← Chapters

သေရန် ထိုင်စောင့်နေရမည်

Vol. 140 Ch. 1953

သေရန် ထိုင်စောင့်နေရမည်

Vol. 140 Ch. 1953

“ထင်ထားသလိုပဲ”

စတုတ္ထထပ်သို့ ရောက်သောအခါ ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က စတုတ္ထထပ်အတွက် စကားတစ်ခွန်းသာ ပြောခဲ့သည်။ မိမိဘာသာ ဖောက်ထွက်ရမည်။

ထိုစကား၏ အဓိပ္ပာယ်မှာ ဤအထပ်တွင် ဖြတ်လမ်းမရှိဟူ၍ပင်။ သူတို့ ဝင်ပေါက်သို့ ရောက်လိုလျှင် မိမိကိုယ်တိုင် ဖောက်ထွက်ရမည်။ ဤအထပ်မှာ တောအုပ်တစ်ခုပင်။ တောအုပ်သည် မျက်စိတစ်ဆုံးအထိ ဆန့်တန်းနေပေသည်။ ဟယ်နုန်ယင်းသည် လှည့်ပတ်ကြည့်လိုက်ပြီ သူတို့ အသူရာတောင်ပေါ်သို့ ပြန်ရောက်သွားသလောဟု တွေးလိုက်မိ၏။

စတုတ္ထအထပ်တွင် အသူရာတောင်ပေါ်မှာကဲ့သို့ သစ်ပင်များနှင့် သစ်ပင်မိစ္ဆာများ ပြည့်နှက်နေသည်။

ကျန်းရီနှင့် ဟယ်နုန်ယင်းတို့က တောထဲရှိ မြေကွက်လပ်တစ်ခုတွင် ရှိနေကြသည်။ သူတို့ပတ်ပတ်လည်တွင် ဆူးချုံများနှင့် သစ်ပင်များ ရှိနေသည်။ လမ်းကြောင်းတစ်ခုမှ မရှိပါ။ အကယ်၍ သူတို့ ဝင်ပေါက်ကို ရှာလိုလျှင် သစ်ပင်မိစ္ဆာများကို ဖြတ်ကျော်သွားရပေမည်။

ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခါးသက်သက် ပြုံးလိုက်ကြ၏။ ကျန်းရီသည် ဟယ်နုန်ယင်းကို နူးညံ့စွာ ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“နုန်ယင်း... ဒီအထပ်မှာ ခက်ခက်ခဲခဲ တိုက်ခိုက်ရမှာ။ ကိုယ် မီးအရင်းအမြစ်ကို သုံးရလိမ့်မယ်။ အဲ့တော့ ကိုယ့်မှာ ရွေးချယ်စရာမရှိဘူး၊ နုန်ယင်းကို ဆောင်းဥတုပုလဲထဲ ထည့်ထားရမှာပဲ”

“အွန်း..”

ဟယ်နုန်ယင်း သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူမ ကျန်းရီနှင့်အတူ သွားလိုသည်။ သို့သော် ကောင်းကင်ဘုံခုံရုံးက ပို၍အရေးကြီးသည်။ သူမသည် အကျိုးအကြောင်း မကြည့်တတ်သူ မဟုတ်ရာ သဘောတူလိုက်ပေသည်။

သို့သော်...

ကျန်းရီ ဆောင်းဥတုပုလဲကို ထုတ်လိုသော်လည်း ၎င်းက ထွက်မလာဘဲ သိုလှောင်လက်စွပ်ကသာ လင်းလက်၍ လာ၏။ ဟယ်နုန်ယင်းသည်လည်း ငွေလေးကို ထုတ်၍မရကြောင်း သိလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံး မှင်တက်သွားကြလေသည်။

ဤနေရာက ထူးဆန်းလွန်းသည်။ တတိယထပ်တွင် ကျန်းရီတို့ သိုလှောင်လက်စွပ်များကို ပြန်သုံးနိုင်ခဲ့သည်။ သို့သော် စတုတ္ထထပ်သို့ ရောက်သောအခါ မသုံးနိုင်တော့ချေ။

“ကျွန်မတို့မှာ ရွေးချယ်စရာမရှိတော့ဘူး။ အစွမ်းကုန် တိုက်ခိုက်ရတော့မှာပဲ”

ဟယ်နုန်ယင်း ဝမ်းမြောက်သွားသည်။ သူမ သေရမည်ကို မကြောက်ပေ။ အသက်ရှင်ရမည့် အချိန်မှာလည်း သိပ်မကျန်တော့ပါ။ ထို့ကြောင့် ကျန်းရီနှင့် အချိန်ပိုကုန်ဆုံးရလျှင် သူမ ကျေနပ်ပေသည်။

‘လခွမ်း...လခွမ်း...’

ကျန်းရီ စိတ်ထဲမှ ဆဲလိုက်၏။ ဟယ်နုန်ယင်းကို ဆောင်းဥတုပုလဲထဲ မထည့်နိုင်တော့ရာ သူမ သူနှင့်အတူ လိုက်၍သာ ဒုက္ခခံရပေလိမ့်မည်။ ဟယ်နုန်ယင်းက ငွေလေးကို မထုတ်နိုင်ချေ။ သို့ဖြစ်ရာ သူမ၏ တိုက်ခိုက်စွမ်းအားက များစွာလျော့ကျနေပေလိမ့်မည်။ သူ့လက်နက်များကလည်း သိုလှောင်လက်စွပ်ထဲတွင် ဖြစ်သည်။ တော်သေးသည်မှာ သူ သတိရှိရှိနှင့် နတ်ဘုရားသစ်ရွက်ကို အင်္ကျီလက်ထဲတွင် ထည့်ထားခဲ့၍ပင်။ မဟုတ်လျှင် အခြေအနေများက ပိုဆိုးသွားမည်ဖြစ်သည်။

“ဟူး...”

များစွာတွေးတောနေ၍ အကျိုးမရှိပါ။ ကျန်းရီ အစွမ်းကုန် သုံး၍ ဖောက်ထွက်ရန်သာ ရှိတော့သည်။ သူ အရှေ့ကို ကြည့်ကာ အံကြိတ်လိုက်သည်။

“နုန်ယင်း... နောက်ကလိုက်ခဲ့ပါ။ ကိုယ့်အနားကို သိပ်မကပ်နဲ့။ ကိုယ် မီးအရင်းအမြစ်ကို ထုတ်လိုက်ရင် အပူချိန်က အရမ်းမြင့်လာလိမ့်မယ်။ နုန်ယင်း သတိထားပါ”

“အွန်းပါ...”

ဟယ်နုန်ယင်း ခေါင်းညိတ်လိုက်၏။ ကျန်းရီက သစ်ပင် ကျဲပါးသော ဘက်တစ်ဘက်ကို ရွေးကာ ထိုဘက်သို့ ဦးတည်သွားလိုက်သည်။

သစ်ပင်မိစ္ဆာများ အနီးသို့ ရောက်သောအခါ ကျန်းရီ အရှိန်လျှော့ချ၍ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။ သူ မျှော်လင့်ထားသလိုပင် သစ်ပင်ကြီးတစ်ပင်နှင့် ပေသုံးရာအကွာသို့ ရောက်သောအခါ သစ်ပင်ကြီး၏ သစ်ကိုင်းများက သူ့ထံသို့ အံ့အားသင့်ဖွယ်အရှိန်နှင့် ပျံထွက်လာလေသည်။

“ကျား...”

