အနောက်အင်ပါယာ၏မျက်လုံးများ
Vol. 165 Ch. 2358
မိုးစက်တိုင်းက ဓားများအဖြစ် ပြောင်းလဲသွားပြီး မိုးရေစက်တိုင်းက ဓားတစ်လက် ဖြစ်ပေါ်လာသည်။ မိုးရေစက်များက စုစည်းလာသောအခါ ဓားများက ပို၍ပင် အားကောင်းကာ လွှမ်းမိုးနိုင်စွမ်း ရှိလာခဲ့သည်။
"အနောက်အင်ပါယာရဲ့ နတ်ဘုရားနည်းစနစ်တွေထဲက တစ်ခုဖြစ်တဲ့ နတ်ဓားမိုးစက်ပဲ။" အဝေးရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ထိုတိုက်ပွဲကို အနီးကပ်အာရုံစိုက်ထားခဲ့သည်။ ရှီးချီယောင်၏ ဂုဏ်သတင်းက အဝေးထိပင် ကျော်ကြားလှသည်။ နှစ်ပေါင်းတစ်ထောင်မှ တစ်ယောက်သာ ပေါ်ထွန်းနိုင်သော အနောက်အင်ပါယာ၏ အစွမ်းထက်ဆုံး သွေးမျိုးဆက် ဖြစ်သည့်အတွက်ကြောင့် သူမ၏ တိုက်ပွဲကို လူအများအပြားက အာရုံစိုက်နေကြသည်မှာ အသေအချာပင် ဖြစ်သည်။
ဒဏ္ဍာရီများအရ အနောက်အင်ပါယာက မိုးစက်နတ်ဓားကို ဖန်တီးခဲ့သည်ဟု ဆိုသည်။ မိုးစက်တစ်စက်ကပင် ကောင်းကင်ကို ထိုးခွင်းနိုင်စွမ်းရှိပေသည်။ မဟာအင်ပါယာတစ်ယောက်ကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုရမည်နည်း။ မဟာအင်ပါယာသည် ဖန်တီးသူ၏ စိတ်ဝိညာဥ်ရှိသော တစ်စုံတစ်ယောက် ဖြစ်ပြီး လောကတစ်ခုကိုပင် ဖန်တီးနိုင်စွမ်းရှိသည်။ ဥပမာအနေနှင့် မဟာအင်ပါယာရှန်ကျားကို ကြည့်လျှင် သူ၏ ခန္ဓာကိုယ်က လောကတစ်ခုဖြစ်နေခဲ့ပြီ ဖြစ်သည်။
ရှီးချီယောင်က အနောက်အင်ပါယာ၏ စွမ်းရည်ကို ဆက်ခံထားခဲ့သည်။ မဟာလမ်းစဥ်နယ်မြေအတွင်းတွင် ကောင်းကင်မှ မိုးစက်များက ကျဆင်းလာနေကာ သန့်စင်သောအလင်းတို့နှင့် တောက်ပနေခဲ့သည်။ သေချာပေါက်ပင် ၎င်းက သာမန် မိုးစက်များမဟုတ်ပေ။ သာမန်မိုးစက်များ၌ ထိုကဲ့သို့သော ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေခဲ့မည် မဟုတ်ပေ။
ကောင်းကင်၌ မျောလွင့်နေသည့် မိုးစက်များက ကျဆင်းလာသည်နှင့် မည်သည့်နေရာမှ ပြေးပုန်းစရာမြေ မရှိတော့သလိုပင်။ ရီဖူရှင်းက ထိုနေရာ၌ ရပ်နေကာ မရေတွက်နိုင်သော မိုးစက်နတ်ဓားများက သူ့ထံသို့ ပြေးဝင်လာသည်ကို ကြည့်နေခဲ့သည်မှာ သူက ထိုမျက်စိကျိန်းလောက်ဖွယ် မိုးစက်အလင်းလွှာကြောင့် အံ့သြမှင်တက်နေခဲ့သလို ထင်မှတ်ရပေသည်။ ပတ်ဝန်းကျင်မှ ကြယ်များအားလုံးက ထိုမိုးစက်ဓားစွမ်းအားများ၏ အောက်တွင် ဖျက်ဆီးခံလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်း၏ မဟာလမ်းစဥ်ခန္ဓာကိုယ်က နတ်အလင်းတို့ လင်းလက်လာပြီး မဟာလမ်းစဥ်က အရူးအမူးအော်မြည်လာသည်။ ချက်ချင်းပင် သူက ရုတ်တရက် သန့်စင်သည့် မီးလျှံအရောင်အဖြစ်သို့ ပြောင်းလဲသွားကာ နေတစ်စင်းကဲ့သို့ ပူပြင်း လောင်ကျွမ်းလာသည်။ သူက ၎င်းဖြင့် နတ်ခန္ဓာဖွဲ့စည်းလိုက်ပုံရပေသည်။
ရီဖူရှင်းသည် တစ်ခါက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်သဘောပေါက်ပြီး ထူးခြားလှသည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဖန်တီးနိုင်ခဲ့သည်။ ထိုစဥ်မှစကာ သူသည် ထိုရုပ်ခန္ဓာကို မဟာလမ်းစဥ်စွမ်းအားများ အားလုံး ပေါင်းစပ်နိုင်သည့် ဤရုပ်ခန္ဓာအား ရရှိသည်အထိ အဆက်မပြတ် တိုးတက်လာအောင် ကျင့်ကြံခဲ့ပေသည်။
ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်က နေမင်းတစ်စင်းမှ ပြောင်းလဲလာသည့် နေမင်းနတ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ နေမင်းနတ်အလင်းတို့ ထုတ်လွှတ်နေကာ အဘက်ဘက်သို့ ပျံ့နှံ့သွားစေခဲ့သည်။ နေမင်း၏ နတ်ရောင်ဝါက မိုးစက်နတ်ဓားများနှင့် ထိတွေ့မိသည့်အခါ ဓားများက ဆူညံလာပြီး နေမင်းနတ်ရောင်ဝါအောက် ပျက်စီးပြိုကွဲသွားခဲ့သည်။
တစ်ချိန်တည်းတွင် ရီဖူရှင်း၏ ရုပ်ခန္ဓာက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။ မိုးစက်နတ်ဓားများက သူ့အရှေ့ မနီးမဝေးသို့ ရောက်ရှိလာသောအခါ ၎င်းတို့က ရှေ့ကို အနည်းငယ်မျှပင် ဆက်တိုးမလာနိုင်ဘဲ မည်သည်မှမကျန်တော့အောင် ဖျက်ဆီးခံလိုက်ရသည်။
ရလဒ်အနေနှင့် အလွန် ထူးဆန်းသော မြင်ကွင်းတစ်ခုက ထိုလေဟာနယ်အတွင်း ဖြစ်ပေါ်လာခဲ့သည်။ မိုးရေစက်များကျဆင်းလာသည့်အလယ်တွင် အတောက်ပဆုံးနေမင်းတစ်စင်း ရှိနေပြီး ထိုမဟာလမ်းစဥ်နယ်မြေအတွင်း သက်တန့်တစ်စင်း ဖန်တီးထားသည်။
ရှီးချီယောင်က အနည်းငယ်မျှပင် တုန်လှုပ်မသွားဘဲ ထိုနေရာ၌ ရပ်မြဲအတိုင်း ရပ်နေခဲ့၏။ မိုးစက်များက ပို၍ပင် အဆောတလျင် ကျဆင်းလာကာ အလွန် အေးစိမ့်သည့် စွမ်းအားများက လိုက်ပါလာပြီး တစ်လောကလုံးကို အေးခဲသွားစေတော့မလိုပင် ဖြစ်သည်။ နေမင်း၏ နတ်ရောင်ဝါတို့က ထိုမိုးရေစက်အလင်းလွှာကို ဖျက်ဆီးချိုးဖောက်ချင်သော်လည်း ထို အရူးအမူး ကျဆင်းလာနေသည့် မိုးစက်များကြောင့် ရှုံးနိမ့်ခဲ့ရသည်။ ရီဖူရှင်း ရှိနေသည့် နေရာကိုသာ ကာကွယ်ဟန့်တားထားနိုင်ပြီး မိုးစက်ကန့်လန့်ကာကို အပြည့်အဝ ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။
ရှီးချီယောင်က သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ရုတ်တရက် မိုးစက်နတ်ဓားတစ်လက်က သူမ လက်ဝါးထက်တွင် စုစည်းဖြစ်တည်လာသည်။ ထိုအဆုံးမဲ့ မိုးစက်များက လှည့်ပတ်နေပြီး မြစ်တစ်စင်းအဖြစ် စုစည်းလာပြီးနောက် တဖြေးဖြေး ရေတံခွန်တစ်ခုနှင့် ဆင်တူလာပေသည်။
ဘုန်း...
