နဝမမြောက်ကြယ်စက်လုံး၏ လျှို့ဝှက်ချက်
Vol. 140 Ch. 1956
ကျန်းရီသည် သူက အလွန်နုံအသေးကြောင်း သိလိုက်ရ၏။
ထူးဆန်းသောစွမ်းအင်မှာ မိုးမြေစွမ်းအားကို အမှန်ပင် ကြောက်၏။ မိုးမြေစွမ်းအား ရောက်လာသည်နှင့် ၎င်းက အလိုလို ရွေ့လျားသွားသည်။ သို့သော် ထို ထူးဆန်းသောစွမ်းအင်မှာ အလွန်သွက်သေး၏။ ကျန်းရီသည် သူ့ဘယ်ဘက်လက်ထဲသို့ မိုးမြေစွမ်းအားများစွာ ပို့လိုက်သည်။ သူ့ဘယ်ဘက်လက်ထဲမှ ထူးဆန်းသောစွမ်းအင်ကို သူ့လက်ချောင်းများထဲ ပို့လိုသည်။ ယင်းနောက် လက်ချောင်းထိပ်များမှတဆင့် ထူးဆန်းသောစွမ်းအင်ကို ထုတ်ပစ်လိုနေပေသည်။
သို့သော် ကျန်းရီ ဘယ်လက်ထဲမှ ထူးဆန်းသောစွမ်းအင်ကို လက်မထဲ ပို့ရင်း လက်မထိပ်မှနေ၍ ထုတ်ပစ်ရန် ကြိုးစားနေစဉ်တွင် ထူးဆန်းသောစွမ်းအင်က ထက်ရှသော ဓားတစ်စင်းအလား မိုးမြေစွမ်းအား၏ ပိတ်ဆို့ထားမှုကို ဖောက်ထွက်သွားလေသည်။ ထို့နောက် ၎င်းစွမ်းအင်သည် သူ့ဘယ်လက်မှတဆင့် သူ့ခန္ဓာကိုယ်ထဲ ပြန့်နှံ့သွားလေသည်။
‘လခွမ်း..လခွမ်း...’
ကျန်းရီ စိတ်ထဲမှ ဆဲလိုက်၏။ သို့သော် သူ့မျက်နှာပေါ်တွင် မပြသဝံ့ပေ။ တစ်ဘက်တွင် ဟယ်နုန်ယင်းမှာ ငါးကင်ပြီးသွားပြီဖြစ်သည်။ လက်တလောတွင် ကျန်းရီသည် သူမကို လျစ်လျူရှုကာ ပြုံးလျက် ရေကန်ဘေးသို့ သွားလိုက်၏။
ကျန်းရီသည် ဝိညာဉ်တံလျှပ်အတတ်ကို လျှို့ဝှက်၍ သုံး၍ သူ့ခေါင်းမှ ဆံပင်ဖြူများကို လျှော့ချလိုက်၏။ ထို့ပြင် သူ့မျက်ဝန်းများက တောက်ပစွာ လင်းလက်လာပြီး သူ့မျက်နှာထဲတွင် ယုံကြည်မှုများ ပြည့်နှက်သွားသည်။ ထို့ကြောင့် ဟယ်နုန်ယင်း စိတ်အေးသွားပြီး ပျော်ရွှင်သွားပေသည်။
ဟယ်နုန်ယင်း ကင်သော ငါးမှာ အမှန်ပင် မကောင်းချေ။ သို့သော် ဟယ်မျိုးနွယ်မှ သခင်မလေးတစ်ယောက်က ထိုမျှ ကင်တတ်သည်မှာ ချီကျူးဖွယ်ဖြစ်နေပေပြီ။ ဟယ်နုန်ယင်းက ပျော်ရွှင်နေသည်ကို မြင်သောအခါ ကျန်းရီလည်း ပျော်ရွှင်စွာနှင့် ငါးကင် ငါးကောင် စားပစ်လိုက်သည်။ ထိုအခါ ဟယ်နုန်ယင်း၏ အပြုံးက ပိုရွှင်ပြသွားလေသည်။
ကျန်းရီသည် ဗိုက်အဝ စားသောက်ပြီးနောက် ဟယ်နုန်ယင်းကို အနားယူစေလိုက်၏။ ထို့နောက် သူ ယင်ဓာတ်လွန်ကဲစွမ်းအင်ကို ‘ဆက်သန့်စင်’သည်။ ဟယ်နုန်ယင်းသည် ကျန်းရီ၏ ဘေးတွင် ရိုကျိုးစွာ ဒူးထောက်နေ၏။ သူမ မအိပ်ဘဲ သူ့ကိုသာ တိတ်တဆိတ် ကြည့်နေသည်။ သူမကြည့်နေပုံမှာ ထိုအခိုက်တွင် လောကကြီးက ပိုတောက်ပလာပြီး ပိုလှပလာသလိုမျိုးပင်။
ကျန်းရီက မျက်နှာသေနှင့် ရှိနေသော်လည်း သူ့ရင်ထဲတွင် နာကျင်နေသည်။ သူ စားသောက်နေစဉ်အတွင်းမှာပင် သူ့အသက်စွမ်းအင်က ပို၍ စုပ်ယူခံခဲ့ရသည်။ အတူအိပ်လိုက်လျှင် သက်တမ်းနှစ်တစ်ရာသာ လျော့ကျသွားလိမ့်မည်ဟူသော စကားမှာ ချီလင်းဧကရီ၏ အလိမ်အညာပေလောဟုပင် သူ သံသယဖြစ်နေပေပြီ။ ချီလင်းဧကရီက ဟယ်နုန်ယင်းကို လိမ်ခဲ့ခြင်းလော။
အကယ်၍ ထူးဆန်းသောစွမ်းအင်က ဆက်ရှိနေလျှင် ကျန်းရီ၏ အသက်စွမ်းအင်က အားနည်း၍ နည်း၍ လာမည်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကလည်း အို၍ အို၍ လာပေမည်။ သို့ဆိုလျှင် တဖြည်းဖြည်း သူ အိုမင်းသေဆုံးသွားမည်သာ။
ကျန်းရီသည် ထိုအကြောင်းကို တွေးတောရင်း ချီလင်းဧကရီက လိမ်ခဲ့ခြင်းဖြစ်မည်ဟု ပို၍ သေချာလာ၏။ ဟယ်နုန်ယင်း၏ အကျင့်စရိုက်ကို ချီလင်းဧကရီက ကောင်းစွာ နားလည်သည်။ ထို့ကြောင့် အတူအိပ်လျှင် အမျိုးသား၏ သက်တမ်းမှ နှစ်တစ်ရာသာ လျော့သွားလိမ့်မည်ဟု လိမ်ခဲ့ခြင်းဖြစ်မည်။ ထိုနည်းနှင့်မှ ဟယ်နုန်ယင်းက အပြစ်ရှိသလို မခံစားရမည်ဖြစ်သည်။ သို့သော် သူမနှင့် အတူအိပ်လိုက်လျှင် သူမချစ်ရသောယောက်ျားက သေလိမ့်မည်ဟု သူမ မျှော်လင့်ထားမည် မဟုတ်ချေ။
‘ဘာလို့ အဲ့ကောင်းကင်ယင်ခန္ဓာက အရမ်းအဆိပ်ပြင်းရတာလဲ’
ကျန်းရီ ကြက်သီးထနေသည်။ ဤလောကထဲတွင် အမှန်ပင် ထူးဆန်းသောအရာများနှင့် ပြည့်နှက်နေပေသည်။ ထိုကဲ့သို့ ဝိညာဉ်ခန္ဓာတစ်ခုက အလွန်အဆိပ်ပြင်းသည်။ တော်သေးသည်မှာ ဟယ်နုန်ယင်းက ကြင်နာတတ်သော အကျင့်စရိုက်ရှိပြီး ကိုယ်ကျင့်တရားကောင်းသူတစ်ယောက် ဖြစ်နေ၍ပင်။ မဟုတ်လျှင် သူမသည် အဆိပ်မိန်းမတစ်ယောက် ဖြစ်လာပေလိမ့်မည်။
‘တစ်ခုခု စဉ်စားစမ်း၊ တစ်ခုခု စဉ်းစားစမ်း’
ကျန်းရီသည် စိတ်ထဲမှ အနှောင့်အယှက် ဖြစ်စေသော အတွေးများကို ရှင်း၍ နည်းလမ်းတစ်ခုကို အသည်းအသန် စဉ်းစားလိုက်၏။ သူ သေသွားခြင်းက အရေးမကြီးပါ။ သို့သော် ဟယ်နုန်ယင်း၏ အကျင့်စရိုက်နှင့်ဆိုလျှင် သူသေသွားပါက သေချာပေါက် သူမလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေမည်ဖြစ်သည်။
ထို့ပြင် ကျန်းရီ၏ ပခုံးထက်၌ ကြီးလေးသော တာဝန်ကြီးတစ်ခု ရှိနေသည်။ သို့ဖြစ်ရာ သူ့ သေရေးရှင်ရေးကို မည်သို့ အရေးမစိုက်ဘဲ နေနိုင်ပါမည်နည်း။ သူ မိုးမြေစွမ်းအားကို ထပ်မံစုစည်း၍ ထူးဆန်းသော စွမ်းအင်ကို စမ်းသပ်၍ မောင်းထုတ်ကြည့်လိုက်၏။ ဥပမာဆိုရသော် ခြေချောင်းများ၊ နားရွက်များ၊ မျက်လုံးများ၊ ပါးစပ်နှင့် လိင်တံတို့ထံသို့ တွန်းပို့ခြင်းမျိုးဖြစ်သည်။
နောက်ဆုံးတွင် ကျန်းရီသည် ၎င်းထူးဆန်းသောစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် အမြစ်တွယ်နေပြီဖြစ်၍ ဖယ်ရှား၍ မရတော့ကြောင်း သိလိုက်ရ၏။ သူ ၎င်းကို တွန်းထုတ်ရန် ကြိုးစားတိုင်း ရှုံးနိမ့်ခဲ့သည်။ ထို ထူးဆန်းသောစွမ်းအင်မှာ မိုးမြေစွမ်းအားက ကာထားခြင်းကို ဖောက်ထွက်၍ သူ့ခန္ဓာကိုယ်ထဲတွင် ပြန်ပုန်းအောင်းနေနိုင်ပေသည်။
ကျန်းရီ မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ပေ။ သူ စိတ်ထဲ မချင့်မရဲ ဖြစ်လာ၍ ကိုယ်ထဲတွင် မိုးမြေစွမ်းအားကို ဗြောင်းဆန်အောင်လုပ်၍ ထူးဆန်းသောစွမ်းအင်ကို ကြုံရာကျပန်း တွန်းထုတ်ပစ်လိုက်သည်။
ထို စိတ်ထင်ရာလုပ်လိုက်သည့် အခိုက်အတန့်လေးတွင် ထူးဆန်းသောစွမ်းအင်က ကျန်းရီ၏ ဒန်တျန်ထဲ ဝင်သွား၏။ ဆက်၍ ဖြစ်လာသော အရာက ကျန်းရီကို အံ့အားသင့်သွားစေသည်။ သူ့ဒန်တျန်ထဲ ရောက်သွားသည့် ထူးဆန်းသောစွမ်းအင်က ရုတ်တရက် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွား၏။
‘ဘာဖြစ်သွားတာလဲ’
ကျန်းရီ စိတ်လှုပ်ရှားသွားပြီး သူ့ကိုယ်ထဲကို အထပ်ထပ် စူးစမ်းလိုက်၏။ နောက်ဆုံးတွင် ထူးဆန်းသောစွမ်းအင်က အမှန်ပင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူသိလိုက်ရသည်။ သူ တုန်လှုပ်သွား၏။ ထိုစွမ်းအင်က သူ့နတ်ဘုရားအမြုတေထဲ ဝင်သွားခြင်းလော။ အကယ်၍ ၎င်းကသာ သူ့ကောင်းကင်စွမ်းအား အားလုံးကို စုပ်ယူပစ်လိုက်လျှင် အခြေအနေက ဆိုးရွားသွားပေလိမ့်မည်။
သို့သော်...
ကျန်းရီ သူ့နတ်ဘုရားအမြုတေထဲ အကြိမ်အနည်းငယ် စူးစမ်းလိုက်သော်လည်း ထူးဆန်းသောစွမ်းအင်ကို ရှာမတွေ့ချေ။ သူ တစ်ခဏမျှ တွေးတော၍ အံကြိတ်ကာ ထူးဆန်းသောစွမ်းအင်အချို့ကို သူ့ဒန်တျန်ထဲ တွန်းပို့ကြည့်လိုက်သည်။ ထို့နောက် သူ အာရုံစိုက်၍ အာရုံခံလိုက်သည်။
‘နဝမမြောက်ကြယ်စက်လုံး’
ကျန်းရီသည် ပြဿနာကို လျင်မြန်စွာ ရှာတွေ့သွား၏။ ထူးဆန်းသောစွမ်းအင်က နဝမမြောက်ကြယ်စက်လုံးအနီး၌ ဖြတ်သွားချိန်တွင် ရုတ်တရက် ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထူးဆန်းသောစွမ်းအင် အားလုံးက နဝမြောက်ကြယ်စက်လုံးထဲ ဝင်သွားခြင်းပင်။
သို့သော် ကျန်းရီ နဝမမြောက်ကြယ်စက်လုံးထဲ ကြည့်လိုက်သည့်အချိန်တွင်မူ မည်သည့် ထူးဆန်းသောစွမ်းအင်ကိုမှ မတွေ့ရချေ။ ထို့ကြောင့် သူ အတန်ငယ် ခေါင်းရှုပ်သွားသည်။ နဝမမြောက်ကြယ်စက်လုံးက ထူးဆန်းသောစွမ်းအင်ကို သန့်စင်ပစ်လိုက်ခြင်းလော။ သူ ထူးဆန်းသောစွမ်းအင်များ ထပ်ပို့၍ နဝမမြောက်ကြယ်စက်လုံးထဲ ကြည့်လိုက်၏။ ဆက်၍ ဖြစ်လာသောအရာက သူ့ကို မှင်တက်သွားစေသည်။ ထူးဆန်းသောစွမ်းအင်သည် နဝမမြောက်ကြယ်စက်လုံးထဲ ဝင်ပြီးနောက် မိုးမြေစွမ်းအားနှင့် ပေါင်းစည်းသွားခြင်းပင်။
“ပေါင်းစည်းသွားတာလား။ ဘယ်လိုလုပ် ပေါင်းစည်းနိုင်ရတာလဲ။ ဘာလဲဟ”
ကျန်းရီ မျက်လုံးဖွင့်၍ ရေရွတ်လိုက်၏။ သူ့ကို ငေးကြည့်နေသော ဟယ်နုန်ယင်းလည်း လန့်သွားပြီး ထရပ်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ ကျန်းရီ။ ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ပါဘူး”
ကျန်းရီသည် ဟယ်နုန်ယင်းကို ရှင်းပြနေရန် အချိန်မရှိသဖြင့် ချက်ချင်း ပြန်မျက်လုံးမှိတ်ကာ ထူးဆန်းသောစွမ်းအင်များကို နဝမမြောက်ကြယ်စက်လုံးထဲ ပို့လိုက်၏။ ရလဒ်မှာ ထူးဆန်းသောစွမ်းအင်များနှင့် မိုးမြေစွမ်းအားတို့ ပေါင်းစည်းသွားခြင်းပင်။
‘တစ်ခုခုတော့ ဖြစ်လာတော့မယ်’
ထူးဆန်းသောစွမ်းအင်က မိုးမြေစွမ်းအားကို အလွန်ကြောက်ကြောင်း ထင်ရှားသည်။ သို့သော် အဘယ်ကြောင့် ၎င်းတို့က နဝမမြောက်ကြယ်စက်လုံးထဲတွင် ပေါင်းစည်းသွားရသနည်း။ ထို့ပြင် ၎င်း ထူးဆန်းသောစွမ်းအင်က အဆိပ်ပြင်း၏။ ၎င်းက မိုးမြေစွမ်းအားကို အာနိသင် ပျောက်ဆုံးသွားစေမည်လော။
‘စမ်းကြည့်တာပေါ့’
ကျန်းရီသည် ထူးဆန်းသောစွမ်းအင်နှင့် ပေါင်းစည်းထားသော မိုးမြေစွမ်းအား အနည်းငယ်ကို ထုတ်၍ သူ့သွေးကြောမှတ်များတွင် လှည့်လည်စီးဆင်းစေလိုက်၏။ ထို့နောက် အလွန်အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်လာ၍ ကျန်းရီ ဆွံ့အသွားပေသည်။
မိုးမြေစွမ်းအားက ကျန်းရီ၏ ဘယ်ဘက်လက်ထဲရှိ သွေးကြောမှတ်အားလုံးကို နှိုးပြီးနောက် ကျန်းရီသည် သူ့ဘယ်ဘက်လက် တစ်ဘက်လုံးတွင် အကန့်အသတ်မဲ့သော အင်အား ရှိလာသည်ဟု ခံစားလိုက်ရ၏။ ထိုအင်အားမှာ ယခင်ကအင်အားထက် ဆယ်ဆပို၍ အားကောင်းသည်။
ဆယ်ဆ...
ကျန်းရီ၏ မူလရုပ်ခန္ဓာမှာပင် တောက်နူ၏ ရုပ်ခန္ဓာနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ အကယ်၍ ဆယ်ဆသာ ပိုအားကောင်းလာလျှင် သေချာပေါက် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့် ယှဉ်နိုင်သွားပေလိမ့်မည်။
‘ဒါ...ဒါက...’
ယခင်နှင့် ယခု၏ ကွာခြားမှုက အလွန်ကြီးလွန်း၏။ ကျန်းရီ တစ်ထိုင်တည်း လက်မခံနိုင်ပေ။
ထူးဆန်းသောစွမ်းအင်မှာ အဆိပ်ပြင်းကြောင်း ထင်ရှားသည်။ သို့သော် ၎င်းက နဝမမြောက်ကြယ်စက်လုံးထဲ စုပ်ယူခံရပြီးနောက်တွင် မိုးမြေစွမ်းအားနှင့် ပေါင်းစည်းသွားပြီး မိုးမြေစွမ်းအားကိုပင် ဆယ်ဆပိုအားကောင်းသွားစေပေသည်။
ထိုအဖြစ်မှာ ချောက်ထဲသို့ ခုန်ချရန် ဖိအားပေးခံခဲ့ရသူတစ်ယောက်သည် ချောက်အောက်တွင် သမုဒ္ဒရာတစ်ခု ရှိနေကြောင်း သိလိုက်ရသကဲ့သို့၊ ထိုသမုဒ္ဒရာထဲတွင်လည်း မရေမတွက်နိုင်သော ရွှေတုံးများ ရှိနေသကဲ့သို့ပင် ဖြစ်သည်။ ကွာခြားမှုမှာ အလွန်ကြီးမားလေသည်။
‘ငါက ချီးတွင်းထဲ ကျပြီး ရွှေကို ရှာတွေ့သွားတာလား’
မူလတွင် ကျန်းရီသည် ဟယ်နုန်ယင်းကို လိမ်ခဲ့သည်။ သူမ၏ ယင်ဓာတ်လွန်ကဲစွမ်းအင်အား သန့်စင်နိုင်မည့်နည်းကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သင်ပေးထားသည်ဟု ပြောခဲ့သည်။ ၎င်းကို သန့်စင်ပြီးလျှင် သူ့အင်အားလည်း တိုးလာမည်ဟုပင် ပြောခဲ့သေးသည်။ ယခုတွင် သူ့အလိမ်အညာက အမှန်တကယ် ဖြစ်လာပေပြီ။
ဤလောကထဲတွင် အဘယ်သို့ ထိုမျှတိုက်ဆိုင်သော တိုက်ဆိုင်မှုတစ်ခု ရှိနိုင်မည်နည်း။
ကျန်းရီကိုယ်တိုင်ပင် မယုံကြည်နိုင်ပေ။ ထို့ကြောင့် သူ တစ်ခဏမျှ နားပြီးနောက် ထူးဆန်းသောစွမ်းအင်အားလုံးကို နဝမမြောက်ကြယ်စက်လုံးထဲ ထပ်ထည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင် ၎င်းစွမ်းအင်အားလုံးက မိုးမြေစွမ်းအားနှင့် အမှန်ပင် ပေါင်းစည်းသွားလေသည်။
ကျန်းရီသည် သူ့ခန္ဓာကိုယ်က ဆယ်ဆပို၍ သန်မာလာကြောင်း အတည်ပြုလိုက်ပြီးနောက် နဝမမြောက်ကြယ်စက်လုံးကို ထပ်ခါ ထပ်ခါ စူးစမ်းလိုက်၏။ မိုးမြေစွမ်းအားကိုလည်း ကိုယ်ထဲတွင် အခါခါ လှည့်ပတ်ကြည့်သည်။ သို့သော် မည်သည့်ပြဿနာမှ မတွေ့ရချေ။
“ဟားဟားဟား...”
ကျန်းရီသည် အတည်ပြုပြီးသည်နှင့် မျက်လုံးဖွင့်၍ အရူးတစ်ယောက်အလား ရယ်လိုက်၏။ ငရဲမှနေ၍ ကောင်းကင်ဘုံသို့ ရောက်သွားသော ခံစားချက်မှာ အလွန်ကောင်းသည်။ ကောင်းကင်က အမှန်ပင် မျှတပေသည်။ တံခါးတစ်ချပ်ကို ပိတ်လိုက်ချိန်တွင် ပြတင်းတစ်ပေါက်ကို ဖွင့်ပေးသည်။ ကောင်းကင်သည် အမြဲ ဂယ်ပေါက်တစ်ခုကို ချန်ထားပေးပေသည်။
“ဘာဖြစ်လို့လဲ ကျန်းရီ”
ဟယ်နုန်ယင်းသည် အရူးတစ်ယောက်ကဲ့သို့ ရယ်နေသော ကျန်းရီကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။ ကျန်းရီက သူမကို ဖက်ကာ အကြိမ်အနည်းငယ် နမ်းလိုက်၏။ ပြီးမှ ပြုံး၍ ပြောလိုက်သည်။
“နုန်ယင်း... ကိုယ်က တကယ်ကို ကံကောင်းကြယ်ပဲ။ နုန်ယင်းရဲ့ ယင်ဓာတ်လွန်ကဲစွမ်းအင်တွေကို သန့်စင်ပြီးသွားတော့ ကိုယ့်ရုပ်ခန္ဓာက ဆယ်ဆပိုသန်မာသွားပြီ။ မြန်မြန်... နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်လုပ်ရအောင်။ ကိုယ် ယင်ဓာတ်လွန်ကဲစွမ်းအင်ကို လုံလုံလောက်လောက် စုဆောင်းပြီးတာနဲ့ ကိုယ်တို့ ဒီမိစ္ဆာသစ်ပင်တွေကို အလွယ်လေး ဖြတ်ကျော်ပြီး နောက်တစ်ထပ်အတွက် ဝင်ပေါက်ကို ရှာနိုင်လိမ့်မယ်”
“ဟွန်း... နှာဘူးကြီး”
ဟယ်နုန်ယင်းသည် အလွန်ရှက်သွားသဖြင့် နားရွက်လေးများ နီမြန်းသွား၏။ သို့သော် သူမ၏ မျက်ဝန်းများထဲ၌ ငံ့လင့်မှုများ၊ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေသည်။ သူမ စိတ်ဝင်တစား မေးလိုက်သည်။
“ကျန်းရီ... ယင်ဓာတ်လွန်ကဲစွမ်းအင်က အဲ့လောက်စွမ်းအားကြီးတယ်လား။ ချီလင်းဧကရီပြောတာကတော့ သာမန်ယောက်ျားတွေက အဲ့စွမ်းအင်ကို ခံနိုင်မှာ မဟုတ်ဘူးတဲ့”
“ဟင်းဟင်း... ဒါပေါ့၊ ကိုယ်က သာမန်ယောက်ျားမှ မဟုတ်တာ”
ကျန်းရီသည် မြောက်ကြွကြွ ပုံစံနှင့် ခေါင်းခါလိုက်၏။ ထိုအခိုက်တွင် သူ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။ ဟယ်နုန်ယင်း၏ ယင်ဓာတ်လွန်ကဲခန္ဓာက အဆိပ်ပြင်းသောခန္ဓာ မဟုတ်ဘဲ ထူးကဲသောရတနာခန္ဓာတစ်ခု ဖြစ်နေခြင်းဖြစ်မည်။
သို့သော် သာမန်ယောက်ျားများက ထိုခန္ဓာကိုယ်၏ စွမ်းအင်ကို တောင့်ခံနိုင်မည် မဟုတ်ချေ။ ကျန်းရီတွင်လည်း ထူးဆန်းသော ကြယ်စက်လုံးတစ်ခု ရှိနေရသာ တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။
‘နဝမမြောက်ကြယ်စက်လုံး၊ မင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိလဲ’
နဝမြောက်ကြယ်စက်လုံးနှင့် ပတ်သက်၍ ထူးဆန်းသောအရာများစွာ ဖြစ်ခဲ့သည်။ ၎င်းတွင် ဆန်းကြယ်သော စွမ်းအားများစွာ ရှိသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် ယင်းကို ရှင်းမပြနိုင်ပေ။
ကျန်းရီသည် သူသာ နဝမမြောက်ကြယ်စက်လုံး၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်လိုက်မည်ဆိုလျှင် သေချာပေါက် ကပ်လောကတစ်ခုလုံးကို လှုပ်ခါနိုင်လိမ့်မည်ဟု ယုံကြည်သွားပေပြီ။
***