ကျန်းရီသည် ကောင်းကင်စွမ်းအား ထုတ်လွှတ်လိုက်၏။ ထိုကောင်းကင်စွမ်းအားက ထောင်ချီသော ဓားအလင်းများအဖြစ် ပြောင်းလဲ၍ အရှေ့သို့ ပျံထွက်သွားကြသည်။ သို့သော် ကျင့်ကြံခြင်းအဆင့်တွင် သူက အုပ်ချုပ်သူအဆင့်သာ ရှိသေးသည်။ ထို့ကြောင့် သူ့ကောင်းကင်စွမ်းအားက အားနည်းနေသည်။ သူ့ဓားအလင်းများက သစ်ကိုင်းများကို ထိမှန်သွားသောအခါ သတ္တုချင်း ထိတွေ့သံများ ထွက်ပေါ်လာသည်။ သို့သော် သစ်ကိုင်းများက မည်သို့မှ မထိခိုက်သွားသလို အနောက်သို့ပင် ရွေ့မသွားကြချေ။

ကျန်းရီထံတွင် ဝှက်ဖဲများစွာ ရှိ၏။ သို့သော် ၎င်းတို့အများစုက ထိုသစ်ပင်မိစ္ဆာများနှင့် ယှဉ်ရာတွင် အသုံးမဝင်ပေ။ ဥပမာအားဖြင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က လုံးဝ အသုံးမဝင်ချေ။

ကျန်းရီ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်နေသေးပြီး သူ အနှစ်သာရအနည်းငယ်ကိုသာ သိမြင်နားလည်ထားသေးသည်။ ယခင်တွင် သူ ကောင်းကင်စမ်းရေစည်းချက်ကိုသာ နားလည်ခဲ့သည်။ နောက်ပိုင်းမှ လျှပ်စီးအနှစ်သာရကို နားလည်ခဲ့သည်။ ထို့ကြောင့် သစ်ကိုင်း ဒါဇင်ကျော်က သူ့ဆီ ရွေ့လျားလာသည်ကို တွေ့သောအခါ သူ ရွေးချယ်စရာ မရှိတော့ဘဲ မီးအရင်းအမြစ်ကို ထုတ်လိုက်ရလေသည်။

မိုးမြေ၏ ဓာတ်ကြီးငါးပါးက အချင်းချင်း အပြန်အလှန် ထောက်ပံ့နေသလို ဟန့်လည်းဟန့်တားထားကြသည်။

မီးက သစ်သားကို နိုင်သည်။ ထို့ကြောင့် မီးအရင်းအမြစ်က သစ်ပင်မိစ္ဆာများကို နိုင်လောက်ပေသည်။ ကျန်းရီ၏ လက်က အနီရောင်အလင်း လင်းလက်လာ၏။ ထို့နောက် သူ့အနောက်ရှိ ဟယ်နုန်ယင်းကို အော်ပြောလိုက်သည်။

“နုန်ယင်း.. သတိထား။ အနောက်ကို နည်းနည်းလောက် ထပ်ဆုတ်လိုက်”

ဟယ်နုန်ယင်း လျင်မြန်စွာ ပြန်ဆုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူမ ကောင်းကင်စွမ်းအား လှည့်ပတ်ကာ သူမခန္ဓာကိုယ်ပတ်ပတ်လည်တွင် ကောင်းကင်စွမ်းအားဒိုင်းတစ်ခု ဖန်တီးလိုက်လေသည်။

ရွှစ်..ရွှစ်...

ကျန်းရီသည် မီးအရင်းအမြစ်မီးတောက်လုံး တစ်လုံးကို ထုတ်လွှတ်လိုက်၏။ မီးအရင်းအမြစ် ထွက်ပေါ်လာသည့်အခိုက်တွင် ပတ်ဝန်းကျင်လေထုက အလွှာလိုက် တွန့်ခေါက်သွားသည်။ ကြောက်မက်ဖွယ် အပူလှိုင်းတစ်လှိုင်းလည်း အရှေ့သို့ ထွက်သွားပြီး ရွေ့လျားလာသည့် သစ်ကိုင်း ဒါဇင်ကျော်ကို ပြာချပစ်လိုက်သည်။ သို့သော် သစ်ပင်မိစ္ဆာက လျင်မြန်စွာ တုံ့ပြန်၍ ၎င်း၏ သစ်ကိုင်းများကို ရုတ်ခြည်း ပြန်ရုတ်လိုက်သည်။

“ဟွန်း...”

ကျန်းရီ နှာမှုတ်၍ ရုတ်တရက် မီးအရင်းအမြစ်ကို အရှေ့သို့ ဆက်တွန်းလိုက်၏။ မီးအရင်းအမြစ်သည် သစ်ကိုင်း ဒါဇင်ကျော်ကို ပြာချပြီးနောက် သစ်ပင်ကြီးကို ထိမှန်သွားသည်။ သစ်ပင်ကြီးသည် ရုတ်ခြည်း မီးလောင်သွားပြီး ထက်ခြမ်းကျိုးသွားသည်။ မီးအရင်းအမြစ်မှာမူ စွမ်းအင်များစွာ မကုန်သေးသဖြင့် အရှေ့သို့ ဆက်ပျံသန်းသွားပြီး ပတ်ဝန်းကျင်းရှိ ဆူးချုံများနှင့် မြက်ပင်များကို ပြာဖြစ်သွားစေလိုက်သည်။ အရှေ့မှ သစ်ပင်အချို့မှာလည်း စတင် မီးလောင်ကျွမ်းလာသည်။

“ကြောက်စရာပဲ...”

ဟယ်နုန်ယင်း၏ တစ်ကိုယ်လုံး ပူပြင်းနေ၏။ သူမက အဝေးတွင် ရှိနေပြီး သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဒိုင်းတစ်ခု ရှိနေ၍သာ တော်သေးသည်။ သို့ပင်လျှင် သူမ၏ခန္ဓာကိုယ်ကို အပူလှိုင်းများက လွှမ်းခြုံထားပေသည်။

ဝှစ်...

ကျန်းရီသည် ချက်ချင်း ပြန်ဆုတ်၍ ဟယ်နုန်ယင်းဘေးသို့ ပြန်သွားလိုက်၏။ ထို့နောက် နတ်ဘုရားသစ်ရွက်ကို ထုတ်၍ သူမ၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။ သို့သော် အပူချိန်က မလျော့ကျသေးသဖြင့် ဟယ်နုန်ယင်းတစ်ယောက် မြင့်မားသော အပူချိန်နှင့် အကင်ခံနေရသည်ကို သူ ကြည့်၍သာ နေရလေသည်။

“နုန်ယင်း ဒီနတ်ဘုရားသစ်ရွက်ကို သန့်စင်လိုက်ပါ”

ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် နတ်ဘုရားသစ်ရွက်ပေါ်ရှိ သူ၏ဝိညာဉ်အမှတ်အသားကို ဖျက်ကာ ၎င်းကို ဟယ်နုန်ယင်းအား ပေးလိုက်သည်။ နတ်ဘုရားသစ်ရွက်က မီးဒဏ်ကို ကာမပေးနိုင်သော်လည်း အနည်းဆုံးတော့ ဟယ်နုန်ယင်း၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနိုင်ပေသည်။

“မလိုပါဘူး”

ဟယ်နုန်ယင်းသည် နတ်ဘုရားသစ်ရွက်ကို ကျန်းရီအား ပြန်ပေး၍ ပြောလိုက်၏။

“အခု ရှင် လမ်းကြောင်းတစ်ခု ဖော်နိုင်လိုက်ပြီ။ ကျွန်မ ဝေးဝေးကနေ လိုက်လာပါမယ်၊ ကျွန်မ ထိခိုက်မှာ မဟုတ်ပါဘူး။ နတ်ဘုရားသစ်ရွက်ကို ရှင်ပဲ ယူထားလိုက်ပါ။ ရှင် အရှေ့မှာ ရှိနေရင် ကျွန်မက ဘယ်လိုလုပ် ထိခိုက်နိုင်မှာလဲ”

“အဲ့ဒါတော့ ဟုတ်တယ်”

ကျန်းရီသည် ခေတ္တမျှ တွေးတော၍ နတ်ဘုရားသစ်ရွက်ကို ပြန်ယူထားလိုက်၏။ ထို့နောက် သူ အဝေးကို မျှော်ကြည့်ကာ အတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက လမ်းကြောင်းတစ်ခု ဖော်၍ သစ်ပင် ငါးပင်၊ ခြောက်ပင်ကို မီးရှို့ခဲ့သော်လည်း သစ်ပင်များက များစွာ ရှိနေသေးသည်။ ထို့ပြင် ၎င်းတို့က အလွန်မာကြောသည်။ မီးအရင်းအမြစ်မီးတောက်တစ်လုံးက သစ်ပင်အနည်းငယ်ကိုသာ ဖျက်ဆီးနိုင်သည်။ အကယ်၍ စတုတ္ထထပ်က အလွန်ကျယ်နေလျှင် သူ့မီးအရင်းအမြစ်က လုံလောက်မည် မဟုတ်ချေ။

ယခု ကျန်းရီ မည်သို့ လုပ်ရမည်နည်း။

အားသုံး၍ ဖောက်ထွက်ရန်သာ ရှိတော့သည်။ ကျန်းရီ အံကြိတ်လိုက်ပြီး အရှေ့သို့ ပြေးသွားကာ မီးအရင်းအမြစ်ကို သုံး၍ လမ်းကြောင်းကို ဆက်ဖော်လိုက်၏။ သူ မီးအရင်းအမြစ်ကို သုံးလိုက်သည်နှင့် များစွာပြောနေရန် မလိုတော့ပေ။ မီးလုံးတစ်လုံးက သူ့အရှေ့မှ သစ်ပင်များကို လောင်မြိုက်ပစ်ရန် လုံလောက်သည်။ ထို့ကြောင့် ပေရာကျော် ရှည်လျားသော လမ်းကြောင်းတစ်ခုကို အလွယ်တကူ ဖော်လိုက်နိုင်ပေသည်။

နောက်ပိုင်းတွင် ကျန်းရီ ပိုဉာဏ်ကောင်းလာ၏။ သူ မီးအရင်းအမြစ်ကို ပိုနည်းနည်းသာ သုံးလာသည်။ မီးအရင်းအမြစ် အရွယ်အစားက စပါးစေ့တစ်စေ့အရွယ်ပင် ဖြစ်နေပါစေ သစ်ပင်တစ်ပင်ကိုတော့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။ သစ်ကိုင်းများ မရှိတော့လျှင် သစ်ပင်မိစ္ဆာများက မည်သို့မှ တိုက်ခိုက်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ၎င်းတို့ကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်သည်။

ဟယ်နုန်ယင်းသည် ကျန်းရီ၏ အနောက်ဘက် ပေသောင်းကျော် အကွာမှနေ၍ လိုက်လာ၏။ ထိုအကွာအဝေးမှာပင် အပူချိန်က မြင့်မားနေသေးသည်။ သို့သော် သူမ ကျန်းရီနှင့်လည်း အလွန်ဝေးစွာ ခွာမနေလိုပေ။

ဟယ်နုန်ယင်းသည် ကျန်းရီကို တိတ်တဆိတ် ကြည့်နေလို၏။ သူ၏ အခက်အခဲတိုင်းကို သူမ မြင်လိုသည်။ သူ၏ မရပ်တန့်နိုင်သည့်ပုံစံကို သူမ၏ စိတ်ထဲတွင် စွဲနေလိုပေသည်။

***

ရှားယွီနှင့် အခြားသူများ စတုတ္ထထပ်သို့ ရောက်နေသည်မှာ နှစ်ရက်ကျော်ခဲ့ပြီဖြစ်သည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ ရောက်နေသည်မှာလည်း ကြာပေပြီ။ စတုတ္ထထပ်ပြီးလျှင် နောက်ဆုံးထပ်ဖြစ်သည်။ ကောင်းကင်ဘုံခုံရုံး၏ ဗဟိုချက်က ပဉ္စမထပ်တွင် ဖြစ်သည်။ အကယ်၍ ရှားယွီ သို့မဟုတ် လင်ဖေးရှန်းတို့က ၎င်းကို ရသွားလျှင် ကျန်းရီတစ်ယောက် မျက်နှာပျက်ရရုံသာမက အသက်လည်း ဆုံးရှုံးရပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံးထဲမှ အစီအရင်များက မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ ရှားယွီ သို့မဟုတ် လင်းဖေးရှန်းက မရေမတွက်နိုင်သော သစ်ပင်မိစ္ဆာများကို အသုံးပြု၍ ကျန်းရီကို ဝိုင်းတိုက်စေလျှင် ကျန်းရီ သေရန်သာ ထိုင်စောင့်နေရပေလိမ့်မည်။

ထို့ကြောင့် ကျန်းရီသည် လမ်းတစ်လျှောက်တွင် အနားမယူလိုပေ။ သူ သစ်ပင်မိစ္ဆာများကို မီးရှို့၍ လမ်းကြောင်းကို အဆက်မပြတ် ဖော်နေသည်။ သို့သော် အရပ်မျက်နှာကို မခွဲနိုင်၍ သူ စိတ်ဓာတ်တော့ ကျနေပေသည်။

စတုတ္ထထပ် တစ်ခုလုံးက တောအုပ်ကြီးဖြစ်သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို ပေးခဲ့သော မြေပုံပေါ်တွင်လည်း မည်သည့်အရာကိုမှ ဖော်ပြမထားပါ။ သူ ပေဆယ်သန်းမြင့်သော တောင်တစ်လုံးကို ရှာတွေ့လျှင် ပဉ္စမအထပ်သို့ သွားနိုင်လိမ့်မည်ဟုသာ ပြောထားသည်။

သုံးရက်...

ကျန်းရီသည် သူ သစ်ပင်မိစ္ဆာမည်မျှကို မီးရှို့ခဲ့ပြီး၊ မည်မျှဝေးဝေး ပြေးခဲ့သည်ကိုပင် မသိတော့ချေ။ သို့သော် ပေဆယ်သန်းမြင့်သော တောင်ကို ရှာမတွေ့သေးပါ။ ထို့ပြင် လမ်းတစ်လျှောက်၌ ဖျက်ဆီးခံထား၇သော သစ်ပင်မိစ္ဆာများကိုလည်း မတွေ့ခဲ့ပါ။

ရှားယွီ၊ လင်းဖေးရှန်းနှင့် အခြားသူများက စတုတ္ထထပ်သို့ ရောက်နေသည်မှာ ရက်ပေါင်းများစွာ ရှိခဲ့ပေပြီ။ သူတို့လည်း ရွေးချယ်စရာမရှိဘဲ တောအုပ်ထဲတွင် သွားလာရပေလိမ့်မည်။ သို့သော် ကျန်းရီသည် သူတို့၏ ခြေရာလက်ရာတစ်ခုကိုမှ မတွေ့ခဲ့ပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေက တစ်ခုသာရှိသည်။ စတုတ္ထထပ်က တွေးမကြည့်နိုင်လောက်‌အောင် ကြီးမားပေသည်။

ကျန်းရီနှင့် ဟယ်နုန်ယင်းတို့၏ မျက်ဝန်းများ မှေးမှိန်လာသည်။ မီးအရင်းအမြစ်က အများအပြား ရှိသော်လည်း ၎င်းကို အဆက်မပြတ် သုံးနေရရာ ၎င်းကုန်သွားသည်အထိ ဝင်ပေါက်ကို ရှာမတွေ့သေးလျှင် သူတို့ သေရန် ထိုင်စောင့်နေရုံသာ ရှိပေလိမ့်မည်။

***

All Chapters