ရေတံခွန်က ပြင်းထန်သော အင်အားနှင့် ကျဆင်းလာသည်။ နှိုင်းယှဥ်၍ မရသော စွမ်းအားနှင့် အင်အားတို့ ပါဝင်နေသည့် အနန္တမိုးရေစက်များဖြင့် ဖွဲ့စည်းထားသည့် ရေတံခွန်က နတ်ဓားအဖြစ် ဖွဲ့တည်လာသည်။ လေဟာနယ်သည်ပင် ခုတ်ပိုင်းခံလိုက်ရသလို ထင်မှတ်ရသည်။ ထိုကြောက်မက်ဖွယ် အရှိန်အဟုန်ကို မည်သည့်အရာကမှ မရပ်တန့်နိုင်ပုံရပေသည်။
ရီဖူရှင်း၏ ကိုယ်ပေါ်တွင် အဆုံးမဲ့ နတ်အလင်းတို့ ထွန်းလင်းလာပြီး မဟာအင်ပါယာစွမ်းအားများကလည်း သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ ငယ်ရွယ်သည့် မဟာအင်ပါယာတစ်ပါးကဲ့သို့ ပြိုင်ဘက်ကင်း ကျက်သရေရှိမှုတို့နှင့်အတူ အဆုံးမဲ့ သင်္ကေတအက္ခရာများက သူ၏ နေမင်းနတ်ခန္ဓာမှ ပျံသန်းထွက်လာကာ ဓားများအဖြစ် ဖွဲ့စည်းလာသည်။ မဟာလမ်းစဥ် ပေါက်ကွဲသံများနှင့်အတူ ရီဖူရှင်းက လက်ကို မြှောက်လိုက်ပြီး ကောင်းကင်သို့ ညွှန်ပြလိုက်သည်။ ရုတ်တရက် ကြီးမားသော နေမင်းနတ်ဓားက သူ့အရှေ့မှ မိုးစက်ကန့်လန့်ကာကို ထိုးဖောက်သွားသည်။ အားလုံးသော ဓားစွမ်းအားများက နတ်ဓားရေတံခွန်ဖြင့် တိုက်မိသည်နှင့် ဖျက်ဆီးခံလိုက်ရသည်။
နတ်ဓားရေတံခွန်က နေမင်းနတ်ဓားနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ထိုနှစ်ခုက တစ်ခုနှင့်တစ်ခု အမှန်တကယ် ပေါင်းစပ်သွားခဲ့သည်။ ရေတံခွန်က ဖျက်ဆီးခံလိုက်ရသလို နေမင်းနတ်ဓား၌လည်း အက်ကြောင်းများပေါ်လာခဲ့၏။ နတ်ဓားနှစ်စင်းက ထိပ်တိုက်တွေ့ဆုံပြီးနောက် လေဟာနယ်အတွင်း၌ ပေါက်ကွဲထွက်သွားကာ ဖျက်ဆီးခံလိုက်ရပြီး ကောင်းကင်တွင် ဓားမိုးများသာ ကျန်ရစ်ခဲ့သည်။
"ရန်ဟောင်ရီက တကယ့်ကို စိတ်မပျက်စေဘူးပဲ။" ရှီးချီယောင်က ပြောလိုက်သည်။ သူမက တစ်ချက်တွေးလိုက်သည်နှင့် ကောင်းကင်ထက်၌ နေမင်းကိုပင် ဖုံးကွယ်နိုင်သည့် ဝင်္ကပါအစီအရင်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ၎င်းက သူမ၏ မဟာလမ်းစဥ်နတ်ဝင်ရိုး ဖြစ်ပုံရသည်။
ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုက ကောင်းကင်ထက်၌ ဖြစ်ပေါ်လာသည်။ ကောင်းကင်မြစ်တစ်စင်းက ထိုနယ်မြေအတွင်း ပေါ်ပေါက်လာပေသည်။ ကောင်းကင်မြစ်၏ အလယ်တွင် ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ် လှိုင်းများက စုစည်းလာကာ ဝဲကတော့သဏ္ဌာန် ရေဝဲများ ပေါ်ပေါက်လာပေသည်။ ရေဝဲတစ်ခုချင်းစီ၏ အလယ်တွင် မျက်လုံးနှင့်တူသည့် တွင်းပေါက်တစ်ခု ရှိသည်။
ယခုတွင် ကောင်းကင်နှင့် မြေကြီးကြား ကျဆင်းနေသည့် မိုးစက်များက ပို၍ပင် ပြင်းထန်လာပေသည်။ ဤမိုးစက်ကန့်လန့်ကာက အဆုံးမဲ့လေဟာနယ် ကောင်းကင်အာဏာစက်မြို့တစ်ခွင်ကို လွှမ်းခြုံထားသည်။ ရန်ဟောင်ချန်းနှင့် အခြားသူများက လှုပ်ရှားမှုပြုလိုက်ပြီး အောက်ဘက်မြေပြင်မှ မဟာလမ်းစဥ် နတ်အလင်းတို့ကို ထုတ်လွှတ်လိုက်သည်။ သူတို့သည် အောက်သို့ ကျဆင်းလာသည့် မိုးစက်များကို တားဆီးရန် ပေါင်းစပ်စွမ်းအားကို အသုံးပြုလိုက်ပေသည်။
မဟုတ်လျှင် ဤမိုးစက်များက အောက်ဘက်မှ သက်ရှိတိုင်းကို သတ်ဖြတ်ပစ်ရန် လုံလောက်နေပြီး ကောင်းကင်အာဏာစက်မြို့မှ လူများ တောင့်ခံနိုင်မည့် စွမ်းအား တစ်စုံတစ်ရာ မဟုတ်ခဲ့ပေ။ မိုးစက်တစ်စက်ကပင် သူတို့ကို သတ်ဖြတ်ပစ်ရန် လုံလောက်နေပြီ ဖြစ်သည်။
မိုးက ပို၍ သည်းထန်လာသည်။ ကောင်းကင်အာဏာစက်မြို့အတွင်းမှ လူတိုင်းက အကာအကွယ် အလင်းလွှာကို ဖြတ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး ထိုနေရာ၌ ရပ်နေသော ပုံရိပ်နှစ်ခုကို ကြည့်နေကြသည်။ ထိုအချိန်၌ တောက်ပသော နတ်ရောင်ဝါတို့နှင့် လွှမ်းခြုံခံထားရသည့် ရှီးချီယောင်က အလွန် တောက်ပနေပြီး အနောက်အင်ပါယာ၏ မျိုးဆက်ဟူသည့် အဆင့်အတန်းနှင့် လိုက်ဖက်သော နတ်မိမယ်တစ်ပါး ဖြစ်လေသည်။
သူမအထက်တွင် ဖြစ်ပေါ်နေသည့် ကြောက်မက်ဖွယ် မြင်ကွင်းက သူမအား ဤလေဟာနယ်ကို လွှမ်းမိုးထားနိုင်သော နတ်မိမယ်တစ်ပါးသဖွယ် ဖြစ်ပေါ်နေစေသည်။
"အရမ်းအေးတာပဲ။"
အဝေးတွင် ရှိနေသည့် ကောင်းကင်ဒေသမှ ကျင့်ကြံသူများစွာက အလွန် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ မိုးစက်လောကအတွင်း သူတို့သည် အရိုးထဲထိ ထိုးဖောက်စိမ့်ဝင်လာသည့် အေးစက်မှုတို့ကို ခံစားမိခဲ့ပေသည်။ ၎င်းသည် စိတ်ဝိညာဥ်အတွင်းထိပါ နက်ရှိုင်းစွာ ဝင်ရောက်လာသော အေးစက်မှုဖြစ်သည်။
"အဲဒါက ရှီးချီယောင်ရဲ့ မဟာလမ်းစဥ် နတ်ဝင်ရိုးပဲ။" တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။ ဒဏ္ဍာရီများအရ ရှီးချီယောင်သည် အနောက်အင်ပါယာ၏ စွမ်းရည်အများစုကို ဆက်ခံနိုင်ခဲ့ပြီး အနောက်အင်ပါယာနန်းတော်၏ စစ်မှန်သော နံပါတ်တစ်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။ သူမက အနောက်ပင်လယ်နယ်မြေအတွင်း ထိပ်တန်းအရည်အချင်းရှိသည့် ပါရမီရှင်အဆင့် တည်ရှိမှုဖြစ်လာခဲ့သည်။
ရီဖူရှင်းသည် ယခင်က ဟွားကျွင့်လိုင်အား ရှုံးနိမ့်စေခဲ့သော်လည်း ရှီးချီယောင်နှင့် ဟွားကျွင့်လိုင်က တူညီသော အဆင့်မှ ပြိုင်ဘက်များ မဟုတ်ကြပေ။ ဟွားကျွင့်လိုင်ကိုယ်တိုင်သည်ပင် ၎င်းကို ဝန်ခံရပေလိမ့်မည်။
ထိုအချိန်၌ ရီဖူရှင်းသည်လည်း တိုက်ပွဲမြေပြင်အတွင်းမှ အားကောင်းလှသော အန္တရာယ်ကို သတိပြုမိလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသည့် တုန်ခါနေသော အသံများက ပိုမိုကြီးမားလာပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ကြီးမားသော တိုက်ပွဲသဏ္ဌာန်အဖြစ် ပြောင်းလဲသွားပေသည်။ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ သူ့ ခန္ဓာကိုယ်အတွင်းမှ ယင်ယန်စွမ်းအားတို့က တစ်ချိန်တည်း ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။ နောက်တခဏတွင် သူ့ထံမှနေ၍ ဝင်္ကပါအစီအရင်တစ်ခု ထွက်ပေါ်လာပြီး ၎င်းက ယင်ယန်ဝင်္ကပါ ဖြစ်လေသည်။
ဝင်္ကပါအစီအရင်က အရူးအမူး ကြီးမားကျယ်ပြန့်လာသည်။ နေမင်း၊ လမင်း၊ ကြယ်များက ကောင်းကင်နှင့် မြေကြီးကြားတွင် ပေါ်ပေါက်လာကာ ပြီးပြည််စုံသည့် လောကတစ်ခုနှင့် ဆင်တူနေပေသည်။ ရီဖူရှင်း၏ မျက်နှာက တည်ငြိမ်နေပြီး ထိုအနီးဝန်းကျင် ကောင်းကင်၌ အနန္တကြယ်များက လှည့်ပတ်နေသည်။ သူ့နောက်တွင် နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းက စီဝေ့မဟာအင်ပါယာ အမှန်တကယ် ဖြစ်တည်လာသကဲ့သို့ပင် ဖြစ်သည်။
ယင်ယန်ဝင်္ကပါအစီအရင် အထက်တွင် ယင်ယန်ဓားမုန်တိုင်း ပေါ်ပေါက်လာပြီး သည်းထန်နေသည့် မိုးစက်များနှင့် ထိပ်တိုက်တွေ့ဆုံကာ ၎င်းကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ကောင်းကင်ထက်ရှိ ကောင်းကင်မြစ်အလယ် မုန်တိုင်း၏ မျက်လုံးတွင် စုစည်းနေသည့် ထိုကြောက်မက်ဖွယ် ရေဝဲကတော့က ပိုမိုပြင်းထန်လာသည်။ နောက်တခဏတွင် ထိုမုန်တိုင်းမျက်လုံးမှ ဓားများ ထိုးထွက်လာပြီး လေဟာနယ်ကို ထိုးဖောက်ကာ ကျဆင်းလာသည်။ မည်သည့် ခုခံကာကွယ်ရေး အတားအဆီးကမှ ၎င်းတို့ကို မရပ်တန့်နိုင်ပုံရပေသည်။ ယင်ယန်ဝင်္ကပါအစီအရင်မှ ထုတ်လွှတ်သော အလင်းမုန်တိုင်းသည်ပင် ၎င်းတို့အား မရပ်တန့်နိုင်ပေ။
ဘုန်း... ဘုန်း... ဘုန်း...
ထိတ်လန့်တုန်လှုပ်ဖွယ် ထိခတ်မိသည့်အသံများကို အဆက်မပြတ် ကြားလိုက်ရသည်။ ထိုနတ်မျက်လုံးများမှ ဓားအလင်းတို့ပ ကြယ်များထက်သို့ တိုက်ရိုက် ကျဆင်းလာသည်။ ထိုအချိန်တွင် ရီဖူရှင်းက ငယ်ရွယ်သော မဟာအင်ပါယာတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ သူ့နောက်ရှိ အင်ပါယာပုံရိပ်က ကောင်းကင်ရှိ အားလုံးသော ကြယ်များကို သူ့ခြေသူ့လက်ကဲ့သို့ အသုံးချနိုင်သလိုပင် ဖြစ်သည်။
ကြောက်မက်ဖွယ် အက်ကွဲသံများကို ကြားလိုက်ရပြီး ကြယ်များက စတင်၍ အက်ကွဲလာခဲ့သည်။ ကောင်းကင်မြစ်၏ မျက်လုံးမှ ထွက်လာသော အလင်းများက တစ်ခါတည်း တိုက်ခိုက်နိုင်ရုံသာမက အဆုံးမရှိသလို ထင်မှတ်ရပေသည်။ သို့သော် ရီဖူရှင်းအနီးမှ ကြယ်များက အဆုံးအစမရှိ လှည့်ပတ်နေခဲ့၏။
ကြယ်များပြည့်နှက်နေသော ကောင်းကင်ထက်မှ နတ်အလင်းတန်းများက ရီဖူရှင်းပေါ်သို့ ဆင်းသက်လာသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ရှိ ကြယ်များ၏ စွမ်းအား အားလုံးကို သူ၏ လက်ထဲ၌ ချုပ်ကိုင်ချယ်လှယ်ထားနိုင်ပုံရလေသည်။
တစ်ချိန်တည်းတွင် ကောင်းကင်မြစ်အောက်၌ မုန်တိုင်းမျက်လုံးက အရူးအမူး အောက်သို့ ကျဆင်းလာပြီး ကြယ်များအားလုံးကို သက်ရောက်စေခဲ့သည်။ မကြာခင်မှာပင် ကြယ်များက ချက်ချင်း ပြိုကျပျက်စီးသွားသည်မှာ လောကတစ်ခု ဖျက်ဆီးခံလိုက်ရသလို ထင်မှတ်ရပေသည်။ တိုက်ပွဲမြေပြင်တစ်ခွင်လုံးက စကားလုံးဖြင့် ဖော်ပြ၍ မရလောက်အောင်ပင် ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းနေခဲ့၏။
"အရမ်းအစွမ်းထက်တာပဲ။"
ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများကြားမှ အသံတစ်ခု ပေါ်ထွက်လာသည်။ ထိုသို့ပြောလိုက်သူက အင်ပါယာနန် ဖြစ်သည်။ သိသာစွာပင် သူသည် အနောက်အင်ပါယာနန်းတော်မှ ထိပ်တန်းဆက်ခံသူ မင်းသမီး၏ အံ့သြထိတ်လန့်ဖွယ် စွမ်းအားကို ခံစားမိပေသည်။ သူမက ရှောင်းမုထက်ပင် ပို၍ ရီဖူရှင်းအား ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
ယခင်က နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ဖြစ်သော ရှောင်းမုသည်ပင် ရီဖူရှင်းအား ထိုမျှ အလေးအနက်ထားရန် မလုပ်ဆောင်နိုင်ခဲ့ပေ။
သို့သော် ဤသည်မှာ အံ့သြဖွယ် မရှိပါချေ။ ရှောင်းမုက နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်သော်လည်း သူက အများကြီးထဲမှ တစ်ယောက် ဖြစ်သည်။ ရှီးချီယောင်က အနောက်အင်ပါယာ၏ မျိုးဆက်ဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်အတွင်း အသန်မာဆုံး သွေးမျိုးဆက်အား နိုးထစေနိုင်ခဲ့သည့် အလားအလာအရှိဆုံးသော ဆက်ခံသူ ဖြစ်သည်။ သူမက အနောက်အင်ပါယာနန်းတော်၏ အနာဂတ်အတွက် တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည့်အတွက် အရာအားလုံးက အဓိပ္ပါယ်ရှိပေသည်။
ကောင်းကင်ဒေသတစ်ခွင်လုံး၌ပင် ရှီးချီယောင်ကဲ့သို့သော သူမျိုးကို များများစားစား ရှာတွေ့ရန် မဖြစ်နိုင်ပေ။
"တကယ်ကို အစွမ်းထက်တာပဲ။ အနောက်အင်ပါယာနန်းတော်ရဲ့ ဒီမင်းသမီးက မဟာအင်ပါယာစွမ်းအားကို နိုးထစေနိုင်ခဲ့ပုံရတယ်။ သာမန်ကလန်တွေက ရှေးဟောင်းနတ်ဘုရားကလန်က လူတွေနဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး။ သူတို့မှာက ကိုယ်ပိုင်အားသာချက်တွေ ကိုယ်စီ ရှိကြတယ်လေ။" အရှင်ထိုက်ရွှမ်က ခပ်တိုးတိုး ပြောလိုက်သည်။ မူလဘုံတွင် အပြင်လောကမှ မည်သည့်ကျင့်ကြံသူမှ မမြင်တွေ့ခဲ့ဖူးသည့်အတွက် ထိုသူတို့ကို အထွတ်အထိပ်၌ ရပ်တည်နေသည်ဟု ဆုံးဖြတ်နိုင်ပေသည်။
သို့သော် ထိုအခိုက်အတန့်တွင် သူတို့ကိုယ်တိုင်က အားနည်းလှသည့် လူတစ်သိုက်ဖြစ်နေသည်ဟု ခံစားမိလိုက်ကြပေသည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သူများအတွက်ပင် ရှီးချီယောင်ကဲ့သို့ သူမျိုးက သူတို့ကို ခြိမ်းခြောက်နိုင်လောက်အောင် အစွမ်းထက်လှပေသည်။ ရှီးချီယောင်က နောက်ထပ်တစ်လှမ်းဆိုလျှင် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ဝင်ရောက်သွားမည်ဖြစ်ကာ ထိုအချိန်၌ သူတို့သည် သူမကို လုံးဝယှဥ်နိုင်တော့မည် မဟုတ်ဘဲ စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်ခံရပေလိမ့်မည်။
ဘုန်း...
ထိုအချိန်တွင် ရီဖူရှင်း၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး လေဟာနယ်နတ်အလင်းတို့က တောက်ပလာသည်။ ပြိုကျလာသည့် ကြယ်လေဟာနယ်အတွင်း သူက ပျောက်ကွယ်သွားပြီး ထိုနေရာ၏ အပြင်သို့ ထိုးထွက်သွားခဲ့သည်။ နတ်အလင်းတန်းတစ်ခု တောက်ပလာပြီး ရှီးချီယောင်သည် လေထုအတွင်း အန္တရာယ်များသော အခြေအနေကို သတိပြုမိလိုက်သည်။
၎င်းက လေဟာနယ်မဟာလမ်းစဥ် စွမ်းအားပင် ဖြစ်သည်။
ရှီးချီယောင်က အန္တရာယ်ကို ခံစားမိလိုက်သည်နှင့် သူမ၏ မျက်လုံးများက ရုတ်တရက် အလွန် ကြောက်မက်ဖွယ် ကောင်းလာပေသည်။ သူမက ကောင်းကင်အမြင့်တွင် ရပ်နေပြီး သူမထံမှ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် သူမ၏ မျက်လုံးများ စစ်မှန်သော နတ်ဘုရားမျက်လုံးများအဖြစ် ပြောင်းလဲသွားကာ လေဟာနယ်ကို ထွင်းဖောက်သွားသည့် အလင်းတန်းတို့ ထိုးထွက်လာသည်။
ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး ၎င်းက ရီဖူရှင်း ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မယုံကြည်နိုင်လောက်အောင် တောက်ပနေခဲ့၏။ ထို့ပြင် ပြိုင်ဘက်ကင်းလှသည်ဟု ခံစားမိစေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် အလွန် အစွမ်းထက်သော ဖိအားကို ခံစားမိခဲ့သည်။ ရှီးချီယောင်၏ နတ်ဘုရားမျက်ဝန်းများက အောက်သို့ ငုံ့ကြည့်လိုက်ပြီး ထိုနေရာတစ်ခွင်ကို မဟာလမ်းစဥ်လေဟာနယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဖျက်ဆီးခြင်းနတ်အလင်းတို့က သူ့ထံ ရောက်ရှိလာပြီး ၎င်းတို့က အသွေးအသားကို ဖျက်ဆီးကာ စိတ်ဝိညာဥ်အား တိုက်စားနိုင်စွမ်း ရှိပေသည်။
"အနောက်အင်ပါယာရဲ့ မျက်လုံး။"
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်သောအခါ အလွန်အမင်း ထိတ်လန့်အံ့အားသင့်သွားကြပေသည်။ ကောလာဟလများအရ အနောက်အင်ပါယာနန်းတော်၏ မင်းသမီး ရှီးချီယောင်သည် အနောက်အင်ပါယာ၏ မျက်လုံးကို ဆက်ခံနိုင်ခဲ့သည်ဟု ဖြစ်သည်။ လူအများသည် ယခင်က သံသယများရှိပြီး မယုံကြည်ခဲ့သော်လည်း ယခု သူတို့ရှေ့မှ မြင်ကွင်းအား မြင်သောအခါ ယုံကြည်ရန်အပြင် အခြားမည်သည့်အရာမှ မလုပ်နိုင်တော့ပေ။
ကြည့်ရသည်မှာ ရှီးချီယောင်က အမှန်တကယ်ပငိ အနောက်အင်ပါယာ၏ မျက်လုံးကို ဆက်ခံနိုင်ခဲ့ပုံရလေသည်။
ရီဖူရှင်းက ရှုံးနိမ့်ရန် ကြမ္မာဖန်ပုံရသည်။ ဤတိုက်ပွဲတွင် သူက အနိုင်ရရန် အခွင့်အရေး ရနိုင်လိမ့်မည် မဟုတ်ပေ။
အနောက်အင်ပါယာ၏ မျက်လုံးများအောက်တွင် မဟာလမ်းစဥ်လေဟာနယ်စွမ်းအားအပြင် အားလုံးသော မဟာလမ်းစဥ်များက ပုန်းကွယ်ရန် နေရာမရှိဘဲ ရှင်းလင်းစွာ ထောက်လှမ်းခံရမည်သာ ဖြစ်သည်။ အလုံးစုံဖျက်ဆီးခြင်းစွမ်းအားက ရီဖူရှင်းပေါ်သို့ ကျရောက်လာတော့မလို ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် သူ့အတွက် ထွက်ပြေးရန် မည်သည့်နေရာမှ မရှိတော့ပုံရလေသည်။
သို့သော် ရီဖူရှင်း၏ ခန္ဓာကိုယ်က ပို၍ပင် တောက်ပလာပြီး မည်သည့် အကြောက်တရားမှ မရှိသကဲ့သို့ ကောင်းကင်အမြင့်သို့ ဆက်လက်ပျံသန်းသွားသည်။ သူ့နတ်ခန္ဓာက အဆက်မပြတ် အော်မြည်နေပြီး ထိတ်လန့်တုန်လှုပ်ဖွယ် မဟာလမ်းစဥ် အော်မြည်သံများက သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသည်။ ဤထိတ်လန့်ဖွယ် မြင်ကွင်းအတွင်း သူက လျင်မြန်လှသော အရှိန်အဟုန်နှင့် ရှီးချီယောင်ထံ တိုးဝင်သွားလေသည်။