေတ်ကို ဖန်တီးဖို့ပဲ၊ ကောင်းကင်တာအိုရဲ့ စည်ပင်သာယာဝပြောမှုက ပဋိပက္ခရဲ့ ထောင့်တိုင်း နေရာတိုင်းမှာ ပေါ်လာမှာကို တွေးကြည့်ပါလား”

“ဒါက ငါတို့ရှုံဟွာတွေ လိုက်စားတဲ့အရာပဲ... အဲဒီအတွက် ဘာပဲလုပ်ရလုပ်ရ ဘယ်လောက်ပဲ ပေးဆပ်ရ ပေးဆပ်ရ အရာအားလုံးက တန်တယ်၊ ဒါကို မင်းနားလည်မှာပါ”

ဟွမ်ဇွမ်တျန်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး မေးလိုက်ပါတယ် “ကျွန်တော် ခေါင်း‌ဆောင်နဲ့ တွေ့လို့ရမလား”

“ရှုံဟွာမှာ ခေါင်းဆောင်မရှိဘူး၊ အကုန်လုံးက တန်းတူပဲ”

ဟွမ်ဇွမ်တျန်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “တစ်ယောက်ယောက်တော့ အမိန့်ပေးတယ်မလား... ဟုတ်တယ်မလား”

ဟွမ်ဇွမ်တျန်ရဲ့ မေးခွန်းက လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်ကို တိတ်ဆိတ်သွားစေပါတယ်။ ဒါကိုကြည့်ပြီး ဟွမ်ဇွမ်တျန်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား... မင်း ငယ်ပါသေးတယ်’

ပြည့်ပြည့်စုံစုံ ဖြစ်တည်နေတဲ့ အင်အားစုတစ်စုက အကုန်လုံး တန်းတူညီမျှဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပါ။

“မင်း ခေါင်းဆောင်ကို တွေ့ချင်ရင် မင်းရဲ့တန်ဖိုးကို ပြဖို့ လိုတယ်” လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်က အတန်ကြာမှ ဟွမ်ဇွမ်တျန်ရဲ့ မေးခွန်းကို အဖြေပြန်ပေးပါတယ်။

ဟွမ်ဇွမ်တျန်ကလည်း ပြန်ပြောလိုက်ပါတယ် “ခင်ဗျား ကျွန်တော့်ကို ဖမ်းခဲ့တာပဲ၊ ကျွန်တော့်အကြောင်းကို မသိဘူးလား၊ ကျွန်တော်က ကျယ်ကျောင်းတော်မှာ ဂိုဏ်းချုပ်နေရာရအောင် အောက်ဆုံးကနေ တစ်ဆင့်ချင်း တက်ခဲ့တာ၊ အောက်ဆုံးကနေ တာအိုကိုတောင် ရယူနိုင်ခဲ့တယ်၊ ဒီအတွေ့အကြုံက တခြားတာအိုပညာရှိတွေဆီမှာ မရှိနိုင်တဲ့အရာပဲ၊ ကျွန်တော့်မှာ စွမ်းအားကြီးနောက်ခံ မရှိဘူး၊ ကိုယ်စွမ်းကိုယ်စကို အားကိုးပြီး ဒီအခြေအနေထိ ရောက်လာခဲ့တာ၊ ရှုံဟွာက စွမ်းအားကြီးတယ်ဆိုပေမဲ့ စီမံမှုနဲ့ တကယ့်အစီအစဉ်တွေ မရှိသေးဘူး”

“ခင်ဗျားပြောတာ မှန်တယ်၊ ကောင်းကင်တာအိုက ကျွန်တော်ကို လာမကယ်မှတော့ ကျွန်တော်က သူတို့အတွက် ဆက်ပြီးတော့ အကျိုးဆောင်ပေးစရာ မလိုတော့ဘူး၊ ရှုံဟွာက ကျွန်တော်ကို စွမ်းအားကြီးလာအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ၊ ကျွန်တော် ရှုံဟွာထဲ ဝင်လိုက်မှတော့ အစတေးခံ မဖြစ်ချင်ဘူး၊ အဲဒီလိုမဖြစ်ဖို့ အဆင့်အတန်းတစ်ခုရအောင်လည်း ကျွန်တော်ရဲ့ တန်ဖိုးကို ပြပေးမယ်၊ ခင်ဗျားက ကျွန်တော်ကို လက်ခံတာဆိုတော့ ကျွန်တော် တစ်နေ့ကျလို့ မိုးပေါ်ရောက်ရင် ခင်ဗျားရဲ့ ကြင်နာမှုကို မမေ့ပါဘူး”

ဟွမ်ဇွမ်တျန်ရဲ့ နှလုံးသားထဲကလာတဲ့ စကားသံတွေက လျှို့ဝှက်ဆန်းကြယ်ရုပ်သွင်ရဲ့ ရင်ကို ထိသွားစေပါတယ်။

“ကောင်းပြီ... ငါ သွားမေးကြည့်လိုက်ဦးမယ်၊ မင်း ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချည်”

“ကျေးဇူးပါပဲ တာအိုရောင်းရင်း”

လျှို့ဝှက်ဆန်းကြယ် ရုပ်သွင်ဟာ ပျောက်ကွယ်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ တခြားလူတွေ ထောက်လှမ်းနေမှာစိုးတဲ့အတွက် မျက်နှာကို တစ်ချက် အပြောင်းမခံပါဘူး။

ကောင်းကင်ရုံးတော်၊ စိတ်ဝိညာဉ်နန်းတော်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာထိုင်ပြီး စားပွဲပေါ်က ကျောက်စိမ်းချောင်းကို ဖွင့်ကြည့်လိုက်ပါတယ်။ ကျောက်စိမ်းချောင်းဟာ ပွင့်သွားပြီး အလွန်များပြားတဲ့ သတင်း အချက်အလက်တွေဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စိတ်ထဲကို တိုးဝင်လာပါတယ်။ ဒီကျောက်စိမ်းချောင်းတွေမှာ သေမျိုးတွေ စိတ်တောင် မကူးရဲတဲ့ သတင်းအချက်အလက် အများကြီး ပါဝင်နေပါတယ်။

ဟိန်တျန် ကောင်းကင်စစ်သူကြီးဟာ ခန်းမထဲကို ရုတ်တရက် ဝင်လာပြီး လက်သီးဆုပ်လိုက်ပါတယ် “အရှင်မင်းကြီး... ရွေးချယ်ခံမဲ့လူနှစ်ယောက် ရောက်လာပါပြီ၊ အရှင်မင်းကြီး သူတို့ကို တွေ့ချင်လား”

“သူတို့ကို အထဲဝင်ခိုင်းလိုက်”

ဟန်ထော်နဲ့ ယီတျန် ထွက်သွားတဲ့အတွက် ကောင်းကင်ရုံးတော်မှာ မဟာစစ်သူကြီးက တစ်ပါးပဲ ကျန်ပါတော့တယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်စစ်သူကြီး တော်တော်များများကို စစ်ဆေးပြီးပေမဲ့ စိတ်ကြိုက်မတွေ့သေးပါဘူး။

မကြာခင်မှာပဲ လူနှစ်ယောက်ဟာ ခန်းမထဲဟာ လမ်းလျှောက်ဝင်လာပြီး ဒူးထောက်လိုက်ပါတယ်။ သူတို့နှစ်ယောက်က ထောင်ထောင်မောင်းမောင်း တုတ်တုတ်ခိုင်ခိုင်ရှိပြီး မျက်လုံးထဲမှာလည်း အေးစက်တဲ့ သတ်ဖြတ်ငွေ့တွေ ပြည့်နေပါတယ်။ သူတို့နှစ်ယောက်က စစ်မြေပြင်ကနေ ပြန်လာရုံ ရှိသေးတယ်ဆိုတာ သိသာလှပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သေချာအကဲခတ်လိုက်ပြီး နည်းနည်း ကျေနပ်သွားပါတယ်။ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်းတော့ စိတ်ကျေနပ်မှု မရှိပါဘူး။

“ငါ မင်းတို့နှစ်ယောက်ကို အရင်ဆုံး အစမ်းခန့်ကြည့်မယ်၊ ငါ မင်းတို့နှစ်ယောက်ကို ကောင်းကင်စစ်သား တစ်သန်းပေးမယ်၊ နှစ်တစ်သောင်းအတွင်း ဒီကမ္ဘာကို ရအောင်သိမ်းပိုက်”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကျောက်စိမ်းပြားကို ပစ်ပေးလိုက်တဲ့အခါ စစ်သူကြီးတစ်ပါးက ချက်ချင်း ဖမ်းယူလိုက်ပါတယ်။

“ဟိန်တျန်... သူတို့နှစ်ယောက်ကို ခေါ်သွားတော့” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်ပါတယ်။ ဟိန်တျန်စစ်သူကြီးတို့သုံးယောက်လည်း ခန်းမထဲကနေ ချက်ချင်း ထွက်ခွာသွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာမှမရှိတဲ့ ခန်းမကိုကြည့်ရင်း အတွေးထဲ နစ်‌မျောသွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက်ဆိုသလို ဟန်ထော်နဲ့ ယီတျန်ကို သတိရသွားပါတယ်။ ဟန်ထော်နဲ့ ယီတျန် ရှိနေရင် နှစ်ယောက်သား စကားများပြီး အခုလို တိတ်ဆိတ်နေမှာ မဟုတ်ပါဘူး။ ဟန်ထော်နဲ့ ယီတျန်မရှိတဲ့ စိတ်ဝိညာဉ်နန်းတော်က တစပြင်လို တိတ်ဆိတ်နေပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ထော်နဲ့ ယီတျန်မရှိတဲ့အတွက် တာဝန်တွေ ပေးလိုက်တိုင်း စိုးရိမ်ရတာချည်းပါပဲ။

‘မဖြစ်သေးဘူး... ငါ ကံတရား အထောက်အပံ့ရှိတဲ့ ပါရမီရှင်တွေကို ရွေးချယ်ဦးမှ...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်တောင်ခတ်ရင်း သူ့အတွေးတွေက ကောင်းကင်တာအိုဆီ ရောက်သွားပါတယ်။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နှစ်ငါးသောင်းက မျက်တောင်တစ်ခတ်ပါပဲ။

နောက်ဆုံးမှာတော့ တာအိုစက်ကွင်းဟာ အဆင့်မြှင့်တင်လို့ ပြီးသွားပါတယ်။ ပင်မ တာအိုစက်ကွင်းနဲ့ ဒုတိယ တာအိုစက်ကွင်းမှာရှိတဲ့ ချီစွမ်းအင် အသီးသီးဟာ စပြီးတော့ တိုးတက်လာပါတယ်။

[တာအိုစက်ကွင်းအား အဆင့်မြှင့်တင်ပြီးပါပြီ။ အစီအမံ အရံအတားသည် ဖန်တီးရှင်သခင် အဆင့်သို့ ရောက်ရှိသွားပြီး အတွင်းအာကာသလည်း ကျယ်ပြန့်သွားပါပြီ။]

[တာအိုစက်ကွင်းရှိ အင်‌မော်တယ်ချီနှင့် ရှန်တျန်ချီသည် ဆယ်ဆ တိုးသွားပါပြီ။]

[တာအိုစက်ကွင်းသည် ထောက်လှမ်းမှု မှန်သမျှကို ဟန့်တားနိုင်သည်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သူ့ရှေ့က အချက်အလက်တွေကို ကြည့်လိုက်ပါတယ်။

‘ဖန်တီးရှင်သခင်... တာအိုဖန်တီးရှင် အထက်မှာ နောက်တစ်ဆင့် ရှိသေးတာလား...’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “လက်ရှိ ပဋိပက္ခထဲမှာ ဖန်တီးရှင်သခင် ရှိလား”

[သက်တမ်း ၉ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[လောလောဆယ် မရှိပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

စနစ်ရဲ့ အဖြေအရ ပဋိပက္ခထဲမှာ အဆင့်အမြင့်ဆုံးက တာအိုဖန်တီးရှင်အဆင့်ပါ။ တခြားစကားနဲ့ ပြောရရင် အခုအချိန်ကစပြီး ဘယ်တည်ရှိမှုမှ ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းထဲကို ဟန်ကျွယ်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်မလာနိုင်တော့ပါဘူး။

ဟန်ကျွယ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပြီး လုံးဝ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။

‘နေဦး... ငါ လှည့်မေးကြည့်ဦးမှ..’

“လက်ရှိ ပဋိပက္ခထဲမှာ တာအိုစက်ကွင်းကို ချိုးဖျက်နိုင်တဲ့လူ ရှိလား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

“တာအိုစက်ကွင်းက ချိုးဖျက်ခံရနိုင်လား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ရန်သူ၏ ထိန်းချုပ်မှုကို ခံရပြီး သင်ကိုယ်တိုင် တာအိုစက်ကွင်းကို ပြန်ဖျက်ဆီးနိုင်သည်။]

ဟန်ကျွယ် “…..”

သေချာတွေးကြည့်တဲ့ အခါမှာတော့ ဒါက ဖြစ်နိုင်တယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ အဲဒီလျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီး တည်ရှိမှုတွေက သူ သတိမမူမိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့သိစိတ်ကို ထိန်းချုပ်နိုင်လောက်ပါတယ်။ ဒါက မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေ နည်းနည်းပဲ ရှိရင်တောင် ဒါက သတိထားရမဲ့ကိစ္စပါ။

ဟန်ကျွယ်ဟာ ဒီကိစ္စကို ခေါင်းထဲမှာ စွဲနေအောင် မှတ်ထားလောက်ပြီး ဘယ်တော့မှ အမှတ်တမဲ့ မနေဖို့ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။

တာအိုစက်ကွင်းက အဆင့်တက်သွားပေမဲ့ အတွင်းအာကာသပဲ ကျယ်ပြန့်တာ ဖြစ်တဲ့အတွက် ကောင်းကင်တာအို တစ်ခုလုံးကို မလွှမ်းခြုံနိုင်ပါဘူး။ မဟုတ်ရင် ဟန်ကျွယ်ဟာ ကောင်းကင်တာအို တစ်ခုလုံးကို တာအိုစက်ကွင်းနဲ့ လွှမ်းခြုံပြီး ကာကွယ်လိုက်မှာပါ။

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတုန်းပါ။ နောက်နှစ်ငါးသန်းကြာလို့ သူ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို အနိုင်မယူနိုင်ရင်တောင် တာအိုစက်ကွင်းထဲမှာ ပုန်းနေလို့ရတယ် မဟုတ်ပါလား။

သူ လောကဦးနတ်ဘီလူးဆိုတာ ပေါ်သွားရင်တောင် ဘာမှကြောက်စရာ မရှိပါဘူး။ အများဆုံး တာအိုဖန်တီးရှင် အဆင့်ရောက်တဲ့အထိ ကျင့်ကြံပြီး ရန်သူတွေ အကုန်လုံးကို သတ်လိုက်ရုံပါပဲ။

ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းနေပြီလို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘဝင်မြင့်ချင်တဲ့ သူ့စိတ်ကို ပညာပေးချင်တာကြောင့် အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိ တစ်သောင်းကို စိန်ခေါ်လိုက်တဲ့အခါ ငရဲပြည်‌ရောက်သလို ခံစားလိုက်ရပါတယ်။

အသွင်တူ လက်ရည်စမ်းပွဲ ပြီးဆုံးတဲ့အခါ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ကြည်လင်လာပြီး ဘဝင်မြင့်ချင်တဲ့စိတ်လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပါတယ်။

‘ဓားရူးတာအိုပညာရှိရေ... ငါ မင်းကို တကယ်ကျေးဇူးတင်တယ်ကွာ...’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters