← Chapters

အနန္တကမ္ဘာမြင်ကွင်းကျယ် ပြန်သုံးခွင့်ရခြင်း

Vol. 75 Ch. 795

အနန္တကမ္ဘာမြင်ကွင်းကျယ် ပြန်သုံးခွင့်ရခြင်း

Vol. 75 Ch. 795

“ကျေးဇူးပါပဲ သခင်... ကျွန်တော် ကောင်းကင်တာအိုကို သက်စွန့်ဆံဖျား ကာကွယ်ပါ့မယ်” ပန်ရှင်းဟာ သတ်ဖြတ်ခြင်းတာအို တိုကင်ကို လက်နှစ်ဖက်နဲ့ယူရင်း စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။ အဲဒီနောက် ပန်ရှင်းဟာ ဟန်ကျွယ်ကို ရှိခိုးလိုက်ပါတယ်။

သတ်ဖြတ်ခြင်း လွတ်လပ်အဆင့် အကောင်းစား ရတနာက ပဋိပက္ခထဲမှာတောင် ရှာဖို့ခက်တဲ့ အကောင်းစား ရတနာတစ်ပါးပါ။ ပန်ရှင်းလို လွတ်လပ် တာအိုပညာရှိတစ်ပါးအတွက် ဒီရတနာက လုံးဝကို လုံလောက်ပါတယ်။

ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ ပခုံးကို ပုတ်လိုက်ပါတယ် “ရှုံဟွာအင်အားစုက လျှို့ဝှက်ဆန်းကြယ်လွန်းတယ်၊ သူတို့ကို ၁၀၀ ရာခိုင်နှုန်း အနိုင်ယူနိုင်တယ်လို့ ယုံကြည်ချက်မရှိရင် ရန်သွားမစတာ အကောင်းဆုံးပဲ၊ ကောင်းကင်တာအိုတာအို တိုးတက်လာတာ မကြာသေးဘူး၊ အခု ကောင်းကင်တာအိုက စွမ်းအားကြီးပုံ ပေါ်နေပေမဲ့ အရင်ကပ်ဘေး မတိုင်ခင်တုန်းက ကောင်းကင်တာအိုကို မင်းလည်း သိတာပဲ၊ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာကို မင်းနားလည်မှာပါ”

ပန်ရှင်းဟာ လေးနက်စွာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် နားလည်ပါပြီ၊ ကျွန်တော် ရှုံဟွာတွေကို ထပ်ပြီးတော့ အနှောင့်အယှက် မပေးတော့ပါဘူး”

ဟန်ကျွယ်က ပြောလိုက်ပါတယ် “တကယ်လို့ တစ်ယောက်ယောက်က ကောင်းကင်တာအိုကို ဒုက္ခပေးရဲတယ် မင်းမှာလည်း ယုံကြည်ချက်ရှိတယ်ဆိုရင် သူတို့ကို သတ်ပစ်လိုက်၊ ဘာမှစဉ်းစားမနေနဲ့"

“ဟုတ်ကဲ့ပါ”

ပန်ရှင်ဟာ အရမ်းစိတ်လှုပ်ရှားသွားပါတယ်။ ဟန်ကျွယ် ထွက်ခွာသွားတဲ့အခါ ပန်ရှင်းဟာ သတ်ဖြတ်ခြင်းတာအို တိုကင်ကို တယုတယ ပွတ်သပ်လိုက်ပါတယ်။ ပန်ရှင်းဟာ ဒီတိုကင်ထဲမှာ ပါဝင်နေတဲ့ စွမ်းအားကို အာရုံခံစားမိပါတယ်။ ဒီတိုကင်ထဲက သတ်ဖြတ်ငွေ့ဟာ တော်တော်ကို စွမ်းအားကြီးပါတယ်။ ကောင်းကင်ဖွင့်လှစ်ပုဆိန်လောက် မပြင်းထန်ပေမဲ့ အများကြီးတော့ မဆိုးပါဘူး။

ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တာအိုဘုံကျောင်းကို ပြန်ပြီး ဒုတိယ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။ အဲဒိနောက် ဟန်ကျွယ်ဟာ သတ်ဖြတ်ငွေ့ နတ်ဘီလူးကို လွှတ်ပေးပြီး ထုံးစံအတိုင်း မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။

