လျှို့ဝှက်ဓမ္မရတနာ
Vol. 75 Ch. 794
“ဒီနေ့ ဒီအချိန်ကစပြီး ငါ ကောင်းကင်တာအိုနဲ့ ထာဝရ တည်ရှိမယ်လို့ ကြော်ငြာတယ်၊ ဆရာသခင်က ကောင်းကင်တာအိုကို ဒုက္ခပေးချင်တယ်ဆိုရင် ငါ့ဓားက သူ့ကို ညွှန်မှာပဲ” ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို ဝေ့ကြည့်ရင်း အလေးအနက် ကြော်ငြာလိုက်ပါတယ်။ တကယ်တော့ ဒီစကားက တခြားတာအိုပညာရှိတွေကိုလည်း သတိပေးလိုက်တာ ဖြစ်ပါတယ်။
အဆုံးသတ် အပျက်အစီး နတ်ဘုံက မဟာတာအိုပညာရှိတွေ ကောင်းကင်တာအိုကို မျက်နှာသာစပေးကတည်းက ကောင်းကင်တာအိုဟာ သူတို့ကမ္ဘာနဲ့ တော်တော်လေး ရင်းနှီးလာခဲ့ပါတယ်။ တချို့တာအိုပညာရှိတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိကောင်း ရှိနိုင်ပါတယ်။
ရန်ချဲက နှာခေါင်းရှုံ့လိုက်ပါတယ် “ခေတ်က မတူတော့ဘူး၊ လက်ရှိ ကောင်းကင်တာအိုက စန့်ချွမ်အဂ္ဂကမ္ဘာကို ဘာလို့ ကြောက်နေရမှာလဲ၊ တာအိုပညာရှိချင်းယှဉ်ရင် ကျွန်တော်တို့က သူတို့ထက် သာတာပဲ၊ နောက်ပြီး သက်ရှိအရေအတွက်ချင်း ယှဉ်ရင်လည်း ကောင်းကင်တာအိုက သူတို့ကမ္ဘာထက် အများကြီးသာတယ်၊ ပြီးတော့ ပဋိပက္ခမှာ ကောင်းကင်တာအိုလိုမျိုး ပြီးပြည့်စုံတဲ့ကမ္ဘာက နောက်တစ်ခုရှိတာ မဟုတ်ဘူး”
ရွှီတုတောက်၊ လီထိုက်ကူ၊ ကျန်းကူရှင်းနဲ့ တခြားတာအိုပညာရှိအသစ်တွေဟာ ရန်ချဲရဲ့စကားကို ခေါင်းညိတ် ထောက်ခံကြပါတယ်။ သူတို့တွေဟာ တာအိုပညာရှိ ဖြစ်လာပြီးနောက်ပိုင်း ကောင်းကင်တာအိုထဲမှာ မသေနိုင် ဖျက်ဆီးလို့မရနိုင်တဲ့ တည်ရှိမှုတွေ ဖြစ်တဲ့အတွက် မောက်မာလာတာ အဆန်းတော့ မဟုတ်ပါဘူး။ သူတို့အမြင်မှာ မဟာတာအိုပညာရှိတွေကို အနိုင်မယူနိုင်ရင်တောင် အသတ်မခံရနိုင်ဘူးလို့ ယူဆထားကြတာပါ။ ဒါကြောင့်လည်း အခုလို လက်ရဲဇက်ရဲ ဖြစ်နေတာပါ။
လောကဦးပဋိပက္ခက ဗုဒ္ဓက ပြုံးလိုက်ပါတယ် “ကောင်းကင်တာအိုက ဒီလောက်စွမ်းအားကြီးနေတာ ပါရမီရှင်တွေက လွယ်လွယ်နဲ့တော့ ဖြားယောင်းခံရမှာ မဟုတ်ပါဘူး”
တာအိုပညာရှိဟောင်းတွေဟာ တာအိုပညာရှိအသစ်တွေကို ကြည့်ရင်း ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ဘာမှတော့ မပြောပါဘူး။ သူတို့အတွက် ဒါက မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တာအိုပညာရှိအသစ်တွေ အကြောင်းအရာတွေကို ပိုသိလေလေ ပိုကြောက်လေလေ ဖြစ်မှာပါ။ သစ္စာဖောက်ရင်တောင် ဖောက်နိုင်ခြေ ရှိပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဟုတ်တယ်၊ စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုကို ပစ်မှတ်ထားချင်တယ်ဆိုရင် သူတို့ဘာလုပ်လုပ် ငါတို့လက်ခံမယ်၊ ငါတို့ ဘယ်သူ့ကိုမှ ထပ်ပြီး မငြင်းဆန်တော့ဘူး၊ အခုလက်ရှိ ကောင်းကင်တာအိုက အရင်လိုမျိုး အားနည်းတဲ့ ကောင်းကင်တာအိုမှ မဟုတ်တော့တာ”
