အရှက်မဲ့သော
Vol. 140 Ch. 1944
ဝုန်း...
ကျန်းရီ၏ လက်သီးနှင့် ကျောက်ဘီလူးကြီး၏ လက်သီးတို့ ထိတိုက်သွား၏။ ကျောက်ဘီလူးကြီး၏ ဧရာမခန္ဓာကိုယ်ကြီး အတန်ငယ် တုန်ခါသွားပြီး ကျန်းရီ၏ လက်ချောင်းများ ကျိုးသွားသည်။ သူ့လက်ခုံရိုးများလည်း ကျိုးကုန်သည်။ သူ့ခန္ဓာကိုယ်လည်း ကြီးမားသောအားကြောင့် လွင့်ပျံထွက်သွားပြီး ငါးကီလိုမီတာ အကွာရှိ တောင်ငယ်တစ်လုံးနှင့် ပြင်းထန်စွာ ဝင်တိုက်လေသည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျောက်ဘီလူးကြီးက ၎င်း၏ ဧရာမခြေထောက်ကြီးနှစ်ချောင်းကို မြှောက်၍ ကျန်းရီဆီ ခြေလှမ်းအနည်းငယ်နှင့် သွားလိုက်၏။ ၎င်း၏ လက်သီးကြီးက လေခွင်းသံကို သယ်ဆောင်၍ ကျန်းရီရှိနေသော တောင်ငယ်ကို ထိုးချလိုက်သည်။
ဝှစ်...ဝှစ်...
ဟယ်နုန်ယင်း လှုပ်ရှားလိုက်၏။ သူမလက်ထဲမှ ငွေရောင်လေးက ငွေရောင်အလင်းမြားများကို အဆက်မပြတ် ပစ်လွှတ်နေသည်။ ငွေရောင်အလင်းမြားများက အတူတကွ ပေါင်းစည်းသွားပြီး ဧရာမအလင်းမြားကြီးတစ်စင်း ဖြစ်လာသည်။ ကျောက်ဘီလူးကြီးသည် ကျန်းရီကို တိုက်ခိုက်လိုသော်လည်း အနောက်ကို လှည့်၍ အလင်းမြားကို လက်သီးကြီးနှင့် ကာလိုက်ရလေသည်။
‘အမလေး.. အဲ့ကျောက်ဘီလူးကိုယ်က ကျောက်တုံးတွေကို သတ္တုအေးတွေနဲ့ လုပ်ထားလား’
ယွင်ပင်း ရင်ထိတ်သွား၏။ ဟယ်နုန်ယင်း၏ အလင်းမြားက ကျောက်ဘီလူးကြီး၏ ခန္ဓာကိုယ်ကို ထပ်မံ၍သာ တုန်ခါသွားစေသည်။ ၎င်း၏ လက်သီးကြီးက လုံးဝထိခိုက်မသွားပါ။ ထို့ကြောင့် ယွင်ပင်း ဆွံ့အသွားပေသည်။
ထိုကျောက်ဘီလူးကြီး၏ အမြန်နှုန်းက တောက်နူ၏ အမြန်နှုန်းထက် မနှေးပေ။ ၎င်း၏ ခံနိုင်ရည်ကလည်း အလွန်အားကောင်းသည်။ ထိုအရာမှာ လူသားတစ်ယောက်က အနိုင်ယူနိုင်သော အရာတစ်ခုမှ ဟုတ်ပါလေသလော။
ဝှစ်...
ကျန်းရီသည် တောင်ငယ်လေးထဲမှ ပျံတက်လာ၏။ သူ့ဘယ်ဘက်လက်က အဖြူရောင်အလင်း လင်းလက်လာပြီး မြင်နိုင်သော နှုန်းဖြင့် ပြန်ကောင်းလာသည်။ ထို့နောက် သူ ကျောက်ဘီလူးကြီး၏ ပခုံးဆီသို့ တိတ်တဆိတ် ပျံသန်းသွားလိုက်သည်။
ရုပ်သေးရုပ်တိုင်းတွင် အမြုတေတစ်ခု၊ ၎င်းတို့ကို ထိန်းချုပ်သည့် အစီအရင်များနှင့် စွမ်းအားအရင်းအမြစ်တစ်ခု ရှိကြသည်။ ၎င်းအရာသုံးမျိုးကို ဖျက်ဆီးလိုက်လျှင် ရုပ်သေးရုပ်လည်း ပျက်စီးသွားပေလိမ့်မည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ကျန်းရီအား ကျောက်ဘီလူးကို မည်သို့ဖျက်ဆီးရမည်ကို မပြောလိုက်ပေ။ သူက ကျန်းရီ လုပ်နိုင်၊ မလုပ်နိုင်ကို တမင် စမ်းသပ်နေခြင်းပင်။
သို့သော် ကိစ္စတစ်ခုမှာတော့ သေချာသည်။ ကျောက်ဘီဘူးက ကျန်းရီကို သတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းရီ အလွန်စိတ်အေးသွားသည်။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ကျောက်ဘီလူး၏ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် အာရုံခံလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ အော်ပြောလိုက်သည်။
“သခင်မလေးနုန်ယင်း ဆက်တိုက်နေ။ ကျွန်တော့်အတွက် အချိန်နည်းနည်း ဆွဲပေးထားပါ”
ဟယ်နုန်ယင်းက ကျောက်ဘီလူးကြီးကို တိုက်ခိုက်နေ၍ ကျောက်ဘီလူးကြီးသည် ဟယ်နုန်ယင်းထံသို့ လျင်မြန်စွာ သွားနေသည်။ ကျန်းရီကမူ ကျောက်ဘီလူးကြီး၏ အနောက်ဘက် ပေတစ်ရာအကွာတွင် ရှိနေသဖြင့် ယွင်ပင်း စိတ်ဝင်စားနေသည်။ ကျန်းရီ ချဉ်းကပ်လာသော်လည်း ကျောက်ဘီလူးကြီးက သူ့ကို လုံးဝလျစ်လျူရှု၍ ဟယ်နုန်ယင်းနောက်ကိုသာ ဆက်လိုက်နေပေသည်။
ဝှစ်...ဝှစ်...
ဟယ်နုန်ယင်းသည် လှည့်ပတ်ပျံသန်းရင်း ငွေလေးမှနေ၍ အလင်းမြားများ အဆက်မပြတ် ပစ်လွှတ်နေ၏။ သူမ ကျောက်ဘီလူးကြီးကို ဒဏ်ရာရသွားအောင် မလုပ်နိုင်သော်လည်း ၎င်း အနားကို ကပ်မလာနိုင်အောင် ကာကွယ်ထားနိုင်ပေသည်။
‘ငါသာ ကျောက်ဘီလူးကို မတိုက်ခိုက်ရင်၊ သတ်ဖြတ်အရှိန်အဝါ မထုတ်ရင် ကျောက်ဘီဘူးက ငါ့ကို မတိုက်ဘူးလား’
ယွင်ပင်းသည် ကျောက်ဘီလူးနောက်ကို လိုက်နေသော ကျန်းရီကို စိတ်ဝင်တစား ကြည့်နေ၏။ သူ မည်သည်ကိုလုပ်ရန် ကြံနေကြောင်း သူမ မသိပေ။ သူ ကျောက်ဘီလူးနောက်သို့ လိုက်နေသည်မှာ ကြာပေပြီ။ သို့သော် မလှုပ်ရှားသေးချေ။ သူ ကျောက်ဘီလူး၏ခေါင်းနှင့် တစ်ပေ၊ နှစ်ပေသာ ကွာတော့သောအကြိမ်များစွာ ရှိခဲ့သည်။ သို့သော် သူ တစ်ခါမှ မတိုက်ခိုက်ခဲ့ပေ။
ဝုန်း...
ကျောက်ဘီလူးကြီး၏ လက်သီးက တောင်ထွတ်ငယ်တစ်ခုကို ပြားကပ်သွားစေပြီး တောင်ထွတ်အနောက်တွင် ပုန်းအောင်းနေသော ဟယ်နုန်ယင်းကို လွင့်ပျံထွက်သွားစေသည်။ ကြီးမားသောအားကာ ဟယ်နုန်ယင်းကို သွေးအန်သွားစေ၏။ ယွင်ပင်း အော်လိုက်သည်။
“မမနုန်ယင်း... ညီမလေး မမကို ကူညီပေးမယ်။ ကျန်းရီ ရှင် ဘာလို့ အခုထိ မလှုပ်ရှားသေးတာလဲ။ မမနုန်ယင်းတောင် ဒဏ်ရာရသွားပြီ”
ကျန်းရီသည် ယွင်ပင်း၏ ဒေါသတကြီး အော်လိုက်သံကို မကြားလိုက်ပေ။ ကျောက်ဘီလူးကြီးကြောင့် မြေပြင်ပေါ်တွင် လိမ့်သွားသော ဟယ်နုန်ယင်းကိုလည်း မမြင်သကဲ့သို့ပင်။ သူက မျက်လုံးမှိတ်ထားသေးပြီး ကျောက်ဘီလူးကြီးနောက်သို့ လေတွင်လွင့်သော ကန္တာရဆူးခြုံတစ်ခုလို လိုက်နေလေသည်။
“ယား...”
ယွင်ပင်းက လှုပ်ရှားလိုက်သည်။ သူမ အနက်ရောင်ဓားရှည်တစ်လက်ကို ထုတ်၍ ကျောက်ဘီလူးကြီး၏ လက်တစ်ဘက်ကို ခုတ်ချလိုက်၏။ အစတွင် ကျောက်ဘီလူးကြီးက ယွင်ပင်းကို မတိုက်ခိုက်ခဲ့ပေ။ သို့သော် ယွင်ပင်းက ၎င်း၏လက်ကို ခုတ်တော့မည့် အခိုက်တွင် တွင်းကြီးနှစ်တွင်းကဲ့သို့ မျက်လုံးနှစ်လုံးက ယွင်ပင်းကို ကြည့်လာပြီး ဧရာမလက်ကြီးက သူမထံ ရွေ့လျားသွားသည်။
ဝုန်း...
ယွင်ပင်း၏ တိုက်ခိုက်စွမ်းအားက အားနည်း၏။ သူမ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သူမ ပုံရိပ်တစ်ခုသာ မြင်လိုက်ရပြီး လွင့်ထွက်သွားလေသည်။ သူမခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်စစ်ချပ်ဝတ်တစ်ထည် ပေါ်လာ၍သာ အသက်ချမ်းသာရာရသွားခြင်းဖြစ်သည်။ ၎င်းစစ်ချပ်ဝတ်က တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုပင်။ ၎င်း၏ ခုခံနိုင်စွမ်းက အံ့ဩဖွယ်ပင်။
သို့သော် ယွင်ပင်း၏ အရိုးများက ကျိုးသွားပြီး သူမ သွေးအန်သွားသည်။ သူမ လေထဲမှာပင် သတိလစ်သွားပေသည်။
“ယား...”
ဟယ်နုန်ယင်းသည် ကျန်းရီက မလှုပ်ရှားသေးကြောင်းကို မြင်သောအခါ အံကြိတ်၍ မာန်သွင်းလိုက်ပြီး ကျောက်ဘီလူးကို မျှားခေါ်ရန် အလင်းမြားနောက်တစ်ချောင်း ပစ်လွှတ်လိုက်သည်။ ကျောက်ဘီလူးကြီးက ယွင်ပင်းကို ဆက်တိုက်ခိုက်၍ မဖြစ်ပေ.
သို့သော်...
ဤတစ်ကြိမ်တွင် ကျောက်ဘီလူးကြီးက ဟယ်နုန်ယင်းကို လျစ်လျူရှုနေပြီး သတိလစ်နေသော ယွင်ပင်းထံသာ သွားနေသည်။ ၎င်းက ဧရာမခြေထောက်ကြီးကို မြှောက်၍ ယွင်ပင်းကို တက်နင်းတော့ပေမည်။
“ကျန်းရီ...”
ဟယ်နုန်ယင်း တုန်လှုပ်သွားပြီး အော်ပြောလိုက်၏။ သူမလက်ထဲမှ ငွေလေးက လင်းလက်လာသည်။ သူမသည် အချိန်စည်းမျဉ်းကိုသုံး၍ သူမ၏ စွမ်းအားအကြီးဆုံး တိုက်ကွက်ကို ထုတ်လွှတ်ရန် ဟန်ပြင်နေပေပြီ။ သူမ၏ဝိညာဉ်ခန္ဓာ၏ ဘေးထွက်ဆိုးကျိုးက အလွန်အားကောင်း၏။ ထို့ကြောင့် မဖြစ်မနေ အခြေအနေမှ မဟုတ်လျှင် သူမ သိုင်းစွမ်းအားကို များစွာအသုံးမပြုလိုပေ။ အသုံးပြုလိုက်ပါက ဘေးထွက်ဆိုးကျိုးမှာ ပိုဆိုးသွားမည်ဖြစ်သည်။
“ဟုတ်ပြီ...”
နောက်ဆုံးတွင် ကျန်းရီ မျက်လုံးဖွင့်လာ၏။ သူ ကျောက်ဘီလူးအနောက် လိုက်ကာ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းမှနေ၍ ကျောက်ဘီလူးကိုယ်ထဲမှ စွမ်းအင်စီးဆင်းမှုကို အာရုံခံနေခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် သူ ကျောက်ဘီလူး၏ ဖွဲ့စည်းပုံနှင့် ၎င်းကိုယ်တွင်းရှိ အစီအရင်များကို သိခဲ့ရသည်။ အချိန်က အနည်းငယ်သာ ကြာသေးသော်လည်း သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက် ကိုင်ထား၍ သိမြင်နားလည်နိုင်စွမ်းက တိုးနေသည်။ ယင်းကို ဟယ်နုန်ယင်း၏ အန္တရာယ်များသော အခြေအနေ၊ ယွင်ပင်း၏ သေရေးရှင်ရေးတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူ့ဦးနှောက်က ပုံမှန်ထက် အဆတစ်သောင်း ပိုလျင်မြန်စွာ အလုပ်လုပ်လာသည်။ နောက်ဆုံးတွင် သူ ကျောက်ဘီလူးကြီး၏ အားနည်းချက်တစ်ခုကို ရှာတွေ့သွားပေသည်။
ရုပ်သေးရုပ်တိုင်းတွင် စွမ်းအားအရင်းအမြစ်တစ်ခုနှင့် အမြုတေတစ်ခု ရှိသည်။ ၎င်းကို ကူညီရန် အစီအရင်အမျိုးမျိုးလည်း ရှိသည်။ ထို့ကြောင့် ကျောက်ဘီလူးကြီး၏ ကိုယ်ထဲတွင်လည်း စွမ်းအားအရင်းအမြစ်တစ်ခု ရှိရပေမည်။ ကျောက်ဘီလူး၏ ကိုယ်ကို မဖောက်နိုင်လျှင် စွမ်းအားအရင်းအမြစ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ အမြုတေမှာလည်း ကိုယ်ထဲတွင်သာ ဖြစ်မည်။ ထို့ကြောင့် ကျန်းရီသည် ကိုယ်ထဲမှ အစီအရင်များကို ဖျက်ဆီးရန် နည်းလမ်းတစ်ခု တွေးတောရမည်ဖြစ်သည်။
အစီအရင်များမှာ အလွန်ဆန်းကြယ်သောအရာများပင်။ ၎င်းကို ဆင်ရန် အလွန်ဒုက္ခများသည်။ သို့သော် ဖျက်ဆီးရန်မူ လွယ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အစီအရင်များက အလွန်ရှုပ်ထွေး၍ပင်။ ၎င်းတို့က အတန်ငယ် ထိခိုက်သွားသည်နှင့် အသုံးဝင်မှုဆုံးရှုံးခြင်း၊ စွမ်းရည်လျော့ကျခြင်းများ ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် ကျန်းရီအနေဖြင့် ကျောက်ဘီလူးကိုယ်ထဲမှ အစီအရင်အားလုံးကို ဖျက်ဆီးရန် မလိုပေ။ သူ အစီအရင်အားလုံးကိုလည်း မဖျက်ဆီးနိုင်ပါ။ အစီအရင်များထဲရှိ အဓိကနေရာတစ်ခုကို ရှာ၍ ထိခိုက်သွားအောင် လုပ်လိုက်ရန်ပင်။ ထိုအခါ ကျောက်ဘီလူးကြီး၏ တိုက်ခိုက်စွမ်းအားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
လူသားခန္ဓာကိုယ်မှာလည်း ထို့အတူသာဖြစ်သည်။ အကယ်၍ လူတစ်ယောက်၏ ပင်မသွေးကြောများက ပေါက်သွားလျှင်၊ သို့မဟုတ် ဝမ်းဗိုက်ပွင့်ထွက်သွားလျှင် သူ၏ တိုက်ခိုက်စွမ်းအားက များစွာလျော့သွားသွားပေမည်။ သဘောတရားမှာ အတူတူပင်။
ကျန်းရီသည် ကျောက်ဘီလူး၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်စီးဆင်းမှုတွင် အမှတ်တစ်နေရာကို တွေ့ခဲ့သည်။ ထိုအမှတ်နေရာမှာ ကျောက်ဘီလူး၏ ချိုင်းကြားထဲတွင်ဖြစ်သည်။
ဝှစ်...
ကျန်းရီ၏ လက်ထဲတွင် မီးအရင်းအမြစ် ထွက်ပေါ်လာ၏။ သူ အကွေ့ပုံ လှုပ်ရှားလိုက်ပြီး ကျောက်ဘီလူး၏ ဘယ်ဘက်ချိုင်းကြားကို တိုက်ခိုက်လိုက်သည်။
ကျောက်မှာ မီးကို မကြောက်ပါ။
ကျန်းရီ၏ မီးအရင်းအမြစ်က ကျောက်ဘီလူး၏ ချိုင်းကြားကို ထိခိုက်မသွားစေပါ။ ကျောက်အစအနလေးတစ်ခုပင် မီးမလောင်သွားပါ။ သို့သော် ကျောက်ဘီလူး၏ ခန္ဓာကိုယ်က အလင်းလက်လာပြီး ၎င်း၏ လှုပ်ရှားမှုများက အလွန်နှေးကွေးသွားသည်။
ဝှစ်...
ကျန်းရီသည် ကျောက်ဘီလူး၏အားကို သုံး၍ အနောက်ကို ခုန်လိုက်ပြီး ယွင်ပင်းကို ပွေ့ချီလိုက်၏။ ထို့နောက် သူ မြေပေါ်တွင် ကွေ့ကာ ဟယ်နုန်ယင်းဆီ ပြေးသွားလိုက်သည်။ အော်လည်းပြောလိုက်သည်။
“အရူးမလေး မြန်မြန်ပြေးလေ။ ကျောက်ဘီလူးရဲ့ အစီအရင်က ခဏနေရင် ပြန်ကောင်းသွားမှာ”
“ရှင်ကသာ အရူးမလေး”
ကျန်းရီက သတိလစ်နေသော ယွင်ပင်းအား ပွေ့ချီလာသည်ကို တွေ့သောအခါ ဟယ်နုန်ယင်း၏ မျက်ဝန်းများထဲတွင် မနာလိုသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။ ထို့နောက် သူမ နှုတ်ခမ်းစူလိုက်ပြီး ကျန်းရီနောက်မှ ပြေးလိုက်သွားလိုက်လေသည်။
ဟယ်နုန်ယင်းက စိတ်ထားကောင်းသူဖြစ်၍ သူမ၏ ခံစားချက်များက လျင်မြန်စွာ ပြန်တည်ငြိမ်လာသည်။ သူမသည် ကျောက်ဘီလူးကို မျက်ခြေဖြတ်ထားနိုင်ခဲ့ပြီးနောက် စိတ်ဝင်တစား မေးလိုက်လေသည်။
“ကျန်းရီ... ရှင် ကျောက်ဘီလူးရဲ့ အားနည်းချက်ကို ရှာတွေ့သွားတာလား”
ကျန်းရီသည် ယွင်ပင်းကို ကုသပေးနေရင် ရှင်းပြ၏။
“ဟုတ်တယ်၊ အားနည်းချက်က ချိုင်းကြားမှာ။ နောက်တစ်ခါ ကျောက်ဘီလူးကို တွေ့ရင် သူ့ချိုင်းကြားကို မြားနဲ့ သုံးလေးချက်လောက် ပစ်လိုက်ပါ။ အဲ့လိုဆို သူ့အမြန်နှုန်းက သိသိသာသာ လျော့ကျသွားလိမ့်မယ်။ ကျွန်တော်တို့လည်း အလွယ်တကူ ထွက်ပြေးနိုင်ပြီ။ ကျွန်တော်တို့ ကောင်းကင်ဘုံခုံရုံးရဲ့ ပထမအထပ်ကိုလည်း ဖြတ်ကျော်နိုင်လိမ့်မယ်”
“အထင်ကြီးစရာပဲ”
ဟယ်နုန်ယင်း ခံစားချက်များနှင့် ချီးကျူးလိုက်၏။ သူမသည် ကျောက်ဘီလူးကို အကြာကြီး စူးစမ်းနေခဲ့သော်လည်း မည်သည့်အားနည်းချက်ကိုမှ ရှာမတွေ့ခဲ့ပေ။ ကျန်းရီက အားနည်းချက်တစ်ခုကို အချိန်တိုအတွင်း ရှာနိုင်ခဲ့ရာ သူမ အထင်မကြီးဘဲ မနေနိုင်တော့ချေ။
“ကျွန်တော့်ကို မချီူးကျူးပါနဲ့။ ကျွန်တော် ရှက်သွားလိမ့်မယ်...”
ကျန်းရီက ပြုံး၍ မခို့မရို့ခေါင်းခါကာ ပြောလိုက်သည်။
“ကမ္ဘာဦးကောင်းကင်ဘုံမှာ ထူးကဲတဲ့ သခင်လေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ လောကရဲ့ နံပါတ်တစ် အလှပဂေးဆီက ချီးကျူးမှုကို ခံရတဲ့ ယောက်ျားကတော့ ကျွန်တော်တစ်ယောက်ပဲရှိမယ် ထင်တယ်။ ကြည့်ရတာ... ကျွန်တော်က တကယ်ကို တစ်ဘက်ဘက်က အလွန့်အလွန်ထူးကဲနေတဲ့ပုံပဲ”
“ဟွန်း... အရှက်မဲ့လိုက်တာ”
***