မုသားကြီး
Vol. 140 Ch. 1954
ဆယ်ရက်...
ဆယ်ရက်လုံးလုံး ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ တောအုပ်ထဲတွင် လျှောက်သွားနေခဲ့၏။ ကျန်းရီသည် တစ်ရက်ပင် မနားခဲ့ပေ။ ဟယ်နုန်ယင်းမှာလည်း သူ့နောက်မှ လိုက်လာခဲ့သည်။
နှစ်ယောက်သားသည် သူတို့ မည်မျှဝေးဝေး ပြေးခဲ့ကြောင်းကိုပင် မသိတော့ချေ။ သို့ပင်လျှင် သူတို့ ပဉ္စမထပ်၏ ဝင်ပေါက်ကို ရှာမတွေ့သေးပါ။ လင်းဖေးရှန်း၊ ရှားယွီနှင့် အခြားသူများ၏ ခြေရာလက်ရာများကိုလည်း မတွေ့ပေ။
ကျန်းရီသည် သူ၏ မီးအရင်းအမြစ် တစ်ဝက်ကျော်ကို သုံးခဲ့ရသဖြင့် ပင်ပန်းနေ၏။ ဟယ်နုန်ယင်းသည်လည်း မည်သည့်စွမ်းအားမှ မသုံးခဲ့ရသော်ငြား ကျန်းရီနောက်သို့ ဆယ်ရက်လုံးလုံး မနားမနေ လိုက်ခဲ့ရသဖြင့် အတူတူပင် ပင်ပန်းနေသည်။
အမှန်တွင် ကျန်းရီနှင့် ဟယ်နုန်ယင်းတို့၏ ကျင့်ကြံခြင်းအဆင့်များအရ သူတို့ တစ်လတိတိ ပြေးနေလျှင်လည်း ပြဿနာများစွာ ရှိမည် မဟုတ်ပါ။ သို့သော် ယခုတွင် သူတို့ စိတ်ရော၊ ကိုယ်ပါ နွမ်းနယ်နေကြသည်။ ဤကဲ့သို့ ပျင်းရိဖွယ် ရှာဖွေရမှုမျိုးက အလွန် စိတ်ကို မချင့်မရဲ ဖြစ်စေသည်။ ထို့ပြင် အချိန်ကုန်လာသည်နှင့်အမျှ ရှားယွီနှင့် လင်းဖေးရှန်းတို့၏ အောင်မြင်သွားနိုင်ခြေက တိုးလာပေလိမ့်မည်။ ထို့ကြောင့် သူတို့နှစ်ယောက် စိတ်လေး၍ လေး၍ လာပြီး ရင်ထဲတွင် အတန်ငယ် နာကျင်နေကြပေသည်။
“ထားလိုက်တော့... အရင်ဆုံး နားကြတာပေါ့”
ကျန်းရီသည် မီးအရင်းအမြစ်တန်း အနည်းငယ်ကို ပစ်လွှတ်၍ ပေတစ်သောင်းပတ်လည်အတွင်းရှိ သစ်ပင်အားလုံးကို မီးရှို့ပစ်လိုက်ပြီးနောက် ဆက်မပြေးတော့ဘဲ ဟယ်နုန်ယင်း မီလာသည်အထိ တိတ်တဆိတ် ရပ်စောင့်နေလိုက်သည်။
ဝှစ်...
ဟယ်နုန်ယင်းသည် ကျန်းရီ၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာ၏။ ဆယ်သုံးရက်ကြာ ပြေးပြီးနောက် ဟယ်နုန်ယင်း အတန်ငယ် ပင်ပန်းပုံ ပေါ်နေသည်။ သို့သော် ကျန်းရီက ရပ်စောင့်နေသည်ကို မြင်သောအခါ သူမ ပြုံးလိုက်သည်။ ကျန်းရီ ရုတ်တရက် လက်ဆန့်တန်းလိုက်ပြီး ဟယ်နုန်ယင်းကလည်း ကြောင်ကလေးတစ်ကောင်အလား ကျန်းရီ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလိုက်လေသည်။
“ကိုယ် တောင်းပန်ပါတယ်...”
ကျန်းရီသည် သူ့ရင်ခွင်ထဲမှ မိန်းမလှလေးကို တင်းကြပ်စွာ ဖက်လိုက်ပြီး အပြစ်ရှိသံနှင့် ပြောလိုက်၏။
“ကိုယ် အရမ်းစိတ်လှုပ်ရှားနေလို့ နုန်ယင်းကို ဆယ်ရက်ကျော် မရပ်မနား ပြေးစေခဲ့မိပြီ။ နုန်ယင်း ဒုက္ခခံခဲ့ရပြီ။ ကိုယ်...”
ဖြူဖွေးသော လက်ချောင်းလေက ကျန်းရီ၏ နှုတ်ခမ်းကို ကာလိုက်၏။ ဟယ်နုန်ယင်းက မော့ကြည့်ကာ ကျန်းရီကို ပြုံးပြလိုက်သည်။
“ဒုက္ခမခံရပါဘူး။ ကျွန်မ ရှင်နဲ့သာ အတူရှိနေနိုင်ရင် ဘာကမှ ဒုက္ခမဟုတ်ဘူး”
“ကိုယ် တောင်းပန်ပါတယ်”
ကျန်းရီ ထပ်၍ တောင်းပန်လိုက်၏။ သူ အပြစ်ရှိဟန်နှင့် ဟယ်နုန်ယင်းကို ကြည့်ကာ ဆက်ပြောသည်။
“ကိုယ် အစောကြီးကတည်းက ကိုယ့်ရဲ့အချစ်တွေကို ထုတ်ပြခဲ့ရမှာ။ ကိုယ် နုန်ယင်းကို ပိုပြီး ဂရုစိုက်ခဲ့သင့်တာ။ အကုန်လုံးက ကိုယ့်ရဲ့အမှားတွေပါပဲ။ ကိုယ် အရမ်း အပြစ်ရှိသလို ခံစားရတယ်”
“ရှင့်အပြစ် မဟုတ်ပါဘူး။ နောက်ကျရင် အဲ့လိုတွေ မပြောနဲ့တော့ ဟုတ်ပြီလား”
ဟယ်နုန်ယင်း ညင်သာစွာ ခေါင်းခါ၍ သက်ပြင်းသဲ့သဲ့ချလိုက်၏။
“တကယ်တော့ ကျွန်မအပြစ်ပါ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ခဲ့လွန်းတာ။ ဒီတစ်ခေါက် ကျွန်မ လိုက်မလာခဲ့သင့်ဘူး။ ဒါပေမဲ့ ရှင်လာလိမ့်မယ်ဆိုတာ သိလို့ ကျွန်မ လိုက်လာခဲ့တာ။ ကျွန်မရဲ့ ခံစားချက်တွေကို အပြင်ထွက်ခွင့် မပေးခဲ့သင့်ဘူး။ ဒါပေမဲ့ ကျွန်မ ထိန်းမထားနိုင်ခဲ့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်တဲ့သူပါ...”
“ယွင်ပင်း... သူက ရှင့်ကို အကုန်လုံး ပြောပြလိုက်ပြီ မဟုတ်လား။ ကျန်းရီ... ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ကျွန်မအတွက်လည်း ဝမ်းမနည်းပါနဲ့။ ကျွန်မကို ရှင့်ဘဝထဲမှာ ဖြတ်သွားခဲ့ဖူးတဲ့ လှပတဲ့အမှတ်တရတစ်ခုအနေနဲ့ပဲ မှတ်ထားပါ။ ကျွန်မ ရှင်နဲ့အတူ ရှိနေရရင် ပျော်တယ်၊ အရမ်းကျေနပ်တယ်။ အဲ့အတွက်ကြောင့် ရှင်က မပျော်နိုင်ဖြစ်နေမယ်ဆိုရင်တော့ နုန်ယင်းက ခွင့်လွှတ်လို့မရနိုင်တဲ့သူ ဖြစ်သွားမှာပဲ”
ယွင်ပင်း၏ စကားများက တဲ့တိုးမဟုတ်ဘဲ အတန်ငယ် ပဟေဠိဆန်သော်လည်း ကျန်းရီ နားလည်ခဲ့သည်။ ကျန်းရီ မည်သို့မှ မပြောပါ။ ဟယ်နုန်ယင်း မပျော်မရွှင် ဖြစ်မည်ကို သူ မလိုလားပါ။ ထို့ကြောင့် ဟယ်နုန်ယင်းကို တင်းကြပ်စွာ ဖက်၍သာ သူ့ချစ်ခြင်း၏ နွေးထွေးမှုကိုသာ ခံစားစေလိုက်သည်။
အချိန်အတော်ကြာပြီးနောက်...