ဒီလိုနဲ့ စကြဝဠာခန်းမရဲ့ လေထုဟာ ပြေလျော့သွားပါတယ်။
“ငါတို့တွေ ထိုင်စောင့်နေလို့ မဖြစ်ဘူး၊ ဒီကိစ္စကို ရင်ဆိုင်ဖို့ နည်းလမ်းရှာရမယ်၊ အခုအချိန်မှာ ပဋိပက္ခသက်ရှိတွေကလည်း ကောင်းကင်တာအိုထဲ ဝင်ချင်နေကြတာ” ပန်ရှင်းက ပြောလိုက်ပါတယ်။
အခုအချိန်မှာ ကောင်းကင်တာအိုက ကျင့်ကြံသူတွေကိုပဲ အပြင်စေလွှတ်ပြီး ဘယ်သက်ရှိကိုမှ လက်မခံထားသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုက အလွန်တရာမှ သီးခြားတည်ရှိနေလို့ပါ။ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့နဲ့ ကံတရားမရှိရင် ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ အထဲဝင်လို့ မရပါဘူး။ အတင်းဝင်မယ်ဆိုရင်တော့ ကံတရား အထောက်အပံ့ရဲ့ ဆွဲညှစ်တာခံရပြီး ကျင့်ကြံအားထုတ်လို့ရတော့မှာ မဟုတ်ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုက ခပ်တိုးတိုး ပြောလိုက်ပါတယ် “ဒီကိစ္စက ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိတယ်၊ ငါတို့တွေ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေချာဆုံးဖြတ်ရလိမ့်မယ်၊ ဒီကိစ္စက ငါတို့တွေ ကောင်းကင်တာအိုကို ဘယ်လို ဖြစ်စေချင်လဲ ဆိုတာအပေါ် မူတည်တယ်၊ ငါတို့တွေ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေမလား၊ ဒါမှမဟုတ် ပဋိပက္ခရဲ့ အချက်အချာ နေရာတစ်ခု ဖြစ်လာမလား...”
ဖန်းလျန်က ပြောလိုက်ပါတယ် “ပဋိပက္ခရဲ့ အချက်အချာနေရာတစ်ခုပေါ့၊ ကျွန်တော်တို့တွေ ဆက်တိုးတက်နေသမျှ ကာလပတ်လုံး ရန်သူတွေ လိုက်မီမှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူး”
“ကျွန်တော်လည်း တံခါးဖွင့်တာကို ထောက်ခံတယ်”
“ဝင်ခွင့်ပေးလိုက်ပါ၊ ဒါက သေမျိုးကမ္ဘာတွေ ပိုဖွင့်လှစ်ဖို့ အခွင့်ကောင်းတစ်ခုပဲ”
“ငါ သဘောတူတယ်”
တခြားတာအိုပညာရှိတွေဟာ တစ်ယောက်ပြီး တစ်ယောက် ပြောဆိုကြပါတယ်။ ငြင်းဆန်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအို တိုးတက်လာတာ နှစ်တစ်သန်းပဲ ရှိသေးလို့ပါ။ တာအိုပညာရှိတွေဟာ အခက်အခဲ ကြီးကြီးမားမား မတွေ့ရသေးတဲ့အတွက် စိတ်ဓာတ် တက်ကြွနေကြပါတယ်။
ဟန်ကျွယ်ကလည်း မကန့်ကွက်တဲ့အတွက် ဒီကိစ္စက ဒီလိုနဲ့ ပြီးသွားပါတယ်။
နောက်ဆုံးမှာတော့ ဒီကိစ္စကို ဆောင်ရွက်ဖို့ တောင်ဘက်စွန်း ကောင်းကင်အရှင် ရွေးချယ်ခံရပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ပဋိပက္ခသက်ရှိတွေကို ကောင်းကင်တာအို ကံတရား အထောက်အပံ့ ပေးနိုင်တဲ့ မြင့်မြတ်နယ်မြေတစ်ခုကို အထူးတလည် ဖန်တီးရမှာပါ။ ပဋိပက္ခသက်ရှိတွေဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ပေါင်းစပ်ချင်တယ်ဆိုရင် ဒီမြင့်မြတ်နယ်မြေမှာ အချိန်တစ်ခုကြာအောင် နေထိုင်ရမှာပါ။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး အရမ်း စိတ်လှုပ်ရှားသွားပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ကောင်းကင်တာအိုရဲ့ အခြေအနေကို မြင်ထားတာ ကြာပါပြီ။ သူ ဟန်ကျွယ်ကို အညံ့မခံတဲ့အတွက် သူ့အတွက် ဘာအကျိုးအမြတ်မှ မရတော့ဘူးလို့လည်း တွက်ဆထားခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ ဒီလိုမဟုတ်ပါဘူး။ တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ဟန်ကျွယ်ကို ကျေးဇူးတင်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဝေခွဲမရဖြစ်သွားပေမဲ့ ခေါင်းအသာ ပြန်ညိတ်ပြလိုက်ပါတယ်။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ပိုပြီးတော့ စိတ်လှုပ်ရှားသွားပေမဲ့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တဲ့အတွက် ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ပါဘူး။ တခြားတာအိုပညာရှိတွေဟာ ဒါကို တွေ့သွားကြပါတယ်။ တာအိုပညာရှိအသစ်တွေက ထင်ရာလျှောက်တွေးကြပြီး တာအိုပညာရှိဟောင်းတွေကတော့ နားလည် သဘောပေါက်သွားကြပါတယ်။
သဟဇာတဖြစ်နေတဲ့ စကြဝဠာခန်းမဟာ တိတ်တဆိတ် စည်ကားသွားပါတယ်။
ဟန်ကျွယ်ကတော့ အများကြီး မတွေးပါဘူး။ တွေးဖို့လည်း မလိုပါဘူး။
ကောင်းကင်အရှင်ရွှမ်တုက ဒုတိယကိစ္စကို ပြောပါတယ် “သက်ရှိတစ်ယောက်က လောကဦးဆေးလုံးကို သုံးစွဲလိုက်လို့ ပဋိပက္ခရဲ့ အချုပ်နိယာမကို နိုးမိလိုက်တယ်လို့ ငါ ကြားထားတယ်၊ ဒီအချုပ်နိယာမက နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းအသွင် ပြောင်းလဲပြီး ပဋိပက္ခတစ်ခုလုံးကို လိုက်စစ်ဆေးလိမ့်မယ်၊ သူတို့တွေ ကောင်းကင်တာအိုကို ဘယ်အချိန်ရောက်လာမလဲ ငါ မသိဘူး၊ ဒီကိစ္စက ပဋိပက္ခမှာ တော်တော်လေး ပျံ့သွားပြီ၊ မင်းတို့ရော ဒီကိစ္စကို ဘယ်လိုထင်လဲ”
ဧကရာဇ်ရှောင်က မေးလိုက်ပါတယ် “ဘာလဲ... သူတို့က ကောင်းကင်တာအိုထဲ ဝင်မှာလား”
“ဟုတ်တယ်”
ကောင်းကင်အရှင်ရွှမ်တုရဲ့ အဖြေကြောင့် တာအိုပညာရှိတွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး အချင်းချင်း ဆွေးနွေးကြပါတော့တယ်။ တာအိုပညာရှိ အများစုဟာ တာအိုပညာရှိအထက်က တည်ရှိမှုတွေကို ကောင်းကင်တာအိုထက် မဝင်စေချင်ကြပါဘူး။
တစ်နာရီကြာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ တာအိုပညာရှိတွေဟာ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို ကောင်းကင်တာအိုထဲ ဝင်ခွင့်မပြုဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ရယ်မိလိုက်ပါတယ် ‘မင်းတို့က မဟာတာအိုပညာရှိ တစ်သောင်းကို တားနိုင်မှာတဲ့လား...’
ဟန်ကျွယ်ဟာ ထုတ်တော့ မပြောပါဘူး။ တာအိုပညာရှိတွေ ကြောက်လန့်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်မှာစိုးလို့ပါ။ ကောင်းကင်အရှင်ရွှမ်တုရဲ့ သတင်းက အရေးကြီးတဲ့တစ်ချက် လွတ်နေပါတယ်။ ဒါကလည်း ပုံမှန်ပါပဲ။ လက်တစ်ဆုပ်စာ သက်ရှိတွေပဲ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ အကြောင်းကို သိကြတာ မဟုတ်ပါလား။
နောက်ပြီး နတ်အာဏာရှင် စစ်သူကြီးတွေ ရောက်လာဖို့ကလည်း နှစ်လေးသန်းကျော်တောင် လိုပါသေးတယ်။ အချိန်ကျမှ ဟန်ကျွယ်ဟာ ဒီကိစ္စကို ထုတ်ပြောဖို့ စီစဉ်ထားပါတယ်။ အခုကတည်းက ထုတ်ပြောလိုက်ရင် ဒီတာအိုပညာရှိတွေဟာ ထိုင်ရဲမှာတောင် မဟုတ်တော့ပါဘူး။
ကောင်းကင်အရှင်ရွှမ်တုက ဟန်ကျွယ်ဘက် လှည့်လိုက်ပါတယ် “ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးက ကောင်းကင်တာအိုကို လာလည်မယ်လို့ ကြားထားတယ်၊ သူတို့မှာ မကောင်းတဲ့အကြံရှိမှာ စိုးရတယ်၊ အဲဒီအချိန်ကျရင် တာအိုရောင်းရင်းဟန် ပေါ်လာပေးဖို့ လိုတယ်၊ သိကျန်းနဲ့ ကျူကျို့ယင်က မဟာတာအိုပညာရှိတွေ၊ ကျန်တဲ့ ဘိုးဘေးမှော်ပညာရှိတွေကလည်း လွတ်လပ်တာအိုပညာရှိအဆင့်မှာ ရှိနေတာ”
‘ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးလား...’ ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး သဘောတူလိုက်ပါတယ် “ကောင်းပြီလေ”
ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးရဲ့ ကျင့်ကြံမှုက ဟန်ကျွယ်လောက်တောင် မမြင့်တဲ့အတွက် တိုက်ရည်ခိုက်ရည်မှာ ဟန်ကျွယ်ကို ဘယ်လိုမှ ယှဉ်နိုင်စရာအကြောင်း မရှိပါဘူး။
တာအိုပညာရှိအသစ်တွေဟာ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါး ရောက်လာတာကို မျှော်တလင့်လင့် ဖြစ်သွားပါတယ်။ သူတို့တွေဟာ ဟန်ကျွယ် ဘယ်လောက် စွမ်းအားကြီးလဲဆိုတာကို မြင်ချင်ကြတာပါ။
အတိတ်မှာ ရှန်ပေါင် တာအိုကျင့်ကြံသူ တိုက်ခိုက်တုန်းက တိုက်ပွဲက ခဏလေးနဲ့ ပြီးသွားတဲ့အတွက် တာအိုပညာရှိတွေဟာ ဟန်ကျွယ် အရမ်းစွမ်းအားကြီးတယ် ဆိုတာပဲ သိကြပါတယ်။ ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို မခန့်မှန်းနိုင်ကြပါဘူး။
ဒီလိုနဲ့ အစည်းအဝေးက ပြီးသွားပါတယ်။
ဟန်ကျွယ်လည်း မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းကို ပြန်ဖို့ ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ပန်ရှင်းဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ် “တာအိုရောင်းရင်းဟန်... ပန်ကူးခန်းမကို ခဏလောက် လိုက်ပေးလို့ရမလား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ပန်ရှင်းနဲ့အတူ ပန်ကူးခန်းမဆီ သွားပါတယ်။
တခြားတာအိုပညာရှိတွေဟာ စပ်စုချင်ပေမဲ့ ဘယ်သူမှ မမေးကြပါဘူး။
ပန်ကူးခန်းမမှာ ဟန်ကျွယ်နဲ့ ပန်ရှင်းဟာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပါတယ်။ ပန်ရှင်းက စိုးရိမ်စွာ ပြောလိုက်ပါတယ် “ကျွန်တော် သခင်ကို ပြဿနာမပေးချင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် တကယ်ကို မခံနိုင်လွန်းလို့ပါ၊ ကျွန်တော်ရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန် အခိုးခံလိုက်ရတယ်”
‘ကောင်းကင်ဖွင့်လှစ်ပုဆိန်...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ပန်ရှင်းရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်က အရမ်းကို စွမ်းအားကြီးပါတယ်။ ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ စွဲကို ကျန်နေခဲ့တာပါ။ ဒီလိုမျိုး အကောင်းစား ရတနာ ရှုံဟွာတွေဆီ ရောက်သွားတာက သတင်းကောင်းတော့ မဟုတ်ပါဘူး။
“ဘယ်သူခိုးသွားလဲဆိုတာ မင်းသိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ပန်ရှင်းဟာ အံကြိတ်လိုက်ပါတယ် “ဘိုးဘေးရှီတျန်ပဲ ဖြစ်လိမ့်မယ်၊ ဒီအတောအတွင်း ပဋိပက္ခလမ်းနားမှာ ပေါ်လာတဲ့ ရှုံဟွာတွေထဲမှာ ဘိုးဘေးရှီတျန်က အကြိမ်အများဆုံးပဲ၊ နောက်ပြီး သူက အရမ်းစွမ်းအားကြီးပြီး ကျွန်တော်ရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို တိုက်ရိုက်စုပ်ယူနိုင်စွမ်းလည်း ရှိတယ်”
‘ဘိုးဘေးရှီတျန်...’ ဟန်ကျွယ်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘေးရှီတျန်က ဒီလိုမျိုး လူမဟုတ်ဘူးလို့ ခံစားရလို့ပါ။
“ပန်ရှင်းရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ဘယ်သူခိုးသွားတာလဲ”
[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သင်၏ ကောင်းကင်ဖွင့်လှစ်ပုဆိန်သည် အန္တိမတာအိုရတနာအဖြစ်သို့ အဆင့်မြင့်သွားသဖြင့် သူ၏ ကောင်းကင်ဖွင့်လှစ်ပုဆိန်သည် အလိုအလျောက် လွင့်ပါးပျောက်ကွယ်သွားခြင်းတည်း။ အန္တိမတာအိုရတနာများသည် ကြီးမားသော ကံတရား ရှိသောကြောင့် တစ်ပြိုင်တည်း နှစ်ခုမရှိနိုင်ပါ။]
ဒီစာကြောင်းကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဘယ်လိုခံစားရမှန်း မသိတော့ပါဘူး ‘ဒီလိုဆို သူခိုးက ငါလား...’
ပန်ရှင်းဟာ တုံ့ဆိုင်းသွားပါတယ် “သခင်အတွက် ပြဿနာများတယ်ဆိုရင်လည်း ထားလိုက်ပါတော့”
“ကောင်းကင်တာအိုက ဘိုးဘေးရှီတျန်ကို အကြွေးအများကြီး တင်ထားတယ်၊ သူခိုးတာကို မင်းမျက်လုံးနဲ့ တပ်အပ်မြင်တာလား၊ ဒါမှမဟုတ် သူက ဝန်ခံလို့လား”
“အဲဒီလို မဟုတ်ဘူး၊ ခန့်မှန်းကြည့်ရုံပဲ”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး သတ်ဖြတ်ခြင်းတာအို တိုကင်ကို ထုတ်ယူလိုက်ပါတယ် “ဒါက သတ်ဖြတ်ခြင်းတာအို တိုကင်၊ သတ်ဖြတ်တဲ့နေရာမှာ သုံးတဲ့ အကောင်းစားရတနာပဲ၊ သက်တမ်းနဲ့ ကံတရား အထောက်အပံ့ကို စတေးပြီး ရန်သူတွေကို သတ်နိုင်တယ်၊ မင်းရဲ့ စကားလုံးတွေက အမှန်ဖြစ်လာလိမ့်မယ်၊ တစ်ခုတည်းသော အားနည်းချက်က မင်းနဲ့ မပတ်သက်တဲ့လူတွေကို သတ်လို့မရတာပဲ၊ ငါ ဒီရတနာ မင်းကို ပေးမယ်၊ ဒီရတနာနဲ့ မင်း ကောင်းကင်တာအိုကို ဆက်ပြီး ကာကွယ်ဖို့ ငါ မျှော်လင့်ပါတယ်”
ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်နဲ့ ပတ်သက်ပြီး အမှန်အတိုင်း ပြောပြဖို့ အစီအစဉ်မရှိပါဘူး။ ပန်ရှင်းက သူပြောတာကို လက်မခံရင် ပြဿနာ တက်လာနိုင်တယ် မဟုတ်ပါလား။ နောက်ပြီး ကောင်းကင်ဖွင့်လှစ်ပုဆိန်က သူ့ရဲ့ လျှို့ဝှက်ဓမ္မရတနာ ဖြစ်နေပါပြီ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။