မုရုံချီဟာ အဖော်အသစ် ရောက်လာတဲ့အတွက် တော်တော်လေး ပျော်ရွှင်သွားပါတယ်။ နတ်ဘီလူးတွေ စွမ်းအားကြီးလာတာနဲ့အမျှ မုရုံချီဟာ နတ်ဘီလူးစစ်တပ် ပဋိပက္ခမှာ သောင်းကျန်းတာကို မျှော်တလင့်လင့် ဖြစ်လာပါတယ်။

မုရုံချီနဲ့ သတ်ဖြတ်ငွေ့ နတ်ဘီလူး ထွက်ခွာသွားတဲ့အခါ ဝူတောက်ကျန့်က ဟန်ကျွယ်ကို မေးလိုက်ပါတယ် “သခင်... ကျွန်မတို့ကို ဘယ်အချိန်ကျမှ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲ ပြန်ပြီးတော့ ဝင်ခွင့်ပြုမှာလဲ၊ လျှို့ဝှက်ချက် မပေါက်ကြားစေရပါဘူးလို့ ကျွန်မတို့ ကတိ‌ပေးပါတယ်၊ ကျွန်မတို့က အပြင်လောကနဲ့ ဆက်သွယ်ချင်ရုံပါ”

ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မုရုံချီ၊ ဟန်မင်၊ ဝူတောက်ကျန့်နဲ့ လီယောင်တို့ကို ယုံကြည်ပါသေးတယ်။ နောက်ပြီး တခြားတပည့်ရင်းတွေကလည်း နောက်ကျရင် ပဋိပက္ခ နတ်ဘီလူး ဖြစ်မှာပါ။ ဒီတော့ ဘာဆိုဘာမှ မရိပ်မိအောင် ဖုံးကွယ်ထားစရာ မလိုပါဘူး။ နောက်ပြီး တာအိုစက်ကွင်းကလည်း ပြိုင်ဘက်ကင်းနေပြီ ဖြစ်တဲ့အတွက် နတ်ဘီလူးစစ်တပ်ရဲ့ သတင်း ပေါက်ကြားသွားရင်တောင် ဘာမှကြောက်စရာ မရှိပါဘူး။

အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းထဲက တပည့်ရင်းတွေကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲ ဆွဲယူလိုက်ပါတယ်။ သူ ဖန်တီးထားတဲ့ ပဋိပက္ခ နတ်ဘီလူးတွေကိုတော့ ဟန်ကျွယ်ဟာ လောလောဆယ်မှာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲ ဝင်ခွင့်မပြုသေးပါဘူး။

ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းထဲက တပည့်ရင်းတိုင်းကို အသံလွှင့်ပြီး နတ်ဘီလူးစစ်တပ် အကြောင်း တစ်စွန်းတစ်စမှ ထုတ်မပြောဘဲ တင်းတင်းကျပ်ကျပ် တားမြစ်လိုက်ပါတယ်။ တကယ်လို့ တစ်စွန်းတစ်စလေး ပေါက်ကြားစေခဲ့မယ်ဆိုရင်တောင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့လည်း သတိပေးလိုက်ပါတယ်။ ဒါတွေ အကုန်လုံး လုပ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်ပြီး ဆက်ကျင့်ကြံပါတယ်။

အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ ဝူတောက်ကျန့်၊ မုရုံချီ၊ လီယောင်၊ တစုန်ကောင်းကင်၊ ဟန်မင်၊ ရန်တု၊ ကွမ်းပုပိုင်နဲ့ ကြက်သွေးရောင် မြေခွေးနီတို့ ပေါ်လာပါတယ်။

ကြက်သွေးရောင် မြေခွေးနီ၊ တစုန်ကောင်းကင်၊ ဟန်မင်၊ ရန်တုနဲ့ ကွမ်းပုပိုင်တို့ဟာ အနန္တကမ္ဘာမြင်ကွင်းကျယ် အကြောင်းကို တော်‌တော်လေး သိချင်နေကြပါတယ်။ ကံကောင်းထောက်မစွာပဲ မုရုံချီက သူတို့ကို အနန္တကမ္ဘာ မြင်ကွင်းကျယ် အကြောင်း ရှင်းပြပေးပါတယ်။

အနန္တကမ္ဘာ မြင်ကွင်းကျယ်က သိပ်မကြီးပါဘူး။ သတင်းအချက်အလက် ထောက်ပံ့ပေးတဲ့ အမှောင်နန်းတော်တစ်ခု သာသာပါ။

“ပျောက်နေတဲ့လူတွေ ပြန်ပေါ်လာပြီပဲ” ငရဲကြက်နက်က ရုတ်တရက် အော်ပြောလိုက်တဲ့အတွက် အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ ရှိနေတဲ့ တခြားတပည့်ရင်းတွေကို လန့်သွားစေပါတယ်။ လူတိုင်းဟာ မုရုံချီတို့နားမှာ စုလာကြပြီး ဘယ်သွားတယ်ဆိုတာကို မေးမြန်းကြပါတယ်။

မုရုံချီနဲ့ တခြားလူတွေဟာ ဆရာသခင်ရဲ့ စီစဉ်မှုလို့သာ ပြောပြီး လျှို့ဝှက်ချက်မလို့ ထုတ်ပြောလို့မရကြောင်း ရှင်းပြကြပါတယ်။ ဟန်ကျွယ် ပါဝင်ပတ်သက်နေတဲ့အတွက် တပည့်ရင်းတွေလည်း ဆက်ပြီးတော့ မမေးရဲတော့ပါဘူး။

ကျောက်ရွှမ်ယွမ်ဟာ သူတို့နားကို လျှောက်လာပြီး ပြုံးဖြဲဖြဲနဲ့ ပြောလိုက်ပါတယ်၊ ညီအစ်ကိုတို့... ငါတို့ညီအစ်ကိုသုံးယောက် ဒီအတောအတွင်း အဆင့်တက်ထားတာ သိပ်မကြာသေးဘူး”

မုရုံချီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘယ်အဆင့်လဲ”

“လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်”

“ကြမ်းလှချည်လား...” မုရုံချီဟာ တအံ့တဩ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရပါတယ်။ သူက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်နေပြီ မဟုတ်ပါလား။

နောက်ပြီး ဒါက သူတစ်ယောက်တည်း မဟုတ်ပါဘူး။ ကြက်သွေးရောင် မြေခွေးနီနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးတို့လည်း လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်နေကြပါပြီ။

ကျိုးဖန်ဟာ ရုတ်တရက် ပေါ်လာပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “အလယ်အဆင့်နဲ့များ ဘာတွေ လာကြွားနေတာလဲ၊ ငါက ထိပ်ဆုံးအဆင့်ကို ရောက်နေပြီ”

ကျန်းယီဟာ နှာခေါင်းထဲကနေလေကို အသံမြည်အောင် မှုတ်ထုတ်လိုက်ပါတယ် “ဟွန်း... ဘာတွေ လာကြွားနေတာလဲ၊ မင်းမှာသာ မဟာတာအိုမျှော်စင် မရှိရင် ဒီအဆင့် ရောက်နိုင်မှာလား”

ကျိုးဖန်ကလည်း အလျှော့မပေးပါဘူး “ဒါဆို မင်းဆီမှာ ဘာဖြစ်လို့ မဟာတာအိုမျှော်စင် မရှိတာလဲ”

“ဟီးဟီး...”

“မဟာတာအိုမျှော်စင်က ဘာအထင်ကြီးစရာ ရှိလို့လဲ၊ ခုခံတာရယ် ကိုင်ရိုက်တာရယ် ကျင့်ကြံမှု တိုးတက်အောင် နည်းနည်းလေး ကူညီပေးနိုင်တာပဲ ရှိတာ”

အနန္တကမ္ဘာမြင်ကွင်းကျယ်ထဲကို တပည့်ရင်းတွေ ပိုပိုရောက်လာတဲ့အတွက် အနန္တကမ္ဘာ မြင်ကွင်းကျယ်ဟာ စည်စည်ကားကား ဖြစ်သွားပါတယ်။

ဖန်းလျန်လည်း ပေါ်လာပါတယ်။

ဖန်းလျန် ပေါ်လာတာနဲ့ မုရုံချီဟာ ဖန်းလျန်ဆီကို ချက်ချင်း သွားပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းရင်းနှီးတဲ့အပြင် မတွေ့ရတာလည်း အတော်ကြာပြီ မဟုတ်ပါလား။

အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲမှာ တစ်ယောက်ရဲ့ ရောင်ဝါကို တစ်ယောက်က အာရုံမခံနိုင်တာကြောင့် တစ်ဖက်လူရဲ့ ကျင့်ကြံမှုကို တစ်ဖက်လူက မသိနိုင်ပါဘူး။ အဲဒီနောက် မုရုံချီနဲ့ ဖန်းလျန်ဟာ ဘေးကိုလျှောက်သွားပြီး စကားပြောဆိုကြပါတယ်။