ကျန်းရီသည် ဟယ်နုန်ယင်းနှင့် လူချင်းခွာပြီးနောက် သစ်ပင်မိစ္ဆာများကို တိုက်ခိုက်ကာ မီးမလောင်သေးသော မြက်ပင်အနည်းငယ်ကို စု၍ မြေပြင်ပေါ်တွင် ခင်းလိုက်သည်။ ထို့နောက် သူ ဟယ်နုန်ယင်းကို ဖက်ကာ မြက်ခင်းပေါ်တွင် အိပ်စက်လိုက်သည်။
ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ အလွန်အေးချမ်းစွာ အိပ်နေကြသည်။ ဟယ်နုန်ယင်းသည် အမေကိုဖက်၍ အိပ်နေသော ကလေးတစ်ယောက်ကဲ့သို့ ချိုသာစွာ ပြုံးနေပေသည်။
နာရီနှစ်ဆယ်ကျော် ကြာပြီးနောက် ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ စိတ်အားတက်ကြွစွာနှင့် ခရီးဆက်ကြ၏။ မီးအရင်းအမြစ် တစ်ဝက်ကျော်ကို သုံးခဲ့ပြီဖြစ်သော်လည်း ကျန်းရီ လက်လျှော့လိုစိတ် မရှိသေးချေ။ မီးအရင်းအမြစ် အကုန်လုံးကို သုံးလိုက်ရမည်ဆိုလျှင်ပင် သူ တုံ့ဆိုင်းနေမည် မဟုတ်ပါ။
ကျန်းရီ ကောင်းကင်ဘုံခုံရုံးကို အရယူကာ ဟယ်နုန်ယင်းကို အပြင်ပြန်ခေါ်သွားရမည်။ ထို့နောက် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ဆီ သွား၍ ယင်ဓာတ်လွန်ကဲခန္ဓာကို ကုသနိုင်မည့် နည်းလမ်းတစ်ခုကို မေးရပေမည်။
ဤခရီးက ပျင်းစရာကောင်းပြီး ရည်ရွယ်ချက်မဲ့သော ရှာဖွေမှုတစ်ခု ဖြစ်နေသည်။ မီးအရင်းအမြစ်များက တတိတိ ကုန်ဆုံးလာပြီး သစ်ပင်မိစ္ဆာများ တစ်ပင်ပြီးတစ်ပင် ပြိုလဲနေသည်။ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့မှာ အိမ်ပြန်လမ်းကို ရှာမတွေ့သော လမ်းပျောက်နေသည့် ကလေးနှစ်ယောက်ကဲ့သို့ပင်။
သုံးရက်၊ ငါးရက်၊ ရှစ်ရက်...
ကျန်းရီ၏ မီးအရင်းအမြစ်က ကုန်တော့မည်ဖြစ်သည်။ သူ့တွင် မီးလုံး ဒါဇင်အနည်းငယ်သာ ကျန်တော့သည်။ ထိုမီးလုံးပမာဏက အလွန်ဆုံးမှ နေ့တစ်ဝက်သာ ခံပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီ လုံးဝစိတ်ဓာတ်ကျနေလေသည်။
ကောင်းကင်ဘုံခုံရုံးမှာ ယခုအထိ မလှုပ်ရှားသေးခြင်းမှာ တစ်ခုတည်းသော ကောင်းသည့်အရာ ဖြစ်သည်။ ရှားယွီ၊ လင်းဖေးရှန်းနှင့် အခြားသူများက စတုတ္ထအထပ်မှာပင် ရှိလောက်သေးသည်။ သူတို့ ပဉ္စမထပ်သို့ ရောက်သွားလျှင်လည်း ကောင်းကင်ဘုံခုံရုံး၏ ဗဟိုချက်ဖြစ်သော ကောင်းကင်ရတနာကို မရလောက်သေးချေ။
‘ထားလိုက်တော့... ထပ်နားကြတာပေါ့။ မီးအရင်းအမြစ် နည်းနည်းပဲ ကျန်တော့တယ်။ ငါတို့ ဝေးဝေးရောက်နိုင်တော့မှာ မဟုတ်ဘူး။ တခြားနည်းလမ်းတွေကို စဉ်းစားမှရမယ်”
ကျန်းရီ ခါးသီးစွာ သက်ပြင်းချလိုက်ပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။ သူသည် နေရာမှာပင် ရပ်၍ ဟယ်နုန်ယင်း မီလာမည်ကို စောင့်နေ၏။ သို့သော် ထိုအခိုက်တွင် သူ့နားရွက်များ တွန့်လှုပ်သွားသည်။ ရုတ်တရက် ရေစီးသံခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။ တစ်ခဏမျှ နားထောင်ပြီးနောက် သူ ဝမ်းသာသွား၏။ ထိုအသံမှာ အမှန်တကယ် ရေစီးသံပင်။
တောအုပ်ထဲတွင် မြစ်တစ်စင်း ရှိနေခြင်းမှာ မထူးဆန်းပါ။ သို့သော် ပြီးခဲ့သော ရက်များအတွင်း ကျန်းရီ မြစ်မဆိုထားနှင့် ချောင်းငယ်တစ်စင်းကိုပင် မတွေ့ခဲ့ရချေ။ ထို့ကြောင့် သူ ရေစီးသံထွက်ပေါ်လာရာဘက်သို့ လျင်မြန်စွာ လမ်းကြောင်းပြောင်း၍ မီးအရင်းအမြစ်များ ပစ်လွှတ်ကာ လမ်းကြောင်းတစ်ခု ဖော်လိုက်လေသည်။
ငါးမိနစ်ကြာပြီးနောက် ကျန်းရီ၏ မြင်ကွင်းက ရုတ်တရက် ကျယ်သွားသည်။ သူ့အရှေ့တွ် အမှန်ပင် ရေရှိနေသည်။ သို့သော် ၎င်းက မြစ်တစ်စင်း မဟုတ်ဘဲ ရေကန်ငယ်တစ်ခုဖြစ်သည်။
ရေကန်ငယ်၏ ပတ်ပတ်လည်က ကျယ်ပြော၏။ မည်သည့်သစ်ပင်ကြီးမှ မရှိပေ။ ကန်ဘေး၌ ပန်းနီနီများနှင့် သစ်ရွက်စိမ်းစိမ်းများ ရှိနေသည်။ ရှုခင်းမှာ လှပပေသည်။ ကျန်းရီသည် တစ်ခဏမျှ စူးစမ်းပြီးနောက် အန္တရာယ်မရှိကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သူ အော်ခေါ်လိုက်သည်။
“နုန်ယင်း မြန်မြန်လာ။ ကိုယ် ဘာရှာတွေ့ထားလဲဆိုတာ လာကြည့်လိုက်”
ဟယ်နုန်ယင်းက ပြန်မပြောသဖြင့် ကျန်းရီ အတန်ငယ် အံ့ဩသွား၏။ သူ အတန်ကြာ စောင့်ပြီးသည်အထိ ဟယ်နုန်ယင်း ရောက်မလာသေးပေ။ ထို့ကြောင့် သူ မျက်နှာပျက်သွားပြီး အနောက်သို့ လျင်မြန်စွာ ပြန်သွားလိုက်သည်။
ကီလိုမီတာသုံးဆယ် သွားပြီးသည်အထိ ကျန်းရီ ဟယ်နုန်ယင်းကို ရှာမတွေ့သေးပေ။ သူ ထိတ်လန့်လွန်းသဖြင့် မျက်နှာ ဖြူရော်သွားသည်။ အမြန်နှုန်းကိုလည်း ထပ်တိုးလိုက်သည်။ ငါးကီလိုမီတာကျော် ဆက်ပြေးပြီးနောက်မှ သူ ဟယ်နုန်ယင်းကို မြင်လိုက်ရလေသည်။
“နုန်ယင်း...”
ကျန်းရီ အော်ခေါ်လိုက်၏။ ဟယ်နုန်ယင်းက သွေးလွှမ်းနေသော မျက်နှာနှင့် မြေပြင်ပေါ်တွင် လဲနေသည်ကို တွေ့လိုက်သောအခါ သူ ရင်တုန်သွားသည်။ ဟယ်နုန်ယင်း၏ ဝိညာဉ်ခန္ဓာက ဘေးထွက်ဆိုးကျိုး ပြနေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ သူမ မြေပြင်ပေါ်တွင် သတိလစ်သွားခြင်းပင်။ ကျန်းရီသည် ဝင်ပေါက်ကို ရှာရန်သာ စိတ်လောနေခဲ့၍ သူမကို သတိမထားမိခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမသာ တစ်ခုခု ဖြစ်သွားလျှင် သူ သူ့ကိုယ်သူ သတ်သေရန်ပင် တွေးလိုက်ပေသည်။
ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို သုံး၍ ဟယ်နုန်ယင်းကို ကုသပေးလိုက်၏။ သို့သော် များစွာထိရောက်မှု မရှိချေ။ ထို့ကြောင့် သူ သူမကို ပွေ့သယ်၍ ရေကန်လေးဆီသို့သာ ပြေးသွားလိုက်ရ၏။ ရေကန်ဘေးရောက်သောအခါ သူမမျက်နှာမှ သွေးများကို သုတ်ပေးလိုက်ပြီး သူမကို ရေအနည်းငယ် တိုက်လိုက်သည်။
ထို့နောက် ကျန်းရီ မည်သို့ဆက်လုပ်ရမည်ကို မသိတော့ချေ။ ဟယ်နုန်ယင်းကို ဖက်၍ သူမနိုးလာမည်ကိုသာ စောင့်နေရသည်။ ဟယ်နုန်ယင်း၏ ဖြူဖျော့နေသော မျက်နှာလေးကို ကြည့်ကာ ကျန်းရီ ရင်နာနေရပေသည်။
ဟယ်နုန်ယင်း၏ ဝိညာဉ်ခန္ဓာက ဘေးထွက်ဆိုးကျိုးကို ခံစားနေရသည်။ ယခင်တွင် သူမက ချောင်းဆိုး၊ သွေးအန်ရုံသာ ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အိပ်မောကျခဲ့သည်။ ဤတစ်ကြိမ်တွင်မူ သူမ သတိပင်လစ်နေပေပြီ။
ကျန်းရီကို ပို၍ပင် စိုးရိမ်စေသော အရာတစ်ခုလည်း ဖြစ်လာ၏။ ဤတစ်ကြိမ်တွင် ဟယ်နုန်ယင်းသည် နာရီခြောက်ဆယ်ကျော် သတိလစ်နေပြီးမှ နိုးလာသည်။ ထို့ပြင် သူမက သက်သာလာပုံ မပေါ်သေးဘဲ ဖြူဖျော့နေသေးသည်။
“ကျန်းရီ... ကျွန်မ အဆင်ပြေပါတယ်။ မစိုးရိမ်ပါနဲ့။ ကျွန်မ သက်သာလာမှာပါ”
ဟယ်နုန်ယင်းသည် အားနည်းစွာ မျက်လုံးဖွင့်၍ အားတင်းပြုံးလိုက်၏။ ကျန်းရီ မငိုပါ။ ထိုအစား နွေးထွေးစွာ ပြုံးလိုက်၍ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကိုယ် မစိုးရိမ်ပါဘူး။ နုန်ယင်း သက်သာလာမယ်ဆိုတာ ကိုယ်သိပါတယ်။ နုန်ယင်း သေချာပေါက် သက်သာလာမှာပါ”
ပြီးခဲ့သော နာရီခြောက်ဆယ်အတွင်း ကျန်းရီ ကိစ္စများစွာကို တွေးခဲ့သည်။ သူနှင့် ဟယ်နုန်ယင်းကြားတွင် ဖြစ်ခဲ့သော အရာအားလုံးကို ပြန်တွေးခဲ့သည်။ သူ သူမအပေါ် ကျေးဇူးကြွေးများစွာ တင်နေသည်။ ထိုကျေးဇူးကြွေးကို သူ ဤဘဝတွင် ပြန်ဆပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကျန်းရီထံတွင် မီးအရင်းအမြစ်များစွာ မကျန်တော့ပါ။ ရေခဲအရင်းအမြစ်ကို ထုတ်လိုက်လျှင် သူလည်း အေးခဲသွားနိုင်သည်။ ဟယ်နုန်ယင်းလည်း လွတ်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့အတွက် မျှော်လင့်ချက် မရှိတော့ချေ။
အချိန်တိုအတွင်း ကျန်းရီ ရှေ့ဆက်နိုင်မည် မဟုတ်ပေ။ သူ နည်းလမ်းတစ်ခု မစဉ်းစားနိုင်လျှင် ဤနေရာတွင်သာ ပိတ်မိနေပေလိမ့်မည်။ ကောင်းကင်ဘုံခုံရုံးကိုလည်း ရှားယွီ သို့မဟုတ် လင်းဖေးရှန်းက ယူသွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် သူရော၊ ဟယ်နုန်ယင်းပါ သေရမည်ဖြစ်သည်။
ကျန်းရီသည် ဟယ်နုန်ယင်း ဒုက္ခခံရမည်၊ သေသွားမည်ကို မည်သို့ ကြည့်နေနိုင်မည်နည်း။ ပြီးခဲ့သော နာရီသုံးဆယ်အတွင်း၌ သူ့ရင်ထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီးဖြစ်သည်။ သူ မုသားကြီးတစ်ခုကို ပြောရန် ပြင်ဆင်ထားပေသည်။
***