ပြင်းသောအရသာ
Vol. 140 Ch. 1946
လေပြင်းများ တိုက်ခတ်နေပြီး ကောင်းကင်ထဲတွင် သဲဝါများ ပြည့်နေသည်။ ကျန်းရီတို့သုံးယောက် သဲဝါပြင်ပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေကြသည်။ ကျန်းရီ၏ မျက်နှာထားက တည်နေပြီး ယွင်ပင်း၏ မျက်နှာထားက စိုးရိမ်နေပုံပေါက်၏။ ဟယ်နုန်ယင်းကမူ စိတ်အေးနေပုံပေါ်ပေသည်။ သူမပုံစံမှာ အလွန်ကျေနပ်နေလေသည်။
သဲကန္တာရထဲတွင် နေ့တစ်ဝက်ကြာ ပြေးနေခဲ့သော်လည်း ကျန်းရီသည် မည်သည်ကိုမှ ရှာမတွေ့သေးပေ။ ဤနေရာက မည်မျှကြီးကြောင်း မည်သူမှ မသိချေ။ သူတို့သည် အရပ်မျက်နှာကို မခွဲနိုင်၍ ခန့်မှန်း၍သာ သွားနေကြရသည်။ ထို့ကြောင့် အလွယ်တကူ လမ်းပျောက်သွားနိုင်ပေသည်။
လေက အလွန်ထန်သည်။ ကျန်းရီတို့ သွားခဲ့သော လမ်းကြောင်းများကိုလည်း သဲများက လျင်မြန်စွာ ပြန်ဖုံးသွားကြသည်။ ထို့ကြောင့် သူတို့ ကွေ့ပတ်၍ သွားနေမိသလော သို့မဟုတ် စက်ဝိုင်းပုံ လှည့်ပတ်၍ သွားနေလောကိုပင် မသိနိုင်ချေ။
ကျန်းရီသည် တစ်ခဏမျှ ဆက်သွားပြီးနောက် အချက်ကြီးနှစ်ချက်ကို သိလိုက်ရ၏။ ပထမတစ်ချက်မှာ တောင်များက ဖြည်းဖြည်းချင်း ရွေ့လျားနေပုံပင်။ ဤဝင်္ကပါက အသေမဟုတ်ဘဲ အရှင်ပင်။ ထိုကဲ့သို့သော ဝင်္ကပါမျိုးက ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ ကျန်းရီကို ခေါင်းကိုက်စေသော အခြားအချက်တစ်ခုမှာ အာကာပြင်ထဲ၌ ထူးခြားသော အစီအရင်တစ်ခု ရှိနေခြင်းပင်။ ဤနေရာထဲတွင် အားလုံး၏ သိုလှောင်လက်စွပ်များကို သုံး၍မရချေ။ သူတို့၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်များကိုလည်း သုံးမရချေ။
ယင်းတို့ကို သုံးမရခြင်းမှာ ကိစ္စကြီးတစ်ခု မဟုတ်ပါ။ ဤနေရာတွင် မည်သည့်အန္တရာယ်၊ မည်သည့်မိစ္ဆာမှ မရှိပေ။ ထို့ကြောင့် တိုက်ခိုက်ရန် မလိုပါ။
သို့သော် ဤနေရာတွင် မိစ္ဆာများထက် ပို၍ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသည်။ ဤနေရာမှ အပူချိန်က အလွန်မြင့်သည်။ အလွန်ပူသည်။ ဤဒုတိယထပ်တွင် မိုးမြေဝိညာဉ်စွမ်းအင်လည်း မရှိချေ။ ကျန်းရီနှင့် ဟယ်နုန်ယင်း၏ ရုပ်ခန္ဓာမှာ ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်ပြီး ယွင်ပင်း၏ ရုပ်ခန္ဓာမှာ အုပ်ချုပ်သူအဆင့်ဖြစ်သည်။ သူတို့သုံးယောက်သည် မြင့်မားသော အပူချိန်ကို လုံးဝမမှုပါ။ ထို့ကြောင့် ဝင်လာကတည်းက ယင်းကို လျစ်လျူရှုခဲ့သည်။
ယခုမှာသာ ဤနေရာရှိ ကြောက်စရာအကောင်းဆုံးအရာမှာ မြင့်မားသောအပူချိန်ဖြစ်ကြောင်း ကျန်းရီတို့ သဘောပေါက်လာခြင်းဖြစ်သည်။ သူတို့ သိုလှောင်လက်စွပ်များကို သုံး၍မရပေ။ ယင်းမှာ အစာရော၊ ရေပါ မရနိုင်တော့ဆိုသော အဓိပ္ပာယ်ပင်။ ထို့ပြင် ဤနေရာ၌ မိုးမြေဝိညာဉ်စွမ်းအင်လည်း မရှိချေ။ သို့ဖြစ်ရာ သူတို့ မကျင့်ကြံနိုင်ပေ။ မြင့်မားသော အပူချိန်က သူတို့ကို တတိတိ ဇီဝိန်ခြွေနိုင်လေသည်။
သိုင်းသမားတစ်ယောက်က မည်မျှသန်မာပါစေ မစားမသောက်သော မသေမျိုးများ မဟုတ်ပေ။ မိုးမြေဝိညာဉ်စွမ်းအင်ကို သုံး၍ ခန္ဓာကိုယ်ကို အားဖြည့်နိုင်လျှင်တော့ သူတို့ မစားမသောက်ဘဲ နေနိုင်သည်။ သို့သော် ဤနေရာတွင် မိုးမြေဝိညာဉ်စွမ်းအင် ရှိမနေပါ။ ထို့ပြင် ကျန်းရီတို့သုံးယောက်သည် မြင့်မားသော အပူချိန်၏ လွှမ်းခြုံမှုကို ခံစားနေရသည်။ သူတို့ကိုယ်ထဲမှ ရေဓာတ်က ဖြည်းဖြည်းချင်း ခမ်းလာပေလိမ့်မည်။
ကျန်းရီတို့ တစ်ရက်၊ နှစ်ရက် အဆင်ပြေနိုင်သည်။
သို့သော် ပြဿနာမှာ ဤနေရာက ဝင်္ကပါတစ်ခု ဖြစ်နေခြင်းပင်။ သူတို့ ဝင်္ကပါထဲမှ ပြန်မထွက်နိုင်ဘဲ တစ်လ၊ နှစ်လ ပိတ်မိနေလျှင် သူတို့သုံးယောက် ဆက်တောင့်ခံနိုင်မည် မဟုတ်ပေ။ ထိုအခါ သူတို့ သေရန် ထိုင်စောင့်နေရုံသာ ရှိတော့မည်။ သူတို့ လမ်းပင် လျှောက်နိုင်လိမ့်မည် မဟုတ်ချေ။
ဟယ်နုန်ယင်း၏ ခန္ဓာကိုယ်က ပို၍ ပို၍ ဆိုးဝါးလာသည်။ ကျန်းရီ၏ ရင်က လေး၍ လေး၍ လာသည်။ ဟယ်နုန်ယင်း၏ အခြေအနေအကြောင်းကို စောစောမသိခဲ့သည့်အတွက် ကျန်းရီ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ ထို့ပြင် သူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကိုလည်း ဝင်ပေါက်တည်နေရာများအကြောင်း သေသေချာချာ မေးလာခဲ့သင့်သည်။
ကျန်းရီက ရင်လေးနေသော်လည်း ဟယ်နုန်ယင်းမှာ စိတ်အေးနေပုံပေါ်၏။ ထိုသို့ဖြစ်ရခြင်းမှာ သူမ မသေခင်အတွင်း နေ့တိုင်း ကျန်းရီနှင့်အတူ ရှိနေရ၍လည်း ဖြစ်နိုင်သည်။ သူမက ကျန်းရီအပေါ်ထားသည့် သူမ၏ မေတ္တာကို မဖော်ပြသော်လည်း၊ ကျန်းရီကလည်း ခံစားချက်များစွာကို မဖော်ပြသော်လည်း သူမ ကျေနပ်နှစ်သိမ့်နေပေသည်။
သုံးရက်...
ကျန်းရီတို့သုံးယောက်သည် သုံးရက်လုံးလုံး ကန္တာရထဲတွင် ပြေးနေခဲ့၏။ သူတို့၏ အမြန်နှုန်းက မည်မျှလျင်မြန်ပါသနည်း။ သူတို့သုံးယောက်သည် သုံးရက်အတွင်း ကမ္ဘာဦးကောင်းကင်ဘုံတစ်ဝက်ကိုပင် ဖြတ်သွားနိုင်သည်။ ကောင်းကင်ဘုံခုံရုံးထဲမှ နေရာက ကမ္ဘာဦးကောင်းကင်ဘုံလောက်တော့ မကြီးနိုင်ပါ။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုသာ ရှိသည်။ သူတို့သုံးယောက်က စက်ဝိုင်းပုံ ပတ်၍ လျှောက်နေမိခြင်း ဖြစ်ပေမည်။
သုံးရက်ကြာပြီးသော်လည်း ကျန်းရီတို့သုံးယောက်သည် ရေဓာတ်မခမ်းခြောက်သေးပေ။ သို့သော် သူတို့ မြင်သာအောင် ပင်ပန်းလာသည်။ ကျန်းရီသည် သုံးရက်လုံး ရှာဖွေခဲ့သော်လည်း ဝင်္ကပါထဲမှ ထွက်လမ်းကို ရှာမတွေ့ချေ။ သဲလွန်စတစ်ခုကိုပင် ရှာမတွေ့ခြင်းဖြစ်သည်။
“ခဏလောက် နားကြတာပေါ့”
တောင်တစ်လုံး၏ အခြေတွင် လေက သိပ်မပြင်းပေ။ ကျန်းရီသည် ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့၏ ပုံစံက အတန်ငယ် ဖရိုဖရဲဖြစ်နေကြသည်။ သူမတို့ ကိုယ်လက်သုတ်သင်ရန် ရေမရှိသည် မဟုတ်လော။ ထို့ကြောင့် သူမတို့၏ အဝတ်များက ညစ်နွမ်းရှုပ်ပွနေကြသည်။ သူမတို့နှစ်ယောက်က မျိုးနွယ်ကြီးများမှဖြစ်၍ ဟန်ပန်မူယာ ကြော့ရှင်းကြသည်။ ထိုအခိုက်တွင် သူမတို့ မြေပေါ်တွင် ခြေပစ်လက်ပစ် မထိုင်ရဲကြ၍ ဆောင့်ကြောင့်သာ ထိုင်လိုက်ကြလေသည်။
သူမတို့၏ နှုတ်ခမ်းများက အတန်ငယ် ခြောက်ကာ အက်ကွဲနေသည်။ ကျန်းရီသည် မိုးကြိုးက မီးကို ဖန်တီးနိုင်သော အကြောင်းကို သိမြင်နားလည်ထား၍ မြင့်မားသော အပူချိန်ကို မကြောက်ပါ။ သို့သော် သူ့ကိုယ်ထဲမှ ရေဓာတ်က ခြောက်ခမ်းလာပြီဖြစ်၍ အာခေါင် ခြောက်လာပေပြီ။ သူက ယောက်ျားလေးဖြစ်သဖြင့် ဟန်ပန်မူယာကို အရေးမစိုက်ရာ မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး မျက်လုံးမှိတ်၍ အနားယူလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ့ပတ်ဝန်းကျင်ကိုလည်း အာရုံခံလိုက်သည်။
ကျန်းရီတို့ သုံးယောက်ကို အံ့အားသင့်စေသည်မှာ ပြီးခဲ့သော သုံးရက်အတွင်း သူတို့ ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများနှင့် မဆုံခဲ့ရခြင်းပင်။ သူတို့သည် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကိုလည်း မတွေ့ခဲ့ပါ။ ထိုလူများက တတိယထပ်သို့ တက်သွားကြပြီလော။ သို့မဟုတ် သူတို့လည်း ဝင်္ကပါထဲတွင် ပိတ်မိကာ အခြားနေရာများ၌ စက်ဝိုင်းပုံ လှည့်ပတ် လျှောက်နေကြသည်လော။ ထို့ကြောင့် သူတို့ မဆုံခဲ့ခြင်းလော။
‘သဲဝါ၊ ဝင်္ကပါ၊ မြင့်မားတဲ့အပူချိန်၊ လေပြင်းတွေ၊ ခြစ်ခြစ်တောက်နေလုံး...’
ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို သိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်မိ၍ ယခု ပြန်ထုတ်၍မရ ဖြစ်နေသည်။ ထို့ကြောင့် သူ့သိမြင်နိုင်စွမ်းလည်း နှေးနေသည်။ သူသည် အထက်ပါစကားများကို စိတ်ထဲမှ အကြိမ်ကြိမ်ရွတ်ရင်း ဝင်္ကပါထဲမှ ထွက်နိုင်မည့် နည်းလမ်းကို တွေးတောနေပေသည်။
ကျန်းရီက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည်။ သို့သော် သူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို ကောင်းစွာနားမလည်ပါ။ သို့ဖြစ်၍ သူ ဝင်္ကပါထဲမှ ဖောက်မထွက်နိုင်ပေ။ လက်ရှိအခြေအနေကို သုံးသပ်၍သာ ဝင်္ကပါထဲမှ လွတ်လမ်း ရှာရပေမည်။
ဤဝင်္ကပါက အလွန်ကြီးမားသည်။ ဒုတိယထပ် တစ်ထပ်လုံးမှာ ဧရာမဝင်္ကပါကြီးတစ်ခုဖြစ်သည်။ ဝင်္ကပါထဲမှ ထွက်နိုင်ရန် မဖြစ်နိုင်ဟုပင် ခံစားရသည်။ မည်သို့ပင်ဖြစ်စေ မထွက်နိုင်သေးသည့်အတောအတွင်း ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုကို ကျန်းရီ စဉ်းစားရန် လိုအပ်ပေသည်။
မည်သည့်ဝင်္ကပါတွင်မဆို ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခု ရှိသည်ကို သံသယဖြစ်စရာ မရှိပါ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အသိဉာဏ်က ပင်လယ်တစ်ခုအလား ကျယ်ပြောသည်။ သူ ဆင်ထားသော ဝင်္ကပါမှာလည်း အလွန်ဆန်းကြယ်ပေလိမ့်မည်။ သာမန်လူများအနေဖြင့် ဤဝင်္ကပါထဲမှ ပြန်ထွက်နိုင်ရန် မလွယ်ကူလောက်ပါ။
တစ်နာရီကြာ တွေးတောပြီးသည်အထိ ကျန်းရီ သဲလွန်စ ရှာမတွေ့သေးပေ။ သူ အတန်ငယ် ပင်ပန်းလာ၍ ဆက်မတွေးတောဘဲ မြေပြင်ပေါ်တွင် လှဲချကာ မျက်လုံးမှိတ် အနားယူလိုက်လေသည်။
ဤနေရာမှ အပူချိန်က အလွန်မြင့်သည်။ ပေါင်းအိုးထဲ ရောက်နေသကဲ့သို့ပင်။ ယင်းကြောင့် ကျန်းရီ မအိပ်နိုင်ချေ။ သူ မျက်မှောင်ကြုတ်၍ အထက်ရှိ ခြစ်ခြစ်တောက်နေသော နေလုံးကို ကြည့်လိုက်သည်။ နေလုံးက ဖြည်းဖြည်းချင်း လည်ပတ်နေသည်ကို ကြည့်ရင်း သူ အတန်ငယ် ခေါင်းမူးလာသည်။
‘ခြစ်ခြစ်တောက်နေ.. ခြစ်ခြစ်တောက်နေလား’
ရုတ်တရက် ကျန်းရီ စိတ်လှုပ်ရှားသွား၏။ သူ အမှားတစ်ခု လုပ်ခဲ့မိပြီဖြစ်ကြောင်းလည်း သဘောပေါက်သွားသည်။
အစတွင် ဤနေရာမှ မြင့်မားသော အပူချိန်က အထက်မှ နေလုံးကြောင့်ဟု ကျန်းရီ တွေးခဲ့သည်။ ယခုတွင်မူ သူ ရုတ်တရက် သဘောပေါက်သွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က မည်မျှ စွမ်းအားကြီးပါစေ နေလုံးတစ်လုံးကိုတော့ ဖန်တီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းနေလုံးက အတုဖြစ်ကြောင်း ထင်ရှားသည်။ သူတို့ခေါင်းအထက်မှ နေလုံးက ပုံရိပ်ယောင်တစ်ခုသာ။ ဤနေရာမှ မြင့်မားသော အပူချိန်က နေ့လုံးကြောင့် မဟုတ်ဘဲ အစီအရင်များကြောင့်သာ ဖြစ်နိုင်သည်။ မြင့်မားသော အပူချိန်က နေလုံးနှင့် မဆိုင်လျှင် အဘယ်ကြောင့် နေလုံးကို ထားထားရသနည်း။ ယင်းမှာ သံသယဖြစ်စရာကောင်းသည်။
“ဟုတ်တယ်.. ဟုတ်ပြီ.. အခု ငါ နားလည်သွားပြီ။ ဟားဟားဟား...”
ကျန်းရီသည် ရုတ်တရက် ကျယ်လောင်စွာ အော်ရယ်လိုက်၏။ သူ အထက်ရှိ နေလုံးကိုလည်း တောက်ပသော မျက်ဝန်းများနှင့် ကြည့်နေသည်။ နေလုံး လည်ပတ်နေပုံကို အတန်ကြာ လေ့လာပြီးနောက် သူ ပြုံး၍ ပြောလိုက်လေသည်။
“မိန်းမလှလေးနှစ်ယောက်... ကျွန်တော့်နောက်က လိုက်ခဲ့ပါ။ ကျွန်တော် မိန်းမလှလေးတို့ကို မကြာခင် ဒီနေရာကနေ အပြင်ကို ခေါ်သွားပေးမယ်”
ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့၏ မျက်လုံးများ အရောင်လက်လာ၏။ ကျန်းရီက မဟုတ်ဘဲ ပြောတတ်သူ မဟုတ်ပေ။ သူက ထိုကဲ့သို့ စကားမျိုးကို ပြောလျှင် သေချာပေါက် ယုံကြည်မှုရှိနေ၍သာ ဖြစ်ပေမည်။
ကျန်းရီသည် ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို ခေါ်၍ တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားလိုက်၏။ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့သည် ကျန်းရီက အလွန်ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။ သူက သူမတို့ကို စက်ဝိုင်းပုံ လှည့်ပတ်၍ ခေါ်သွားနေလေသည်။
တစ်ပတ်ပြီးတစ်ပတ် ပတ်ပြီးသည်အထိ ယွင်ပင်း နားမလည်နိုင်သေးပါ။ ဟယ်နုန်ယင်းကမူ အထက်ရှိ နေလုံးကို မော့ကြည့်၍ အတွေးနက်သွားသည်။ သူမ လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရ၏။ ကျန်းရီက နေလည်ပတ်ပုံအတိုင်း လှည့်ပတ်နေခြင်းပင်။
ခုနစ်ပတ်၊ ရှစ်ပတ်၊ ကိုးပတ်...
ယွင်ပင်းသည် သူမအရှေ့တွင် ထွက်ပေါ်လာသော အစိမ်းရောက် အစက်အပြောက်တစ်ခုကို တွေ့လိုက်ရ၏။ သူမ မျက်လုံးများကို ပွတ်သပ်၍ပင် ကြည့်လိုက်ပြီးမှ ဝမ်းသာအားရ အော်ပြောလိုက်သည်။
“အိုအေစစ်တစ်ခု၊ ဟိုမှာ အိုအေစစ်တစ်ခု။။ ရေကန်အသေးလေးတစ်ကန်လည်း ရှိတယ်။ ကျွန်မတို့ တကယ် ထွက်နိုင်သွားပြီ”
“ရေကန်လေးတစ်ကန်လား”
ဟယ်နုန်ယင်း၏ မျက်လုံးများ အရောင်လက်လာ၏။ မျိုးနွယ်ကြီးများမှ သခင်မလေးများက ကိုယ်လက်သန့်ရှင်းမှုကို အလေးထားကြသည်။ ရေကန်လေးတစ်ကန်ဆိုသော အသံကို ကြားလိုက်ရသောအခါ သူမသည် ရေသောက်ရန် အရင်မတွေးမိဘဲ ရေချိုးနိုင်တော့မည်ဟုသာ တွေးမိလိုက်လေသည်။
‘မဖြစ်သေးဘူး...’
ဟယ်နုန်ယင်း၏ မျက်နှာထားက ချက်ချင်း အိုးတိုးအမ်းတမ်း ဖြစ်သွားပြန်၏။ ကျန်းရီ ရှိနေရာ ဤနေရာတွင် မည်သို့ ရေချိုးနိုင်မည်နည်း။ ထို့ပြင် သူမ သိုလှောင်လက်စွပ်ကိုလည်း သုံး၍မရပေ။ သို့ဖြစ်ရာ သူမနှင့် ယွင်ပင်းတို့ ရေချိုးပြီးလျှင် မည်သည့်အဝတ်ကို လဲဝတ်ရမည်နည်း။ သို့မဟုတ် လက်ရှိ အဝတ်များကို ချွတ်၍ ကိုယ်လုံးတီးနှင့် အဝတ်လျှော်ရမည်လော။ ဘေးတွင် ယောက်ျားတစ်ယောက် ရှိနေသည်ကို သူမတို့ ကိုယ်လုံးတီးနှင့် အဝတ်လျှော်နိုင်မည်လော။ ဟယ်နုန်ယင်းတစ်ယောက် တွေးကြည့်ရုံနှင့်ပင် ရှက်လာသည်။ သူမမျက်နှာလည်း နီမြန်းလာပေသည်။
ယွင်ပင်းလည်း ထိုအကြောင်းများကို တွေးမိ၏။ သူမ မျက်လုံးဝေ့၍ မပွင့်တပွင့် ပြောလိုက်သည်။
“ကျန်းရီ... အဲ့ကို မသွားနဲ့။ ရှင် ဒီမှာပဲ စောင့်နေပေး။ မမနုန်ယင်းနဲ့ ကျွန်မတို့ ရေချိုးမလို့။ ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်နော်.. ချောင်းမကြည့်နဲ့။ မဟုတ်ရင် ကျွန်မ ရှင့်ကို အလွှတ်ပေးမှာ မဟုတ်ဘူး”
“ချောင်းကြည့်တာလား”
ကျန်းရီ မျက်လုံးပင့်လိုက်၏။ သူက ထိုကဲ့သို့ အောက်တန်းကျသူမျိုး မဟုတ်ပေ။ သို့သော် သူ ခြေလှမ်းကို မရပ်ဘဲ ပြောလိုက်လေသည်။
“သခင်မလေးတို့နှစ်ယောက် ရေချိုးချင်ရင် ကျွန်တော် စောင့်နေပေးလို့ရပါတယ်။ ဒါပေမဲ့ အရင်ဆုံး ကျွန်တော့်ကို ရေသောက်ခွင့်လေးတော့ ပေးပါဦး။ ဒါမှမဟုတ် သခင်မလေးတို့ ရေချိုးပြီးမှ ကျွန်တော်က ရေသောက်ရမှာလား။ တကယ်လို့.. သခင်မလေးတို့ရဲ့ အရသာက နည်းနည်းပြင်းနေရင် ဘယ်လိုလုပ်မလဲ”
ယွင်ပင်းနှင့် ဟယ်နုန်ယင်းတို့ အလွန်ရှက်ရွံ့သွားကြပြီး သူမတို့ကိုယ်သူမ သဲထဲ မြှုပ်ပစ်လိုစိတ်ပင် ပေါက်သွားကြ၏။ ယွင်ပင်းက ဒေါသသံလေးနှင့် အော်ပြောလိုက်သည်။
“ကျန်းရီ.. ရှင် သေချင်လို့လား။ ရှင် စကားပြောရင် သတိထားပြောလို့ မရဘူးလား။ ရှင် ပေါက်ကရတွေ ဆက်ပြောရင် ကျွန်မ ရှင့်ပါးစပ်ကို ဆွဲဖြဲပစ်လိုက်မယ်”
***