← Chapters

အရည်ပျော်လာသော နှလုံးသား

Vol. 140 Ch. 1950

အရည်ပျော်လာသော နှလုံးသား

Vol. 140 Ch. 1950

‘ဟုတ်သား...’

ကီလိုမီတာဆယ်ချီ ပြေးပြီးနောက် ကျန်းရီ၏ အကြည့်က အဝေးရှိ တောင်ထိပ်သို့ ရောက်ရှိသွား၏။ တောင်ပေါ်တက်ခြင်းက အသုံးမဝင်သော်လည်း သူ မြေမျက်နှာသွင်ပြင်ကို အသုံးချနိုင်သည်။

ထိုတောင်က အလွန်မက်စောက်ပြီး ပေတစ်သိန်းမြင့်သည်။ တောင်ပေါ်ရှိ ကျောက်များမှာလည်း အလွန်မာကြောသည်။ အကယ်၍ မည်သည့်အကာအရံမှ မရှိလျှင် ပြီပြည့်စုံပေလိမ့်မည်။

ကျန်းရီသည် တောင်ထိပ်ကို ဂရုတစိုက်ကြည့်၍ ဟယ်နုန်ယင်းကို ခေါ်ကာ တောင်ဆီသို့ ပြေးသွားလိုက်၏။ သူ တောင်ထိပ်နှင့် နီးကပ်လာသောအခါ တောင်ပေါ်ရှိ အနက်ရောင်ကျောက်တုံးများကို အားနှင့်ကန်လိုက်၏။

ဝုန်း...

တောင်က အတန်ငယ် တုန်ယင်သွားပြီး ကျန်းရီ၏ ခြေထောက်က ကျောက်ထဲ နစ်ဝင်သွား၏။ သူ့မျက်လုံးများ လင်းလက်လာသည်။ ကြည့်ရသည်မှာ ဤတောင်က လွတ်လမ်းတစ်ခု ဖြစ်ပုံပင်။ ရေနစ်သူများအတွက် အသက်ကယ် ကောက်ရိုးတစ်မျှင်ပင်။

“သွားမယ်...”

ကျန်းရီသည် သိပ်၍မမက်စောက်သော တောင်စောင်းဆီသို့ ပြေးသွားလိုက်၏။ သူ မျောက်တစ်ကောင်အလား အဆက်မပြတ် ခုန်လိုက်သည်။ ထိုတောင်က အမှန်ပင် မက်စောက်၏။ သူ့အမြန်နှုန်းနှင့်ပင် တောင်ထိပ်သို့ ရောက်ရန် ငါးမိနစ်ကြာခဲ့သည်။

တောင်ထိပ်မှာ အလွန်မကျယ်ပေ။ သို့သော် လေမှာ အလွန်ပြင်းသည်။ ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီး ထောင့်တစ်နေရာကို ရှာလိုက်၏။ သူ လက်စွပ်ထဲမှနေ၍ အဝတ်တစ်စ ထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် အဝတ်စပေါ်တွင် ဟယ်နုန်ယင်းကို ချလိုက်လေသည်။

ထိုတောင်ထိပ်က ပေသုံးထောင်ကျယ်ပြီး အနက်ရောင်ကျောက်သားများနှင့် ဖွဲ့စည်းထားသည်။ တောင်ပေါ်တွင် မည်သည့်အကာအရံမှလည်း မရှိချေ။ ထို့ကြောင့် ဤတောင်က လွတ်လမ်းတစ်ခု ဖြစ်ပေသည်။

ကျန်းရီ ဧရာမပုဆိန်ကြီးတစ်လက်ကို ထုတ်၍ စတင်သန့်စင်လိုက်၏။ ထိုပုဆိန်က ရှေးဦးဝိညာဉ်ရတနာတစ်ခု ဖြစ်သည်။ သူ အတိတ်တွင် ရှေးဦးဝိညာဉ်ရတနာအချို့ ရခဲ့သော်လည်း မသန့်စင်ရသေးပေ။ မီးနဂါးဓားက အခြားရတနာများထက် စွမ်းအားပိုကြီးရာ သူ့အတွက် ထိုရတနာများက အသုံးမဝင်ခဲ့သည် မဟုတ်ပါလား။

ယခုတွင် မီးနဂါးဓားက ကျန်းရီနှင့်အတူ ရှိမနေချေ။ ထို့ကြောင့် သူ ရှေးဦးဝိညာဉ်ရတနာတစ်ခုကို သန့်စင်ရပေမည်။ ကျန်းရီသည် ထိုပုဆိန်၏ ပိုင်ရှင်က မည်သူဖြစ်ကြောင်းကိုပင် မမှတ်မိပါ။ မည်သူဖြစ်စေ ထိုသူက သေပြီးပေပြီ။ ရှေးဦးဝိညာဉ်ရတနာပေါ်မှ ဝိညာဉ်အမှတ်အသားက ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့ဖြစ်၍ မိနစ်အနည်းငယ်အတွင်းမှာပင် ပုဆိန်ကို အလွယ်တကူ သန့်စင်နိုင်လိုက်ပေသည်။

ဝုန်း...ဝုန်း...ဝုန်း...

အဝေးရှိ မြေပြင်က စတင် တုန်ခါလာ၏။ ကျန်းရီသည် တောင်ထိပ်ပေါ်တွင် ရပ်၍ အဝေးကို လှမ်းကြည့်လိုက်သည်။ သူ အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရလေသည်။

မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင်မျဉ်းတစ်ကြောင်း ပေါ်လာသည်။ ထို့နောက် အနက်ရောင်မျဉ်းက အနက်ရောင်တိမ်အုပ်ကြီး ဖြစ်လာသည်။ နောက်ဆုံးတွင်မူ သံချပ်ဝတ်မိစ္ဆာဝံပုလွေများက သူတို့ထံ ပြေးလာသည်ကို မြင်ရလေသည်။ ဖုန်လုံးများကလည်း တလိပ်လိပ် ထနေပေသည်။

လအလင်းရောင်က အေးစက်ပြီး သံချပ်ဝတ်မိစ္ဆာဝံပုလွေများအပေါ်တွင် အရောင်ပြန်နေ၏။ ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေများက ရုပ်သေးရုပ်များပင်။ ၎င်းတို့တွင် မည်သည့်အရှိန်အဝါမှ မရှိပါ။ သို့သော် ၎င်းတို့ကို ကြည့်လေ၊ ပိုကြောက်မက်ဖွယ်ကောင်းလာလေပင်။ ၎င်းတို့သည် တစ္ဆေများအလား ကျန်းရီထံသို့ လျင်မြန်စွာ ပြေးလာနေကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းတို့သည် ကီလိုမီတာငါးဆယ်ကျော်ကို ဖြတ်ကျော်လျက် တောင်ခြေသို့ ရောက်လာတော့မည်ဖြစ်သည်။

ကျန်းရီ ဆက်မကြည့်ဝံ့တော့ပေ။ သူ ဧရာမပုဆိန်ကြီးကိုသာ မြှောက်ကာ တောင်စောင်းတစ်ခုကို ခုတ်ချလိုက်သည်။ ပုဆိန်အလင်း ထွက်သွားပြီး တောင်စောင်းတစ်ခုကို ခုတ်ပိုင်းသွားသည်။

ဝုန်း...ဝုန်း...

တောင်ထိပ်၏ ထောင့်တစ်နေရာက ကျန်းရီ၏ သပ်ရပ်စွာ ခုတ်ပိုင်းမှုကို ခံလိုက်ရ၏။ ဧရာမကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသွားပြီး ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ အိပ်မောကျနေသော ဟယ်နုန်ယင်းပင် လန့်နိုးသွားသည်။ သူမ ထိတ်ထိတ်ပြာပြာနှင့် လှည့်ပတ်ကြည့်လိုက်သည်။ ကျန်းရီကို မြင်သောအခါ သူမ၏ မျက်ဝန်းထဲမှ ထိတ်ပြာမှုများ ပျောက်ကွယ်သွားပြီး အလွန်အေးချမ်းသွားပုံ ပေါ်သွားလေသည်။

“သခင်မလေးနုန်ယင်း မကြောက်ပါနဲ့”

ကျန်းရီက ခပ်ရေးရေးပြုံး၍ ဧရာမပုဆိန်ကြီးကို မြှောက်ကာ လျှပ်စီးအလျင်နှင့် ထပ်ခုတ်ချလိုက်သည်။ သူ ခုတ်လိုက်တိုင်း ဧရာမကျောက်တုံးကြီးများက တောင်ထိပ်မှနေ၍ လိမ့်ဆင်းကြသွားသည်။ အချိန်မှ အခရာပင်။ ကျန်းရီထံ၌ ဟယ်နုန်ယင်းကို ဂရုစိုက်နေရန် အချိန်မရှိပေ။ သူ ပုဆိန်ကြီးကို မြှောက်၍သာ အဆက်မပြတ် ခုတ်လျက် တောင်ထိပ်မှ ကျောက်တုံးကြီးများကို ဖြိုချနေပေသည်။

“ရှင် ဘာလုပ်နေတာလဲ”

ဟယ်နုန်ယင်းက အတန်ငယ် သက်သာလာပြီဖြစ်သော်လည်း မျက်နှာမှာ ဖြူဖျော့နေသေးသည်။ ယင်းကို အထက်ရှိ လေပြင်းများနှင့် ပေါင်းစပ်လိုက်သောအခါ သူမ အနည်းငယ် အေးနေသည်။ သူမ မြေပြင်ပေါ်တွင် ကွေး၍ တောင်ထိပ်ပေါ်ရှိ ဧရာမကျောက်တုံးများကို အဆက်မပြတ် တိုက်ခိုက်နေသော ကျန်းရီကို ကြည့်နေ၏။

“ဪ.. အဲ့လိုကိုး...”

ဟယ်နုန်ယင်းသည် ကျန်းရီ လုပ်ရန်ကြိုးစားနေသော အရာကို လျင်မြန်စွာ နားလည်သွား၏။ ဤတောင်က အလွန်မက်စောက်သည်။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများ တက်လာနိုင်သော ဘက်မှာ တစ်ဘက်သာ ရှိသည်။ တောင်ထိပ်မှာမူ ပေသုံးထောင်သာ ကျယ်သည်။ ကျန်းရီက ထောင်ထိပ်ကို တဖြည်းဖြည်း ဖြိုကျနေရာ တောင်ထိပ်မှာ ပို၍ပင် ကျဉ်းလာပေသည်။

ထို့ပြင် ကျန်းရီက စနစ်တကျ ဖြိုချနေခြင်းပင်။ မူလတွင် တောင်ထိပ်မှာ အဝိုင်းပုံစံဖြစ်သည်။ ယခုတွင်မူ လေးထောင့်ပုံ ဖြစ်လာပေပြီ။ တောင်ထိပ်မှာ သေးငယ်သော စင်မြင့်လေးတစ်ခု ဖြစ်လာသလိုပင်။

ဟယ်နုန်ယင်း ရှိနေသော ဘက်ကို သံချပ်ဝတ်မိစ္ဆာဝံပုလွေများက တက်မလာနိုင်ပေ။ တစ်ဘက်ခြမ်းမှသာ တက်လာနိုင်သည်။ ၎င်းတို့က ကျန်းရီတို့နှစ်ယောက်ကို တိုက်ခိုက်လိုလျှင် ပြိုကျလာသော ကျောက်တုံးများကို ဖြတ်ကျော်ရမည်ဖြစ်သည်။

သံချပ်ဝတ်မိစ္ဆာဝံပုလွေများက ရုပ်သေးရုပ်များဖြစ်ကြ၍ အသိဉာဏ်မရှိကြပေ။ ၎င်းတို့သည် ကျန်းရီတို့နှစ်ယောက်၏ အနံ့ကို ခံ၍သာ သူတို့ဆီ ပြေးလာနေကြသည်။ သို့သော် လိမ့်ဆင်းလာသော ကျောက်တုံးများကြောင့် ၎င်းတို့ ပြန်ပြုတ်ကျကုန်ကြလေသည်။ အကယ်၍ သံချပ်ဝတ်မိစ္ဆာဝံပုလွေ အနည်းငယ်က တောင်ထိပ်ကို တက်လာနိုင်လျှင်ပင် ကျန်းရီတို့က ၎င်းအရေအတွက်လောက်ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

“ဉာဏ်ကောင်းတယ်...”

ဟယ်နုန်ယင်း တီးတိုးချီးကျူးလိုက်၏။ ကျန်းရီက သံချပ်ဝတ်မိစ္ဆာဝံပုလွေများအတွက် လမ်းကြောင်းတစ်ခု ချန်ခဲ့သည်။ လမ်ကြောင်းတစ်ခု ရှိနေသ၍ သံချပ်ဝတ်မိစ္ဆာဝံပုလွေများက တက်လာမည်သာ။ ထိုနည်းနှင့်ဆိုလျှင် သူတို့ သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို ကိုင်တွယ်နိုင်မည့် နည်းလမ်းတစ်ခုကို ဖြည်းဖြည်းချင်း စဉ်းစားနိုင်ပေလိမ့်မည်။

ဝှစ်...ဝှစ်...

ကျန်းရီ လုပ်မည့်အရာများက မပြီးသေးပါ။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများက လေခွင်းသံများကို သယ်ဆောင်၍ တစ်ကောင်ပြီးတစ်‌ကောင် တက်လာကြသည်။ ၎င်းတို့၏ လက်သည်းများနှင့် အစွယ်များက လရောင်အောက်တွင် တလက်လက် လက်နေသည်။ ယင်းတို့မှာ သေမင်း၏ တံစဉ်ကဲ့သို့ပင်။ ထိုစဉ် ဟယ်နုန်ယင်း၏ လက်စွပ်က လင်းလက်လာ၏ သူမ ကျန်းရီကို ကူညီရန် ငွေလေးကို ထုတ်လိုက်ခြင်းဖြစ်သည်။

“မလှုပ်ပါနဲ့။ အဲ့မှာပဲ ငြိမ်ငြိမ် နေနေပါ”

ကျန်းရီက ဟယ်နုန်ယင်းကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ ထို့နောက် ဧရာမပုဆိန်ကြီးကို မြှောက်ကာ ကောင်းကင်စွမ်းအား တိုက်ခိုက်မှု အနည်းငယ် ပစ်လွှတ်လိုက်ပြီး သံချပ်ဝတ်မိစ္ဆာဝံပုလွေအချို့ကို လေထဲ လွင့်ပျံသွားစေလိုက်သည်။

တောင်ဘေးလမ်းကြောင်း အပေါ်ပိုင်းက အလွန်ကျဉ်းမြောင်းသည်။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများအတွက် ရပ်စရာနေရာ မရှိပေ။ မိစ္ဆာဝံပုလွေများစွာ လွင့်ထွက်သွားကြပြီး ချက်ချင်း လိမ့်ဆင်းသွားကြသည်။ ၎င်းတို့က ရုပ်သေးရုပ်များဖြစ်ကြ၍ အသိဉာဏ်မရှိကြချေ။ ထို့ကြောင့် ၎င်းတို့သည် ကြောက်ရကောင်းမှန်းမသိသလို အခြေအနေကိုလည်း မသုံးသပ်နိုင်ကြပါ။ တစ်ကောင်ပြီးတစ်ကောင် လိမ့်ဆင်းနေသော်လည်း တစ်ကောင်ပြီးတစ်ကောင် ဆက်တက်လာနေကြပေသည်။

ကျန်းရီသည် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တိုက်ခိုက်ရင်း တောင်ထိပ်ကို ဆက်ပုံဖော်နေ၏။ သူ့တွင် မြေမျက်နှာသွင်ပြင် အားသာချက် ရှိသည်။ ထို့ပြင် လေထဲ လွင့်သွားသော သံချပ်ဝတ်မိစ္ဆာဝံပုလွေများမှာ လေထဲမှာပင် အသတ်ခံရလေသည်။ ဤအခြေအနေတွင် သူ့အတွက် ၎င်းတို့ကို တားရန် အလွန်လွယ်ကူနေပေသည်။

ဟယ်နုန်ယင်းက ထောင့်တစ်နေရာတွင် ထိုင်နေပြီ ကျန်းရီကို တိတ်တဆိတ် ကြည့်နေ၏။ ခုန်တက်လာသော သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို ကျန်းရီက ရှောင်၍ ပုဆိန်နှင့် ခုတ်နေသည်။ တစ်‌ကောင်ပြီးတစ်ကောင် လွင့်ပျံကုန်ကြသည်။ ကျန်းရီက အလွန်ခက်ထန်ပေသည်။ ဟယ်နုန်ယင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ချစ်မိသွားသော မိန်းမငယ်လေးတစ်ယောက်လို ချိုသာစွာ ပြုံးနေ၏။ အချိန်တစ်ခုအထိ သူမ အတန်ငယ် မှင်တက်နေမိလေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်းရီသည် တောင်ထိပ်ကို သူလိုချင်သော ပုံစံအဖြစ် ပြောင်းလဲနိုင်လိုက်၏။ မူလက အဝိုင်းပုံ ဖြစ်ခဲ့သော တောင်ထိပ်မှာ ယခုတွင် ပေတစ်ထောင်ကျယ်သော လေးထောင့်ပုံစံ စင်လေးတစ်ခုလို ဖြစ်နေပေပြီ။ တောင်ထိပ်ပေါ် တက်နိုင်သော လမ်းကြောင်းမှာလည်း တစ်ခုသာ ရှိတော့သည်။ လမ်းကြောင်းဘေးနှစ်ဘက်မှာ မှန်ကဲ့သို့ ချောမွတ်နေသည်။ သံချပ်ဝတ်မိစ္ဆာဝံပုလွေအားလုံးသည် တောင်ထိပ်ပေါ်သို့ ထိုလမ်းကြောင်းတစ်ခုမှသာ တက်လာနိုင်ပေသည်။

ထို့ကြောင့် တောင်ထိပ်ပေါ်တွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ ကောင်းကင်ထဲတွင် သံချပ်ဝတ်မိစ္ဆာဝံပုလွေများနှင့် ပြည့်နှက်သွားသည်။ အထက်မှ လိမ့်ကျလာသော မိစ္ဆာဝံပုလွေများကြောင့် အောက်မှ မိစ္ဆာဝံပုလွေများလည်း ဟန်ချက်ပျက်ကာ လိမ့်ကျကုန်ကြသည်။ မကျဘဲ ကျန်ခဲ့သော မိစ္ဆာဝံပုလွေများကမူ ကျန်းရီထံ ဆက်တက်သွားကြသည်။ ၎င်းတို့ ခက်ခက်ခဲခဲ တက်ပြီးမှ ကျန်းရီထံ ရောက်ကြသည်။ သို့‌သော် ကျန်းရီက ၎င်းတို့ကို လွင့်ပျံထွက်သွားအောင် ဧရာမပုဆိန်ကြီးနှင့် အလွယ်တကူ လုပ်နိုင်နေလေသည်။

“ဟုတ်ပြီ... အခုလက်တလောတော့ ကျွန်‌တောတို့ လုံခြုံပြီ”

ကျန်းရီသည် ဟယ်နုန်ယင်းဘေးသို့ သွား၍ ထိုင်ချလိုက်၏။ သူသည် လက်တစ်ဘက်ဖြင့် ဧရာမပုဆိန်ကြီးကို ကိုင်ကာ ပုဆိန်အလင်းတန်းများ ထုတ်လွှတ်နေဆဲတော့ဖြစ်သည်။ သူ ဟယ်နုန်ယင်းကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်၏။

“သခင်မလေးနုန်ယင်း... သက်သာလာပြီလား”

“ကျွန်မ အများကြီး သက်လာလာပါပြီ”

ဟယ်နုန်ယင်းက ချိုသာစွာ ပြုံးလိုက်၏။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးကြောင့် ကျန်းရီ သူမကို သနားသွားသည်။ ဟယ်နုန်ယင်းက အအေးကြောက်သည့်ပုံနှင့် ကိုယ်ကွေးနေသည်ကို တွေ့၍ သူ ရုတ်တရက် သူမကို ဖက်လိုက်သည်။ သူ့တွင် ထိုအမျိုးသမီးကို အနွေးဓာတ်ပေးရန်မှလွဲ၍ အခြားရည်ရွယ်ချက် မရှိပါချေ။

ဟယ်နုန်ယင်း၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏။ သူမ အလိုလို ခုခံမိသည်။ သို့သော် ကျန်းရီ၏ လက်က အလွန်သန်မာပေသည်။ သူမ လုံးဝမခုခံနိုင်ပါ။ တဖြည်းဖြည်းနှင့် ခုခံမှု ရပ်သွားသည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက ကျန်းရီ၏ ရင်ဘတ်နှင့် အပ်သွားသည်။ သူမသည် ကျန်းရီ၏ ရင်ခုန်သံကို နားထောင်ရင်း ကျန်းရီ၏ ယောက်ျားဆန်သော ရနံ့ကို ရှူရှိုက်နေပေသည်။ တစ်ခဏအထိ သူမ ထပ်မံ မိန်းမောသွားပြန်လေသည်။

ကျန်းရီသည် လက်တစ်ဘက်နှင့် ပုဆိန်အလင်းများ ပစ်လွှတ်နေပြီး သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို လွင့်ပျံထွက်သွားစေနေ၏။ တစ်ချိန်တည်းမှာပင် ဟယ်နုန်ယင်း၏ အတန်ငယ် ရှက်ရွံ့ကာ ပျော်ရွှင်ပုံပေါ်နေသော မျက်နှာလေးကို ကြည့်ရင်း သူ့နှလုံးသား အရည်ပျော်လာသည်။ သူ အထက်ဘုံသို့ တက်လာကတည်းက သူ့နှလုံးသားမှာ အေးခဲနေခဲ့သည်။ ထိုအခိုက်တွင်မူ အရည်ပျော်လာသည်။

လအလင်းက ထိန်နေပြီး လေက တဟူးဟူး တိုက်နေသည်။

တောင်ထိပ်တစ်ခုပေါ်တွင် လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသည်။ သူတို့က တဖြည်းဖြည်း ပို၍ ပို၍ နီးကပ်လာလေသည်။

***

All Chapters