ကွမ်းပုပိုင်ဟာ ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “မင်းတို့ကောင်တွေ မြန်မြန် ကျင့်ကြံအားထုတ်ကြ၊ ငါတို့နောက်မှာ ကျန်မနေခဲ့စေနဲ့”

လူတိုင်းရဲ့အကြည့်တွေဟာ ကွမ်းပုပိုင်ဆီ ရောက်သွားပါတယ်။

မုရုံချီဟာ ကွမ်းပုပိုင်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး အသံလွှင့်စကား ပြောလိုက်ပါတယ် “မင်းက ဆရာဘိုးဘိုးကို ဒေါသထွက်အောင် လုပ်နေတာလား၊ ဒီနေရာကို ဆရာဘိုးဘိုး ဖန်တီးထားတာ၊ မင်းလုပ်သမျှက ဆရာဘိုးဘိုးရဲ့ မျက်စိအောက်မှာနော်”

ကွမ်းပုပိုင်ဟာ မှင်တက်သွားပါတယ်။

ငရဲကြက်နက်ဟာ ကွမ်းပုပိုင်ဆီ လျှောက်သွားပြီး မေးလိုက်ပါတယ် “မင်းတို့က သခင်နောက်လိုက်ပြီး ကျင့်ကြံမှု မြန်နေတာလား”

“ဟုတ်တယ်၊ မဟာတာအိုမျှော်စင် လေးငါးဆယ်ခု ရှိနေသလိုပဲ”

ကွမ်းပုပိုင်ဟာ မဟာတာအိုမျှော်စင်က ဘာလဲဆိုတာကို နားမလည်ပါဘူး။ ဒါပေမဲ့ ကျိုးဖန်ရဲ့ လေလုံးထွားတာကို မခံနိုင်တယ်လို့ ပြောလိုက်တာပါ။ ကွမ်းပုပိုင်ရဲ့ စကားက ကျိုးဖန်ကို စိတ်တိုစေတာထက် ပိုပြီးတော့ အံ့ဩသွားစေပါတယ်။

အဲဒီနောက် အချိန်တစ်ခုအတွင်း တပည့်ရင်းတွေဟာ ဒီအကြောင်းကိုပဲ ပြောဆိုကြပါတော့တယ်။

အမှောင်တားမြစ်နယ်မြေမှာ ဧရာမ လက်ဝါးကြီးတစ်ခုဟာ ရှေ့ကို လျင်မြန်စွာ ခရီးနှင်နေပါတယ်။ လက်ဖဝါးပေါ်မှာတော့ အရိုးဖြူတွေ ရှိနေပြီး ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးနဲ့ မဟာမှော်ပညာရှိ သုံးလေးရာ မတ်တတ်ရပ်နေပါတယ်။ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးက ပန်ကူးရဲ့ သွေးနှစ်တွေ ဖြစ်တည်လာတာ ဖြစ်ပြီး ကျန်တဲ့ မဟာမှော်ပညာရှိတွေကတော့ ဘိုးဘေးမှော်ပညာရှိတွေ ဖန်တီးထားတာပါ။

ဧကရီဟုတ်ထိုဟာ သိကျန်းကိုကြည့်ပြီး မေးလိုက်ပါတယ် “အစ်ကို... အဖေ့ရဲ့ စိတ်ဆန္ဒက ကောင်းကင်တာအိုထဲမှာ ရှိနေတာ သေချာလို့လား”

“သေချာတယ်”

ကျူရုံက ပြုံးလိုက်ပါတယ် “အဖေရဲ့ စိတ်ဆန္ဒကို ရှာတွေ့တာနဲ့ ငါတို့တွေ အဖေ့ကို အသက်ပြန်သွင်းနိုင်တယ်၊ အဲဒီအချိန်ကျရင် ငါတို့ မှော်မျိုးနွယ်စုက ပဋိပက္ခကို ထိန်းချုပ်နိုင်ပြီ၊ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားလာပြီ”

တခြားဘိုးဘေးမှော်ပညာရှိတွေလည်း တောက်ပတဲ့ အနာဂတ်ကို တွေးကြည့်ပြီး ရယ်မောလိုက်ကြပါတယ်။

ဧကရီဟုတ်ထိုက စိုးရိမ်စွာ ပြောလိုက်ပါတယ် “အခု ကောင်းကင်တာအိုက အရင်နဲ့ မတူတော့ဘူး၊ ကောင်းကင်တာအိုကို ရောက်ရင် စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ ကျွန်မနဲ့ ဟန်ကျွယ်က ဆက်ဆံရေးကောင်းတယ်ဆိုပေမဲ့ ဒီလောက်ကြီး ရင်းနှီးတာ မဟုတ်ဘူး”

ချန်းလျောင်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာကြောက်စရာရှိလို့လဲ၊ ကျူကျို့ယင်က မဟာတာအိုပညာရှိ ဖြစ်လာပြီ၊ ဟန်ကျွယ်က ကျူကျို့ယင်ကို အနိုင်ယူတယ်ဆိုရင်တောင် ငါတို့နဲ့ ထိပ်တိုက်တွေ့မှာတော့ မဟုတ်ဘူး”

ပြီးခဲ့တဲ့ ကောင်းကင်ရုံးတော် တိုက်ပွဲမှာ ဟန်ကျွယ်ရဲ့ အစွမ်းကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရတာကြောင့် ဘိုးဘေးမှော်ပညာရှိတွေဟာ ဟန်ကျွယ်ကို အထင်တော့ မသေးရဲပါဘူး။

သိကျန်းဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ဘာလုပ်ရမလဲဆိုတာကို ငါ သိပါတယ်၊ နောက်ပြီး ကောင်းကင်တာအိုကို အဖေဖန်တီးထားတာပဲ၊ ငါတို့တွေ ကောင်းကင်တာအိုနဲ့ ရန်သူ မလုပ်ပါဘူး”

ဒီစကားကိုကြားမှ ဧကရီဟုတ်ထိုဟာ သက်သာရာ ရသွားပါတယ်။

ဒီအချိန်မှာပဲ အလွန်အားကောင်းတဲ့ ရောင်ဝါတစ်ခုဟာ ရှေ့ကနေ တိုက်ခိုက်လာပြီး ဧရာမလက်ဖဝါးကြီးကို ဟန့်တားလိုက်ပါတယ်။ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးဟာ ချက်ချင်း နိုးနိုးကြားကြား ဖြစ်သွားပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြပါတယ်။

“ပန်ကူးရဲ့ သွေးအနှစ်၊ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးက ပန်ကူးရဲ့ မျိုးဆက်မှန် ဖြစ်သင့်တယ်၊ ဒါပေမဲ့ မင်းတို့အဖေ လောကကြီးကို ဖန်တီးပြီးနောက်မှာ ကောင်းကင်တာအိုကို မင်းတို့ မပိုင်တော့ဘူး၊ အဲဒီအစား မင်းတို့က တာအိုပညာရှိတွေရဲ့ နယ်ရုပ်တွေ ဖြစ်သွားတယ်၊ ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ”

အထင်အမြင်သေးတဲ့ ရယ်မောသံနဲ့အတူ ကြောက်မက်ဖွယ်ရာ ဧရာမမျက်နှာကြီးတစ်ခုဟာ ရှေ့မှာ ပေါ်လာပါတယ်။ ဒီဧရာမမျက်နှာကြီးရဲ့ မျက်ဆံတွေက ဧရာမလက်ဖဝါးကြီးထက် အဆလေးငါးရာ ပိုကြီးမားတဲ့အတွက် ဘီလူးကြီးတစ်ကောင် ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသလိုပါပဲ။

သိကျန်းက ပြန်အော်ပြောလိုက်ပါတယ် “ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေလို့ လမ်းလာပိတ်တာလဲ”

“ဟားဟား... မင်းတို့တွေ ရှေးပျက်သုဉ်းနယ်မြေမှာ ဖိနှိပ်ခံထားရတာ နှစ်ပေါင်း မရေတွက်နိုင်တော့ဘူး၊ ဟုတ်ထိုကလည်း ပြန်လည်မွေးဖွားရာ စက်ဝန်းကနေ မလွတ်မြောက်နိုင်ဘဲ ကောင်းကင်တာအိုပညာရှိတွေ ဖိနှိပ်တာကို ခံခဲ့ရတယ်၊ သူလွတ်သွားတာ သိပ်မကြာသေးဘူး၊ အဲဒါကို မင်းတို့က အခု ကောင်းကင်တာအိုနဲ့ မိတ်ဆွေဖြစ်ချင်နေတာလား၊ ဒါက ရယ်ဖို့ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား... ဟားဟား...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters