တစ်ယောက်တည်း ဖြစ်နေမည်ကို ကြောက်သည်
Vol. 140 Ch. 1949
အချိန်ကို ရပ်တန့်၍ ရမည်မဟုတ်သလို တောင်ကြားကလည်း အဆုံးရှိပေသည်။
ကီလိုမီတာသိန်းကျော် ပြေးပြီးနောက် တောင်ကြားက လမ်းကြောင်းသုံးကြောင်း ကွဲထွက်သွားသည်။ ကျန်းရီ ရပ်တန့်လိုက်ပြီး စိတ်ထဲမှ ဆဲလိုက်၏။ နောက်ထပ် ဝင်္ကပါတစ်ခုလော။ သူသည် ဝင်္ကပါများကို အမုန်းဆုံးဖြစ်သည်။
ကျန်းရီ တစ်ခဏမျှ လှည့်ပတ်ကြည့်လိုက်၏။ သို့သော် မည်သည့်ကွဲပြားမှုကိုမှ ရှာမတွေ့ပေ။ ထို့ကြောင့် သူ ကံစမ်း၍သာ လမ်းကြောင်းတစ်ခုကို ကျပန်းရွေး၍ ပြေးရပေမည်။
လမ်းကြောင်းတစ်ခုကို ရွေး၍ ကီလိုမီတာငါးရာ ပြေးပြီးနောက် အနောက်မှ အသံများကို ကြားလိုက်ရ၏။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများက မီလာပေပြီ။ လမ်းခွဲတစ်ခု ရှိခဲ့သော်လည်း သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို မတားနိုင်ခဲ့ပေ။ ထိုဝံပုလွေများက ကျန်းရီတို့၏ခန္ဓာကိုယ်မှ အသားစိမ်းအနံ့ကို ခံနိုင်ပုံပင်။ သို့ဖြစ်ရာ သူတို့ကို ကိုက်မဖြဲနိုင်သေးသ၍ ၎င်းတို့က ရပ်တန့်မည် မဟုတ်ချေ။
‘အဲ့ဝံပုလွေတွေက ငါ့တို့အနံ့ကို ရနေတာလား’
သံချပ်ဝတ်မိစ္ဆာဝံပုလွေများက မီလာ၍ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ ရေခဲအရင်းအမြစ်ကို သုံးလိုက်ရသည်။ သူ့တွင် ရေခဲအရင်းအမြစ်များစွာ ရှိ၏။ နည်းနည်းလောက်ကို ဖြုန်းလိုက်ခြင်းအတွက် ထိခိုက်မှုများစွာ ရှိမည် မဟုတ်ပါ။ သို့သော် ယခုက ဖြုန်းနေခြင်း မဟုတ်ပါ။ သူ့တွင် ရွေးချယ်စရာ မရှိ၍ ဖြစ်သည်။
ကျန်းရီသည် ဟယ်နုန်ယင်းကို အရှေ့သို့ ဆက်ပြေးရန်ပြော၍ ရေခဲအရင်းအမြစ် ထုတ်လွှတ်ကာ သူတို့နောက်ကို လိုက်နေသည့် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တားလိုက်၏။ ၎င်းနောက် သူတို့နှစ်ယောက် ဆက်ပြေးကြသည်။ ထိုသို့ဖြင့် ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် နာရီနှစ်ဆယ်ကြာအောင် ပြေးနေခဲ့သည်။ နောက်ဆုံးတွင် သူတို့အရှေ့၌ တောင်ကြားအဆုံးကို မြင်လိုက်ရလေသည်။
တောင်ကြားက ဝင်္ကပါတစ်ခု မဟုတ်၍ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ အလွန်ပျော်သွားကြ၏။ သူတို့ တောင်ကြားထဲမှနေ၍ လွင်ပြင်တစ်ခုထဲ ရောက်လာကြပေပြီ။
အစောတွင် တောင်ကြားအထက်၌ အကာအရံများ ရှိနေခဲ့၍ ကျန်းရီတို့ ကောင်းကင်ကို မမြင်နိုင်ခဲ့ပေ။ ယခု သူတို့ ထွက်လာနိုင်ပြီဖြစ်ရာ ကောင်းကင်တွင် လခြမ်းကွေးကလေးတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ လအလင်းရောင်က လွင်ပြင်တစ်ခွင်လုံးကို အလင်းပေးနေသည်။ ဆောင်းဦးလေက ညင်သာစွာ တိုက်ခတ်နေ၏။ လွင်ပြင်ထဲမှ သစ်ပင်များက စိမ်းစိုကြ၏။ လေကလည်း လတ်ဆတ်ပြီး ရှုခင်းမှာ အလွန်ထူးခြားပေသည်။
သို့သော် အရှေ့မှ မြေပြင်က အတန်ငယ် တုန်ခါနေသဖြင့် ကျန်းရီတို့၏ ပျော်ရွှင်မှုကို ဖျက်ဆီးနေသည်။ ထို သံချပ်ဝတ်မိစ္ဆာဝံပုလွေအုပ်က သူတို့ကို ကိုက်သတ်လိုခြင်း မဟုတ်ဘဲ သေတွင်းထဲ တွန်းပို့လိုခဲ့ခြင်း ဖြစ်ပုံပင်။
တောင်ကြားထဲတွင် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တာဆီးရန် လွယ်ကူသည်။ အပြင်တွင်မူ လွင်ပြင်ကျယ်ကြီးဖြစ်သည်။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ အမြန်နှုန်းအရ ကျန်းရီတို့နှစ်ယောက် အလွယ်တကူ ဝန်းရံကာ အသတ်ခံရနိုင်ပေသည်။
“သခင်မလေးနုန်ယင်း အရင် ပြေးလိုက်ပါ။ ကျွန်တော် တောင်ကြားထွက်ပေါက်ကို ရေခဲနဲ့ ပိတ်ထားပြီး အချိန်နည်းနည်းဆွဲပေးထားပါမယ်။ မဟုတ်ရင် အရမ်းအန္တရာယ်များလိမ့်မယ်။ သခင်မလေး ပြေးနေရင်း ခရမ်းရောင်နွယ်တွေနားကို မကပ်မိအောင် ဂရုစိုက်ပါ။ အဲ့နွယ်ပင်တွေက စွမ်းအားကြီး အစီအရင်တွေကို နှိုးနိုင်တယ်... သခင်မလေး အချုပ်ခံထားရလိမ့်မယ်”
ကျန်းရီ လက်ဝှေ့ယမ်းလိုက်၏။ ဟယ်နုန်ယင်းသည် အခြေအနေ၏ လေးနက်မှုကို သိ၍ အဝေးသို့ ချက်ချင်း ထွက်ပြေးသွားလိုက်သည်။ ကျန်းရီ တောင်ကြားသို့ ပြန်သွားလိုက်ပြီး အချိန်ဆွဲရန် တောင်ကြားကို ရေခဲဖြင့် ပိတ်ဆို့ထားရန် လုပ်လိုက်လေသည်။
ကျန်းရီ တောင်ကြားထဲသို့ မိုင်နှစ်ဆယ်ကျော် ပြေးဝင်ပြီးနောက် ရေခဲအရင်းအမြစ်များကို အဆက်မပြတ် ပစ်လွှတ်၍ တောင်ကြားတစ်ခုလုံးကို အေးခဲပစ်လိုက်၏။ ဤတစ်ကြိမ်တွင် သူ ရေခဲအရင်းအမြစ်ကို ပိုများများ သုံးလိုက်သည်။ ရေခဲအရင်းအမြစ်များ ကုန်မသွားသေးသ၍ ပတ်ဝန်းကျင်က အေးခဲနေမည်ဖြစ်သည်။ သို့ဆိုလျှင် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ ထွက်လာနိုင်ရန် ပိုခက်သွားပေလိမ့်မည်။
“သွားမယ်...”
ကျန်းရီသည် တောင်ကြားကို ပိတ်ဆို့ပြီးသည်နှင့် အပြင်ပြန်ထွက်၍ ဟယ်နုန်ယင်းကို လျင်မြန်စွာ လိုက်ရှာလိုက်၏။ ထို့နောက် သူ အဝေးကို လှမ်းကြည့်လိုက်၏။ လွင်ပြင်ကြီးကိုသာ မြင်ရသည်။ သူ ဆက်အရေးမစိုက်တော့ဘဲ တစ်ဖြောင့်တည်း ပြေးသွားလိုက်လေသည်။
“သတိထား...”
မိုင်ထောင်ဂဏန်းအနည်းငယ် ပြေးပြီးနောက် ကျန်းရီသည် အရှေ့မှ မြက်တောထဲရှိ ခရမ်းရောင်နွယ်တစ်ပင်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ လျင်မြန်စွာ သတိပေးလိုက်သည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တာအိုကောင်းကင်ဝိညာဉ်ရတနာများကပင် ထိုနွယ်များကို မဖျက်ဆီးနိုင်ဟု ကျန်းရီကို အထူးသတိပေးခဲ့သည်။ ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုမှ မရှိလျှင် ၎င်းနွယ်များကို ဖြတ်တောက်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ၎င်းနွယ်၏ ရစ်ပတ်မှုကို ခံရလျှင် သေဖို့ စောင့်နေရန်သာ ရှိတော့ပေသည်။
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ ဂရုတစိုက် ကွေ့ပတ်သွားလိုက်ပြီး အမြင့်ဆုံးအမြန်နှုန်းနှင့် ဆက်ပြေးလိုက်သည်။ ကျန်းရီက မိုးမြေစွမ်းအား သုံးထား၍ ဟယ်နုန်ယင်းထက် အတန်ငယ် ပိုမြန်နေသည်။ ထို့ကြောင့် သူ သူမကို တစ်ချိန်လုံး ဆွဲခေါ်နေရလေသည်။ ဟယ်နုန်ယင်းကလည်း မရုန်းကန်ပေ။ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော မျက်နှာထား မရှိသော်လည်း သူမ၏ မျက်ဝန်းများထဲတွင်မူ ဝမ်းသာမှုများ ပြည့်နှက်နေပေသည်။
ကျန်းရီထံတွင် ဟယ်နုန်ယင်း၏ မျက်နှာထားကို အရေးစိုက်နေရန် အချိန်မရှိချေ။ သူ ပတ်ဝန်းကျင် တစ်ခုလုံးတွင် လိုက်ရှာနေပြီး မြေပုံကိုလည်း မကြာမကြာ ထုတ်ကြည့်နေသည်။
‘လခွမ်း... တော်တော် ဝေးသေးတယ်လား’
ကျန်းရီသည် မြင့်မားသော တောင်တစ်လုံးကို မြင်လိုက်ရသောအခါ စိတ်ထဲမှ ဆဲဆိုလိုက်၏။ သူ မြေပုံနှင့် တောင်ကို တိုက်ကြည့်ကာ ဝင်ပေါက်မှာ အလွန်ဝေးသေးကြောင်း သိလိုက်ရသည်။
ယင်းမှာ ပြဿနာတစ်ခု မဟုတ်ပေ။ ပြဿနာမှာ သံချပ်ဝတ်မိစ္ဆာဝံပုလွေများက သေချာပေါက် မီလာမည်ဖြစ်ခြင်းပင်။ အကြောင်းအချို့ကြောင့် ဤအထပ်သို့ တက်လာသူတိုင်း သံချပ်ဝတ်မိစ္ဆာဝံပုလွေအုပ်တစ်အုပ်ကို ဆွဲဆောင်မိလိမ့်မည်ဟု ကျန်းရီ ခံစားနေရသည်။ ထို့ပြင် ၎င်းသံချပ်ဝတ်မိစ္ဆာဝံပုလွေများကို နောက်ကောက်ချန်မထားခဲ့နိုင်ချေ။
အကယ်၍ ကျန်းရီတို့ နောက်ထပ်ဝင်ပေါက်ဆီ သွားလိုလျှင် ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေအုပ်ကို သတ်ရပေမည်။ မဟုတ်လျှင် သူတို့ ၎င်းတို့၏ ကိုက်ဖြဲမှုကို ခံရပေလိမ့်မည်။
သံချပ်ဝတ်မိစ္ဆာဝံပုလွေတစ်အုပ်ကို သတ်ရမည်လော။
ကျန်းရီ ယုံကြည်မှု မရှိပါ။ ဟယ်နုန်ယင်း၏ တိုက်ခိုက်စွမ်းအားက ကျန်းရီ၏ တိုက်ခိုက်စွမ်းအားထက်ပင် အားနည်းသေးသည်။ သူတို့ အဝိုင်းခံရသည်နှင့် သေချာပေါက် သေမည်ဖြစ်သည်။
ထို့ကြောင့် ကျန်းရီသည် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို အချိန်တိုအတွင်း ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။ သူ တွေးတောပြီးနောက် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တားရန် နေရာကောင်းတစ်ခု ရှာပြီးမှ ၎င်းတို့ကို ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခုကို ဖြည်းဖြည်းချင်း စဉ်းစားရန် ဆုံးဖြတ်လိုက်လေသည်။
သံချပ်ဝတ်မိစ္ဆာဝံပုလွေတစ်အုပ်ကို တားနိုင်ရန် မည်သို့သော မြေမျက်နှာသွင်ပြင်မျိုးကို လိုအပ်သနည်း။
ကျန်းရီတို့ သစ်ပင်များအပေါ် တက်နိုင်သည်၊ တောင်များပေါ် တက်နိုင်သည်၊ သို့မဟုတ် မြစ်ထဲ ဆင်သွားနိုင်သည်။
သို့သော် ထိုနေရာများက အသုံးမဝင်ကြောင်း ကျန်းရီ တွေးလိုက်၏။ ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေအုပ်က သူတို့အနံ့ကို ရထားပြီးဖြစ်သည်။ သူတို့ မည်သည့်နေရာသို့ ပြေးပါစေ ၎င်းတို့က မီလာမည်သာ။ ထို့ကြောင့် သူတို့အနေဖြင့် တောင်ကြားတစ်ခုကဲ့သို့သော နေရာတစ်ခုကို ရှာရမည်။ နေရာက ကျဉ်းရန်လိုသည်။ သံချပ်ဝတ်မိစ္ဆာဝံပုလွေ တစ်ကောင်၊ နှစ်ကောင်လောက်သာ ဆန့်လောက်အောင်အထိ ကျဉ်းနေလျှင် အကောင်းဆုံးပင်။ ထိုမှသာ တိုက်ခိုက်ရင်းနှင့် ၎င်းတို့ကို ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားနိုင်မည်ဖြစ်သည်။
ပြဿနာမှာ ကျန်းရီတို့က လွင်ပြင်တစ်ခုထဲ ရောက်နေခြင်းပင်။ သူတို့ ထိုသို့ကျဉ်းမြောင်းသော နေရာတစ်ခုကို မည်သည့်နေရာတွင် သွားရှာရမည်နည်း။
ကျန်းရီ၏ မျက်ခုံးများက စိုးရိမ်မှုကြောင့် ကုပ်နေ၏။ သူ ကောင်းကင်ဘုံခုံရုံးသို့ မလာခင်တွင် သေရလိမ့်မည်ကို မဆိုထားနှင့် ဤကဲ့သို့ကိစ္စမျိုး ဖြစ်လာလိမ့်မည်ဟုပင် ထင်မထားခဲ့ပေ။ ကောင်းကင်ဘုံခုံရုံးထဲ ရောက်လျှင် ၎င်းကို အလွယ်တကူ ရယူနိုင်လိမ့်မည်ဟုသာ တွေးထားခဲ့သည်။ ကောင်းကင်ဘုံခုံရုံးမှာ ကောင်းကင်ဧကရာဇ်ပိုင်သော အရာပင်။ သို့ဖြစ်ရာ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူတစ်ယောက်အနေဖြင့် ကောင်းကင်ဘုံခုံရုံးကို ရယူနိုင်ရန်မှာ မခက်လောက်ဟု သူ ထင်ခဲ့မိလေသည်။
ယခုတွင်မူ ဤစမ်းသပ်ချက်က အလွန်အန္တရာယ်များကြောင်း ကျန်းရီ သဘောပေါက်သွားသည်။ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နေပါစေ ကံမကောင်းလျှင် ဤနေရာ၌ သေသွားနိုင်သည်။ ထို့ပြင် ဟယ်နုန်ယင်းလည်း သူနှင့်အတူ သေသွားနိုင်ပေသည်။
“ဖူး...”
ကျန်းရီ အတွေးနက်နေစဉ်တွင် ဟယ်နုန်ယင်း၏ ခန္ဓာကိုယ်က ရုတ်တရက် ပျော့ခွေသွား၏။ သူမ သွေးလည်းအန်သွားသည်။ သူမ၏ မျက်နှာမှာ နှင်းကဲ့သို့ ဖြူဆွတ်လာပြီး သူမ ချောင်းတဟွတ်ဟွတ် ဆိုးနေပေသည်။ ချောင်းတစ်ချက်ဆိုးလိုက်တိုင်းလည်း သွေးများ ပိုထွက်လာသည်။
“သခင်မလေးနုန်ယင်း...”
ကျန်းရီ တုန်လှုပ်သွား၏။ သူ လျင်မြန်စွာ ရပ်တန့်လိုက်ပြီး ဟယ်နုန်ယင်းကို ပွေ့ကူလိုက်၏။ ထို့နောက် သူ့လက်ထဲတွင် နတ်ဘုရားသစ်ရွက် ထွက်ပေါ်လာပြီး သူ သူမ၏ဒဏ်ရာများကို စတင်ကုသပေးလိုက်သည်။
နတ်ဘုရားသစ်ရွက်က လူတစ်ယောက်၏ ပဲ့သွားသော အသားများကိုပင် ပြန်ပြည့်လာစေနိုင်သည်။ သို့သော် ၎င်းသည် ဟယ်နုန်ယင်းကိုတော့ ကုသမပေးနိုင်ချေ။ သူမ၏ မျက်နှာက ဖြူဖျော့နေပြီး သူမ အဆက်မပြတ် ချောင်းဆိုးနေသည်။ သူမ အလွန်နာကျင်နေသည်ကို မြင်ရသောအခါ ကျန်းရီ ရင်နာလာသည်။ သူ စိုးရိမ်တကြီး ခေါ်နေသည်။
“နုန်ယင်း... နုန်ယင်း...”
ဟယ်နုန်ယင်းသည် လက်ကိုင်ပုဝါတစ်ထည် ထုတ်၍ သူမပါးစပ်မှ သွေးများကို သုတ်လိုက်၏။ ပြီးမှ အားတင်း၍ ပြုံးကာ ညင်သာစွာ ခေါင်းခါလိုက်သည်။
“ကျွန်မ အဆင်ပြေပါတယ် ကျန်းရီ။ မစိုးရိမ်ပါနဲ့။ ဒါက အသေးအဖွဲလေးပါ။ ခဏနေရင် ကျွန်မ ပြန်ကောင်းသွားမှာပါ”
“အသေးအဖွဲလေးတဲ့လား”
ကျန်းရီသည် ဟယ်နုန်ယင်း၏ သွေးစွန်းနေသော နှုတ်ခမ်း၊ နှင်းထက်ပင် ပိုဖြူဖျော့နေသော မျက်နှာ်နှင့် လှပသော အပြုံးကို ကြည့်၍ နာကျင်စွာ မျက်လုံးမှိတ်လိုက်၏။ ထိုအမျိုးသမီးက ဤအခြေအနေမှာပင် ပြုံးနေသေးသည်လော။ သူမက သူ့ကို နှစ်သိမ်းရန် ကြိုးစားနေသေးသည်လော။
ဟယ်နုန်ယင်းက ဒေါသဖြစ်စရာကောင်းလောက်အောင် ခေါင်းမာသည်။ သူမ သန်မာလွန်းပုံမှာ ဘေးမှ ကြည့်ရသူကိုပင် ရင်နာစေပေသည်။
ရွှီး...
ကျန်းရီ၏ ဆောင်းဥတုပုလဲက လင်းလက်လာ၏။ ဟယ်နုန်ယင်း အားဖြည့်နိုင်ရန် သူ သူမကို အထဲထည့်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ဟယ်နုန်ယင်းက ရုတ်တရက် ငြင်းလိုက်၏။ သူမ ခေါင်းမာစွာ ခေါင်းခါ၍ အားနည်းသော လေသံနှင့် ပြောလေသည်။
“ကျန်းရီ... ကျွန်မ အထဲကို မဝင်ချင်ဘူး။ အထဲမှ အရမ်းအထီးကျန်တယ်။ ကျွန်မ တစ်ယောက်တည်း ဖြစ်နေမှာကို ကြောက်တယ်။ ရှင် ကျွန်မကို သယ်သွားနိုင်မလား”
“အင်းပါ အင်းပါ”
ထိုအခိုက်တွင် ကျန်းရီသည် ၎င်းအသေးအဖွဲတောင်းဆိုမှုလေးကို မဆိုထားနှင့် အရာအားလုံးကို သဘောတူရန် အသင့်ရှိနေပေသည်။ သူ ဟယ်နုန်ယင်းကို ကုန်းမပိုးဘဲ ခါးမှပွေ့၍သာ ချီလိုက်သည်။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများက အချိန်မရွေး မီလာနိုင်သည်။ ကျန်းရီ ဆက်၍ ရပ်မနေဝံ့ပါ။ ထို့ကြောင့် ဟယ်နုန်ယင်းကို ပွေ့၍ တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားလိုက်သည်။
သန်မာသော လက်မောင်တစ်စုံ၏ ပွေ့ချီမှုကို ခံထားရပြီး ကျယ်ပြောသော ရင်အုပ်ကြီးနှင့် ဖိအပ်နေရ၍ ဟယ်နုန်ယင်း ရုတ်တရက် လုံခြုံမှုကို ခံစားလိုက်ရ၏။ ထိုရင်ဘတ်က သူမကို လုံခြုံသော ကောင်းကင်ထဲ ရောက်နေသလို ခံစားရစေသည်။ အပြင်ဘက်မှ ပင်လယ်က မည်မျှ လှိုင်းထန်နေပါစေ၊ လေက မည်မျှ ပြင်းပါစေ ထိုလုံခြုံသောကောင်းကင်က အရာအားလုံးကို ကာစီးပေးမည်သာ။ ဤနေရာက အမြဲ တည်ငြိမ်အေးချမ်းနေပေသည်။
ဟယ်နုန်ယင်း ချောင်းဆိုးမနေတော့ပါ။ သွေးလည်း အန်မနေတော့။ သို့သော် သူမ၏ခန္ဓာကိုယ်က အလွန်အားနည်းနေသေးသည်။ သူမ နှုတ်ခမ်းစွန်းမှ သွေးများကို သုတ်ပစ်လိုက်ပြီး ကျန်းရီ၏ တောင့်တင်းသော ခါးကို ဖက်လိုက်သည်။ သူမ၏ ဖြူဖျော့သော မျက်နှာလေးက ကျန်းရီ၏ ရင်ဘတ်ကို အပ်ထားသည်။ ထိုသို့ဖြင့် သူမ အိပ်ပျော်သွားလေသည်။ သူမ၏ နှုတ်ခမ်းစွန်းက အတန်ငယ် ကော့တက်ကာ ချိုသာစွာ ပြုံးနေလေသည်။
ကျန်းရီသည် အမြန်ဆုံး ပြေးနေရင်း သူ့လက်ထဲမှ မိန်းမလှလေးကို ငုံ့ကြည့်လိုက်၏။ သူ့အကြည့်မှာ တဖြည်းဖြည်း ပြတ်သားလာသည်။ သူ ဟယ်နုန်ယင်းထံတွင် အကြွေးများစွာ တင်နေသည်။ သူ ဆက်ရှင်သန်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရမည်။ ဟယ်နုန်ယင်းကို ဆက်ရှင်သန်ခွင့် ပေးနိုင်မည့် နည်းလမ်းကိုလည်း တွေးတောရပေမည်။
ထို့အတွက် ကျန်းရီ ဆက်ရှင်သန်သွားရမည်ဖြစ်သည်။
***