← Chapters

ဖောက်ထွက်ပြီ

Vol. 140 Ch. 1951

ဖောက်ထွက်ပြီ

Vol. 140 Ch. 1951

ကျန်းရီရော ဟယ်နုန်ယင်းပါ ချစ်ရည်ရွှမ်းသော စကားများ မပြောခဲ့ကြပါ။ သို့သော် ထိုအခိုက်တွင် သူတို့နှစ်ယောက်၏ နှလုံးသားများက ဆက်နွယ်သွားကြသည်။

တိတ်ဆိတ်မှုက စကားလုံးများထက် ပိုကျယ်သည်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက်၏ ခံစားချက်များကို နားလည်ကြသည်။ သူတို့သည် တစ်ချက်ကြည့်လိုက်ရုံနှင့် ချစ်ခြင်းမေတ္တာကို ခံစားနိုင်ကြပေသည်။

ဟယ်နုန်ယင်း၏ နက်ရှိုင်းသော နှလုံးသားထဲတွင် ခုခံမှုလေးတစ်ခု ရှိနေ၏။ သူမက အကြာကြီး ဆက်နေရတော့မည် မဟုတ်ကြောင်း သူမသိသည်။ ယခု သူမ ကျန်းရီနှင့် ချစ်ကျွမ်းဝင်လိုက်လျှင် သူမ သေသွားသောအခါ၌ ကျန်းရီက အလွန်နာကျင်ခံစားရပေလိမ့်မည်။ သူ့တစ်သက်လုံး နာကျင်နေရနိုင်သည်။

သို့သော် လူသားနှလုံးသားကို အသွေးအသားနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။ လူများသည် အချိန်အများစုတွင် တည်ငြိမ်နိုင်သော်လည်း၊ အကျိုးအကြောင်းစဉ်းစားနိုင်သော်လည်း ချစ်မိသောအခါတွင်မူ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။ ကျန်းရီ၏ သန်မာသော လက်များက ဟယ်နုန်ယင်းအပေါ် အချစ်တရားကို တိတ်ဆိတ်စွာ ဖော်ပြနေသည်။ သူ၏ သိမ်မွေ့သော မျက်ဝန်းများက သူ သူမအပေါ် မည်မျှချစ်ကြောင်း ပြသနေသည်။ သူ့နှလုံးသားက သူမအတွက် ဖွင့်ပေးထားပြီဖြစ်သည်။ ဟယ်နုန်ယင်းမှာ တစ်ကြိမ်မှ မခူးစွတ်ခံရသေးသော ပန်းပွင့်လေးပင်။ ထို့ကြောင့် သူမ၏ ခံစားချက်က သူမ၏ တွေးတောဆင်ခြင်နိုင်စွမ်းကို အနိုင်ရသွားလေသည်။

အချစ်ဖူးကလေး စတင်ပွင့်အာလာသည်နှင့် ဆီကို မီးတစ်စနှင့် တို့လိုက်သကဲ့သို့ပင်ဖြစ်သည်။ မီးတောက်မှာ ငြှိမ်း၍မနိုင်အောင် ဖြစ်လာပေမည်။ ဟယ်နုန်ယင်းသည် ကျန်းရီကို ပို၍ တင်းကြပ်စွာ ဖက်လိုက်၏။ သူမ၏ မျက်ဝန်းများကလည်း ပို၍ ပို၍ ဝေဝါးလာသည်။ သူမ အပြုံးမှာ ပို၍ ချိုလာသည်။

ထိုအခိုက်တွင် တဟူးဟူး တိုက်ခတ်နေသော လေပြင်းများနှင့် သံချပ်ဝတ်မိစ္ဆာဝံပုလွေများအားလုံး ပျောက်ကွယ်သွား၏။ ဟယ်နုန်ယင်းသည် ဤလောကထဲ၌ သူမနှင့် ကျန်းရီသာ ကျန်တော့သည်ဟု ခံစားနေရသည်။ သူမ၏လောကကို လူတစ်ယောက်တည်းကသာ ဆုပ်ကိုင်ထားသည်။ သူမ၏နှလုံးသားမှာ အပြီးပိုင် သိမ်းပိုက်ခံလိုက်ရပေပြီ။

မိန်းမများမှာ အမှန်ပင် ရေဖြင့်ဖွဲ့စည်းထားခြင်းပင်။

မိန်းမတစ်ယောက်၏ သိမ်မွေ့မှုက ယောက်ျားတစ်ယောက်၏ နှလုံးသားကို နူးညံ့သွားစေနိုင်သည်။ မည်သည့်ယောက်ျား၏ ရေခဲနှလုံးသားကိုမဆို အရည်ဖျော်ပစ်နိုင်သည်။

ထိုအခိုက်တွင် ကျန်းရီ၏ နှလုံးသားက ဗလာဖြစ်နေ၏။ သူသည် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို လွင့်ပျံထွက်သွားအောင် စက်ရုပ်တစ်ရုပ်ကဲ့သို့ လုပ်နေပြီး အခြားမည်သည်ကိုမှ မတွေးပေ။ သူ ထိုအမျိုးသမီးကို တိတ်တဆိတ် အဖော်ပြုပေး၍သာ သူမအား အနွေးဓာတ်ပေးလိုပေသည်။ သူ သူမအတွက် မုန်တိုင်းအားလုံးကို ကာပေးလိုလေသည်။

အချိန်များစွာ ကြာပြီးနောက်...

ဟယ်နုန်ယင်း၏ ဝိညာဉ်ခန္ဓာက ဖြည်းဖြည်းချင်း ပြန်ကောင်းလာ၏။ နောက်ဆုံးတွင် သူမ သတိကပ်လာပြီး ကျန်းရီ၏ ရင်ခွင်ထဲမှနေ၍ ရှက်ရွံ့စွာနှင့် ထွက်လိုက်၏။ သူမ နီရဲနေသော မျက်နှာထားနှင့် ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မတို့ မြန်မြန် လုပ်ရမယ်”

ကျန်းရီလည်း သတိကပ်လာပြီး ဟယ်နုန်ယင်း၏ မျက်နှာက သွေးရောင်ပြန်သန်းလာပြီဖြစ်ကြောင်း တွေ့လိုက်သည်။ သူ သူမ၏မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“အရင်ဆုံး ထိုင်ပါဦး။ ကိုယ် သံချပ်ဝတ်မိစ္ဆာဝံပုလွေတွေရဲ့ အားနည်းချက်ကို ရှာလိုက်ဦးမယ်”

ဟယ်နုန်ယင်းသည် ဘေးတွင် နာခံစွာ ထိုင်လိုက်၏။ ကျန်းရီ အ‌ရှေ့သို့ ပေရာဂဏန်းအနည်းငယ် လျှောက်သွားပြီး တောင်တက် လမ်းကြောင်းအလယ်တွင် ရပ်လိုက်သည်။ သူ လက်တစ်ဘက်ထဲတွင် နတ်ဘုရားသစ်ရွက်ကိုင်၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်၏။ ထို့နောက် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ ကိုယ်ထဲမှ စွမ်းအားစီးဆင်းမှုကို ဂရုတစိုက် အာရုံခံလိုက်သည်။ မကြာခင်မှာပင် သူ အစီအရင်များကို တွေ့သွားလေသည်။

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်လိုက်လျှင် မိုးမြေနှင့် ပေါင်းစည်းနိုင်၏။ သူ သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ ကိုယ်ထဲရှိ စွမ်းအားစီးဆင်းမှုမှနေ၍ အစီအရင်ဖွဲ့စည်းပုံကို အာရုံခံနိုင်ပေသည်။

သို့သော် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ အမြန်နှုန်းက အလွန်လျင်မြန်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်က အလွန်သေးငယ်သည်။ ထို့ကြောင့် ကိုယ်တွင်းမှ စွမ်းအားစီးဆင်နှုန်းကလည်း အလွန်မြန်ပေသည်။ ကျန်းရီထံတွင် နတ်ဘုရားသစ်ရွက် ရှိသော်လည်း စေ့စေ့စပ်စပ် အာရုံခံနိုင်ရန်အတွက်မူ ခက်ခဲနေလေသည်။

တောင်၏ မြေမျက်နှာသွင်ပြင်က အလွန်ကောင်းနေ၍သာ တော်သေးသည်။ တစ်ကြိမ်လျှင် သံချပ်ဝတ်မိစ္ဆာဝံပုလွေ တစ်ကောင်၊ နှစ်ကောင်သာ တက်လာနိုင်သည်။ ထို့ပြင် ဟယ်နုန်ယင်းကလည်း ပြန်ကောင်းနေပြီဖြစ်၍ မကြာခဏဆိုသလို ငွေမြှားများ ပစ်လွှတ်၍ ကျန်းရီကို ကူညီပေးနေသည်။ ထို့ကြောင့် ကျန်းရီ သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို ပိုလွယ်ကူစွာ ကိုင်တွယ်နိုင်နေ၏။ အခြေအနေကို သုံးသပ်ရန်အတွက်လည်း အချိန်ပိုရလာသည်။

နေ့တစ်ဝက်ကြာပြီးနောက်...

ကျန်းရီ မျက်လုံးပွင့်လာပြီး သူ့အနောက်မှ ဟယ်နုန်ယင်းကို လှည့်ကြည့်လိုက်၏။ သူ ပြုံးကာ ပြောလိက်သည်။

“ရပြီ... တတိယအထပ်ကို ဖြတ်‌ကျော်နိုင်ပြီ။ ကိုယ် ဓားတစ်ချောင်းကို သန့်စင်နေတုန်း ဒီဝံပုလွေကောင်တွေကို ခဏလောက် ထိန်းထားပေးပါ”

“‌ကောင်းပြီ”

ဟယ်နုန်ယင်းက ကျန်းရီဘေးသို့ ပျံသန်းသွားလိုက်၏။ ကျန်းရီက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ရှေးဦးဝိညာဉ်ရတနာ ဓားတစ်ချောင်ကို ထုတ်၍ သန့်စင်လိုက်သည်။ သန့်စင်ပြီးနောက် သူ ဟယ်နုန်ယင်း၏ လက်ကို ကိုင်ကာ အရှေ့သို့ ပြေးသွားလိုက်လေသည်။

“ဟင်...”

ဟယ်နုန်ယင်း တုန်လှုပ်သွား၏။ ကျန်းရီက သူမကို အရှေ့ရှိ သံချပ်ဝတ်မိစ္ဆာဝံပုလွေအုပ်ထဲသို့ ဆွဲခေါ်သွားနေသည်လော။ သူမတို့ ဝံပုလွေများ၏ ကိုက်ဖြဲခြင်းခံရမည်ကို သူက မကြောက်သည်‌လော။ သို့သော် ရုတ်ခြည်းပင် သူမ စိတ်အေးသွားသည်။ ကျန်းရီ၏ သန်မာနွေးထွေးသော လက်က သူမကို ထူးဆန်းစွာ စိတ်အေးသက်သာ ဖြစ်နေစေ၏။

ဝှစ်...ဝှစ်...ဝှစ်...

သံချပ်ဝတ်မိစ္ဆာဝံပုလွေများက မာန်ဖီ၍ အထက်သို့ တက်လာကြ၏။ သို့သော် ကျန်းရီက ၎င်းတို့ကို မတိုက်ခိုက်ပေ။ သူ ၎င်းတို့ကို အနီးကပ်ခွင့် ပေးထားရာ ၎င်းတို့၏ လက်သည်းများနှင့် အစွယ်များက သူနှင့် ဟယ်နုန်ယင်းတို့၏ မျက်လုံးထဲတွင် ကြီး၍ ကြီး၍ လာလေသည်။

“ထိုးဖောက်...”

ကျန်းရီ သန့်စင်ထားသော ဓားရှည်က လှုပ်ရှားလာ၏။ သူ လျှပ်စီးအလျင်နှင့် အရှေ့သို့ ထိုးချလိုက်သည်။ ထိုဓားသည် မည်သည့်ကောင်းကင်စွမ်းအားကိုမှ မထုတ်လွှတ်ပါ။ ထိုအစား သံချပ်ဝတ်မိစ္ဆာဝံပုလွေတစ်‌ကောင်၏ ပါးစပ်ကို တိုက်ရိုက် ထိုးစိုက်သွား၏။ ဓားက ပါးစပ်ထဲ ရောက်သွားမှ ကျန်းရီ သူ့ကောင်းကင်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ဝုန်း...

ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။ သံချပ်ဝတ်မိစ္ဆာဝံပုလွေ၏ လက်သည်းများကလည်း ကျန်းရီ၊ ဟယ်နုန်ယင်းတို့နှင့် ငါးပေသာ ဝေးတော့သည်။ သို့သော် ထိုအခိုက်တွင် ၎င်း၏ကိုယ်က လင်းလက်လာပြီး ၎င်း ဆက်မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် သတ္တုတုံးကြီးတစ်တုံးအလား တောင်ပေါ်မှ လိမ့်ကျသွားသည်။

“ကျန်းရီ... ရှင်က ပြိုင်ဘက်ကင်းပဲ”

ဟယ်နုန်ယင်း၏ မျက်ဝန်းများ လင်းလက်လာ၏။ ကျန်းရီက ထိုရုပ်သေးရုပ်များကို ဖျက်ဆီးနိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားပေပြီ။ သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ အားနည်းချက်က ၎င်းတို့၏ ပါးစပ်ထဲတွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

“ဘယ်နေရာမှာ ပြိုင်ဘက်ကင်းလို့လဲ...”

ကျန်းရီက ခါးသက်စွာ ခေါင်းခါ၍ ပြောလိုက်၏။

“လင်းဖေးရှန်း၊ ခွမ်ဟူနဲ့ တခြားသူတွေ စတုတ္ထအထပ်ကို တက်သွားလောက်ပြီ။ သူတို့က ဒုတိယထပ်က ပုံရိပ်ယောင်အစီအရင်ကိုတောင် ဖောက်ထွက်နိုင်မှတော့ သူတို့အတွက် သံချပ်ဝတ်မိစ္ဆာဝံပုလွေတွေရဲ့ အားနည်ချက်ကို ရှာနိုင်ဖို့ဆိုတာ သိပ်ခက်မှာ မဟုတ်ဘူး။ ကိုယ်တို့ မြန်မြန်လုပ်မှရမယ်”

“အွန်း... သွားကြစို့”

ကျန်းရီနှင့်အတူ တိုက်ခိုက်နိုင်ခြင်း၊ တစ်ယောက်၏နှလုံးသားကို တစ်ယောက်အား ဖွင့်ဟပြနိုင်ခြင်းတို့ကြောင့် ထိုအခိုက်တွင် ဟယ်နုန်ယင်း အလွန်ဝမ်းမြောက်နေသည်။ တိုက်ခိုက်ရာတွင်လည်း သူမ ပို၍ ပို၍ ခက်ထန်လာပေသည်။

ဟယ်နုန်ယင်းသည် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ ပါးစပ်များထဲ ငွေမြားများ အဆက်မပြတ် ပစ်လွှတ်နေ၏။ ကျန်းရီ၏ လမ်းညွှန်မှုအောက်တွင် သူမသည် ငွေမြားများကို ချက်ချင်း မပေါက်ကွဲစေဘဲ ဝံပုလွေများ၏ ပါးစပ်ထဲ ရောက်ပြီးမှ ပေါက်ကွဲစေသည်။ သို့မှ သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ ကိုယ်ထဲရှိ အစီအရင်များက ပျက်စီးသွားပြီး ၎င်းတို့ သတ္တုတုံးကြီး ဖြစ်သွားမည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီသည် ဟယ်နုန်ယင်းကို ခေါ်၍ သံချပ်ဝတ်မိစ္ဆာများကို အလွယ်တကူ ဖျက်ဆီးပစ်နေ၏။ ဟယ်နုန်ယင်းကလည်း ကျန်းရီဘေးမှနေ၍ ငွေမြားများ အဆက်မပြတ် ပစ်လွှတ်နေသည်။ သူမ ပစ်လွှတ်လိုက်သော မြားတိုင်းက သံချပ်ဝတ်မိစ္ဆာဝံပုလွေတစ်ကောင်စီကို ဖျက်ဆီးပစ်သည်။ ထိုနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သံချပ်ဝတ်မိစ္ဆာဝံပုလွေ အရေအတွက်မှာ လျော့ကျ၍လာပေသည်။

နှစ်နာရီကြာပြီးနောက် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ အရေအတွက်က တစ်ဝက်အထိ လျော့ကျသွား၏။ ကျန်းရီသည် ဟယ်နုန်ယင်းကို အနားယူရန် ပြောလိုက်သည်။ သူမက စွမ်းအားများစွာ အသုံးပြုခဲ့၍ ဝိညာဉ်ခန္ဓာ၏ ဘေးထွက်ဆိုးကျိုးကို ပြန်ခံစားနေရပြီဖြစ်သည်။ ဟယ်နုန်ယင်းက မညည်းညူသော်လည်း သူမ ပင်ပန်းနေပြီဖြစ်ကြောင်း ကျန်းရီ ပြောနိုင်သည်။

ကျန်းရီ တစ်ယောက်တည်း ဆက်တိုက်ခိုက်သည်။ လေးနာရီကျော် ဆက်တိုက်ခိုက်ပြီးနောက် သံချပ်ဝတ်မိစ္ဆာဝံပုလွေအားလုံးကို ဖျက်ဆီးနိုင်သွားသည်။ တောင်ခြေတွင် သတ္တုတုံးပုံကြီးတစ်ပုံ ရှိနေပေသည်။

“နောက်တစ်ထပ်ရဲ့ ဝင်ပေါက်ဆီ သွားကြစို့”

ကျန်းရီ ဟယ်နုန်ယင်းဆီ လျှောက်သွားလိုက်ပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်၏။ ဟယ်နုန်ယင်းကလည်း လက်ကမ်းပေးကာ ကျန်းရီ၏လက်ကို တင်းကြပ်စွာ ပြန်ဆုပ်ကိုင်သည်။ ထို့နောက် သူတို့နှစ်ယောက် တောင်အောက်သို့ ဆင်းသွားပြီး တောင်အောက်ရောက်လျှင် အနောက်မြောက်ဘက်သို့ ဆက်သွားလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ကြော့ရှင်းသည်။ သူတို့သည် မသေမျိုးစုံတွဲတစ်တွဲ ကဲ့သို့ပင်။

ကျန်းရီ မျှော်လင့်ထားသလိုပင် သံချပ်ဝတ်မိစ္ဆာဝံပုလွေအုပ်တစ်အုပ်ကို ဖျက်ဆီးပြီးနောက် မည်သည့် သံချပ်ဝတ်မိစ္ဆာဝံပုလွေကမှ သူတို့နောက်သို့ လိုက်မလာတော့ချေ။ သူတို့သည် ခရမ်းရောင်နွယ်ပင်များကိုလည်း သတိထား၍ ရှောင်ရှားသွားရာ အလွန်ဘေးကင်းနေကြသည်။ ဤနေရာမှ ရှုခင်းက အလွန်လှပသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ရှုခင်းကြည့်ထွက်နေသည့်အလား သက်တောင့်သက်သာ ရှိနေကြလေသည်။

“အာ...”

‌နေ့တစ်ဝက်ကြာ ပြေးပြီးနောက် ကျန်းရီသည် အဝေးရှိ တောင်တစ်လုံးကို မြင်လိုက်ရ၏။ ထိုတောင်က အစောတွင် သူတို့ သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို ဖျက်ဆီးခဲ့ရာ တောင်နှင့် တစ်ထေရာတည်းနီးပါးပင်။ သူသည် တောင်ထိပ်ပေါ်ရှိ အနက်ရောင်အစက်အပျောက်လေး ဆယ့်နှစ်ပျောက်ကို မြင်နေရသည်။ ထို့ပြင် တောင်ခြေ၌ သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ အလောင်းများ ရှိနေသည်။

ရွှီး...

ကျန်းရီသည် ရုတ်ခြည်း မူဟယ်ယွီအသွင် ပြောင်းလိုက်၏။ သူမည်သူဖြစ်ကြောင်း မပေါ်သွားလျှင် အကောင်းဆုံးဖြစ်သည်။ ထိုမှ သူ အလစ်အငိုက် တိုက်ခိုက်နိုင်ပေမည်။

“တောက်မင်တို့ပဲ”

ဟယ်နုန်ယင်းသည် တစ်ခဏမျှ ကြည့်၍ ရေရွတ်လိုက်၏။ သူမ လက်ပြန်ရုတ်လိုက်သည်။ ယခုတွင် ကျန်းရီက မူဟယ်ယွီအဖြစ် ရုပ်ဖျက်ထားသည်။ သူမအတွက်နှင့် ကျန်းရီ၏အစီအစဉ် အပျက်ခံ၍ မဖြစ်ချေ။

သို့သော် ကျန်းရီသည် ဟယ်နုန်ယင်း၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။ ထို့နောက် သူ လှည့်ပတ်ကြည့်ကာ ခပ်ရေးရေး ပြုံးလိုက်၏။

“နုန်ယင်းက ဘာတွေ ကြောက်နေတာလဲ။ သူတို့ ကိုယ်ဘယ်သူဆိုတာ သိသွားတော့ရော ဘာဖြစ်သေးလဲ”

ထိုလူဆယ့်နှစ်ယောက်မှာ ပမွှားလေးများသာဖြစ်သည်။ သူတို့က စတုတ္ထထပ်သို့ မတက်ဝံ့သဖြင့် ဤနေရာတွင် ကျန်နေခဲ့ခြင်းဖြစ်မည်။

ကျန်းရီသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဟယ်နုန်ယင်းကိုခေါ်၍ ထိုတောင်ဆီသို့ သွားလိုက်သည်။ သူ သတင်းအချက်အလက်များ စုံစမ်း၍ ခွမ်ဟူနှင့် အခြားသူများ စတုတ္ထထပ်သို့ တက်သွားပြီလော၊ တက်မသွားသေးသလောကို အတည်ပြုလိုနေသည်။ မည်သူက အထပ်အားလုံးကို ဖြတ်ကျော်နိုင်မည်ကိုလည်း သူ သိလိုနေပေသည်။

***

All Chapters