← Chapters

ယမမင်းအိုကြီး၊ ဧည့်ကြိုနန်းတော်

Vol. 75 Ch. 796

ယမမင်းအိုကြီး၊ ဧည့်ကြိုနန်းတော်

Vol. 75 Ch. 796

“အပိုတွေ ပြောမနေနဲ့၊ မင်း သေချင်နေတာလား” နဂိုကတည်းက စိတ်မရှည်တဲ့ ကျူရုံဟာ ဒေါသတကြီး အော်မေးလိုက်ပါတယ်။ ကျူရုံရဲ့ အော်သံဟာ အမှောင်တားမြစ်နယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

သိကျန်းဟာ သူ့ရဲ့ ဘိုးဘေးမှော်ပညာရှိ ခန္ဓာစစ်ကို တစ်ခါတည်း ပြန်ပြောင်းလိုက်ပါတယ်။ သိကျန်းရဲ့ ခန္ဓာစစ်က ပဋိပက္ခ နတ်ဘီလူးလိုမျိုး ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အသွင်အပြင် ရှိပါတယ်။ သူ့ရဲ့ ကြွက်သားတွေကို ကြည့်ရုံနဲ့တင် ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။

လျှို့ဝှက်ဆန်းကြယ် မျက်နှာက ပြုံးလိုက်ပါတယ် “မင်းတို့ရဲ့ ရန်သူက ငါ မဟုတ်ဘူး၊ မင်းတို့တွေ ကောင်းကင်တာအိုကို သွားတာက ပန်ကူးကို အသက်ပြန်သွင်းမလို့မလား”

“မင်းတို့တွေ ရှာတွေ့တာ ရှာမတွေ့တာ အသာထားဦး၊ မင်းတို့တွေ ပန်ကူးကို အသက်ပြန်သွင်းနိုင်ခဲ့တယ် ဆိုရင်တောင် ကောင်းကင်တာအို သက်ရှိတွေနဲ့ ပန်ကူးကြားက ဆက်ဆံရေးကို မင်းတို့တွေ ဘယ်လိုလုပ်မှာလဲ၊ ကောင်းကင်တာအိုက ပန်ကူးအပိုင် ဖြစ်ဦးမလား၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဒီအတိုင်း ထိုင်ကြည့်နေမှာလား၊ ပန်ကူးကရော ကောင်းကင်တာအိုကနေ ခွဲခွာနိုင်ပါ့မလား” သူ့အသံက ဘိုးဘေးမှော်ပညာရှိတွေကို သရော်နေပါတယ်။

သိကျန်းက မေးလိုက်ပါတယ် “ခင်ဗျားက အဖေ့ကို မြင်ဖူးလို့လား”

“ပန်ကူးက သေသွားတာကြာပြီ၊ ငါက သူ့ကို ဘယ်လိုလုပ် မြင်ဖူးမှာလဲ၊ မင်းတို့တောင် မြင်ဖူးလို့လား”

“အဖေရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းတယ်”

“အို... မင်းဆိုလိုတာက ပန်ကူး အသက်ပြန်ရှင်လာရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အနိုင်ယူနိုင်တယ်ပေါ့”

သိကျန်းဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ ဒါက ထောင်ချောက်ပါ။ အနိုင်ယူနိုင်တယ်လို့ ပြောလိုက်လို့ ဒီအကြောင်း ကောင်းကင်တာအိုဆီ ပျံ့သွားရင် မကောင်းပါဘူး။

လျှို့ဝှက်ဆန်းကြယ်တဲ့ ရုပ်သွင်ဟာ ရက်ရက်စက်စက် ပြုံးလိုက်ပါတယ် “သိကျန်း... အို သိကျန်း...‌ ခေတ်က မတူတော့ဘူး၊ ပန်ကူးက အရင်လို ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှု မဟုတ်တော့ဘူး၊ လောကဦးပဋိပက္ခကို ရှင်သန်ခဲ့တဲ့ အဲဒီရှေးဟောင်း တည်ရှိမှုတွေ မဆိုထားနဲ့ တာအိုဘိုးဘေးတောင် ပန်ကူးကို ကျော်တက်သွားပြီ၊ မင်းတို့အတွက် ဒါက ကပ်ဘေးတစ်ခုပဲ၊ မင်းတို့အတွက် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် စွမ်းအားကြီးမားလာအောင် ကျင့်ကြံအားထုတ်ဖို့ပဲ၊ ဘိုးဘေးတွေရဲ့ စွမ်းအားနောက်ကို ဆင်ကန်းတောတိုးလိုက်ဖို့ မဟုတ်ဘူး”

