ဘိုးဘေးရှီတျန်၏ စိန်ခေါ်မှု
Vol. 75 Ch. 798
“မင်း ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်အတွက် ရောက်လာတာလား” ဘိုးဘေးရှီတျန်က မေးလိုက်ပါတယ်။ ဘိုးဘေးရှီတျန်ရဲ့လေသံက မိတ်ဆွေဟောင်းတစ်ယောက်နဲ့ စကားပြောနေသလိုမျိုးပါပဲ။
“ဟုတ်တယ်၊ ရှုံဟွာက ကောင်းကင်တာအိုပညာရှိတွေကို တစ်ပါးပြီးတစ်ပါး ပြန်ပေးဆွဲသွားတယ်၊ အခုလည်း ကောင်းကင်ဧကရာဇ်နဲ့ ကျွန်တော်ရဲ့ တပည့်တွေကို တိုက်ခိုက်ပြန်ပြီ၊ ကျွန်တော် ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး”
ဘိုးဘေးရှီတျန်ဟာ မျက်လုံးကျဉ်းသွားပါတယ် “အဲဒီတော့ မင်းက ငါ့ကို သတိပေးဖို့ ရောက်လာတာလား”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော်က ဘယ်လိုလုပ်ပြီး ဘိုးဘေးရှီတျန်ကို သတိပေးရဲမှာလဲ၊ ကျွန်တော် နားမလည်လို့ပါ၊ ဘိုးဘေးက ဘာဖြစ်လို့ ရှုံဟွာထဲ ဝင်လိုက်ရတာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခမှာ ငါ့အတွက်နေရာ မရှိလို့ပဲ”
“ဒါဆို ရှုံဟွာတွေက ဘာဖြစ်လို့ ဘိုးဘေးကို လက်ခံနိုင်ရတာလဲ”
ဟန်ကျွယ်ရဲ့ ဒီမေးခွန်းက အဓိပ္ပာယ် အများကြီး ရှိပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို တကယ်နားမလည်တာပါ။ ရှုံဟွာတွေက ပဋိပက္ခကို ခြိမ်းခြောက်နေရဲ့သားနဲ့ ပဋိပက္ခနတ်မင်းတွေက ဝင်မပါဘဲ ဒီအတိုင်း ထိုင်ကြည့်နေပါတယ်။ ပဋိပက္ခ နတ်မင်းတွေက ဘိုးဘေးရှီတျန် ရှုံဟွာထဲ ဝင်ပေးတာနဲ့ လွှတ်ပေးတယ်ဆိုတာက တော်တော်လေး အဓိပ္ပာယ်မရှိတာပါ။
ဖြစ်နိုင်ခြေတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ရှုံဟွာရဲ့နောက်မှာ ပဋိပက္ခနတ်မင်းတွေ ရှိနေတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ တွက်ချက်မှုအရ ပထမရှုံဟွာအရှင်ရဲ့နောက်မှာ ဘယ်သူမှ ရှိမနေပါဘူး။
ဘိုးဘေးရှီတျန်ဟာ ဟန်ကျွယ်ရဲ့ အတွင်းစိတ်ကို ထိုးဖောက်မြင်သလိုမျိုး လေးလေးနက်နက် စိုက်ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ကလည်း အေးဆေး ပြန်ကြည့်လိုက်ပါတယ်။ အခုအချိန်မှာ ပဋိပက္ခနတ်မင်းတွေတောင် သူ့တာအိုစက်ကွင်းကို မထိုးဖောက်နိုင်တဲ့အတွက် ဟန်ကျွယ်က ဘာကိုမှ မကြောက်ပါဘူး။ ဒါပေမဲ့ ပြဿနာတွေကို လျှောပေါ့နိုင်ရင် ပိုကောင်းတယ် မဟုတ်ပါလား။
ဘိုးဘေးရှီတျန်က ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “ဒါက ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ရှုံဟွာတွေက ဒီအကြောင်းကို တကယ်မသိတာလည်း ဖြစ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် အခြေအနေကို အခွင့်ကောင်းယူပြီး နေထိုင်ရမှာပဲ၊ အနည်းဆုံးတော့ ရှင်သန်ဖို့အခွင့်အရေး ပိုရှိသွားတယ် မဟုတ်ဘူးလား”
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ စကားက ဝမ်းနည်းမှု လွှမ်းနေတာကို ခံစားမိလိုက်ပါတယ်။ သူလည်း စနစ်နဲ့ တာအိုစက်ကွင်းသာ မရှိဘူးဆိုရင် ဘိုးဘေးရှီတျန်လိုမျိုး ဝမ်းနည်းဖွယ်ကောင်းတဲ့ အခြေအနေကို ရင်ဆိုင်ရမှာပါ။
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်ပါတယ် “ဘိုးဘေးရှီတျန် စိတ်မရှိဘူးဆိုရင် ကျွန်တော်ဆီကို လာခဲ့ပါ၊ ကျွန်တော် ဘိုးဘေးရှီတျန်ကို ကာကွယ်ပေးနိုင်တယ်”
“ဟားဟာ...” ဘိုးဘေးရှီတျန်ဟာ ရုတ်တရက် ရယ်မောလိုက်ပါတယ်။ ဘိုးဘေးရှီတျန်ရဲ့ ရယ်သံက အထင်အမြင်သေးမှုတွေနဲ့ ပြည့်နေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဘိုးဘေးရှီတျန်ဟာ ရယ်မောပြီးတာနဲ့ ခေါင်းခါကာ ပြောလိုက်ပါတယ် “ငါ ဒီလိုမျိုး မျှော်လင့်မထားဘူး၊ တကယ်ကို မျှော်လင့်မထားတာ၊ ငါ ကောင်းကင်တာအိုကို နှစ်ပေါင်းဘီလီယံချီ ကာကွယ်စောင့်ရှောက်ပြီး မရေမတွက်နိုင်လောက်တဲ့ တာအိုရှာဖွေသူတွေကို တာအိုဟောကြားခဲ့တယ်၊ အခုတော့ ငါ့ဆီမှာ တာအိုလာနားထောင်ဖူးတဲ့ ဂျူနီယာတစ်ယောက်ရဲ့ သနားတာကို ခံနေရတယ်၊ ဒီအခြေအနေက ဘယ်လောက်တောင် ကံဆိုးပြီး ဝမ်းနည်းဖို့ ကောင်းလိုက်လဲ”
“ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ငါ့ကို လက်ခံလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် ငါတာအိုဟောကြားခဲ့တာ အချည်းနှီး မဖြစ်ဘူး”
အဲဒီနောက် ဘိုးဘေးရှီတျန်ဟာ ဟန်ကျွယ်ကို ရုတ်တရက် စိုက်ကြည့်ပြီး မျက်လုံးတွေ စူးရှလာပါတယ် “ဟန်ကျွယ်... မင်း ကောင်းကင်ဧကရာဇ်နဲ့ ကျိုးဖန်ကို ကယ်ချင်တယ်ဆိုရင် လာ... ငါ့ကို ပေါ်တင် တိုက်ခိုက်ပြီး အနိုင်ယူချည်၊ ငါ သူတို့ကို လွှတ်ပေးမယ်”
[ဘိုးဘေးရှီတျန်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
‘စစ်ကြေညာပြီးတာနဲ့ မျက်နှာသာပေးမှုက တိုးသွားတာလား...’ဟန်ကျွယ်ဟာ နားမလည်နိုင်အောင် ဖြစ်သွားပါတယ်။
ဘိုးဘေးရှီတျန်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “လာစမ်းပါ၊ မင်း ငါနဲ့ တိုက်ခိုက်တာက ကောင်းကင်ဧကရာဇ်အတွက်တင် မဟုတ်ဘူး၊ မင်းတပည့်နဲ့ မင်းအတွက်လည်း ပါတယ်၊ မင်းက အခု စွမ်းအားကြီးနေပေမဲ့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာကို မမြင်နိုင်တာလဲ... ပဋိပက္ခနတ်မင်းတွေကို ပြောချင်တာလား... ငါ သူနဲ့ တိုက်ခိုက်လိုက်ရင် ရေစက်ဖြတ်တယ်လို့ ယူဆနိုင်လို့လား...’
“ဒါနဲ့ ငါ မင်းကို သတိပေးရဦးမယ်၊ အရင်တုန်းက ငါ ကောင်းကင်တာအိုမှာ ကိုယ်ပွားတစ်ခုပဲ ချန်ထားခဲ့တယ်၊ ငါက ငါ့ကျင့်ကြံမှုကို ဖိနှိပ်ထားခဲ့တာ အတော်ကြာပြီ၊ မင်း ငါ့ကို အနိုင်ယူချင်တယ်ဆိုရင် အစွမ်းကုန် ထုတ်တိုက်ရလိမ့်မယ်”
ဘိုးဘေးရှီတျန်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အိပ်မက်ကလည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ် ‘သူက အမှောင်ထုရဲ့ အိပ်မက်ဆိုးကိုတောင် အတင်းချိုးဖျက်နိုင်ပါ့လား...’
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ရဲ့ ပုံရိပ်ကို စစ်ဆေးလိုက်တဲ့အခါ ဘိုးဘေးရှီတျန်ရဲ့ ကျင့်ကြံမှုက မဟာတာအို လောကဦးပဋိပက္ခ အလယ်အဆင့်မှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
‘ဟန်ဆောင်ထားတာလား...’
ဟန်ကျွယ်ဟာ ပိုသေချာသွားအောင် စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဘိုးဘေးရှီတျန်က အစွမ်းကုန် ထုတ်တိုက်ရင် ငါ သူ့ကို တစ်ချက်တည်း သတ်နိုင်လား”
[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဒီတန်ဖိုးက ဓားရူးတာအိုပညာရှိနဲ့ ညီမျှပါတယ်။ တကယ်ကို မဆိုးလှတာပါ။
ဆက်တွက်မယ်။
[သတ်နိုင်သည်]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
‘မဟုတ်သေးဘူး... ဒီထပ် ပိုသေချာအောင် ထပ်မေးရမယ်’
“ဘိုးဘေးရှီတျန်က အစွမ်းကုန် ထုတ်တိုက်ရင် ငါ့ကို တစ်ချက်တည်း သတ်နိုင်စွမ်းရှိလား”
[မရှိပါ။]
ဟန်ကျွယ်ဟာ လုံးဝကို စိတ်သက်သာရာ ရသွားပါတယ်။ နှစ်ခုစလုံးက ဘိုးဘေးရှီတျန်ရဲ့ စွမ်းအားအစစ်အမှန်ကို မေးမြန်းတာ ဖြစ်တဲ့အတွက် ဒုတိယအကြိမ်မှာ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို နှုတ်မသွားပါဘူး။
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ သွားသင့်လား...’
“ငါ သွားပြီး ဘိုးဘေးရှီတျန်ကို တားရင် ပဋိပက္ခနတ်မင်းတွေနဲ့ မဟာတာအိုပညာရှိချုပ်တွေ တိုက်ခိုက်တာကို ခံရနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အခုထိ ဘိုးဘေးရှီတျန်ရဲ့ မရှင်းမလင်းစကားကို စိတ်နည်းနည်း တိုနေတုန်းပါ။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မခံရနိုင်ပါ။]
ဟန်ကျွယ်ဟာ လုံးဝကို စိတ်သက်သာရာ ရသွားပါတယ်။ တစ်ချိန်တည်းမှာလည်း ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို အထင်အမြင်သေးသွားပါတယ်။ ပထမရှုံဟွာအရှင်က အမှောင်ထဲမှာပဲ ပုန်းနေပြီး ကိုယ့်လက်အောက်ငယ်သားတွေ အသတ်ခံရတာတောင် ရှေ့မထွက်လာရဲဘူး မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ပဋိပက္ခကို လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်ရုံးတော်၊ မဟာတာအိုမျှော်စင်နဲ့ ရှုံဟွာတွေ တိုက်ခိုက်နေတာကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားပါတယ်။ ကောင်းကင်ရုံးတော်က အင်မော်တယ်တွေနဲ့ မဟာတာအိုမျှော်စင်က ကျင့်ကြံသူတွေဟာ မရေမတွက်နိုင်တဲ့ ရှုံဟွာအစေခံတွေနဲ့ တိုက်ခိုက်နေကြပါတယ်။
ရှုံဟွာ အစေခံတွေဟာ မျိုးနွယ်စု အသီးသီးက လာတာဖြစ်ပေမဲ့ တူညီတဲ့အချက်တစ်ချက်တော့ ရှိနေပါတယ်။ အဲဒါကတော့ သူတို့အကုန်လုံးကို ရောင်ဝါနက်တွေ ပတ်လည်ဝိုင်းနေတာပါ။ သူတို့ခန္ဓာကိုယ်မှာလည်း အမှောင်ထုထဲကျသွားတဲ့ သားရဲကြမ်းတွေလို သင်္ကေတနက်တွေတောင် ရှိနေပါတယ်။
ရှုံဟွာအစေခံ အရေအတွက်က ကောင်းကင်တာအိုနဲ့ မဟာတာအိုမျှော်စင် နှစ်ခုပေါင်းရဲ့ သက်ရှိအရေအတွက်ထက် မနည်းပါဘူး။ တကယ်တော့ ပိုတောင်များပါသေးတယ်။
လီတောက်ခုံးနဲ့ ကျိုးဖန်က သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခိုက်နေတဲ့ ရှီတုတောက်ကတော့ အရေးနိမ့်နေပါတယ်။
ဘိုးဘေးရှီတျန်ကတော့ စစ်မြေပြင်တစ်ခုလုံးရဲ့ အထက်မှာ ရှိနေပါတယ်။ ဘိုးဘေးရှီတျန်ဟာ ဟင်းလင်းပြင်ထက်မှာထိုင်ရင်း လက်နှစ်ဖက်နဲ့ မန္တန်တွေ ထုတ်သုံးနေပါတယ်။ ဘိုးဘေးရှီတျန်ရဲ့ ဓမ္မစွမ်းအားဟာ ကြီးမားတဲ့ ချိန်းကြိုးတွေအဖြစ် အသွင်ပြောင်းလဲပြီး ကြောက်မက်ဖွယ် အရိပ်နက်တစ်ခုကို ပိတ်လှောင်နေပါတယ်။
ဒီအရိပ်နက်က အမင်္ဂလာနတ်ဧကရာဇ်ပါ။
‘မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အမင်္ဂလာနတ်ဧကရာဇ်က ဘယ်လို ဆက်ဆံရေး ရှိတာလဲ၊ ဘာဖြစ်လို့ အမြဲတမ်း ကူညီနေရတာလဲ’ ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အမင်္ဂလာနတ်ဧကရာဇ်ရဲ့ ဆက်ဆံရေးကို သိချင်သွားပါတယ် ‘အမင်္ဂလာနတ်ဧကရာဇ်က မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အဖေများလား... ဒါပေမဲ့ အမင်္ဂလာနတ်ဧကရာဇ်က သက်ရှိမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ကလေးရှိနိုင်မှာလဲ’
အမင်္ဂလာနတ်ဆိုးဧကရာဇ်ဟာ ဘိုးဘေးရှီတျန်ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဘိုးဘေးရှီတျန်ဟာ အမင်္ဂလာနတ်ဧကရာဇ်ကို မသတ်ဘဲ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေပါတယ်။
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်က သူ့ကို စောင့်နေမှန်း သိလိုက်ပါတယ်။ ဘိုးဘေးရှီတျန်သာ အတည်တိုက်ရင် ဒီတိုက်ပွဲက ပြီးသွားတာ ကြာပါပြီ။ ဒီလောက်ထိ ကြာနေမှာ မဟုတ်ပါဘူး။ ဘိုးဘေးရှီတျန်က သူပေါ်လာအောင် ဖိအားပေးနေတာပါ။
“ချွမ်...”
လီတောက်ခုံး မဟာတာအိုမျှော်စင်ကို ခုတ်ချလိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အသံလှိုင်းဟာ ဟင်းလင်းပြင်ကို လှုပ်ခါသွားစေပါတယ်။
ကျိုးဖန်ဟာ မဟာတာအိုမျှော်စင်ကို ကိုင်ရင်း ကျိန်ဆဲလိုက်ပါတယ် “လီတောက်ခုံး... မင်း ရက်စက်လှချည်လား... ကောင်းကောင်းမွန်မွန် ဟန်ဆောင်လို့ မရဘူးလား”
လီတောက်ခုံးဟာ ဓားကိုလှုပ်ပြီး ကျိုးဖန်ကို အပြုံးနဲ့ ကြည့်လိုက်ပါတယ် “မင်းပဲ မဟာတာအိုမျှော်စင်က ဘယ်လိုကောင်းတာကို ကြွားထားတယ် မဟုတ်ဘူးလား၊ ငါက မင်းရဲ့ မဟာတာအိုမျှော်စင်နဲ့ ငါ့ရဲ့ ဓားတာအို ဘယ်ဟာပိုစွမ်းလဲ စမ်းချင်ရုံပါ”
တခြားတစ်ဖက်မှာတော့ ရှီတုတောက်ဟာ ပိုဒေါသထွက်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာရတနာမှ မသုံးဘဲ ဓမ္မစွမ်းအားနဲ့ချည်း တိုက်ခိုက်ပြီး သူ့ကို ဖိနှိပ်နေလို့ပါ။ ဒီရလဒ်က ရှီတုတောက်ကို တော်တော်လေး စိတ်ဆိုးစေပါတယ်။
‘ဘိုးဘေးက ဘာစောင့်နေတာလဲ’ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ဘိုးဘေးရှီတျန်က ဟန်လုပ်နေတယ်ဆိုတာကို အာရုံခံမိပါတယ်။ ဒါကြောင့်လည်း ရှီတုတောက်ကို မသတ်ဘဲ ဒီအတိုင်းထားတာပါ။
ဒါပေမဲ့ ရှီတုတောက်ရဲ့ အမြင်မှာတော့ ဒါက သူ့ကို ကစားနေသလိုပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ အကြီးမားဆုံးဝှက်ဖဲဟာ အမင်္ဂလာနတ်ဧကရာဇ်ပါ။ အခုအခြေအနေအရ အမင်္ဂလာနတ်ဧကရာဇ်ဟာ ဘိုးဘေးရှီတျန်ကို နိုင်နိုင်ခြေ တစ်စက်မှ မရှိပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အခြေအနေကို နားမလည်ပေမဲ့ တိုက်ရိုက်လည်း မမေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ သူ ဒီလိုမေးလိုက်ရင် စစ်သားတွေရဲ့ စိတ်ဓာတ်ကို တော်တော်လေး ထိခိုက်သွားစေမှာမလို့ပါပဲ။
“ဝေါင်း...”
အမင်္ဂလာနတ်ဧကရာဇ်ဟာ ထပ်မံဟိန်းဟောက်လိုက်ပြီး ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။ ဘိုးဘေးရှီတျန်ရဲ့ ဓမ္မစွမ်းအား ချိန်းကြိုးတွေလည်း ပစ်မှတ်ပျောက်သွားပါတယ်။
ချက်ချင်းဆိုသလိုပဲ ဘိုဘေးရှီတျန်ရဲ့နောက်မှာ အရိပ်နက်ကြီး ပေါ်လာပြီ အမှောင်ထုအသွင် ပြောင်းလဲကာ ဘိုးဘေးရှီတျန်ကို ဆွဲနှစ်လိုက်ပါတယ်။
ဒါပေမဲ့ ချက်ချင်းဆိုသလို အမှောင်ထုဟာ ဖန်လုံးတစ်လုံးလို ကွဲကြေသွားပါတယ်။ ဘိုးဘေးရှီတျန်ဟာ ညာလက်မြှောက်ပြီး ရွှေရောင်မြစ်တစ်စင်းကို ဆင့်ဆိုရင်း ပြန်ပေါ်လာပါတယ်။
ဘိုးဘေးရှီတျန်က ထူးဆန်းတဲ့ အသံတစ်သံကို ရေရွတ်လိုက်တဲ့အခါ ရွှေရောင်မြစ်ဟာ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်လာပြီး အမှောင်ထု အပိုင်းအစတွေ အကုန်လုံးကို မြစ်ထဲ စုပ်ယူလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။