အားစိုက်မထုတ်ရ
Vol. 140 Ch. 1952
“အာ...”
တောင်ထိပ်ပေါ်တွင် လူဆယ့်နှစ်ယောက် ထိုင်နေ၏။ သူတို့ထဲတွင် တောက်မင်၊ သခင်မလေးကုန်းယန်နှင့် အခြားသူများ ရှိနေကြသည်။ ထိုလူဆယ့်နှစ်ယောက်စလုံးက အုပ်ချုပ်သူအဆင့် သိုင်းသမားများ ဖြစ်ကြပြီး သူတို့၏ တိုက်ခိုက်စွမ်းအားများက သိပ်မကြီးကြပေ။ သူတို့အားလုံးသည် တိတ်တဆိတ် ကျင့်ကြံနေကြသည်။ တောင်ခြေမှ အသံများကို ကြားလိုက်ရသောအခါ သူတို့အားလုံး နိုးလာကြသည်။
‘မူဟယ်ယွီ’နှင့် ဟယ်နုန်ယင်းတို့ကို မြင်လိုက်မှ အားလုံး စိတ်အေးသွား၏။ သို့သော် လူများစွာ၏ မျက်နှာထားများက ရုတ်ခြည်း ပြောင်းလဲသွားကြသည်။ ဟယ်နုန်ယင်းနှင့် မူဟယ်ယွီတို့က လက်ကိုင်ထားကြပြီး ဟယ်နုန်ယင်းက ရုန်းကန်နေသည့်ပုံ မပေါ်ချေ။ ထိုအစား အတန်ငယ် ရှက်ရွံ့နေပုံပင် ပေါ်ပေသည်။
တောက်မင်နှင့် အခြားသူများသည် တစ္ဆေတစ်ကောင်ကို တွေ့လိုက်သကဲ့သို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ဟယ်နုန်ယင်းက မူဟယ်ယွီဆီ ပါသွားပြီလော။ ယင်းမှာ လောကထဲရှိ အရယ်ရဆုံး ဟာသပင်။ မူဟယ်ယွီမှာ မည်သူနည်း။ သူက ခွမ်ဟူနှင့် ယန်ချီကိုပင် မယှဉ်နိုင်ရာ အဘယ်သို့ ဟယ်နုန်ယင်း၏ နှလုံးသားကို ပိုင်ဆိုင်သွားသနည်း။
‘တစ်ခုခု မှားနေပြီ...’
တောက်မင်နှင့် သခင်မလေးကုန်းယန်တို့သည် တစ်ခဏမျှ တွေးတောပြီးနောက် တစ်ခုခု မှားနေကြောင်း သဘောပေါက်သွားကြ၏။ သူမတို့နှစ်ယောက်စလုံး သံသယဖြစ်ခဲ့ဖူးသည်။ ယခုတွင်မူ သူမတို့ ပို၍ သံသယဝင်လာပေပြီ။
ဟယ်နုန်ယင်းသည် သူမတစ်ဘဝလုံးတွင် လူတစ်ယောက်ကိုသာ ချစ်ဖူးသည်။ ထိုသူမှာ ကျန်းရီပင်။ ယင်းမူဟယ်ယွီနှင့် ပတ်သက်၍ ပြဿနာတစ်ခု ရှိနေပြီးပေပြီ။ ယခုတွင် ပြဿနာက ပိုကြီးမားလာပြီဖြစ်သည်။ မူဟယ်ယွီက ကျန်းရီဖြစ်နိုင်ခြေ အလွန်များပေသည်။
သို့သော်...
‘မူဟယ်ယွီ’က ကျန်းရီ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ တောက်မင်နှင့် သခင်မလေးကုန်းယန်တို့က ထုတ်ပြောမည် မဟုတ်ချေ။ ကျန်းရီ၏ လုပ်ပုံကိုင်ပုံများကို သူမတို့ ကောင်းစွာသိသည်။ သူမတို့သာ ထုတ်ပြောလိုက်လျှင် အသက်အန္တရာယ် ကြုံရပေလိမ့်မည်။
ကျန်းရီသည် ဟယ်နုန်ယင်းကို ဆွဲခေါ်၍ တောင်ထိပ်ပေါ်သို့ ခုန်တက်၍ သွားလိုက်၏။ သူ တောင်ထိပ်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ထိုနေရာက သူ ရှိခဲ့သော တောင်ထိပ်နှင့် ဆင်တူကြောင်း သိလိုက်ရသည်။ သူနှင့် ဟယ်နုန်ယင်းတို့ ခါးသက်သက် ပြုံးလိုက်ကြပြီး ဉာဏ်ကောင်းသူများက သူတို့သာ မဟုတ်ကြောင်း တွေးလိုက်ကြလေသည်။
သခင်လေးတစ်စုသည် ဟယ်နုန်ယင်း၏ လက်ကို မနာလိုမှုများနှင့် ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာထားများ အရုပ်ဆိုးလာသည်။ အားလုံးသည် ထိုပန်းပွင့်လေးကို သွားရည်ယိုနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် မူမျိုးနွယ်မှ သုံးစားမရသော သခင်လေးက သူမကို ရသွားလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။
ကျန်းရီသည် သူတို့ကို လျစ်လျူရှုကာ တောက်မင်နှင့် သခင်မလေးကုန်းယန်တို့ကို ကြည့်လိုက်၏။ သူမတို့နှစ်ယောက်က အပြစ်ရှိဟန်နှင့် ခေါင်းငုံ့ထားကြသည်။ သူမတို့က သူမည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်နေလောက်ပြီဖြစ်ကြောင်း ကျန်းရီသိလိုက်သည်။ သို့သော် သူ ဟန်ပင်ဆောင်မနေတော့ဘဲ အေးစက်စက် ပြောလိုက်လေသည်။
“တောက်မင်... တခြားသူတွေ ဘယ်မှာလဲ”
ကျန်းရီ၏အသံက မူဟယ်ယွီ၏အသံပင်။ သို့သော် သူ့လေသံက ယခင်ကနှင့် ကွဲပြားနေသည်။ မူမျိုးနွယ်က တောက်မျိုးနွယ်၏ လက်ပါးစေဖြစ်သည်။ သို့သော် သူ့လေသံအရမူ တောက်မင်က မူဟယ်ယွီ၏ အစေခံဖြစ်နေသကဲ့သို့ပင်။၊
သခင်လေးများနှင့် သခင်မလေးများ အံ့အားသင့်သွားကြ၏။ သူတို့သည် တောက်မင်တစ်ယောက် ဒေါသူပုန်ထသွားလိမ့်မည်ဟု တွေးလိုက်ကြသည်။ သို့ရာတွင် မမျှော်လင့်ထားဘဲ တောက်မင်က ခါးသီးစွာ ပြောလိုက်လေသည်။
“သွားပြီ။ သူတို့က ထွက်သွားတာ နှစ်ရက်ရှိပြီ။ ဟင်းဟင်း... သခင်လေးမူ ရှင် ကောင်းကင်ဘုံခုံရုံးကို လိုချင်ရင် မြန်မြန်လုပ်မှရလိမ့်မယ်”
သခင်လေးများနှင့် သခင်မလေးများ မျက်လုံးပြူးသွားကြပြီး ကျန်းရီကို ကြည့်ကာ ကွဲပြားမှုအချို့ကို စူးစိုက်ကြည့်လိုက်ကြ၏။ တောက်မင်က သူ့ကို ယဉ်ကျေးစွာ ပြောနေသည်လော။ ထို့ပြင် မူဟယ်ယွီက ကောင်းကင်ဘုံခုံရုံးအတွက် တိုက်ခိုက်လိုသည်လော။ ယင်းက ဟာသတစ်ခုလော။
“သူတို့ သွားတာ နှစ်ရက်ရှိပြီလား”
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ နှစ်ယောက်စလုံး အတန်ငယ် တုန်လှုပ်သွားကြ၏။ ကျန်းရီသည် တစ်ခဏမျှ တွေးတောကာ အေးစက်စက် မေးလိုက်သည်။
“လမ်းတစ်လျှောက်က အခက်အခဲတွေကို ဘယ်သူက ဖြတ်ကျော်ပေးခဲ့တာလဲ”
“ဟင်းဟင်း...”
တောက်မင်က ခပ်လှောင်လှောင် ရယ်လိုက်၏။
“သခင်လေးမူ... ဒီလောကထဲမှာ ဉာဏ်ကောင်းတဲ့သူက ရှင်တစ်ယောက်ပဲ ရှိတာ မဟုတ်ဘူး။ စစ်သူကြီးရှားက မိုးပြာမဟာဧကရာဇ်ရဲ့ တပည့်ပဲ၊ ပြီးတော့ ဉာဏ်လည်းအရမ်းကောင်းတယ်။ သူက အဲ့အခက်အခဲတွေကို အလွယ်လေး ဖြတ်ကျော်နိုင်တယ်၊ သူ့အတွက် အဲ့ဒါတွေက ဖုန်ခါသလောက်ပဲ။ အခု သူတို့က စတုတ္ထအထပ်ကိုလည်း ဖြတ်ကျော်ပြီးလောက်ပြီ။ ကောင်းကင်ဘုံခုံရုံးလည်း ပိုင်ရှင်အသစ် ရတော့မှာပဲ”
“ရှားယွီလား”
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ အံ့အားသင့်သွားကြ၏။ အစတွင် သူတို့သည် အခက်အခဲများကို ဖြတ်ကျော်နိုင်ခဲ့သူက ခွမ်ဟူ သို့မဟုတ် ယန်ချီ သို့မဟုတ် လင်းဖေးရှန်း ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ ရေဘုံမှ မင်းသမီး ဖြစ်နေလိမ့်မည်ဟုတော့ မျှော်လင့်မထားကြပေ။
ယင်းအပြင် ရှားယွီက အားစိုက်ထုတ်ရန်ပင် မလိုခဲ့သည်လော။
ကျန်းရီက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ လမ်းညွှန်ချက်များကို ရထားသည်။ သို့သော် သူ များစွာအားစိုက်ထုတ်ခဲ့ရသေးသည်။ ထိုစစ်သူကြီးရှား၏ ဉာဏ်ရည်က အဘယ်သို့ ထိုမျှကောင်းနေရသနည်း။
“သွားကြစို့...”
ကျန်းရီ မေးခွန်းများစွာ ဆက်မေးမနေလိုတော့ပါ။ သူ နောက်လှည့်၍ ဟယ်နုန်ယင်းကို ခေါ်ကာ ဝင်ပေါက်ကို ရှာရန် ထွက်သွားလိုက်သည်။ သို့သော် ယန်မျိုးနွယ်မှ သခင်လေးတစ်ယောက်က အတန်ငယ် မကျေနပ်ဟန်နှင့် အေးစက်စက် ရေရွတ်လိုက်၏။
“ထိပ်ကိုရောက်ဖို့ ဟယ်မျိုးနွယ်ရဲ့ ခြေထောက်ကို ဖက်ပြီး မိန်းမတစ်ယောက်ရဲ့ ဂါဝန်အောက်မှာ ဒူးထောက်တာ... အဲ့ဒါကိုတောင် သူက သူ့ကိုယ်သူ အရေးပါတဲ့လူတစ်ယောက်လို့ ထင်နေသေးတယ်”
“ဟင်...”
ကျန်းရီ ခြေလှမ်းရပ်လိုက်၏။ သူ့သတ်ဖြတ်အရှိန်အဝါလည်း ထိုးထွက်လာသည်။ သူ အရှက်ခွဲခံရခြင်းကို စိတ်မရှိပါ။ သို့သော် ဟယ်နုန်ယင်းအား စော်ကားခြင်းကိုတော့ သူ လက်မခံနိုင်ပေ။ သူ နောက်လှည့်၍ ထို ယန်မျိုးနွယ်မှ သခင်လေးကို စူးစိုက်ကြည့်လိုက်၏။
“မင်းက သေချင်လို့လား။ ငါ မင်းရဲ့ဆန္ဒကို ဖြည့်ပေးရမှာပေါ့”
ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက မည်မျှကြောက်မက်ဖွယ်ကောင်းပါသနည်း။ သာမန် အုပ်ချုပ်သူအဆင့် သခင်လေးတစ်ယောက် မဆိုထားနှင့် တိုက်ပွဲပေါင်းရာချီကို တိုက်ခိုက်ခဲ့သော စစ်သူကြီးတစ်ယောက်ပင် သူ့သတ်ဖြတ်အရှိန်အဝါကို ခံနိုင်မည် မဟုတ်ပါ။
ယန်မျိုးနွယ်မှ ထိုသခင်လေးသည် အလွန်ကြောက်ရွံ့သွားပြီး မျက်နှာပျက်သွား၏။ သူ့ခြေထောက်များလည်း ပျော့ခွေသွားကာ သူ တောင်ထိပ်ပေါ်တွင် လဲကျသွားမလို ဖြစ်သွားသည်။ အခြား သခင်လေးများနှင့် သခင်မလေးများကလည်း စွမ်းအားကြီး ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ကြောက်ရွံ့တိတ်ဆိတ်ကုန်ကြသည်။
“ထားလိုက်ပါ...”
ဟယ်နုန်ယင်းက ညင်သာစွာ ခေါင်းခါ၍ တားလိုက်သဖြင့် ကျန်းရီ သူ့သတ်ဖြတ်အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်၏။ သူ လူအုပ်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဟယ်နုန်ယင်းကို ခေါ်ကာ တောင်အောက်သို့ ဆင်းသွားလိုက်လေသည်။
ဟူး...
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ အဝေးတွင် ပျောက်ကွယ်သွားမှာ အားလုံး စိတ်သက်သာရာရသွားကြသည်။ လူများစွာသည် သက်ပြင်းရှည်များ မှုတ်ထုတ်လိုက်ပြီး သူတို့ ငရဲဂိတ်တံခါးမှ ပြန်လှည့်လာနိုင်သလို ခံစားလိုက်ကြရသည်။ အစောတွင် ကျန်းရီ သတ်ဖြတ်အရှိန်အဝါကို ထုတ်လွှတ်ခဲ့စဉ်က အားလုံးသည် တမလွန်ဘုံမှလာသော ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါးနှင့် တွေ့ကြုံလိုက်ရသလို ခံစားခဲ့ရပေသည်။
“မူဟယ်ယွီက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက်စွမ်းအားကြီးလာရတာလဲ။ သူ့ရဲ့ သတ်ဖြတ်အရှိန်အဝါက အားကောင်းလိုက်တာ၊ အရမ်းကြောက်စရာကောင်းတာပဲ”
သခင်မလေးတစ်ယောက်က သူမ၏ရင်ဘတ်ကို ဖိ၍ နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။ ထိုအခါ တောင်မင်က အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
“မူဟယ်ယွီက ဘယ်လိုလူစားမျိုးလည်းဆိုတာ နင်မသိဘူးလား။ သူက လုံးဝ မူဟယ်ယွီ မဟုတ်ဘူး။ အစောတုန်းက ဟယ်နုန်ယင်း ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါတို့ အားလုံး အသတ်ခံလိုက်ရမှာ။ ယန်လီ... ရှင်က မဆင်မခြင် လုပ်တတ်လွန်းတယ်”
“မူဟယ်ယွီ မဟုတ်ဘူးလား”
အားလုံး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူတို့၏စိတ်ထဲတွင် အမည်တစ်ခု ထွက်ပေါ်လာသည်။ ယန်လီက အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလိုက်သည်။
“သူ..သူက ကျန်းရီလား”
“ရှင်က ထင်ရသလောက်လည်း မတုံးဘူးပဲ”
တောင်မင်က ယန်လီကို ကြည့်၍ ပြောလိုက်ရာ အားလုံး တုန်လှုပ်သွားကြ၏။ သခင်လေးများ တီးတိုး ဆဲဆိုလိုက်ကြသည်။ လှပသော ပန်းပွင့်လေး ဟယန်ုန်ယင်းက ကျန်းရီ၏ ဖျက်ဆီးမှုကို ခံလိုက်ရပြီလော။ ယင်းမှာ ကမ္ဘာဦးကောင်းကင်ဘုံမှ သခင်လေးအားလုံးကို အရှက်ခွဲခြင်းပင်။
သို့သော်...
မည်သူကမှ မဆင်မခြင် မလုပ်ရဲတော့ပါ။ ကျန်းရီ၏ ဂုဏ်သတင်းမှာ ချဲ့ကားထားသော ဂုဏ်သတင်းမဟုတ်ပေ။ သူက အမှန်ပင် လူများစွာကို သတ်ခဲ့သည်။ ထို့ကြောင့် သူတို့ ကျန်းရီနှင့် တိုက်ခိုက်ရန် သတ္တိမရှိကြချေ။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့”
တောက်မင်သည် တစ်ခဏမျှ တွေးတော၍ အေးစက်စက် ပြောလိုက်၏။
“စစ်သူကြီးရှားက အရမ်းဉာဏ်ကောင်းပြီး အစီအရင်အပိုင်းမှာ ကျွမ်းကျင်ပါတယ်။ အဲ့ဒါကို ရှင်တို့လည်း ကိုယ်တိုင် မြင်ခဲ့ရတာပဲ။ သူက အထပ်သုံးထပ်ကို အားတောင်စိုက်မထုတ်ရဘဲ ဖြတ်ကျော်ခဲ့တာ။ အခုလောက်ဆို သူ စတုတ္ထထပ်ကိုလည်း ဖြတ်ကျော်ပြီးလောက်ပြီလို့ ကျွန်မထင်တယ်။ သူသာ ကောင်းကင်ဘုံခုံရုံးကို ရသွားရင် ကျန်းရီ ပိတ်မိသွားလိမ့်မယ်။ သူ ထွက်ပြေးချင်ရင်တောင် ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး။ မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဘုံခုံရုံးအပြင်ကို ရောက်နေလောက်ပြီ။ ဒီတစ်ကြိမ် ကျန်းရီ သေချာပေါက် သေရမှာပဲ”
“ဟုတ်တယ်... ဟုတ်တယ်...”
အားလုံး လက်ခံလိုက်ကြ၏။ ရှားယွီ၏ ဉာဏ်ရည်က သူတို့ကို လုံးဝယုံကြည်မှု ရှိနေစေသည်။ ရှားယွီက မိုးပြာမဟာဧကရာဇ်၏ တပည့်ဖြစ်ပြီး အင်အားသန်းနှစ်ဆယ်စစ်တပ်နှင့် ကောင်းကင်စကြဝဠာဘုံကို သိမ်းနိုင်ခဲ့ရာ အမှန်ပင် ထူးကဲသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားပေသည်။
အားလုံး၏ ရင်ထဲတွင် ထိုမိန်းမပျိုလေး၏ ဉာဏ်ရည်က အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ကောင်းကင်ဘုံခုံရုံးကို သေချာပေါက် သူမကသာ ရသွားပေလိမ့်မည်။
***
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် တတ်နိုင်သမျှ အမြန်ဆုံး ပြေးသွားနေကြ၏။ နေ့တစ်ဝက်ကြာပြီးနောက် သူတို့ ဝင်ပေါက်ကို ရှာတွေ့သွားကြသည်။ သို့သော် ထိုဝင်ပေါက်ကို သံချပ်ဝတ်မိစ္ဆာဝံပုလွေတစ်အုပ်က ဝန်းရံထားသည်။
“လင်းဖေးရှန်းနဲ့ ဧကရာဇ်ငယ်ရွေလည်း ဝင်သွားကြပြီ”
ကျန်းရီက အလွန်သေချာစွာ ပြောလိုက်၏။ တောက်မင်နှင့် အခြားသူများ ရှိနေသော တောင်အောက်တွင် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ၏ အလောင်းများ ရှိနေသည်။ ၎င်းတို့က ရှားယွီတို့ မျှားခေါ်၍ သတ်ပစ်ခဲ့သော သံချပ်ဝတ်မိစ္ဆာဝံပုလွေအုပ် ဖြစ်မည်။
သို့ဖြစ်ရာ ဝင်ပေါက် ပတ်ပတ်လည်တွင် သံချပ်ဝတ်မိစ္ဆာဝံပုလွေများ ဝန်းရံနေခြင်းအတွက် ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေများက လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့နောက်သို့ လိုက်ခဲ့သော ဝံပုလွေအုပ်ဖြစ်ရမည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က စတုတ္ထအထပ်သို့ တက်သွား၍ ထိုသံချပ်ဝတ်မိစ္ဆာဝံပုလွေများက ဤနေရာတွင် ကျန်ခဲ့ခြင်း ဖြစ်ပေမည်။
“သတ်...”
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် မာန်သွင်း၍ ဝင်ပေါက်ဆီသို့ ပြေးသွားကြ၏။ ကျန်းရီက ဓားဝှေ့ယမ်းလိုက်ပြီး ဟယ်နုန်ယင်းက နောက်မှနေ၍ ကူညီပေးသည်။ သူတို့နှစ်ယောက်သည် သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တစ်ကောင်ပြီးတစ်ကောင် သတ်၍ လမ်းကြောင်းတစ်ခု ဖော်လိုက်သည်။ တစ်နာရီကြာပြီးနောက်တွင် သူတို့ ဂူဝင်ပေါက်သို့ ရောက်သွားကြလေသည်။
“ဝင်မယ်...”
ကျန်းရီသည် ဓားကို လေထဲတွင် ဝှေ့ယမ်း၍ သံချပ်ဝတ်မိစ္ဆာဝံပုလွေများကို တားလိုက်၏။ ဟယ်နုန်ယင်းက ဝင်ပေါက်ထဲ ဝင်ပြီးမှ ကျန်းရီ တိုက်ခိုက်ရင်း နောက်ဆုတ်ဝင်လိုက်သည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် ယဇ်စင်ပေါ် တစ်ချိန်တည်းတက်လိုက်ကြပြီး တတိယထပ်မှ ပျောက်ကွယ်သွားကြလေသည်။
***