← Chapters

ထူးဆန်းသောစွမ်းအင်

Vol. 140 Ch. 1955

ထူးဆန်းသောစွမ်းအင်

Vol. 140 Ch. 1955

ကျန်းရီ၏ ဆံပင်များက မူလတွင် အနီရောင်ဖြစ်သည်။ သို့သော် သူ့ကိုယ်သူ မူဟယ်ယွီအဖြစ် ရုပ်ဖျက်ရန်အတွက် ဆံပင်ကို အနက်ရောင် ပြောင်းခဲ့ရသည်။ စတုတ္ထထပ်သို့ ရောက်ပြီးနောက်တွင်မူ သူ၏ မူလပုံစံ ပြန်ပြောင်းခဲ့သည်။ သို့ငြား ဆံပင်ကိုတော့ အနီရောင် ပြန်မပြောင်းခဲ့ပေ။ ဟယ်နုန်ယင်းက ဆံပင်အနက်ရောင်ကို သဘောကျပေသည်။

အစောတွင် ကျန်းရီသည် အလွန်အားနည်းနေခဲ့၍ သူ့ခန္ဓာကိုယ် အခြေအနေကိုသာ စူးစမ်းနေခဲ့သည်။ သူ့ရုပ်သွင်ကို အရေးမစိုက်နိုင်ခဲ့ပါ။

ကျန်းရီသည် ဟယ်နုန်ယင်းကို “နှစ်သိမ့်”ပြီးနောက် အလွန်အားနည်းသွား၍ တဖြည်းဖြည်း အိပ်ပျော်သွား၏။ အိပ်ပျော်နေစဉ်အတွင်း သူ့ဆံပင်များက အဖြူရောင်ပြောင်းသွားပြီး သူအသက်များစွာ ကြီးလာသည်။ သို့သော် ယင်းကို သူ သတိမပြုမိပါ။

ဟယ်နုန်ယင်းသည် ကျန်းရီ၏ ဆံပင်ဖြူများကို ကြည့်၍ မျက်ရည်များ စီးကျလာ၏။ သို့သော် ကျန်းရီက အိပ်နေသေးသည်။ ထို့ကြောင့် သူမ သူ့ကို မထိဝံ့ပေ။ ကျန်းရီက သူ့ကိုယ်ထဲမှ ယင်ဓာတ်ကို လျော့ပါးအောင် လုပ်နေခြင်းဆိုလျှင် မည်သို့ လုပ်မည်နည်း။

ဟယ်နုန်ယင်းသည် အင်္ကျီပြန်ဝတ်လိုက်ပြီး ကျန်းရီ၏ခန္ဓာကိုယ်အပေါ်လည်း သူ့အဝတ်များ ခြုံပေးလိုက်၏။ ထို့နောက် ဘေးတွင် ထိုင်ကာ ကျန်းရီ နိုးလာမည်ကို စောင့်နေလိုက်သည်။ ကျန်းရီ၏ ဆံပင်ဖြူများကို မြင်ရတိုင်း သူမ ရင်နာရသည်။ သူမ၏ခန္ဓာကိုယ်က များစွာပြန်ကောင်းလာပေပြီ။ ကျန်းရီ၏ ရုပ်ခန္ဓာက အလွန်သန်မာပြီး သူ့ယန်စွမ်းအင်နှင့် အသက်စွမ်းအင်က အလွန်အားကောင်းသည်။ သူမသည် “နှစ်သိမ့်ခံနေရစဉ်အတွင်း” ထိုစွမ်းအင်များစွာကို စုပ်ယူခဲ့သည်။ ထို့ကြောင့် အချိန်တစ်ခုအထိ သူမ အဆင်ပြေနေပေလိမ့်မည်။

ကျန်းရီသည် အကြာကြီး မအိပ်ခဲ့ပါ။ သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေသော်လည်း သူ့စိတ်ဓာတ်က အလွန်သန်မာနေသေးသည်။ သူ အိပ်မောကျသွားတော့မည့် အချိန်တိုင်း အလိုလို သူ့ကိုယ်သူ နှိုးမိနေသည်။ သူ အကြာကြီးအိပ်နေလိုက်လျှင် ဟယ်နုန်ယင်းက သူ့အတွက် စိတ်ပူနေမည် မဟုတ်ပါလား။

နှစ်နာရီကြာ အိပ်ပြီးနောက် ကျန်းရီ နိုးလာ၏။ သူက ဉာဏ်ကောင်းသည်။ မျက်လုံးများကို ချက်ချင်း မဖွင့်သလို ခန္ဓာကိုယ်ကိုလည်း မလှုပ်ရှားလိုက်ပေ။ ထိုအစား ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။

အမှန်ပင်...

ဟယ်နုန်ယင်းက ဘေးတွင် ဒူးထောက်ထိုင်နေ၏။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် မိမိကိုယ်ကိုယ် အပြစ်တင်မှုတို့ ရှိနေသည်။ ထိုအခါမှ ကျန်းရီသည် သူ့ဆံပင်များက အဖြူရောင် ပြောင်းသွားကြောင်းကို သတိပြုမိလိုက်သည်။ တစ်ခုခု မှားနေပြီဖြစ်ကြောင်း သူသိလိုက်သည်။ သူ လျင်မြန်စွာ တွေးတောလိုက်ပြီး ဖြေရှင်းနည်းတစ်ခုကို စဉ်းစားလိုက်၏။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း၌ ရှိနေလျှင် သူ့ခန္ဓာကိုယ်က လှုပ်ရှားမည် မဟုတ်ပါ။ ထို့ကြောင့် ဟယ်နုန်ယင်းက သူ အိပ်ပျော်နေဆဲဟုသာ ထင်ပေလိမ့်မည်။

ကျန်းရီသည် မိုးမြေစွမ်းအားကို လျှို့ဝှက်ထုတ်၍ သူ့သွေးကြောမှတ်အားလုံးကို နှိုးလိုက်သည်။ သူ့ခန္ဓာကိုယ် လင်းလက်လာပြီး သူ့အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းသွား၏။ ထို့နောက် မိုးမြေစွမ်းအားကို ပြန်ရုတ်၍ သူ့ခန္ဓာကိုယ်ကို မူလပုံစံပြန်ဖြစ်သွားအောင် လုပ်လိုက်သည်။

“အာ...”

ဟယ်နုန်ယင်းသည် ကျန်းရီ၏ ခန္ဓာကိုယ်က ရုတ်တရက်ကြီး လင်းလက်လာ၍ မျက်လုံးပြူးသွား၏။ ဤနေရာထဲတွင် ကောင်းကင်စိတ်အာရုံ မသုံးနိုင်ပေ။ ထို့ကြောင့် သူမ မျက်လုံးကိုသာ အားကိုးရသည်။ ကျန်းရီ၏ ခန္ဓာကိုယ်အရှိန်အဝါက တစ်ခဏမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းသွားသည်။ ထို့နောက် ပြန်အားနည်းသွားပေသည်။ ထို့ကြောင့် သူမ နားမလည်နိုင် ဖြစ်နေ၏။ သို့သော် ကျန်းရီ၏ အရှိန်အဝါက ဖြည်းဖြည်းချင်း ပြန်ကောင်းလာကြောင်းကို ခံစားလိုက်ရသောအခါ သူမ အတန်ငယ် စိတ်သက်သာရာရသွားပေသည်။

ကျန်းရီသည် တစ်နာရီနီးပါး ဆန်းကြယ်ချင်ယောင် ဆောင်နေပြီးနောက် ရပ်တန့်လိုက်၏။ နောက်ထပ်ငါးမိနစ် စောင့်ပြီးသောအခါ သူ မျက်လုံးဖွင့်လိုက်သည်။ ပြီးလျှင် ကျေနပ်စွာ သမ်းဝေလိုက်၏။ သူ ဟယ်နုန်ယင်း၏ စိုးရိမ်နေသော မျက်နှာထားကို မြင်လိုက်သောအခါ အပြစ်ရှိသံနှင့် ပြောလိုက်၏။

“ကိုယ် တောင်ပန်းပါတယ် နုန်ယင်း။ ကိုယ် နုန်ယင်းရဲ့ ယင်ဓာတ်စွမ်းအင်ကို စုပ်ယူလိုက်လို့ အဲ့စွမ်းအင်ကို သန့်စင်နေရတာ။ အဲ့ဒါကြောင့် ကိုယ်အိပ်ပျော်သွားပြီး နုန်ယင်းကို လျစ်လျူရှုခဲ့မိတာပါ”

ဟယ်နုန်ယင်းက ခေါင်းခါ၍ ကျန်းရီ၏ နားထင်များကို စိုးရိမ်စွာ ကြည့်လိုက်၏။ ထို့နောက် သူမ သူ့ဆံပင်ဖြူများကို ညွှန်ပြကာ ပြောလိုက်သည်။

“ကျန်းရီ... ဘာလို့ ရှင့်ဆံပင်တွေက ဖြူသွားရတာလဲ။ ရှင့်ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ။ ကျွန်မကို အမှန်အတိုင်း ပြောပြပါ။ မလိမ်ပါနဲ့”

“ဪ.. ဒါလား...”

ကျန်းရီ ထိထိုင်လိုက်ပြီ သူ့ဆံပင်များကို သပ်လိုက်၏။ ပြီးမှ ခါးသက်သက် ပြုံးကာ ပြောလိုက်သည်။

“နုန်ယင်းရဲ့ ယင်ဓာတ်လွန်ကဲစွမ်းအင်က အရမ်းစွမ်းအားကြီးတယ်။ အစက အဲ့ဒါကို ဘယ်လိုသန့်စင်ရမလဲဆိုတာ ကိုယ် မသိခဲ့ဘူး။ အဲ့တော့ ယင်ဓာတ်လွန်ကဲစွမ်းအင် တချို့က ထိုးထွက်လာတာပေါ့။ အဲ့ဒါက ပြဿနာ မဟုတ်ပါဘူး။ ခဏနေရင် ကိုယ် နည်းနည်း သန့်စင်လိုက်ပါမယ်။ ကိုယ့်ခန္ဓာကိုယ်ထဲက ယင်ဓာတ်လွန်ကဲစွမ်းအင် အကုန်လုံးကို သန့်စင်နိုင်မှာပါ။ မစိုးရိမ်ပါနဲ့... ကောင်းကင်ဧကရာဇ်က ယင်ဓာတ်လွန်ကဲစွမ်းအင်ကို ဘယ်လိုသန့်စင်ရမယ်ဆိုတာ ကိုယ့်ကို သင်ပေးထားပါတယ်။ အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ ကောင်းကင်ဧကရာဇ်က ကိုယ့်ကို ထိခိုက်အောင် လုပ်မှာတဲ့လား”

ဟယ်နုန်ယင်း အတန်ငယ် စိတ်သက်သာရာရသွား၏။ သို့သော် သူမ အတန်ငယ် စိုးရိမ်နေပုံ ပေါ်သေးသည်။ ထို့ကြောင့် ကျန်းရီ လက်ဆန့်၍ ဟယ်နုန်ယင်း၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်၏။

“နုန်ယင်း... ငါး ဘယ်လိုကင်ရမယ်ဆိုတာကို သိလား။ ကိုယ့်အတွက် ငါးနည်းနည်းလောက် ကင်ပေးပါ။ ကိုယ် ယင်ဓာတ်လွန်ကဲစွမ်းအင်ကို ခဏလောက် သန့်စင်လိုက်ဦးမယ်”

“အွန်း... ဒါပေမဲ့ ကျွန်မ ရှင့်လောက်တော့ ကောင်းကောင်းကင်နိုင်မှာ မဟုတ်ဘူးနော်...”

ဟယ်နုန်ယင်းသည် ပြောပြောဆိုဆိုနှင့် ရေကန်ဆီ သွားလိုက်ပြီး ငါးဖမ်းလိုက်လေ၏။ ကျန်းရီလည်း ဘောင်းဘီပြန်ဝတ်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့ မျက်ဝန်းများက မှေးမှိန်လာပေသည်။ သူ့ကိုယ်ထဲတွင် ဟယ်နုန်ယင်း၏ ထူးဆန်းသောစွမ်းအင်က ပျောက်မသွားသေးပါ။ ထို့ပြင် ၎င်းစွမ်းအင်က သူ့အတွင်းအားနှင့် အသက်စွမ်းအင်ကို စုပ်ယူနေပေသည်။

ကျန်းရီသည် လိမ်ပြောခဲ့ခြင်းဖြစ်သည်။ သူ ယင်ဓာတ်လွန်ကဲစွမ်းအင်ကို မသန့်စင်နိုင်ပါ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကလည်း သူ့အား မည်သည့်အရာမှ သင်မပေးခဲ့ပါ။ မည်သို့ပင်ဖြစ်စေ သူ ထိုစွမ်းအင်များကို ရှင်းထုတ်ပစ်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရမည်။ မဟုတ်လျှင် မကြာခင်မှာပင် သူ အဘိုးအိုတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ကျန်းရီထံတွင် သူ့ရုပ်သွင်ကို အလွယ်တကူ ပြောင်းလဲနိုင်သော ဝိညာဉ်တံလျှပ်အတတ်ရှိ၏။ သို့သော် ထိုအတတ်က သူ့အသက်စွမ်းအင်ကိုတော့ ပြောင်းလဲမပေးနိုင်ပါ။ လူငယ်တစ်ယောက်၏ အသက်အရှိန်အဝါက စွမ်းအင်ပြည့်နေမည်ဖြစ်သလို အဘိုးအိုတစ်ယောက်၏ အသက်အရှိန်အဝါက နေဝင်ချိန်ရောက်နေသလို ရှိနေပေလိမ့်မည်။ ထိုအရှိန်အဝါက အလွန်ထင်ရှား၍ ဖုံးကွယ်နိုင်မည့် နည်းလမ်း မရှိချေ။ ဟယ်နုန်ယင်းသာ ထိုအရှိန်အဝါကို ခံစားမိလိုက်ပါက ရူးမိုက်သည့်အရာများ မလုပ်လျှင်ပင် သေချာပေါက် သူမကိုယ်သူမ အပြစ်တင်ပေလိမ့်မည်။

‘ဒီစွမ်းအင်ကို ရှင်းပစ်ဖို့ ငါ နည်းလမ်းတစ်ခု စဉ်းစားရမယ်’

ကျန်းရီသည် တင်ပျဉ်ခွေထိုင်ရင်း ထို ထူးဆန်းသော စွမ်းအင်ကို ရှင်းပစ်ရန် နည်းလမ်းတစ်ခု တွေးတောလိုက်၏။ ပထမဆုံး သူ စိတ်စွမ်းရည်ကို သုံး၍ ထိုစွမ်းအင်ကို ရွှေ့ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် မရွှေ့နိုင်ပေ။ ထိုထူးဆန်းသော စွမ်းအင်က သူ့ကိုယ်ထဲ ဝင်လာပြီးနောက် အလိုလို ပြန့်ကျဲသွား၏။ အကယ်၍ သူသာ ၎င်းစွမ်းအင်ကို မထိန်းချုပ်နိုင်လျှင် ၎င်းက အလိုလို ပြန့်ကျဲသွားမည် မဟုတ်ပါ။

‘ဟုတ်သား... အမည်မဲ့ကျင့်စဉ်’

ကျန်းရီသည် အမည်မဲ့ကျင့်စဉ်ကို သုံး၍ သူ့တစ်ကိုယ်လုံးတွင် ကောင်းကင်စွမ်းအား လည်ပတ်စေကာ ထို ထူးဆန်းသောစွမ်းအင်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် ကောင်းကင်စွမ်းအားမည်မျှ သုံးပါစေ ထူးဆန်းသောစွမ်းအင်က သူ့ကိုယ်ထဲတွင် ငုပ်နေဆဲပင်။ လုံးဝ မလှုပ်ရှားပါ။

‘ငါ ဘာလုပ်သင့်လဲ၊ ငါ ဘာလုပ်သင့်လဲ’

ကျန်းရီသည် သူ့အသက်စွမ်းအင်က စုပ်ယူခံနေရသည်ကို ခံစားနေရ၏။ သူ့ဆံပင်က ပို၍ ဖြူလာသည်။ ထို့ကြောင့် သူ ခေါင်းကိုက်လာပေသည်။ ထူးဆန်းသောစွမ်းအင်ကို သန့်စင်နိုင်ရန် သူ ကောင်းကင်စွမ်းအားကို ပိုထုတ်လိုက်သည်။ အနည်းဆုံးတော့ ၎င်းစွမ်းအင်က သူ့အသက်စွမ်းအင်ကို မစုပ်ယူနိုင်အောင် လုပ်ရပေမည်။

သို့သော် အသုံးမဝင်ချေ။

ကျန်းရီ ထပ်ခါ ထပ်ခါ ကြိုးစားသည်။ ဟယ်နုန်ယင်းက ငါးဖမ်းပြီးသွား၍ ကင်ရန် မီးမွှေးနေပြီဖြစ်သည်။ သို့သော် ကျန်းရီက ကူကယ်ရာမဲ့နေဆြပင်။ ထို့ပြင် သူ့နဖူးမှ ဆံပင်ဖြူများက ပိုများလာသည်။

‘လခွမ်းပဲကွာ... ငါ မင်းတို့အကုန်လုံးကို ခဲပစ်မယ်’

ကျန်းရီသည် နောက်ဆုံးနည်းလမ်းတစ်ခုကို တွေးလိုက်၏။ သူ တစ်ကိုယ်လုံးမှ ရေခဲအရင်းအမြစ်ကို စုစည်းလိုက်ပြီး အအေးအရှိန်အဝါကို သုံး၍ ထူးဆန်းသောစွမ်းအင်ကို ခဲပစ်ရန် ကြိုးစားလိုက်လေသည်။

သို့ရာတွင်...

အသုံးမဝင်သေးချေ။ ထူးဆန်းသောစွမ်းအင်က သဏ္ဌာန်မဲ့သလို အရောင်လည်း မဲ့သည်။ ၎င်းကို ချုပ်ထား၍၊ ဖိနှိပ်ထား၍ မရပေ။ ကျန်းရီ လက်မလျှော့သေးပါ။ သူ မီးအရင်းအမြစ် အနည်းငယ်ကို စုစည်း၍ ထူးဆန်းသောစွမ်းအင်ကို မီးမြှိုက်လိုက်သည်။ သို့ငြားလည်း အသုံးမဝင်ပေ။

ကျန်းရီ အကြံကုန်နေပေပြီ။ ထူးဆန်းသောစွမ်းအင်ကို မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်တို့ကပင် မဖိနှိပ်နိုင်လျှင် အခြားမည်သည့်အရာက ဖိနှိပ်နိုင်မည်နည်း။ သူ ထူးဆန်းသောစွမ်းအင်ကို ဖယ်မှ ဖယ်နိုင်ပါမည်လော။

‘စွမ်းအင်...’

ကျန်းရီသည် သူ့တွင် အခြားစွမ်းအင်တစ်မျိုး၊ စွမ်းအားတစ်မျိုး ရှိသေးကြောင်း အမှတ်ရသွား၏။ မိုးမြေစွမ်းအားပင်။ အစောတွင် သူ မိုးမြေစွမ်းအား သုံးခဲ့သော်လည်း များစွာ အရေးမစိုက်မိခဲ့ချေ။ ဟယ်နုန်ယင်း၏ မျက်နှာထားကိုသာ အာရုံထားနေခဲ့မိသည်။ ယခုတွင် ထပ်ကြိုးစားကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ သူ မိုးမြေစွမ်းအာကို စုစည်းလိုက်ပြီး ကြိုးစားကြည့်ရန် ပြင်ဆင်လိုက်လေသည်။

မိုးမြေစွမ်းအားတန်းများက ကျန်းရီ၏ သွေးကြောများထဲ စီးဝင်သွားပြီး ထိုမှတဆင့် သူ့အရိုးများနှင့် အသားများထဲ ဆက်ဝင်သွားသည်။

‘အာ...’

ကျန်းရီကို အံ့ဩစေသော အရာတစ်ခု ဖြစ်ပျက်လာ၏။ မိုးမြေစွမ်းအား ဖြတ်သွားသောနေရာတိုင်းရှိ ထူးဆန်းသောစွမ်းအင်က ရွေ့လျားသွားသည်။ ၎င်းစွမ်းအင်က မိုးမြေစွမ်းအားအနီး ကပ်ပင် မကပ်လိုပုံပင်။ ထို့ပြင် မိုးမြေစွမ်းအားကို ကြောက်နေပုံလည်း ပေါ်သည်။

‘ဟုတ်ပြီ...’

ကျန်းရီ စိတ်အားတက်သွား၏။ အကယ်၍ ထူးဆန်းသောစွမ်းအင်က မိုးမြေစွမ်းအားကို ကြောက်လျှင် သူ ၎င်းကို အပြင်သို့ အတင်းထုတ်ပစ်လိုက်နိုင်လောက်ပေသည်။

***

All Chapters