စွမ်းအားကြီးသော ပြိုင်ဘက်
Vol. 140 Ch. 1957
ယခင်ကသာဆိုလျှင် ကျန်းရီ ဟယ်နုန်ယင်းနှင့် အတူအိပ်ဝံ့မည် မဟုတ်ပါ။ သူ့ခန္ဓာကိုယ်ထဲ ရောက်လာသည့် ထူးဆန်းသောစွမ်းအင်က သူ့အသက်စွမ်းအင်ကို စုပ်ယူနေခဲ့သည် မဟုတ်ပါလား။ ထိုစဉ်က သူ အချိန်မရွေး သေသွားတော့မလို ဖြစ်ခဲ့ပေသည်။
သို့သော် ယခုတွင်မူ အခြေအနေက ပြောင်းလဲသွားပေပြီ။
ဟယ်နုန်ယင်း၏ ကိုယ်ထဲမှ ထူးဆန်းသောစွမ်းအင်က ကျန်းရီ၏ မိုးမြေစွမ်းအားကို ပိုအားကောင်းလာစေသည်။ ထူးဆန်းသောစွမ်းအင်က သူ့ကိုယ်ထဲ ရောက်သည်နှင့် သူ့အသက်စွမ်းအင်ကို စုပ်ယူနိုင်သေးသော်လည်း သူသာ ၎င်းကို နဝမမြောက်ကြယ်စက်လုံးထဲ လျင်မြန်စွာ တွန်းပို့လိုက်မည်ဆိုလျှင် ပြဿနာရှိမည် မဟုတ်ချေ။
အစတွင် ဟယ်နုန်ယင်းသည် အတန်ငယ် စိုးရိမ်နေခဲ့သည်။ သို့သော် ယခု ကျန်းရီ၏ ပုံစံကို ကြည့်ရင်း ကျန်းရီက ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သေချာသွားသည်။ ထို့ပြင် ကျန်းရီ သူ့ဘယ်ဘက်လက်ထဲ မိုးမြေစွမ်းအား ထည့်လိုက်သောအခိုက်၌ သူမ ထိုလက်မှနေ၍ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိသည်။ ကျန်းရီ၏ အရှိန်အဝါကလည်း ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ အရှိန်အဝါနှင့်ပင် ယှဉ်နိုင်လာသည်။
ထို့ကြောင့် ဟယ်နုန်ယင်း စိတ်အေးသွား၏။ သို့ဖြင့် သူမတို့နှစ်ယောက် နောက်တစ်ကြိမ်ထပ်၍ ချစ်တင်းနှောကြသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်ဝန်းချင်းဆုံ၍ ကြည့်နေကြသည်။ တစ်ယောက်ကိုတစ်ယောက် ပွတ်သပ်ကာ ကိုယ်ရည်ချင်း ဖလှယ်နေကြလေသည်။
သို့သော် သူတို့ ဖလှယ်နေကြသည်မှာ ထို့ထက် အတန်ငယ် ပို၏။ ကျန်းရီက ဟယ်နုန်ယင်းကို သူ၏ယန်စွမ်းအင် ပေးပြီး ဟယ်နုန်ယင်းက ကျန်းရီကို သူမ၏ ယင်ဓာတ်လွန်ကဲစွမ်းအင်ကို ပေးပေသည်။ အစတွင် ကျန်းရီသည် ဟယ်နုန်ယင်းကို ကယ်ရန် သူ့ကိုယ်သူ စတေးခဲ့ခြင်းပင်။ ယခုတွင်မူ သူတို့က တူနှစ်ကိုယ် ကျင့်ကြံသလို ဖြစ်နေပေသည်။
မချင့်မရဲ ဖြစ်ရသည်မှာ တစ်ကြိမ် အတူနေလျှင် ကျန်းရီ၏ ကိုယ်ထဲ ထူးဆန်းသောစွမ်းအင်တန်း အတန်းတစ်ရာလောက်သာ ဝင်ခြင်းပင်။ ထူးဆန်းသောစွမ်းအင်တန်း တစ်တန်းက မိုးမြေစွမ်းအားတန်း အတန်းတစ်ရာနှင့် ပေါင်းစည်းနိုင်သည်။ တစ်နည်းဆိုရသော် ထူးဆန်းသောစွမ်းအင်တန်း တစ်တန်းက မိုးမြေစွမ်းအားတန်း အတန်းတစ်ရာကို ပိုအားကောင်းလာအောင် လုပ်ပေးနိုင်သည်။ လက်ရှိ ကျန်းရီ၏ ကိုယ်ထဲတွင် မိုးမြေစွမ်းအားများစွာ ရှိနေသည်။ အနည်းဆုံး စွမ်းအားတန်းတစ်သန်းလောက်ရှိသည်။ ကျန်းရီသည် ကြာရှည်သုံးနိုင်ရန် စွမ်းအားတန်းများစွာကို ထူးဆန်းသောစွမ်းအင်နှင့် ပေါင်းစည်းလိုနေပေသည်။
ထို့ကြောင့် ကျန်းရီအနေဖြင့် ဟယ်နုန်ယင်းနှင့် လုပ်နေသည့်အရာကို ဆက်လုပ်ရန်သာ ရှိလေသည်။ သူတို့နှစ်ယောက်သည် စစ်မှန်သော မသေမျိုးစုံတွဲ တစ်တွဲ ကဲ့သို့ပင်။ ကျန်းရီသည် ရံဖန်ရံခါ ကျင့်ကြံခြင်းကို ရပ်၍ ဟယ်နုန်ယင်းနှင့်အတူ ရေကန်ပတ်ပတ်လည်တွင် လမ်းလျှောက်သည်၊ ရေထဲတွင် ကစားသည်၊ အတိတ်မှ အကြောင်းများကို ပြန်ပြောင်းပြောဆိုပေသည်။ သူတို့သည် စိတ်ဝင်စားဖွယ် အကြောင်းအရာ အမျိုးမျိုးကို ပြောဆိုကာ ငါးကင်၍လည်း စားကြပြီး တစ်ယောက်နှင့်တစ်ယောက် ကျီစယ်နောက်ပြောင်နေကြပေသည်။
ထိုနှစ်ရက်က ဟယ်နုန်ယင်း၏ ဘဝအတွင်း အပျော်ဆုံးနှစ်ရက် ဖြစ်နိုင်သည်။ ကျန်းရီနှင့် ဟယ်နုန်ယင်းတို့သည် အကြိမ်နှစ်ဆယ်ကျော် လုပ်ခဲ့ကြသည်။ ကျန်းရီ၏ခန္ဓာကိုယ်တွင် မည်သည့်ပြဿနာမှ ရှိမလာပါ။ ထို့ကြောင့် ဟယ်နုန်ယင်း၏ ရင်ထဲမှ အလုံးကြီး လုံးဝကျသွားသည်။ သူမသည် ချစ်ကျွမ်းဝင်နေသော မိန်းမပျိုလေးတစ်ယောက်လို ဖြစ်လာပေသည်။ သူမ၏မျက်နှာပေါ်တွင် အမြဲ ယစ်မူးဖွယ်အပြုံးရှိနေသည်။ သူမသည် အချစ်ရူးတစ်ယောက်အလားပင်။ သူမ၏ ရယ်သံချိုချိုလေးများကလည်း ရေကန်လေးကို ပွတ်တိုက်သွားလေသည်။
“သွားဖို့ အချိန်တန်ပြီ”
ကျန်းရီ၏ ကိုယ်ထဲရှိ မိုးမြေစွမ်းအားတစ်ဝက်ကျော်လောက်ကို ထူးဆန်းသောစွမ်းအင်နှင့် ပေါင်းစည်းပြီးသွားပြီဖြစ်သည်။ ယင်းပမာဏက လုံလောက်ပေပြီ။ နှစ်ရက်လည်း ကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီ ဆက်၍ အချိန်မဆွဲဝံ့တော့ပေ။
“နုန်ယင်း... ပဉ္စမအထပ်ကို သွားကြတာပေါ့”
ကျန်းရီသည် စိတ်ဆုံးဖြတ်ပြီးနောက် ရေကန်ဘေးတွင် ထိုင်ကာ ရေကစားနေသော ဟယ်နုန်ယင်းကို လှမ်းပြောလိုက်၏။ ဟယ်နုန်ယင်းက နာခံစွာ ထလာသည်။ ကျန်းရီသည် သူမကို ဖက်လိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ချ၍ ပြောလိုက်၏။
“ကိုယ့်ကျောပေါ်တက်လိုက်။ တိုက်ခိုက်တဲ့နေရာမှာ နုန်ယင်း ကိုယ့်ကို ကူညီပေးရမယ်”
“အွန်း...”
ဟယ်နုန်ယင်းသည် ရေဘဝဲတစ်ကောင်ကဲ့သို့ ကျန်းရီ၏ကျောတွင် တွယ်ကပ်လိုက်၏။ ပြီးသည်နှင့် ကျန်းရီက ခက်ထန်သော ကျားတစ်ကောင်အလား အရှေ့သို့ ပြေးသွားလေသည်။ သူ့ကိုယ်ထဲတွင် မိုးမြေစွမ်းအား လှည့်ပတ်နေသဖြင့် သူ့ရုပ်ခန္ဓာက အဆတစ်ရာလောက် ပိုသန်မာနေသည်။ သူ့ကိုယ်မှနေ၍လည်း ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်နေသည်။ ထို့ကြောင့် ဟယ်နုန်ယင်းသည် သူမက ခက်ထန်သော ရှေးဟောင်းသားရဲတစ်ကောင်၏ ကျောပေါ်တွင် နေနေရသလို ခံစားနေရပေသည်။
ရွှစ်...ရွှစ်...
ကျန်းရီက မိစ္ဆာသစ်ပင် တစ်ပင်နှင့် ပေတစ်ရာအကွာသို့ ရောက်သောအခါ မိစ္ဆာသစ်ပင်၏ သစ်ကိုင်းများက အဆိပ်ပြင်းမြွေများအလား ရွေ့လျားလာကြ၏။ သစ်ရွက်များမှာလည်း လျှို့ဝှက်လက်နက်များကဲ့သို့ ပျံထွက်လာကြပြီး ကျန်းရီတို့အပေါ် မိုးရွာသလို ရွာကျလာသည်။
ထန်...ထန်...ထန်...
ကျန်းရီသည် သူ့လက်သီးနှင့် သစ်ရွက်အားလုံးကို ခပ်ထုတ်လိုက်၏။ ၎င်းတို့က သူ့ခန္ဓာကိုယ်ကို အနည်းငယ်ပင် ထိခိုက်မသွားစေနိုင်ပေ။ သူ့ထံ ရွေ့လျားလာသော အရေအတွက် ဆယ်ကျော်သည့် သစ်ကိုင်းများကိုလည်း ကိုယ်တွန့်၍ ရှောင်လိုက်ပြီး သစ်ကိုင်းနှစ်ကိုင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
ဘုန်း...ဘုန်း...
ကျယ်လောင်သော အသံနှစ်သံ ထွက်ပေါ်လာကာ သစ်ကိုင်းနှစ်ကိုင်း ပေါက်ကွဲထွက်သွားသည်။ ကျန်းရီ၏ခန္ဓာကိုယ်သည် ရေနဂါးတစ်ကောင်အလား တွန့်လိမ်၍ အရှေ့သို့ ဆက်သွား၏။ သူ့လက်သီးကလည်း ဘယ်ညာ ယမ်း၍ သူ့ထံ ရွေ့လျားလာသည့် သစ်ကိုင်းများကို ထိုးခွဲပစ်နေပေသည်။
“ကျား...”
ကျန်းရီ၏ အမြန်နှုန်းက ရုတ်တရက် တိုးသွား၏။ သူသည် သစ်ကိုင်းများက သူ့ထံ ရောက်လာမည်ကို စောင့်မနေတော့ဘဲ မိစ္ဆာသစ်ပင်၏ ပင်စည်အနီးကို ကပ်သွား၍ ပင်စည်ကို ထိုးချကာ ပင်စည်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားအောင် လုပ်လိုက်လေသည်။
ကျန်းရီနောက်ကို လိုက်နေသော သစ်ကိုင်းများ ရုတ်တရက် နှေးသွားသည်။ သစ်ပင်ပင်စည် ပျက်စီးသွားပြီဖြစ်၍ ၎င်း၏ စွမ်းအင်လည်း များစွာထိခိုက်သွားသည်။ ထို့ကြောင့် သစ်ကိုင်းများ၏ အမြန်နှုန်းက လျော့ကျသွားခြင်းဖြစ်သည်။
ဝှစ်...
အရာအားလုံးက ကျန်းရီ မျှော်လင့်ထားသကဲ့သို့ ဖြစ်နေ၏။ ကျန်းရီ သစ်ပင်တစ်ပင်လုံးကို မဖျက်ဆီးပစ်လိုပါ။ သူ့မိုးမြေစွမ်းအားက အလွန်အဖိုးတန်သည်။ ထို့ကြောင့် ကျန်းရီသည် ပင်စည်ကို ကန်ကာ အားပြု၍ အရှေ့သို့ ခုန်ထွက်လိုက်ပြီး သစ်ကိုင်းများကို အလွယ်တကူ ရှောင်လိုက်သည်။
“ဘယ်လောက်တောင် မြန်တဲ့ အမြန်နှုန်းနဲ့ တုံ့ပြန်မှုလဲ။ ဘယ်လောက်တောင် ကြီးလိုက်တဲ့ စွမ်းအားလဲ။ ကျန်းရီ... ရှင့်ရုပ်ခန္ဓာက သေချာပေါက် ယန်မဟာဧကရာဇ်နဲ့ ရူးသွပ်မဟာဧကရာဇ်တို့ထက် ပိုသန်မာနေပြီ”
ဟယ်နုန်ယင်းသည် တိုက်ခိုက်ရာတွင် ကျန်းရီကို ကူညီပေးလို၏။ သို့သော် သူမ ဝင်မကူနိုင်ကြောင်း သိလိုက်သည်။ ကျန်းရီ၏ လှုပ်ရှားမှုများက အလွန်မြန်လွန်းသည်။ သူ့တုံ့ပြန်မှုများမှာလည်း သွက်လှသည်။ သူမသည် ကျန်းရီ၏ တိုက်ခိုက်မှုစည်းချက်ကို အမီမလိုက်နိုင်ပါ။
“ဟင်းဟင်း... သွားကြစို့”
ကျန်းရီသည် နောက်သို့ ခေါင်းငဲ့ကြည့်၍ ခပ်ရေးရေးပြုံးလိုက်၏။ သူသည် လေတစ်ချက်အလား အရှေ့သို့ ဆက်ပြေးသွားပြီး သစ်ပင်မိစ္ဆာများကို ဖြတ်ကျော်သွားလိုက်လေသည်။
မိစ္ဆာသစ်ပင်အချို့ကို ဖြတ်ကျော်ပြီးနောက် ကျန်းရီ ပို၍ ကျင်လည်လာ၏။ သူ သစ်ပင်ပင်စည်များကို ဆက်မတိုက်ခိုက်တော့ဘဲ လက်ကိုယမ်းကာ သစ်ကိုင်းများကို ဆုပ်ကိုင်၍ ပင်စည်အနီးသို့ အရှိန်ယူသွားလိုက်ပြီး ပင်စည်ကို ခြေတစ်ဘက်ဖြင့် ကန်လျက် သစ်ပင်ကို တုန်ခါသွားအောင် လုပ်လိုက်၏။ ထိုနည်းနှင့်လည်း သစ်ကိုင်းများကို သူ့နောက်ကို ဆက်မလိုက်နိုင်တော့ပေ။ သူ့အမြန်နှုန်းက အလွန်မြန်သည်။ ထို့ကြောင့် သစ်ကိုင်းများ ပြည့်နေသော နေရာမှ အလွယ်တကူ ဖောက်ထွက်နိုင်ပေသည်။
ထိုနည်းနှင့် ကျန်းရီသည် သူ့မိုးမြေစွမ်းအားကို ချွေတာနေ၏။ သူ သစ်ပင်များကို တစ်ပင်ပြီးတစ်ပင် ဖြတ်ကျော်နေသည်။ သူ့အမြန်နှုန်းကလည်း သိသိသာသာ တိုးလာလေသည်။
နေ့တစ်ဝက်၊ တစ်ရက်...
ကျန်းရီသည် အနားယူရန် နေရာလွတ်တစ်ခုကို ရှာလိုက်၏။ သူ ဟယ်နုန်ယင်း၏ ပေါင်ပေါ်တွင် ခေါင်းတင်လိုက်ပြီး နာရီနှစ်ဆယ်ကျော် အိပ်လိုက်သည်။ အားပြည့်သွားသောအခါမှ ဟယ်နုန်ယင်းကို ခေါ်၍ ဆက်သွားပေသည်။
“ဟိုမှာ ကျန်းရီ။ အဲ့ဘက်မှာ ဖျက်ဆီးခံထားရတဲ့ မိစ္ဆာသစ်ပင်တွေ ရှိနေတယ်”
နောက်ထပ် နေ့တစ်ဝက်ကြာအောင် ပြေးပြီးနောက် ဟယ်နုန်ယင်းက ရုတ်တရက် ပြောလာ၏။ ကျန်းရီလည်း မိစ္ဆာသစ်ပင်တစ်ပင်ကို ဖြတ်ကျော်ပြီးနောက် သူ့ဘယ်ဘက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ အရောင်လက်လာသည်။ သူ့ဘယ်ဘက်တွင် အမှန်ပင် ဖျက်ဆီးခံထားရသော မိစ္ဆာသစ်ပင်များ ရှိနေသည်။ ထို့ပြင် လမ်းတစ်လျှောက်ရှိ မိစ္ဆာသစ်ပင်အားလုံးလည်း ဖျက်ဆီးခံထားရကြောင်းကို မြင်လိုက်ရသည်။
“ဟားဟားဟား”
ကျန်းရီသည် ပြေးသွား၍ တစ်ချက်ကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်လိုက်၏။ ထိုသစ်ပင်များ ဖျက်ဆီးခံထားရသည်မှာ မကြာသေးပေ။ အလွန်ဆုံး တစ်ရက်၊ နှစ်ရက်လောက်သာ ရှိဦးမည်။ ကြည့်ရသည်မှာ ရှားယွီ၊ လင်းဖေးရှန်းနှင့် အခြားသူများက ဝေးဝေးသို့ မရောက်လောက်သေးပေ။ ပဉ္စမထပ်သို့လည်း မရောက်လောက်ကြသေးချေ။
“လူငါးယောက်လား။ ရှားယွီတို့ပဲ”
ကျန်းရီသည် ခြေရာလက်ရာများကို စူးစမ်း၍ လူငါးယောက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ လင်းဖေးရှန်းတို့မှာ သူမနှင့် ဧကရာဇ်ငယ်ရွေဟူ၍ နှစ်ယောက်သာရှိသည်။ ထို့ကြောင့် ဤနေရာ၌ တိုက်ခိုက်သွားသူများမှာ ရှားယွီတို့သာ ဖြစ်ရပေမည်။
“သွားကြစို့”
အရှေ့မှ လမ်းပြနေသူများ ရှိနေပြီဖြစ်၍ ကျန်းရီ ပို၍ပင် စိတ်အေးသွားသည်။ ဟယ်နုန်ယင်းသည် ကျန်းရီ၏ ကျောပေါ်မှဆင်းလိုက်၏။ ထို့နောက် နှစ်ယောက်သား လက်ကိုင်ကာ ရှုခင်းကြည့်ထွက်လာသကဲ့သို့ အရှေ့သို့ ပြေးသွားလိုက်သည်။
ရှားယွီနှင့် အခြားသူများက အလွန်စွမ်းအားကြီးကြသည်။ ကျန်းရီတို့သည် ပြေးနေရင်း ကျိုးပဲ့နေကြသော သစ်ပင်များစွာကို တွေ့ရသည်။ ထို့ပြင် ၎င်းသစ်ပင်အားလုံးကို တိတိရိရိ ခုတ်ဖြတ်ခံထားရသည်။ နောက်ဆုံးတိုက်ခိုက်မှုက လူတစ်ယောက်တည်းက လုပ်ခဲ့သည့်ပုံပင်။
“ကမ္ဘာဦးဝိညာဉ်အဆင့် ဓားရှည်တစ်လက်”
ဟယ်နုန်ယင်းသည် အကြိမ်အနည်းငယ် စူးစမ်းပြီးနောက် ယုံကြည်မှုရှိရှိ ပြောလိုက်၏။
“ကျန်းရီ ရှင် သတိထားမိလား။ အဲ့သစ်ပင်တွေ အကုန်လုံးမှာ အလင်းစွမ်းအား အရှိန်အဝါခပ်ရေးရေး ရှိနေတုန်းပဲ”
“ဟုတ်တယ်... ရှားယွီပဲ”
ကျန်းရီ၏ မျက်နှာထားက တည်သွား၏။ သူ ထိုအရာကို သတိပြုခဲ့မိသည်မှာ ကြာပြီဖြစ်သော်လည်း မည်သို့မှ မပြောခဲ့ခြင်းပင်။ သူ ပြေးနေရင်း သက်ပြင်းချကာ ပြောလိုက်သည်။
“နုန်ယင်း... ကိုယ်တို့အားလုံး အဲ့စစ်သူကြီးရှားကို လျှော့တွက်ခဲ့မိပြီ။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ထားတာ ကြာရင်ပြီ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် ဧကရာဇ်အဆင့်ကို ရောက်နေလောက်ပြီ။ သူက ဘယ်အဆင့်ပဲဖြစ်ဖြစ် ကိုယ်တို့အားလုံးထက် ပိုငယ်ပြီး ပိုပါရမီထူးတယ်ဆိုတာကတော့ အမှန်တရားပဲ”
ဟယ်နုန်ယင်း ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ဟုတ်တယ်... သူ ကျော်ကြားလာတာ မြန်လွန်းတယ်။ ပြီးတော့ သူက နတ်ဆိုးတစ်ကောင်လို ဉာဏ်ကောင်းတယ်။ နောက်ကျရင် သူက ရှင့်အတွက် စွမ်းအားကြီး ပြိုင်ဘက်တစ်ယောက် ဖြစ်လိမ့်မယ်။ သူက ရှင်နဲ့ ဘာရန်ငြိုးမှ မရှိသေးပေမဲ့ မိုးပြာမဟာဧကရာဇ်ရဲ့ တပည့်တစ်ယောက်ပဲ မဟုတ်လား”