ဉာဏ်နီဉာဏ်နက်များသော
Vol. 140 Ch. 1945
ကျန်းရီသည် အမှန်ပင် ကျောက်ဘီလူး၏ အားနည်းချက်ကို ရှာတွေ့ခဲ့သည်။ နောက်ပိုင်းတွင် သူတို့ ကျောက်ဘီလူးများနှင့် အကြိမ်အနည်းငယ် ထပ်ကြုံခဲ့ရ၏။ ကျန်းရီက ၎င်းတို့ကို ထိန်းထားပြီး ဟယ်နုန်ယင်းက ၎င်းတို့၏ ချိုင်းကြားကို တိုက်ခိုက်သည်။ သူမ၏ ငွေရောင်မြားများက ကျောက်ဘီလူး၏ ချိုင်းကြားကို အကြိမ်အနည်းငယ် ထိမှန်ပြီးသည်နှင့် ကျောက်ဘီလူး၏ အမြန်နှုန်းက လျော့ကျသွားပေသည်။ သို့ဖြင့် ကျန်းရီတို့သုံးယောက်က အလွယ်တကူ လွတ်မြောက်နိုင်ခဲ့လေသည်။
သို့သော် ကျန်းရီတို့သုံးယောက် ရောက်လာသော နေရာမှာ အတန်ငယ် ခေါင်ကျသည်။ သူတို့က ဝင်ပေါက်နှင့် အတော်လေးဝေးသည်။ ထို့ပြင် ဤနေရာ၌ သူတို့ မပျံသန်းနိုင်ပေ။ နေရာများစွာတွင်လည်း ကျောက်တုံးများ ပြည့်နှက်နေသည်။ ကျန်းရီ မစွန့်စားဝံ့ချေ။ သူ ကျန်နှစ်ယောက်ကို ခေါ်၍ ကွေ့ပတ်ရှောင်၍သာ သွားရသည်။ သူတို့ ဝင်ပေါက်သို့ ရောက်ရန် အချိန်တစ်ခု သွားရပေလိမ့်မည်။
“ပထမထပ်က ဘယ်လောက်ကြီးတာလဲ”
နေ့တစ်ဝက်ကြာ လျှောက်ပြီးသည်အထိ ကျန်းရီတို့ ဝင်ပေါက်ကို မရောက်သေးပေ။ ယွင်ပင်း သက်ပြင်းချလိုက်သည်။ သူမ၏ ဒဏ်ရာများက ကျန်းရီကြောင့် ပြန်ကောင်းနေပြီဖြစ်သည်။ နတ်ဘုရားသစ်ရွက်၏ ကုသစွမ်းအားကို ငြင်း၍မရနိုင်ချေ။ လောကထဲ၌ ကုသရေးတွင် ချင်လင်းက အမှန်ပင် အတော်ဆုံးဖြစ်ပေသည်။
“ကျွန်တော်တို့ ဝင်ပေါက်ကို ရောက်တော့မှာပါ။ အလွန်ဆုံး နောက်ထပ် နာရီနှစ်ဆယ်လောက်ပဲ ဆက်လျှောက်ရတော့မှာ”
ကျန်းရီသည် မြေပုံကို ကြည့်၍ ပတ်ဝန်းကျင်နှင့် တိုက်ဆိုင်ကြည့်လိုက်၏။ သူ ဟယ်နုန်ယင်းကို ကြည့်ကာ ပြောလိုက်သည်။
“အဲ့ဝင်ပေါက်ကို ကျောက်တုံးတွေက ဝန်းရံထားတယ်။ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ အစွမ်းကုန် ထုတ်သုံးဖို့ ပြင်ဆင်ထားရမယ်။ စစ်သူကြီးယွင်နဲ့ သခင်မလေးနုန်ယင်းတို့က အဝေးက တိုက်ခိုက်ကြပါ။ ကျွန်တော် ကျောက်ဘီလူးတွေကို ထိန်းထားပေးမယ်။ မစိုးရိမ်ပါနဲ့... ကျွန်တော့်မှာ နတ်ဘုရားသစ်ရွက်ရှိတယ်။ ကျွန်တော့်ရဲ့ ရုပ်ခန္ဓာကလည်း အရမ်းသန်မာတယ်။ ကျောက်ဘီလူးတွေက ကျွန်တော့်ကို မသတ်နိုင်ပါဘူး”
“သတိထားပါ”
ဟယ်နုန်ယင်းသည် ကျန်းရီကသာ ကျောက်ဘီလူးများကို ထိန်းထားနိုင်ကြောင်း သိ၍ မည်သို့မှ ပြောမနေတော့ပေ။ သူမတို့သုံးယောက် အရှိန်မြှင့်ကာ အရှေ့သို့ သွားလိုက်ကြလေသည်။
“အာ...”
ဆယ့်ငါးနာရီ၊ ဆယ့်ခြောက်နာရီမျှ ပြေးပြီးနောက် ကျန်းရီနှင့် ကျန်နှစ်ယောက် ရပ်တန့်လိုက်ကြ၏။ ကျန်းရီသည် သူတို့အရှေ့ရှိ ကွဲကြေနေသော ကျောက်တုံးများကို ကြည့်ကာ အတန်ငယ် အံ့အားသင့်သွားသည်။ သူ ရေရွတ်လိုက်လေသည်။
“အထင်ကြီးစရာပဲ။ သူတို့က ကျောက်ဘီလူးတွေကို ဖျက်ဆီးနိုင်မဲ့ သော့ချက်ကို ရှာတွေ့သွားပြီ။ ဘယ်သူက အဲ့လောက် ဉာဏ်ကောင်းတာလဲ”
ဟယ်နုန်ယင်း၏ မျက်နှာထားလည်း တည်သွားသည်။ သူမတို့အရှေ့မှာ ဧရိယာတွင် ကျောက်စများ ပြန့်ကျဲနေသည်။ ကျောက်စများစွာက ဖျက်ဆီးခံထားရခြင်းပင်။ ယင်းမှာ ဤနေရာ၌ တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့သည်ဆိုသော အဓိပ္ပာယ်ပင်။ ဤနေရာမှ ကျောက်ဘီလူးများက လုံးဝဖျက်ဆီးခံထားရပေပြီ။
ကျောက်ဘီလူးများ၏ ခံနိုင်ရည်က တုန်လှုပ်ဖွယ်ကောင်းသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်မှ မဟုတ်လျှင် ၎င်းတို့ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့ ပျက်စီးသွားခြင်းအတွက် ရှင်းပြစရာတစ်ခုသာ ရှိသည်။ တစ်စုံတစ်ယောက်က ကျောက်ဘီလူးများ၏ အစီအရင်များကို ဖျက်ဆီးနိုင်မည့် သော့ချက်ကို တွေ့သွားခြင်း ဖြစ်မည်။ သို့ကြောင့်လည်း သူတို့ ကျောက်ဘီလူးများကို အလွယ်တကူ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ပေမည်။
ဟယ်နုန်ယင်းသည် သူမက ဉာဏ်နည်းသူမဟုတ်ကြောင်း သိသည်။ ထို့ပြင် သူမထံတွင် ကျန်းရီရှိသည်။ သူမတို့နှစ်ယောက်က သော့ချက်ကို ရှာမတွေ့ခဲ့သော်လည်း တစ်စုံတစ်ယောက်က ရှာတွေ့သွားပေပြီ။ ထို့ကြောင့် ဟယ်နုန်ယင်း အထင်ကြီးသွားမိလေသည်။
“ခွမ်ဟူရဲ့မိသားစုမှာ ကျောက်ဘီလူးတွေအကြောင်း သတင်းအချက်အလက်တွေ ရှိထားတာလား။ အဲ့ဒါကြောင့် သူတို့က ကျောက်ဘီလူးတွေရဲ့ အားနည်းချက်ကို အလွယ်လေးရှာတွေ့ပြီး တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်ခဲ့တာလား”
ယွင်ပင်းက ခန့်မှန်းချက်တစ်ခု လုပ်လိုက်၏။ သို့သော် ဟယ်နုန်ယင်းက ခေါင်းခါ၍ ပြောသည်။
“ညီမလေးက ကောင်းကင်ဘုံခုံရုံးနဲ့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို လျှော့တွက်နေတာပဲ။ ချီလင်းဧကရီ မမကို ပေးထားတဲ့ သတင်းအချက်အလက်တွေတောင် အခု လုံးဝသုံးမရဖြစ်နေပြီ။ အဲ့တော့ တခြားမျိုးနွယ်တွေမှာ ဘာသတင်းအချက်အလက်တွေ ရှိနိုင်မှာလဲ”
“သွားကြစို့”
ကျန်းရီက မည်သို့မှ မပြောပေ။ သူ ဖိအားခံစားနေရပေပြီ။ ယခင်တွင် သူက ကောင်းကင်ဘုံခုံရုံးကို သေချာပေါက် ယူနိုင်လိမ့်မည်ဟု အကြွင်းမဲ့ ယုံကြည်မှုရှိသည်။ ယခုတွင် တစ်စုံတစ်ယောက်က သူ့ထက် ဉာဏ်ကောင်းကြောင်း သိလိုက်ရပြီဖြစ်သည်။ သူ အင်အားကြီးသော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရလေပြီ။ ဤတစ်ခေါက်တွင် သူ အစွမ်းကုန် ထုတ်သုံးရတော့ပေမည်။ အကယ်၍ သူ ကောင်းကင်ဘုံခုံရုံးကို မရနိုင်လျှင် ပြန်သွားသည့်အခါ ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။
ထို့ပြင် မိုးပြာမဟာဧကရာဇ်က အပြင်တွင် ရှိနေသေးသည်။ ကောင်းကင်ဘုံခုံရုံး မရှိလျှင် ကျန်းရီ မိုးပြာမဟာဧကရာဇ်၏ လက်က မည်သို့ လွတ်မြောက်နိုင်မည်နည်း။ ယင်းတို့အပြင် ထျန်းဖုန့်ဧကရာဇ်၏ ကံကြမ္မာကိုလည်း မသိရသေးချေ။
လမ်းတစ်လျှောက်တွင် ဖျက်ဆီးခံထားရသော ကျောက်ဘီလူးများကို တွေ့ရ၏။ တိုက်ပွဲလက္ခဏာများအရ ခွမ်ဟူတို့အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဟု ကျန်းရီ ကောက်ချက်ချလိုက်သည်။ လူများစွာ တိုက်ခိုက်ခဲ့ပုံပင်။
ကျန်းရီသည် ကျောက်ဘီလူးများ၏ အဓိကအားနည်းချက်ကိုလည်း ၎င်းတို့ ဖျက်ဆီးခံထားရပုံမှနေ၍ ကောက်ချက်ချခဲ့၏။ သို့သော် ယင်းက အရေးမပါတော့ပါ။ သူတို့ ခွမ်ဟူတို့အဖွဲ့၏ လမ်းကြောင်းအတိုင်း လိုက်သွားမည်ဆိုလျှင် ဝင်ပေါက်ကို အလွယ်တကူ ရောက်သွားနိုင်ပေလိမ့်မည်။
မျှော်လင့်ထားသကဲ့သို့ပင်...
လမ်းခရီးတစ်လျှောက်က လွယ်ကူခဲ့သည်။ မကြာခင်မှာပင် ကျန်းရီတို့သုံးယောက် နက်ရှိုင်းသော ဂူတစ်လုံးကို အလွယ်တကူ တွေ့လိုက်ရသည်။ ကောင်းကင်ဧကရာဇ် ပေးထားသော မြေပုံက ထိုဂူမှာ ဝင်ပေါက်ဖြစ်ကြောင်း ပြောနေပေသည်။
“အာ...”
ကျန်းရီ ဂူထဲ မဝင်လိုက်ပေ။ ထိုအစား ကွေ့ပတ်လျှောက်လိုက်သည်။ အခြားတစ်ဘက်တွင် ဖျက်ဆီးခံထားရသော ကျောက်ဘီလူးများစွာ ရှိနေသည်။ သူ ခါးသက်သက် ပြုံး၍ ခေါင်းခါလိုက်၏။
“ကြည့်ရတာ ကျွန်တော်တို့က အနှေးဆုံး ဖြစ်နေပုံပဲ။ လင်းဖေးရှန်းနဲ့ တခြားသူတွေလည်း ဒုတိယထပ်ကို တက်သွားပြီ”
ခွမ်ဟူတို့အဖွဲ့တွင် လူများစွာ ရှိသည်။ ထိုလူများထဲမှ တော်တော်များများလကည်း အလွန်ဉာဏ်ကောင်းကြသည်။ ကျန်းရီသည် တစ်စုံတစ်ယောက်က ကျောက်ဘီလူး၏ အားနည်းချက်ကို ရှာတွေ့နိုင်ခဲ့ခြင်းအတွက် များစွာမအံ့ဩပါ။ သို့သော် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကလည်း ကျောက်ဘီလူးများ၏ အားနည်းချက်ကို လျင်မြန်စွာ ရှာတွေ့၍ ဝင်ပေါက်ကိုလည်း လျင်မြန်စွာ ရှာတွေ့ခဲ့သည်လော။ ကျန်းရီသည် သူတို့အပေါ် အမြင်ပြောင်းသွားပေပြီ။
“လင်းဖေးရှန်းက သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်ထားနိုင်တာပဲ...”
ကျန်းရီသည် သူက လင်းဖေးရှန်းကို လျှော့တွက်ခဲ့မိပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူမက ငယ်ငယ်ရွယ်ရွယ်နှင့် တောက်လန်နှင့်ပင် ယှဉ်နိုင်နေရာ သူမ၏ ဉာဏ်ရည်မှာ အလွန်ထူးကဲကြောင်း သိခဲ့သင့်ပေသည်။
လင်းဖေးရှန်းက အလွန်ဉာဏ်ကောင်းရာ အဘယ်ကြောင့် မကြာခဏဆိုသလို နုံအသည့် အပြုအမူများကို ပြခဲ့ရသနည်း။ ရှင်းပြချက်တစ်မျိုးသာ ရှိသည်။ သူမက တမင်လုပ်ခဲ့ခြင်းပင်။ သူမကို အခြားသူများ အထင်သေးစေရန် ထိုကဲ့သို့သော အပြုအမူများကို လုပ်ခဲ့ခြင်းဖြစ်ပေမည်။
လင်းဖေးရှန်းမှာ နတ်ဆိုးတစ်ကောင်လို ဉာဏ်နီဉာဏ်နက်များလှသည်။
ကျန်းရီသည် တွေးလေလေ၊ ပိုတုန်လှုပ်လာလေလေပင်။ သာမန်လူများသည် သူတို့ဉာဏ်ကောင်းကြောင်းကို အခြားသူများက တရွရွ ပြလိုနေကြသည်။ သို့သော် လင်းဖေးရှန်းမှာ သူမ၏ ဉာဏ်ရည်ကို တမင်ဖုံးကွယ်ကာ တုံးအသူတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့သည်။ ထိုကဲ့သို့သော လူမျိုးမှာ အလွန်ကြောက်စရာကောင်းပေသည်။
“သွားကြစို့...”
ကျန်းရီ ရင်လေးလာ၏။ သူ အချိန်ဆက်ဖြုန်းမနေလိုတော့ပေ။ ထို့ကြောင့် ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို ခေါ်ကာ ဂူထဲ ဝင်သွားလိုက်လေသည်။
ဂူမှာ အလွန်လုံခြုံသည်။ ကျန်းရီတို့ အဆုံးသို့ ရောက်သွားသောအခါ အပြင်တွင် တွေ့ခဲ့သော ယဇ်စင်နှင့် တစ်ပုံစံတည်း တူသည့် ယဇ်စင်တစ်ခုကို တွေ့လိုက်ရသည်။ သူတို့သုံးယောက် ယဇ်စင်ပေါ် တက်လိုက်သည်နှင့် ရုတ်ခြည်း တည်နေရာပြောင်းရွှေ့သွားလေသည်။
ရွှီး...
အဖြူရောင်အလင်း လင်းလက်လာ၏။ ကျန်းရီတို့သုံးယောက်သည် သူတို့အရှေ့တွင် တောက်ပသော အလင်းတစ်ခုကို တွေ့လိုက်ရ၏။ တောက်ပလွန်းသဖြင့် သူတို့မျက်လုံးများပင် ကျိန်းလာသည်။ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ယွင်ပင်းနှင့် ဟယ်နုန်ယင်းတို့ မှင်တက်သွားကြသည်။ ဒုတိယထပ်မှာ ကန္တာရတစ်ခုကဲ့သို့ပင်။ အထက်မှ တောက်ပနေသော နေက သဲဝါများအပေါ်တွင် အလင်းဖြာချနေပေသည်။
ဟယ်နုန်ယင်းသည် လှည့်ပတ်ကြည့်ရင်း နေရာအနှံ့တွင် သဲဝါများ ဖုံးလွှမ်းနေသော တောင်များကို တွေ့လိုက်ရသည်။ တောင်များက တစ်ပုံစံတည်းတူသည်။ ထို့ကြောင့် အရှေ့အနောက်တောင်မြောက်ကို ခွဲမရနိုင်။ သူမ ကျန်းရီကို ခပ်သွက်သွက်ကြည့်ကာ မေးလိုက်လေသည်။
“ရှင် မြေပုံပေါ်မှာ ဝင်ပေါက်ကို ရှာတွေ့လား”
ကျန်းရီလည်း မှင်တက်နေ၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဒုတိယထပ်အကြောင်းကို သဲလွန်စများစွာ မပေးခဲ့ပေ။ ဒုတိယထပ်၏ မြေပုံတွင် စာကြောင်းတစ်ကြောင်းသာ ရေးထားသည်။ တတိယထပ်သို့ ဝင်ပေါက်မှာ တောင်ထူးကိုးလုံး၏ အလယ်တွင် ရှိနေသည်။
ကျန်းရီသည် ထိုတောင်ထူးကိုးလုံးကို အလွယ်တကူ ရှာတွေ့နိုင်လိမ့်မည်ဟု တွေးလိုက်၏။ ယခု သူတို့က သဲကန္တာရထဲတွင်ဖြစ်သည်။ နေရာတိုင်းက တစ်ပုံစံတည်း တူညီနေသည်။ အရပ်မျက်နှာကိုပင် မသိနိုင်။ ဤနေရာမှ လေကလည်း အလွန်ထန်သည်။ နေရာများစွာတွင် သဲများ ရွေ့လျားနေရာ မြေမျက်နှာသွင်ပြင်က မပြတ်ပြောင်းလဲနေပေသည်။ သို့ဖြစ်ရာ မည်သည့်လမ်းက မည်သည့်လမ်းဖြစ်ကြောင်း သူတို့ သိနိုင်မည်နည်း။
“အာ...”
ယွင်ပင်းသည် အထက်ရှိ နေလုံးကို မော့ကြည့်၍ ရေရွတ်လိုက်၏။
“ရှင် သတိထားမိလား။ အဲ့နေက အဆက်မပြတ် လှုပ်ရှားနေတယ်၊ ကြည့်ရတာ လည်ပတ်နေပုံပဲ”
“ဝင်္ကပါတစ်ခုလား”
ကျန်းရီသည် ထပ်၍ ကြည့်လိုက်ပြီး နေလုံးက အမှန်ပင် ဖြည်းဖြည်းချင်း လည်ပတ်နေခြင်းဖြစ်ကြောင်း သိသွားသည်။ ထို့ပြင် နေလုံးမှာ သူတို့ခေါင်းအထက်တည့်တည့်တွင် ရှိနေသည်။ သို့ဖြစ်ရာ သူတို့ နေကို အသုံးပြု၍ အရပ်မျက်နှာခွဲရန် မဖြစ်နိုင်တော့ပေ။ ဤနေရာက ဝင်္ကပါတစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိတော့ချေ။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ဒုတိယထပ်က အန္တရာယ်များသည်ဟု မပြောခဲ့ပေ။ ကျန်းရီသည် ဒုတိယအထပ်တွင် လွယ်ကူလိမ့်မည်ဟု တွေးခဲ့၏။ ကြည့်ရပုံအရလည်း ဒုတိယထပ်တွင် အန္တရာယ်မရှိလောက်ချေ။ မည်သည့်မိစ္ဆာကိုမှလည်း မတွေ့ရပါ။
သို့သော် ဤဒုတိယထပ်က ဝင်္ကပါတစ်ခုဖြစ်ရာ ပထမထပ်ပင် ပိုကြောက်မက်ဖွယ်ကောင်းနေသည်။ ကျန်းရီတို့ သတိမထားလျှင် သူတို့တစ်ဘဝလုံး ဤနေရာတွင် ပိတ်မိနေပေလိမ့်မည်။
“အဟွတ်...အဟွတ်...”
ဟယ်နုန်ယင်းသည် ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလာ၏။ သူမ နောက်လှည့်လိုက်ပြီး ကျန်းရီကို ကျောခိုင်း၍ မြေပေါ်တွင် ထိုင်ချလိုက်၏။ သူမ၏ခန္ဓာကိုယ်က တုန်ယင်နေသည်။ ယွင်ပင်းလည်း လျင်မြန်စွာ ထိုင်ချ၍ ဟယ်နုန်ယင်းအား လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးလိုက်သည်။ ဟယ်နုန်ယင်းသည် ချောင်းဆိုးသံ မထွက်စေရန် ပါးစပ်ကို တင်းကြပ်စွာ ပိတ်ထားပေသည်။
“အခြေအနေတွေက ဆိုးလာပြီ”
ကျန်းရီသည် ဟယ်နုန်ယင်း၏ အားနည်းနေသော နောက်ကျောပြင်နှင့် ဖြူဖျော့နေသော နားရွက်များကို ကြည့်လိုက်၏။ သူ ပို၍ ရင်လေးသွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ဆင်ထားသော ဝင်္ကပါတစ်ခုကို မည်သို့ အလွယ်တကူ ဖောက်ထွက်နိုင်မည်နည်း။ အကယ်၍ သူတို့ ဤနေရာတွင် လအနည်းငယ် ပိတ်မိနေလျှင် ဟယ်နုန်ယင်းက ကန္တာရထဲတွင်သာ ခေါင်းချရပေလိမ့်မည်။
ကျန်းရီသည် ဟယ်နုန်ယင်းကို ဆက်ကြည့်မနေရက်တော့ပါ။ သူ အဝေးသို့ ကြည့်လိုက်ပြီး ဝင်ပေါက်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာရမည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။ ဟယ်နုန်ယင်း သေ၍ မဖြစ်ချေ။
***