← Chapters

အိပ်မက်ထဲက ရှင်းဟုန်ရွှမ်

Vol. 76 Ch. 801

အိပ်မက်ထဲက ရှင်းဟုန်ရွှမ်

Vol. 76 Ch. 801

နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပထမဆုံး မဟာတာအိုမျှော်စင်ကို လှမ်းကြည့်လိုက်ပါတယ်။ နှစ်တွေကြာပြီးတဲ့နောက် မဟာတာအိုမျှော်စင်ဟာ နဂိုအတိုင်း ပြန်စည်ကားနေပါပြီ။ ကျိုးဖန်ကတော့ မျှော်စင်ထဲမှာ ကျင့်ကြံအားထုတ်နေတုန်းပါ။

လွန်ခဲ့တဲ့ နှစ်တစ်သောင်းကနဲ့ နှိုင်းယှဉ်ရင် မဟာတာအိုမျှော်စင်ရဲ့ သက်ရှိအရေအတွက်ဟာ နှစ်ဆ တိုးလာပါတယ်။ ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပြီး မပြုံးဘဲ မနေနိုင်ပါဘူး။ သူ ဘိုးဘေးရှီတျန်ကို အနိုင်ယူလိုက်တဲ့ သတင်း ပျံ့နှံ့သွားတဲ့အတွက် ရှုံဟွာကို ကြောက်တဲ့ သက်ရှိ အများကြီးဟာ မဟာတာအိုမျှော်စင်မှာ ခိုလှုံလာကြတာ ဖြစ်ပါတယ်။

မဟာတာအိုမျှော်စင်တင် မဟုတ်ပါဘူး။ ကောင်းကင်တာအိုနဲ့ ကောင်းကင်ရုံးတော်လည်း သက်ရောက်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ရုံးတော်က ကောင်းကင်စစ်သားတွေအတွက် ကြမ်းခင်း သတ်မှတ်ချက် မြင့်လွန်းတဲ့အတွက် သာမန်သက်ရှိတွေကို လက်မခံပါဘူး။ ကောင်းကင်ရုံးတော်ဟာ မဟာတာအိုမျှော်စင်နဲ့ မတူဘဲ စစ်တပ်တစ်တပ်နဲ့ ပိုတူပါတယ်။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ ကောင်းကင်ရုံးတော်ဆီ ရောက်သွားပါတယ်။ ကောင်းကင်ရုံးတော်ဟာ ရှုံဟွာတွေကို တိုက်ထုတ်နိုင်ပြီးနောက် အင်မော်တယ် အရေအတွက်ဟာ တော်တော်လေး တိုးလာပါတယ်။ ပြောရမယ်ဆိုရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က အာဏာနဲ့ ဂုဏ်သတင်းကို အသုံးချတဲ့နေရာမှာ တကယ့်ကို ဆရာကြီးပါ။

ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင် အဆင်ပြေနေတာကို တွေ့ရတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ မရှိတော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ ဗုဒ္ဓကမ္ဘာကို ကြည့်လိုက်ပါတယ်။

ဗုဒ္ဓကမ္ဘာဟာ အထူးတလည် စီမံထားတဲ့ အရံအတားနဲ့ အချိန်-အာကာသရဲ့ နက်ရှိုင်းတဲ့ နေရာတစ်ခုမှာ ပုန်းအောင်း တည်ရှိနေပါတယ်။ မဟာတာအိုပညာရှိနဲ့ မဟာတာအိုပညာရှိ အထက်က တည်ရှိမှုတွေပဲ ဗုဒ္ဓကမ္ဘာကို ထောက်လှမ်းနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဗုဒ္ဓကမ္ဘာမှာ လွတ်လပ် တာအိုပညာရှိတစ်ပါးရဲ့ ရောင်ဝါကို သတိထားမိလိုက်ပါတယ်။

‘ဟင်... ဒီကောင်လေးက တကယ်ကြီး အောင်မြင်သွားတာလား...’

ဟန်ကျွယ်ဟာ ချူရှီရန်ရဲ့ ပုံရိပ်ကို စစ်ဆေးကြည့်လိုက်ပါတယ်။ ချူရှီရန်က ခန္ဓာသိမ်း မခံရသလို မျက်နှာသာပေးမှုကလည်း ပြောင်းမသွားပါဘူး။ အရာအားလုံးက ပုံမှန်ပါပဲ။ ချူရှီရန်က စိတ်ဝင်စားဖို့ ကောင်းတဲ့အတွက် ဟန်ကျွယ်ဟာ ချူရှီရန် အနာဂတ်မှာ ဘာတွေလုပ်မလဲဆိုတာကို ကြည့်ချင်သွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ လီတောက်ခုံးကို အိပ်မက်ပေးပြီး လက်တလော အခြေအနေတွေကို မေးမြန်းပါတယ်။ အိပ်မက်ထဲမှာ လီတောက်ခုံးဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။

လီတောက်ခုံးတို့ သုံးယောက်ဟာ ကောင်းကင်ရုံးတော်နဲ့ မဟာတာအိုမျှော်စင်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း ရှုံဟွာ အင်အားစုထဲမှာ အတော်ကြီးမားတဲ့ ဖိအားကို ရင်ဆိုင်ရပါတယ်။ လီတောက်ခုံးနဲ့ ရှီတုတောက်ဟာ အတော်ဒေါသထွက်ပေမဲ့ သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး။

ရှုံဟွာ ဖြစ်လာပြီးနောက်ပိုင်း လီတောက်ခုံးဟာ ကပ်ဘေးထိန်းချုပ်သူ ကံကြမ္မာကနေ လက်မတင်ကလေး လွတ်မြောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြိမ်က လီတောက်ခုံး ကပ်ဘေးထိန်းချုပ်သူ ကံကြမ္မာရဲ့ နှိပ်စက်တာကို ပထမဆုံး ခံစားရတာပါ။ ဒါက သေသွားတာထက်ကို အဆတစ်ထောင်လောက် ဆိုးရွားလွန်းပါတယ်။

ဟန်ကျွယ်က ပြောလိုက်တယ် “မင်း မတတ်နိုင်ရင် ငါ မင်းကို ကူပြီး ကပ်ဘေးထိန်းချုပ်သူ ကံတရားကို ဖြေရှင်းပေးနိုင်တယ်”

လီတောက်ခုံးဟာ ဟန်ကျွယ်စကားကြောင့် မှင်တက်သွားပြီး ကျေနပ် အံ့အားသင့်သွားပါတယ်။ လီ‌တောက်ခုံးဟာ ကပ်ဘေးထိန်းချုပ်သူရဲ့ တကယ့် ကြောက်စရာကောင်းတဲ့ အမှန်တရားကို နားလည်သွားတဲ့အခါမှာ မျှော်လင့်ချက် ကင်းမဲ့သွားခဲ့ပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်ဆီမှာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

လီတောက်ခုံးဟာ ဟန်ကျွယ်က ကြွားပြောတာ မဟုတ်မှန်း သိပါတယ်။ ဟန်ကျွယ် လက်ထဲမှာ သေသွားတဲ့ ရှုံဟွာတွေက ဆယ်ဂဏန်း ကျော်နေပြီ မဟုတ်ပါလား။

လီတောက်ခုံးဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် အံကြိတ်ကာ အဖြေပြန်ပေးပါတယ် “ရတယ်၊ ကျွန်တော် တောင့်ခံနိုင်သေးတယ်၊ နောက်ပြီး ဒီကပ်ဘေးထိန်းချုပ်သူကို အမှီပြုပြီး ကျွန်တော်ရဲ့ ကျင့်ကြံမှုအလျင်က နဂိုကထက် အများကြီး ပိုမြန်လာတယ်၊ ဒါက ကျွန်တော့်အတွက် အခွင့်အရေး တစ်ခုပဲ”

“တစ်ယောက်တည်း ကြိတ်ခံမနေနဲ့၊ မင်း ဆက်ပြီး တောင့်မခံနိုင်တော့ရင် ဖိတ်ခေါ်ပညာရပ်ကို အချိန်မရွေး အသုံးပြုလို့ရတယ်”

လီတောက်ခုံးဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် နားလည်ပါတယ်၊ ဂိုဏ်းချုပ်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးပါ”

အဲဒီနောက် ဟန်ကျွယ်နဲ့ လီတောက်ခုံးဟာ စကားနည်းနည်းပါးပါး ပြောပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ရှီတုတောက်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီး သရုပ်ကို အသုံးပြုလိုက်ပါတယ်။

ရှီတုတောက်လည်း ကပ်ဘေးထိန်းချုပ်သူ ကံကြမ္မာရဲ့ နှိပ်စက်မှုကြောင့် တော်တော်လေး ခံစားနေရပါတယ်။ ရှီတုတောက်ဟာ သူ့ဝှက်ဖဲတွေကို ထုတ်သုံးချင်ပေမဲ့ အမှောင်သခင်ကြီး မျက်လုံးထဲမှာ အားနည်းပြီး သုံးစားမရဘူးလို့ အထင်ခံရမှာစိုးတဲ့အတွက် ဒီအတိုင်း ဆက်ပြီးတော့ တောင့်ခံနေတာပါ။

ရှီတုတောက်ဟာ အမှောင်သခင်ကြီးကို တွေ့လိုက်ရတယ်ဆိုရင်ပဲ ရင်ထဲက မကျေနပ်ချက်တွေ အကုန်လုံးဟာ နေလာနှင်းပျောက် ဖြစ်သွားပါတယ်။ ရှီတုတောက်ဟာ စိတ်ထဲမှာ အမှောင်သခင်ကြီး ပိုလေးစားသွားပါတယ်။ သူ ပြိုလဲခါနီးအချိန်မှာ အမှောင်သခင်ကြီး ပေါ်လာတာက မျှော်လင့်ချက်ပေးဖို့နဲ့ သူ့ကို အားပေးဖို့မဟုတ်ပါလား။

ရှီတုတောက်ဟာ ဒါက ပရိယာယ်မှန်း သိတာတောင် အမှောင်သခင်ကြီးကို မလေးစားဘဲ မနေနိုင်ပါဘူး။ အနည်းဆုံး အမှောင်သခင်ကြီး သူ့ကို ဂရုစိုက်ပြီး အချိန်မရွေး လွှင့်ပစ်လို့ရတဲ့ နယ်ရုပ်တစ်ရုပ်လို့ မဆက်ဆံဘူး မဟုတ်ပါလား။

“မင်း ဆက်ပြီးတော့ တောင့်မခံနိုင်ရင် ငါ မင်းကို အဲဒီကံကြမ္မာကနေ လွတ်မြောက်အောင် လွတ်ပေးပြီး အေးအေးချမ်းချမ်း ကျင့်ကြံဖို့ နေရာတစ်နေရာ ရှာပေးနိုင်တယ်”

ရှီတုတောက်က ပြန်မေးလိုက်ပါတယ် “ဒါဆို ကျွန်တော် သခင်ကြီးနောက်ကို လိုက်လို့ရဦးမှာလား”

“ရတယ်၊ နောက်နည်းလမ်းတစ်မျိုးနဲ့ ငါ့နောက် လိုက်လို့ရတယ်”

ရှီတုတောက်ဟာ ချက်ချင်း နားလည်လိုက်ပါတယ်။ တခြားနည်းလမ်းက သူ့ကို နောက်တန်းမှာ စောင့်ခိုင်းပြီး အခွင့်အရေးကို စောင့်ခိုင်းတာပါ။ ဒါပေမဲ့ ရှီတုတောက်ဟာ ဒီလိုနည်းလမ်းကို သဘောမကျပါဘူး။ လိုလည်း မလိုချင်ပါဘူး။

ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ရှီတုတောက် ငါ့အမြင်မှာ မင်းအရည်အချင်းက အထက်မြက်ဆုံးပဲ၊ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ယှဉ်မတိုက်နိုင်တာက မင်း အပြစ်မဟုတ်ဘူး၊ ကျင့်ကြံမှုက ကွာခြားတာကိုး၊ မင်းရဲ့ အရည်အချင်းက ကျင့်ကြံမှု အဆင့် တိုးလာတာနဲ့ ပိုပိုပြီး ထက်မြက်လာလိမ့်မယ်၊ တစ်နေ့ကျရင် မင်းက မဟာတာအို နတ်စိတ်ဝိညာဉ်တွေထက်တောင် ပိုတောက်ပတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်”

“ဒါပေမဲ့ အထွတ်အထိပ် တည်ရှိမှုတိုင်း အထက်ကို မရောက်ခင် အထက်ကိုရောက်ဖို့ ကြိုးစားတဲ့လမ်းမှာ နာကျင်မှုတွေ မျှော်လင့်ချက် ကင်းမဲ့တာတွေကို ရင်ဆိုင်ခံစားရမှာပဲ”

ရှီတုတောက်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူလည်း ဒီအချက်ကို ယုံကြည်ပါတယ်။ ဒါပေမဲ့ အမှောင်သခင်ကြီးက သူ့ကို အရည်အချင်းအရှိဆုံးလို့ ပြောလိုက်တဲ့အတွက် ရှီတုတောက်ဟာ တော်တော်လေး စိတ်လှုပ်ရှားသွားပြီး ခြေထောက်နဲ့ မြေကြီး မထိချင်တော့ပါဘူး။

ရှီတုတောက်ဟာ ကောင်းကင်တာအိုကနေ မထွက်ခွာခင်တုန်းက သူ့ကိုယ် အရည်အချင်း အရှိဆုံးလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ ပဋိပက္ခကို ခြေဆန့်ပြီးတဲ့နောက်မှာတော့ ရှီတုတောက်ဟာ သူ့အရည်အချင်းက သာမန်ပဲလို ထင်မြင်လာခဲ့ပါတယ်။ အထူးသဖြင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ တိုက်ခိုက်ပြီးနောက်ပိုင်း သူ့ကိုယ်သူ ပိုပြီးတော့ သံသယ ဝင်လာခဲ့ပါတယ်။

ရှီတုတောက်ဟာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး ပြန်မေးလိုက်ပါတယ် “တကယ်လား”

“ငါက မင်းကို ဘာကိစ္စနဲ့ လိမ်ရမှာလဲ၊ မင်းအရည်အချင်းက ငါ့ပါးစပ်နဲ့ သတ်မှတ်လို့ရတာ မဟုတ်ဘူး၊ မင်းထက် အရည်အချင်းရှိတဲ့လူ ရှိရင် ငါ သူ့ကို သွားရှာမှာပေါ့”

ရှီတုတောက်ဟာ အမှောင်သခင်ကြီးစကားက အဓိပ္ပာယ် ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

“ဒီလိုဆိုမှတော့ ကျွန်တော် ရှုံဟွာထဲမှာ ဆက်ပုန်းမယ်၊ ကျွန်တော် အကောင်းဆုံး စစ်နတ်ဘုရား ဖြစ်ချင်တယ်” ရှီတုတောက်ဟာ ဝင့်ကြွားစွာ ပြောလိုက်ပါတယ်။ သူ့ရဲ့ နဂိုတက်ကြွမှုကိုလည်း ပြန်ရသွားပါတယ်။

ဟန်ကျွယ်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် တစ်နာရီကြာတဲ့အခါမှာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ သူက သရုပ်ဆောင်တဲ့နေရာမှာ အရည်အချင်း ရှိလွန်းတယ် မဟုတ်ပါလား။ အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

ဘေးနားက တာအိုဘုံကျောင်းမှာ တရားထိုင်နေတဲ့ ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သူမရဲ့ သိစိတ်ဟာ အိပ်မက်တစ်ခုထဲကို ဝင်ရောက်သွားပါတယ်။

အတန်ကြာလို့ ရှင်းဟုန်ရွှမ် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ရေကန်တစ်ကန်ဘေးမှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရပါတယ်။ အင်မော်တယ်ချီက သူမကို ပတ်လည်ဝိုင်းနေပြီး ရှုခင်းက တကယ်ကို လှပလွန်းပါတယ်။

“အိပ်မက်လား...” ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ သူမက လောကဦး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်တဲ့အတွက် အိပ်မက်မက်တယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ။

ရှင်းဟုန်ရွှမ်ဟာ သူမရဲ့ ဝမ်းဗိုက် အလိုလို တို့ထိမိလိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ကိုယ်ဝန် စဆောင်ကတည်းက ဉာဏ်မမီတာတွေကို စပြီးတော့ တွေ့ကြုံခံစားလာရပါတယ်။ ရှင်းဟုန်ရွှမ်ဟာ သူ့သားက မရိုးရှင်းမှန်း သိပါတယ်။ အန္တရာယ်တွေ ဆွဲဆောင်မိမှာကိုလည်း စိုးရိမ်ပါတယ်။ ဒါပေမဲ့ ရွေးချယ်စရာ မရှိတာကြောင့် ဆက်ပြီးတော့ တောင့်ခံနေတာပါ။

အိပ်မက်ထဲကနေ ထွက်လို့မရမှန်း ရုတ်တရက် သဘောပေါက်သွားတဲ့ ရှင်းဟုန်ရွှမ်ဟာ သူမရဲ့ ပတ်ဝန်းကျင်ကို စပြီးတော့ လေ့လာပါတယ်။ တိမ်တွေက ရှင်းဟုန်ရွှမ်ကို ပတ်လည်ဝိုင်းနေပြီး ဘယ်နေရာ ရောက်နေတယ်ဆိုတာကို မမြင်နိုင်အောင် ကာဆီးထားပါတယ်။

ဒီအချိန်မှာပဲ...

ရေကန်ပေါ်က ရုပ်သွင်တစ်ခုဟာ ရှင်းဟုန်ရွှမ်ဆီကို လျှောက်လာပါတယ်။ မကြာခင်မှာပဲ ဒီရုပ်သွင်ဟာ တိမ်တွေပေါ် လမ်းလျှောက်ပြီး သူမရဲ့ သရုပ်မှန်ကို ထုတ်ပြလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ရုပ်သွင်ကို ကြည့်ပြီး မှင်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ တစ်ဖက်လူက သူမနဲ့ လုံးဝချွတ်စွပ်တူပြီး ကိုယ်ဟန်အမူအရာက သူမထက် ပိုပြီးတော့ သိမ်မွေ့နက်နဲလို့ပါ။ ဒီရှင်းဟုန်ရွှမ်ဟာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး ကြာပလ္လင်ပေါ်မှာ မတ်တတ်ရပ်နေပါတယ်။ နေနဲ့လက သူမနောက်မှာ ပေါလောမျောနေပြီး နတ်ဘုရားတွေလို သူမကို ဝန်းရံထားပါတယ်။

ရှင်းဟုန်ရွှမ်ဟာ အသစ်ပေါ်လာတဲ့ ရှင်းဟုန်ရွှမ်ကို စိုက်ကြည့်ပြီး ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပါတယ်။

အသစ်ပေါ်လာတဲ့ ရှင်းဟုန်ရွှမ်က တစ်လုံးချင်း ပြောလိုက်ပါတယ် “နင်ရဲ့သားကို မမွေးစေနဲ့၊ အဲဒီကလေးက ဘယ်လိုမှ မခန့်မှန်းနိုင်တဲ့ အန္တရာယ်ကို ဆောင်ယူလာလိမ့်မယ်၊ နင့်ရဲ့ ယောက်ျားတောင် ဒီအန္တရာယ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး”

ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုကို တွေးမိသွားပါတယ် “ရှင်က အနာဂတ်က ကျွန်မလား”

တစ်ဖက် ရှင်းဟုန်ရွှမ်က တစ်လုံးချင်း ပြန်ဖြေပါတယ် “အနာဂတ်နဲ့ အတိတ်ဆိုတာ မရှိဘူး၊ ငါက ငါ့ကိုယ်ငါ ပြန်ပြောနေတာ၊ နင်အနေနဲ့ နင့်သားနဲ့ နင့်ယောက်ျားထဲက တစ်ယောက်ယောက်ကို ရွေးချယ်ရလိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters