တစ်ခုတည်းသော တည်ရှိမှု
Vol. 76 Ch. 802
“ဘယ်လို ပြဿနာမျိုးလဲ” ရှင်းဟုန်ရွှမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တန်ဖိုးအထားဆုံးပါ။ ဒါပေမဲ့ သူ့သားကလည်း သူ့ကို နှစ်အကြာကြီး အဖော်ပြုခဲ့ပြီး ကျင့်ကြံတဲ့နေရာမှာ ကူညီပေးခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တစ်ဖက်လူက သူ့သားကို ရှင်းပစ်ခိုင်းတာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စပါ။
အနာဂတ် ရှင်းဟုန်ရွှမ်က ထပ်ပြောပါတယ် “အဲဒီကလေးရဲ့ မွေးဖွားမှုက ပဋိပက္ခတစ်ခုလုံးကို ကယ်ဘေးကြီး သယ်ဆောင်လာလိမ့်မယ်၊ နင့်ယောက်ျားတောင် အဲဒီကလေးရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်၊ အဲဒီရှေးကျတဲ့ တည်ရှိမှုတွေကလည်း တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ပြီး ကံတရားနဲ့ အာကာသကို ချိပ်ပိတ်လိမ့်မယ်၊ ငါ နင့်ကို အိပ်မက်လာပေးနိုင်တာကလည် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီးမှ လာပေးနိုင်တာ”
ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်သွားပါတယ်။
အနာဂတ် ရှင်းဟုန်ရွှမ်က ထပ်ပြောပါတယ် “နောက်ပြီး နင် မွေးဖွားလာမဲ့ ကလေးက ကောင်းလား ဆိုးလားဆိုတာကို နင် ကံသေကံမ ပြောလို့ရတာလည်း မဟုတ်ဘူး၊ နင် အဲဒီကလေးရဲ့ အရည်အချင်းကို မြင်ပြီးပြီပဲ၊ အဲဒီကလေးသာ မကောင်းဆိုးရွားဆိုရင် နင် သူ့ကို ထိန်းချုပ်နိုင်မှာလား”
“သူက နင့်ကို စွမ်းအားကြီးလာအောင် လုပ်ပေးနိုင်မှတော့ သူကလည်း စွမ်းအားကြီးမှာပဲ၊ သူက အကြီးမားဆုံး စွမ်းအားနဲ့ မွေးဖွားလာမှာ၊ သူက ကပ်ဘေးဖြစ်ဖို့ မွေးဖွားလာတာ၊ သူက မမွေးဖွားလာသင့်တဲ့ တည်ရှိမှုပဲ၊ နင့်ယောက်ျားက အဲဒီကလေးကို ကနဦးမှာ လိုချင်ခဲ့တာ မဟုတ်ဘူး၊ နင်ကသာ အတင်းလိုချင်ခဲ့တာ”
“ဒါကို ရက်စက်တယ်လို့ မထင်နဲ့၊ နင်စခဲ့တဲ့ ကံတရားကို နင် အဆုံးသတ်ရမှာပဲ”
စကားဆုံးတာနဲ့ ကမ္ဘာတစ်ခုလုံး ရှုံ့တွပြီး မှေးမှိန်သွားပါတယ်။
ရှင်းဟုန်ရွှမ်လည်း မျက်လုံးပွင့်သွားပြီး အိပ်မက်ကနေ နိုးထသွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ရင်ထဲမှာ တင်းကျပ်သွားပါတယ်။ အဲဒီနောက် သူမရဲ့ ဝမ်းဗိုက်ကို ငိုတော့မဲ့မျက်နှာနဲ့ တို့ထိလိုက်ပါတယ်။
‘ဒါက ငါ အတင်းလိုချင်ခဲ့တာကြောင့်လား...’
ရှင်းဟုန်ရွှမ်ဟာ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး အနည်းငယ် စိတ်သက်သာရာ ရသွားပါတယ်။
“ငါဘာတွေ ရှုပ်ထွေးနေတာလဲ၊ ယောက်ျားကြောင့်သာ မဟုတ်ရင် ငါ ဒီနေ့ ဒီနေရာကို ရောက်လာနိုင်ပါ့မလား၊ ဒီကလေးရဲ့ အရည်အချင်းကလည်း ငါ့ဆီကနေ လာတာ မဟုတ်ဘူး၊ ငါ့ယောက်ျားဆီကနေ လာတာ၊ ဒီကိစ္စက ငါ စိုးရိမ်ပူပန်သင့်တာ မဟုတ်ဘူး၊ ဟုတ်တယ်... ယောက်ျားကို ဒီအကြောင်း ပြောပြရမယ်” ရှင်းဟုန်ရွှမ်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ဟန်ကျွယ်ဆီ သွားလည်ပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတချို့ကို စဉ်းစားနေတုန်း ရှင်းဟုန်ရွှမ်ရဲ့ ရောင်ဝါကို အာရုံခံမိတဲ့အတွက် တာအိုဘုံကျောင်းရဲ့ တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တာအိုဘုံကျောင်းထဲ ဝင်လာပြီး ဟန်ကျွယ်ဘေးမှာ ထိုင်ကာ သူမရဲ့ အိပ်မက်အကြောင်း အကုန်အစင် ပြောပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အံ့အားသင့်ခြင်းအလျဉ်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စကို သိပြီးသားမလို့ပါပဲ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အလွန်အားရပါတယ်။
“မင်းလုပ်တာ ကောင်းတယ်၊ မင်း နားမလည်တာရှိရင် ငါ့ကို လာပြောချည်၊ ကိုယ့်ဘာသာ မဖြေရှင်းနဲ့” ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ကျောပြင်ကို အသာပွတ်သပ်ပေးလိုက်ပါတယ်။ တကယ်လို့ ရှင်းဟုန်ရွှမ်သာ နားမလည်ဘဲနဲ့ ထင်ရာလျှောက်လုပ်ရင် ဖြစ်လာမဲ့အကျိုးဆက်က မတွေးဝံ့စရာပါ။
“ခစ်..ခစ်... ဒါက မိန်းမရဲ့ နှလုံးသားကို ဆောက်တည်ရာမရအောင် လုပ်ပြီး ယောက်ျားကို ဆွဲထားချင်တဲ့ ထောင်ချောက် ဖြစ်နိုင်တယ်”
“ငါ တွက်ချက်ကြည့်လိမ့်မယ်၊ အရင်အတိုင်းပဲ ဆက်ကျင့်ကြံ၊ လောကဦးပဋိပက္ခ တာအိုအသီးကို ရသွားပြီဆိုပြီး ကျင့်ကြံမှုကို လျှော့လိုက်လို့မရဘူး၊ ငါပြောတာ နားလည်လား...”
ရှင်းဟုန်ရွှမ်ဟာ ခေါင်းညိတ်ပြီး လေးငါးခြောက်နာရီ အကြာမှာ တာအိုဘုံကျောင်းထဲက ထွက်ခွာသွားပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်က ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ် “ရှင်းဟုန်ရွှမ်ရဲ့ အိပ်မက်က အနာဂတ် ရှင်းဟုန်ရွှမ်နဲ့ တကယ် တွေ့ခဲ့တာလား”
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အနာဂတ် ရှင်းဟုန်ရွှမ် အမှန်ဖြစ်သည်။]
‘အနာဂတ် ရှင်းဟုန်ရွှမ်က သက်တမ်း ၅၀၀ ဘီလီယံ တန်တာလား...’
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မေးပါတယ် “ဒါဆို အနာဂတ် ရှင်းဟုန်ရွှမ်က သူ့ကို အမှန်ပြောတာလား၊ ထောင်ချောက် ဆင်တာလား”
[သက်တမ်း ၅၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အထွတ်အထိပ် နိယာမ ပါဝင်ပတ်သက်နေ၍ တိုက်ရိုက် တွက်ချက်မရပါ။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စနစ်ရဲ့ အဖြေအရ အနာဂတ် ရှင်းဟုန်ရွှမ်က အမှန်ပြောတာလား လိမ်ပြောတာလားဆိုတာ မသေချာလို့ပါပဲ။ တကယ်လို့ အမှန်ပြောတယ်ဆိုရင်တောင် ရန်သူရဲ့ လှည့်ဖြားမှုကို ခံထားရတာလည်း ဖြစ်နိုင်ပါတယ်။
ရန်သူက အနာဂတ်ကိုသုံးပြီး အတိတ်ကို တိတ်ခိုက်နိုင်တယ်လို့လည်း ဟန်ကျွယ်ကို သတိပေးလိုက်တာ ဖြစ်ပါတယ်။
ဒီအကြောင်းကြောင့် ဟန်ကျွယ်ဟာ အနာဂတ်ကို ထပ်တွက်ချက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် “မဟာတာအို အနန္တကပ်ဘေး ပြီးဆုံးရင် ဘာဖြစ်မလဲ”
ဟန်ကျွယ်ဟာ ရလဒ်ကိုပဲ ကြည့်ချင်တာပါ။ တကယ်တော့ ဟန်ကျွယ်ဟာ သူ အနာဂတ်ကို တွက်ချက်ကြည့်တိုင်း အနာဂတ်ကို ပြောင်းလဲနိုင်တယ်ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ အနာဂတ်ကို တွက်ချက်တာက သုံးစားမရတာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ပြဿနာ တော်တော်များများကို ရှောင်ကွင်းလို့ ရပါတယ်။
ဥပမာပေးရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ ဝင်နှောင့်ယှက်မှုကြောင့်သာ မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တစ်သန်းကျော်ကတည်းက ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုန်းသွားလောက်ပါပြီ။
[သက်တမ်း ၅ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား...’
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပြီး မခံစားရတာ ကြာပြီဖြစ်တဲ့ မူးဝေမှုကို မသိမသာ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါမှာ အရာရာဟာ ခပ်မြန်မြန်ပဲ ရှင်းလင်း ပြတ်သားလာပါတယ်။
ဟန်ကျွယ် မြင်လိုက်ရတာကတော့ လောကဦး ဟင်းလင်းပြင်ဖြစ်ပြီး ခရမ်းရောင် အလင်းရောင်တွေနဲ့ ပဋိပက္ခချီတွေ ရောယှက်ကာ ခြောက်ကပ်နေပါတယ်။ အကုန်လုံးက နတ္ထိဖြစ်နေပါတယ်။ ဒါကိုကြည့်ပြီး ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
‘ဘာတွေဖြစ်ကုန်တာလဲ...’
ဒီအချိန်မှာပဲ အာကာသဟာ ရုတ်တရက်ကျုံ့သွားပြီး တလက်လက် တောက်ပလာပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရုပ်သွင်တစ်ခုကို ရုတ်တရက် မြင်လိုက်ရပါတယ်။ ဒီရုပ်သွင်က ရက်စက်ကြမ်းကြုတ်ပုံရှိတဲ့ ကျောက်ပလ္လင်တစ်လုံးမှာ ထိုင်နေပါတယ်။ ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောရတာက ပလ္လင်ရဲ့ ထိပ်ပိုင်းမှာ ခေါင်းတွေ ထည့်ထားလို့ပါပဲ။ ဒီထဲက ခေါင်းတစ်ခေါင်းကို ဟန်ကျွယ်ဟာ မဟာရှေးဟောင်းနယ်မြေမှာ မြင်ခဲ့ဖူးပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး ဒီရုပ်သွင်က သူမဟုတ်တာကို ရှာတွေ့သွားပါတယ် ‘ငါ မဟုတ်ရင် ဒီလူက ဘယ်သူလဲ...’
ကျောက်သားပလ္လင်ပေါ်က ရုပ်သွင်ဟာ အနက်ရောင် သင်္ကေတတွေ ထိုးထားတဲ့ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်တွေ ဖွာလန်ကြဲကာ အလွန့်အလွန် ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ ဒီရုပ်သွင်ဟာ ဟန်ကျွယ်နီးပါး ချောမောတဲ့ မျက်နှာရှိပေမဲ့ မျက်လုံးတွေက ရေခဲတောင်လို အေးစက်ကာ အပြုံးကလည်း ရက်စက်လွန်းလှပါတယ်။
‘ဒီလူက ဘယ်သူလဲ’
ဟန်ကျွယ်ဟာ ဒီလူ ဘယ်သူလဲဆိုတာကို တစ်စွန်းတစ်စတောင် စဉ်းစားလို့ မရပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီရုပ်သွင်က ဟန်ထော်၊ ဟန်ယွီတို့နဲ့ နည်းနည်း ဆင်တူတာကိုတော့ ခံစားမိပါတယ်။
‘ဒါက ငါ့ရဲ့ မမွေးဖွားသေးတဲ့ သားလား...’
ခရမ်းရောင်ဝတ်ရုံနဲ့ ရုပ်သွင်ဟာ လက်နှစ်ဖက်မြှောက်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ် “အရာအားလုံးကို ငါပိုင်တယ်၊ ဘယ်သူမှ ငါ့ကို ထပ်ပြီးတော့ မတားဆီးနိုင်တော့ဘူး၊ ငါက တစ်ဦးတည်းသော လောကဦးနတ်ဘီလူး၊ တစ်ဦးတည်းသော တည်ရှိမှုပဲ၊ ငါက အရာအားလုံးကို ဖန်တီးသူ၊ ငါက လောကဦးနတ်မင်း၊ အရာအားလုံးရဲ့ အထွတ်အထိပ်တည်ရှိမှု ဖြစ်လာတော့မယ်”
ဟန်ကျွယ်ဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ဒါက တကယ်ပဲ ငါ့သားလား... တစ်ခုတည်းသော တည်ရှိမှုဆိုတာ ဘာကိုပြောချင်တာလဲ၊ သူက ငါ့ကိုတောင် ပြန်သတ်လိုက်တာလား...’
ဒီအချိန်မှာပဲ အိပ်မက်ဟာ ကွဲကြေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ စပြီးတော့ စဉ်းစားသုံးသပ်ပါတယ်။ တကယ်လို့ အိပ်မက်ထဲက ရုပ်သွင်သာ သူ့ရဲ့ အငယ်ဆုံးသားဆိုရင် ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသား မကြီးပြင်းကတည်းက လောကဦးထောင်ထဲ ပစ်ထည့်လိုက်မှာပါ။ ဒါမှ သူ့ကို ပြန်မသတ်နိုင်မှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ သေချာစဉ်းစားကြည့်တဲ့အခါ တစ်ခုခုမှားနေတာကို သွားတွေ့ပါတယ်။ ဟန်ကျွယ်အနေနဲ့ သူ့အငယ်ဆုံးသားကို မနိုင်ဘူးဆိုရင်တောင် တာအိုစက်ကွင်းထဲမှာ ပုန်းနေလို့ ရပါတယ်။ အသတ်ခံရစရာအကြောင်းကို တစ်စက်မှကို မရှိတာပါ။
‘ငါက သေချင်ယောင် ဆောင်လိုက်တာများလား...’
ဟန်ကျွယ်ဟာ တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်မသုံးတော့ပါဘူး။ ဒီဟာတွေ အကုန်လုံးက အလှမ်းဝေးလွန်းသေးတဲ့အတွက် စောစောစီးစီး ကောက်ချက်ချစရာ မလိုပါဘူး။ ဒါပေမဲ့ အခြေအနေတွေ မပြောင်းလဲဘူးဆိုရင် လောကဦး နတ်ဘီလူးက ကျိန်းသေပေါက် ပဋိပက္ခကို ပြောင်းပြန်လှန်ပစ်မှာပါ။ သူ့သား ပြိုင်ဘက်ကင်းတဲ့အထိ ကြီးပြင်းနိုင်တာကလည်း တာအိုစက်ကွင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သူ အခု မြင်လိုက်ရတဲ့ အနာဂတ်က သူ့သား တာအိုစက်ကွင်းကနေ မထွက်ခွာရင် တကယ်ဖြစ်လာနိုင်တဲ့ အရာပါ။
‘ဘာပဲဖြစ်ဖြစ် ငါ ဆက်ပြီးတော့ ဇွဲရှိရှိ ကျင့်ကြံအားထုတ်ရမယ်၊ ငါတို့နှစ်ယောက်စလုံးက လောကဦး နတ်ဘီလူးတွေဆိုတော့ ငါ ဆက်ပြီးတော့ ကျင့်ကြံနေသမျှ ကာလပတ်လုံး သူ ငါ့ကို လိုက်မီမှာ မဟုတ်ဘူး’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ လေးနက် ပြတ်သားသွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
မှောင်မိုက်တဲ့ နန်းတော်တစ်ခုမှာ မကုန်ဆုံးနိုင်တဲ့ ပဋိပက္ခချီတွေဟာ မြူခိုးတွေလိုမျိုး ဝေနေပါတယ်။ ယီတျန်နဲ့ ရုပ်သွင်တစ်ခုဟာ ရေအိုင်တစ်အိုင်ဘေးမှာ မတ်တတ်ရပ်နေပါတယ်။ ရေအိုင်မျက်နှာပြင်ဟာ မှုန်ဝါးနေပြီး ဆက်တိုက် ဂယက်ထနေပါတယ်။
ယီတျန်ဟာ သူ့ဘေးနားက ရုပ်သွင်ကို လှည့်ကြည့်ပြီး မေးလိုက်ပါတယ် “မိစ္ဆာဘိုးဘေး... သူ ဘာဖြစ်လို့ ထွက်မလာသေးတာလဲ”
မိစ္ဆာဘိုးဘေးဟာ အရင်ကနဲ့ လုံးဝကို မတူပါဘူး။ တခြားလူတစ်ယောက်လိုပါပဲ။ အခုအချိန်မှာ မိစ္ဆာဘိုးဘေးဟာ လူသားရုပ်သွင်ရှိပြီး ရှည်လျားတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပါတယ်။ သူ့အင်္ကျီနဲ့ လက်စတွေကလည်း မီးလျှံနက်လိုမျိုး ပြဲနေပါတယ်။
ဒါ့အပြင် မိစ္ဆာဘိုးဘေးရဲ့ မျက်နှာဟာ ဖျော့တော့နေပြီး နဖူးမှာလည်း ဒေါင်လိုက် သင်္ကေတ သုံးခု ရှိနေပါတယ်။ ဆံပင်တွေကလည်း ခြေထောက်ထိ ရောက်ရုံမက ကြမ်းပြင်မှာ ပြန့်ကျဲနေပါသေးတယ်။ ဒါပေမဲ့ မိစ္ဆာဘိုးဘေးမှာ မပြောင်းလဲတာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ အရင်ရုပ်သွင်ပဲဖြစ်ဖြစ် အခုရုပ်သွင်ပဲဖြစ်ဖြစ် အိပ်မက်ဆိုးလိုမျိုး အလွန့်အလွန် ကြောက်ဖို့ကောင်းတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။