သိကျန်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီစကားတွေက သိကျန်းရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေပါတယ်။ လျှို့ဝှက်ဆန်းကြယ်မျက်နှာ ပြောတာက မမှားပါဘူး။ အသက်ပြန်ရှင်လာတဲ့ ပန်ကူးက အားနည်းနေမယ်ဆိုရင် ပဋိပက္ခ နတ်ဘီလူးတွေ လက်စားချေတာကို ကျိန်းသေပေါက် ခံရမှာပါ။

ဒီပဋိပက္ခနတ်ဘီလူးတွေက ပန်ကူးထက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံအားထုတ်နေခဲ့တာပါ။ သူတို့အကုန်လုံးက ပဋိပက္ခ နတ်ဘီလူးတွေ ဖြစ်တဲ့အတွက် အရည်အချင်း ကွာခြားတယ်ဆိုရင်တောင် မိုးနဲ့မြေလောက်တော့ ကွာခြားမှာ မဟုတ်ပါဘူး။

“မင်းတို့ သေချာတွေးပြီးရင် ရှုံဟွာထဲကို အချိန်မရွေး ဝင်နိုင်တယ်၊ ရှုံဟွာထဲမှာ အကုန်လုံးက တန်းတူပဲ၊ အကုန်လုံးက ပဋိပက္ခကို တော်လှန်ဖို့ချည်းပဲ၊ မှော်မျိုးနွယ်စုသာ ကူညီလိုတဲ့ဆန္ဒရှိတယ်ဆိုရင် အမှောင်ခေတ် ရောက်တာနဲ့ ကောင်းကင်တာအို လူသားမျိုးနွယ်စုလိုမျိုး အဆင့်အတန်း ရရမယ်လို့ ကတိပေးတယ်၊ မင်းတို့တွေလည်း မဟာတာအို နတ်စိတ်ဝိညာဉ်အသစ်တွေ ဖြစ်လာလိမ့်မယ်” စကားဆုံးတာနဲ့ လျှို့ဝှက်ဆန်းကြယ် မျက်နှာဟာ ပျောက်ကွယ်သွားပါတယ်။

ဘိုးဘေးမှော်ပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ် ‘လက်စသတ်တော့ ရှုံဟွာကိုး...’

သူတို့တွေဟာ ရှုံဟွာအကြောင်းကို သိထားပါတယ်။ ပြီးခဲ့တစ်ခေါက် ကောင်းကင်ရုံးတော်မှာ ရှုံဟွာတွေနဲ့ တိုက်ခိုက်ခဲ့သေးတယ် မဟုတ်ပါလား။

ဒါ့အပြင် မဟာဟင်းလင်းပြင်ဝိညာဉ်ရဲ့ အမှောင်နယ်မြေကြောင့် သူတို့တွေဟာ ရှုံဟွာ ၁၃ ပါး ဝိုင်းတိုက်တာကို ခံရပြီး သေလုနီး ဖြစ်ခဲ့ပါတယ်။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် သူတို့တွေ သေသွားလောက်ပါပြီ။ ဒါကြောင့် ရှုံဟွာက သူတို့ရဲ့ ရန်သူ ဖြစ်နေတုန်းပါ။

ကုန့်ကုန်းက ပြောလိုက်ပါတယ် “အစ်ကို... သူ့ကို မယုံနဲ့၊ သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး၊ ကျွန်တော်တို့ကို စော်ကားပြီး နှိမ့်ချသွားတယ်၊ တော်တော်ရိုင်းစိုင်းတဲ့ကောင်”

တခြား ဘိုးဘေးမှော်ပညာရှိတွေလည်း မကျေမနပ် ခေါင်းညိတ်လိုက်ကြပါတယ်။

သိကျန်းက နှာခေါင်းရှုံ့လိုက်ပါတယ် “ငါလည်း သူပြောတာကို မယုံပါဘူး၊ ကောင်းကင်တာအိုကို ဆက်သွားကြရအောင်”

ဧရာမလက်ဖဝါးကြီးဟာ အရင်ထက် ပိုမြန်တဲ့အလျင်နဲ့ ဆက်ပြီးတော့ ခရီးနှင်ပါတယ်။

ငရဲပြည်၊ ယမမင်းခန်း။

ရန်ထျန်တုန်းဟာ မေးစေ့လက်ထောက်ပြီး သမ်းလိုက်ပါတယ်။

ဒီအချိန်မှာပဲ ခန်းမအပြင်ဘက်ကနေ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံး သိမ့်သိမ့်တုန်သွားပေမဲ့ ရန်ထျန်တုန်းကတော့ အသမ်း မပျက်ပါဘူး။ မကြာခင်မှာပဲ သရဲစစ်သားတွေ ကန်ကျောက်ခံရပြီး ရန်ထျန်တုန်းအနောက်က နံရံကို ဝင်တိုက်ကုန်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကြောက်မက်ဖွယ်ရောင်ဝါရှိတဲ့ လူနှစ်ယောက် ခန်းမထဲကို ပြေးဝင်လာကြပါတယ်။

“ဟားဟား... ငရဲပြည်က ဘာမှလည်း မဟုတ်ဘူး၊ ငါတို့ညီအစ်ကိုနှစ်ယောက်ကိုတောင် မတားဆီးနိုင်ဘူး”

“အစ်ကို ကျစ်ကျွင်း... အချိန်မဖြုန်းနဲ့၊ သေခြင်းရှင်ခြင်း စာအုပ်ကို အမြန်ရှာ”

ဒီနှစ်ယောက် တခြားမဟုတ်ပါဘူး။ ရှကျစ်ကျွင်းနဲ့ ချင်လင်းပါ။ ချင်လင်းဟာ ဧကရာဇ်အနှစ်ဆေးလုံး ၉၉ လုံး ရပြီးကတည်းက ကျင့်ကြံမှုတွေ ဆတိုး တိုးလာပြီး ရှန်နန်းတော် အာရုံစိုက်တာကို ခံရကာ နောက်ပိုင်း ရှကျစ်ကျွင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ တစ်ခါတိုက်ခိုက်ပြီးတာနဲ့ သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေ ဖြစ်လာခဲ့ကြပါတယ်။ ချင်လင်းက ရှကျစ်ကျွင်းကို မယှဉ်နိုင်ပေမဲ့ သူ့ရဲ့ ခေါင်းမာမှုကိုတော့ ရှကျစ်ကျွင်း လက်မြှောက်ရပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ သွေးသောက် ညီအစ်ကိုတွေ ဖြစ်လာကြပါတယ်။

ဒီတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်ဟာ ငရဲပြည် ၁၈ ထပ်ကို ပြောင်းပြန်လှန်ခဲ့ပေမဲ့ သေခြင်းရှင်ခြင်း စာအုပ်ကို ရှာမ‌တွေ့ခဲ့ပါဘူး။ ဒါကြောင့် ရန်ထျန်တုန်းရဲ့ နန်းတော်ကို လာတိုက်တာ ဖြစ်ပါတယ်။

ရန်ထျန်တုန်းဟာ ယမမင်း ၁၈ ပါးအထက်မှာရှိနေတဲ့ ငရဲပြည်ရဲ့ မဟာယမမင်းပါ။ ဒါကြောင့် မဟာကံတရားရှိတဲ့ ဝိညာဉ်နဲ့ တစ်မူထူးခြားတဲ့ ကံတရား အ‌ထောက်အပံ့ရှိတဲ့ ဝိညာဉ်တွေကိုသာ စီရင်ပါတယ်။

ရှကျစ်ကျွင်းဟာ ရန်ထျန်တုန်းကို စိုက်ကြည့်ပြီး မောက်မောက်မာမာ ပြောလိုက်ပါတယ် “ဟေး.. ယမမင်းအိုကြီး... သေခြင်းရှင်ခြင်း စာအုပ်ကို အမြန်ထုတ်ပေးစမ်း၊ ကောင်းကင်တာအိုက ငြိမ်းချမ်းနေတာဆိုတော့ ကျုပ်တို့တွေ လူမသတ်ချင်ဘူး၊ ကျုပ်တို့လာတဲ့လမ်းမှာ သရဲစစ်သားတွေကို ဒဏ်ရာရရုံပဲ လုပ်ထားတာ၊ ဒါပေမဲ့ ကျုပ်တို့က စိတ်သိပ်ရှည်တာ မဟုတ်ဘူးနော်”

‘ယမမင်းအိုကြီး..’ ရန်ထျန်တုန်းဟာ ဒေါသတကြီး ရယ်မောပြီး သေခြင်းရှင်ခြင်း စာအုပ်ကို ဟင်းရွက်ကန်စွန်းလို ပစ်ချပေးလိုက်ပါတယ် “မင်းတို့နှစ်ကောင် ဘာလုပ်နေတာလဲ၊ လုပ်စရာရှိတာ မြန်မြန်လုပ်ပြီး ထွက်သွားကြတော့”

ရှကျစ်ကျွင်းနဲ့ ချင်လင်းဟာ မှင်တက်သွားကြပါတယ်။

ရှကျစ်ကျွင်းက ကြိမ်းမောင်းဖို့ ပြင်လိုက်ပေမဲ့ ချင်လင်းက တားပြီး ပြောလိုက်ပါတယ် “လုပ်စရာရှိတာ မြန်မြန်လုပ်... ငရဲပြည်မှာ ပုန်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက နည်းတာ မဟုတ်ဘူး၊ ဒီကိစ္စ ဒီထက်ကြီးသွားရင် ငါတို့တွေလွယ်မှာ မဟုတ်ဘူး”

ချင်လင်းရဲ့ စကားကြောင့် ရှကျစ်ကျွင်းဟာ သေခြင်းရှင်ခြင်း စာအုပ်ကို အမြန်ဖွင့်ပြီး ခပ်သုတ်သုတ် စစ်ဆေးလိုက်ပတယ်။

ရန်ထျန်တုန်းဟာ မေးစေ့ကို လက်နှစ်ဖက်နဲ့ထောက်ပြီး ချင်လင်းကို စိုက်ကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ ချင်လင်းကို လွန်ခဲ့တဲ့တစ်ခေါက် တွေ့ခဲ့ရတာက မနေ့တစ်နေ့ကလို့ ခံစားလိုက်ရပါတယ်။

ချင်လင်းဟာ ရန်ထျန်တုန်းရဲ့ အကြည့်ကို ခံစားမိတာကြောင့် မသက်မသာ ဖြစ်လာပြီး မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘာဖြစ်လို့ ကျွန်တော်ကို စိုက်ကြည့်နေတာလဲ”

“ဟားဟား... ဘာမှမဟုတ်ပါဘူး၊ ငါတို့တွေ နောက်တစ်ခါ ဘယ်တော့ ထပ်တွေ့မလဲ စဉ်းစားနေတာ”

“ဟမ်... ကျွန်တော် နောက်ထပ် မလာတော့ဘူး၊ ဒီအတွက် မစိုးရိမ်နဲ့”

“ငါတော့ မထင်ပါဘူး၊ တချို့ကိစ္စတွေက ရေစက်ပါပြီးသား”

“ခင်ဗျားပြောချင်တာက ကျွန်တော် သေမယ်လို့ ဆိုလိုချင်တာလား”

“ငါ ပြောလို့မရဘူး... ငါပြောလို့ မရဘူး”

ချင်လင်းဟာ မျက်မှောင်ကြုတ်သွားပြီး ရန်ထျန်တုန်းရဲ့ စကားကြောင့် စိတ်ထဲမှာ ယောက်ယက်ခတ်သွားပါတယ်။

ဒီအချိန်မှာပဲ ရှကျစ်ကျွင်းဟာ သေခြင်းရှင်ခြင်း စာအုပ်က စာရွက်တစ်ရွက်ကို ဆုတ်ဖြဲပြီး ရန်ထျန်တုန်းဆီ ပြန်ပစ်ပေးလိုက်ပါတယ်။

“ဒီနေရာက မြန်မြန် ထွက်သွားကြရအောင်၊ ဒီယမမင်းအိုကြီးက အထီးကျန်နေလို့ မင်းကို အောက်ဆင်းလာပြီး အဖော်ပြုစေချင်တာ ဖြစ်မယ်၊ သူ့ကို ဂရုစိုက်မနေနဲ့၊ သူ့လိုမျိုး သရဲနတ်မင်းက လွတ်လပ်ပြီး ထာဝရအသက်ရှည်တယ်၊ ဒါပေမဲ့ အသက်ရှည်လွန်းတော့ ဘဝက အဓိပ္ပာယ်မရှိတော့ဘူး”

ရှကျစ်ကျွင်းဟာ ပြောပြောဆိုဆို ချင်လင်းနဲ့ ခပ်သုတ်သုတ် ထွက်ခွာသွားပါတယ်။

ရန်ထျန်တုန်းရဲ့ အပြုံးဟာ ခဲသွားပါတယ်။

‘ဒီခွေး‌ကောင်ရဲ့ ပါးစပ်က ဓားသွားထက် ထက်လှချည်လား...’ ရန်ထျန်တုန်းဟာ ကောက်တွက်ချက်ပြီး ရှကျစ်ကျွင်းရဲ့ သရုပ်ကို စိတ်ထဲမှာ အသေမှတ်ထားလိုက်ပါတယ်။

“ကောင်စုတ်လေး... မင်းစောင့်နေ၊ တစ်နေ့ကျရင် မင်း ငါ့လက်ထဲကို ရောက်လာမှာပါ၊ အဲဒီကျရင် ပြန်မွေးဖွားပြီး ကျင့်ကြံမှုဖို့ မမျှော်နဲ့၊ ငါမင်းကို ခွေး ဒါမှမဟုတ် ဝက်ဖြစ်ခိုင်းပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲမှာ နစ်မြောစေမယ်” ရန်ထျန်တုန်းဟာ စိတ်တိုလွန်းလို့ ဒေါသတကြီး ကြိမ်းမောင်းလိုက်ပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နောက်ထပ် နှစ်တစ်သောင်း ဂူအောင်းကျင့်ကြံလို့ ပြီးသွားပါပြီ။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချင်ပေမဲ့ ကောင်းကင်အရှင်ရွှမ်တုက ဘိုးဘေးမှော်ပညာရှိ ၁၂ ပါး ရောက်နေပြီလို့ သတင်းပေးထားတာကို သတိရသွားပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်က အမှောင်တားမြစ်နယ်မြေမှာ တာအိုစက်ကွင်းတစ်ခု တည်ဆောက်ထားပါတယ်။ ဒီတာအိုစက်ကွင်းရဲ့ နာမည်က ဧည့်ကြိုနန်းတော်ပါ။ ဒီနန်းတော်က ပဋိပက္ခကောင်းကင်လမ်းနဲ့ သိပ်မဝေးပါဘူး။ အဓိက ရည်ရွယ်ချက်ကတော့ ပဋိပက္ခကလာတဲ့ စွမ်းအားကြီး ဧည့်သည်တွေကို အထူးတလည် ကြိုဆိုဧည့်ခံတာပါ။

ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးက အရမ်းစွမ်းအားကြီးပြီး ပဋိပက္ခမှာ အသက်ပြန်ရှင်ခဲ့တာ ဖြစ်တဲ့အတွက် ဧကရီဟုတ်ထိုကလွဲရင် ကျန်တဲ့လူတွေ ကောင်းကင်တာအိုထဲ ဝင်လို့မရပါဘူး။ ဧကရီဟုတ်ထိုဟာ ငရဲပြည်နဲ့ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာပဲ သွားလာလို့ရပြီး အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာကို လျှောက်သွားလို့ မရပါဘူး။

မှော်မျိုးနွယ်စုဟာ ဧည့်ကြိုနန်းတော်မှာ စောင့်နေတာ နှစ်သုံးလေးဆယ် ရှိသွားပြီ ဖြစ်တဲ့အတွက် တော်တော်လေး စိတ်မရှည်တော့ပါဘူး။

ဒီအချိန်မှာပဲ...

ဟန်ကျွယ်ဟာ ဧည့်ကြိုနန်းတော်ရဲ့ တံခါးဝကို ရောက်လာပြီး ခန်းမထဲ ဝင်လိုက်ပါတယ်။

မှော်မျိုးနယ်စုနဲ့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ခန်းမထဲမှာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေကြတဲ့အတွက် သိမ်မွေ့နူးညံ့လွန်းတဲ့ ဟန်ကျွယ်ရဲ့ ရောင်ဝါကို အာရုံမခံမိကြပါဘူး။ မကျင့်ကြံဘဲနေတဲ့ မဟာမှော်ပညာရှိတစ်ပါးကပဲ ဟန်ကျွယ်ကို တွေ့သွားပါတယ်။

“သူ ရောက်လာပြီ” မဟာမှော်ပညာရှိရဲ့ ညင်သာတဲ့အသံဟာ ဘိုးဘေးမှော်ပညာရှိတွေကို ကျင့်ကြံနေရာက နိုးသွားစေပါတယ်။

ရတနာတွေ လွှမ်းခြုံနေတဲ့ ဟန်ကျွယ်ရဲ့ ရောင်ဝါဟာ ပြင်းထန်တာမလို့ ဘယ်သူမဆို ဟန်ကျွယ်ရှေ့မှာ သိမ်ငယ်တယ်လို့ ခံစားရစေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters