ပဋိပက္ခနတ်ဘီလူးအား ဝါးမျိုခြင်း
Vol. 76 Ch. 803
“ဘာတွေ အလျင်လိုနေတာလဲ၊ ပဋိပက္ခနတ်ဘီလူးဆိုတော့ ငါ့နတ်ဆိုးလမ်းစဉ်ရဲ့ စွမ်းအားနဲ့ ပေါင်းစပ်ဖို့ အချိန်တော့ လိုမှာပဲ၊ သူ့ရောင်ဝါ ထိုးတက်လာတာကို ငါ အာရုံခံနိုင်တယ်၊ သူက လွတ်လပ်တာအိုပညာရှိထက် မနိမ့်ကျတော့ဘူး” မိစ္ဆာဘိုးဘေး လို့ယွမ်က အသာပြန်ဖြေလိုက်ပါတယ်။ မိစ္ဆာဘိုးဘေး လို့ယွမ်ရဲ့ လေသံက တည်ငြိမ်ပေမဲ့ မျက်လုံးထဲမှာတော့ ဟန်ထော် အမြန်ပြန်ပေါ်လာဖို့ မျှော်လင့်နေပါတယ်။
ယီတျန်ဟာ ခေါင်းကုတ်လိုက်ပါတယ် “ကျွန်တော်အလှည့် ဘယ်တော့ ရောက်မှာလဲ”
လို့ယွမ်ဟာ ယီတျန်ကို တစ်ချက်ကြည့်လိုက်ပါတယ် “ဟွန်း... မင်းက သူ့လောက် အသားမထူဘူး၊ ဒီနာကျင်မှုကို မင်း မခံနိုင်သေးဘူး”
“ကျွန်တော် စီနီယာ ပြောတာကို သဘောမတူဘူး၊ ကျွန်တော်က သူ့အစ်ကိုကြီးလေ၊ အရာရာမှာ သူ့ထက်သာတယ်”
“ဟီးဟီး...”
ယီတျန်ဟာ မိစ္ဆာဘိုးဘေးလို့ယွမ်က သူ့ကို မယုံတဲ့အတွက် နှုတ်ခမ်းတွန့်သွားပါတယ်။ မသိမသာနဲ့ သူက ဟန်ထော်ရဲ့ ညီလေးလို ဖြစ်လာပြီ မဟုတ်ပါလား။
ရေအိုင်ရဲ့ မျက်နှာပြင်မှာ လှိုင်းတွေ ရှိသေးပြီး ယီတျန်ဟာ ရေအိုင်ရဲ့ အောက်ခြေမှာ ဘာဖြစ်နေတယ်ဆိုတာကို မမြင်နိုင်ပါဘူး။
အချိန်အတော် ကြာသွားတဲ့အခါမှာတော့...
မိစ္ဆာဘိုးဘေးလို့ယွမ်ဟာ ရေအိုင်ဘေးက ထွက်ခွာသွားပြီး မြူခိုးကြားမှာ ပျောက်ကွယ်သွားပါတယ်။ ယီတျန်ကတော့ ရေအိုင်ဘေးမှာ တရားထိုင်ပြီး ဟန်ထော် ပြန်ပေါ်လာမှာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့...
“ဝုန်း...”
ရေအိုင်ရဲ့ မျက်နှာပြင်ဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပါတယ်။ ယီတျန် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူ့မြင်ကွင်းတစ်ခုလုံးကို နေရာယူထားတဲ့ ရုပ်သွင်တစ်ခုကို တွေ့လိုက်ရပါတယ်။ ဟန်ထော်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ဟန်ထော်ဟာ ကိုယ်တုံးလုံးနဲ့ ဘိုးဘေးမှော်ပညာရှိလိုမျိုး ကြံ့ခိုင်းတောင့်တင်းတဲ့ ခန္ဓာကိုယ် ရှိနေပါတယ်။ သူ့ဆံပင်ဖြူတွေက လေထဲမှာ လူးလွန့်နေပြီး သူ့ကြွက်သားတွေက နဂါးလိုပါပဲ။ ဒါ့အပြင် ဟန်ထော်ရဲ့ လှုပ်ရှားမှုတိုင်းမှာ အလွန်ကြီးမားတဲ့ ခွန်အားတွေ ပါဝင်နေပါတယ်။
ယီတျန်ဟာ မှင်တက်သွားပြီး တိတ်ဆိတ်သွားပါတယ်။ ဟန်ထော်ရဲ့ ချောမောလှတဲ့ မျက်နှာဟာ ပိုပြီးတော့ ဗိုလ်ကျလာပြီး မျက်လုံးတွေကလည်း အစိမ်းရောင် ပြောင်းသွားပါတယ်။
ဟန်ထော်ဟာ သူ့ခန္ဓာကိုယ်ကို သေချာ ပြန်ကြည့်ပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ လက်ဆန့်ထုတ်ပြီး လက်သီးဆုပ်လိုက်ပါတယ်။ ဒီအခါ ပတ်ဝန်းကျင် အာကာသဟာ ရှုံတွသွားပါတယ်။ ဟန်ထော်ရဲ့ ခွန်အားက အာကာသကို လက်နဲ့ဖမ်းဆုပ်နိုင်တဲ့အထိ ကြီးမားနေပါပြီ။
ယီတျန်ဟာ မတ်တတ်ရပ်ပြီး မေးလိုက်ပါတယ် “ဘယ်လိုနေလဲ”
ဟန်ထော်ဟာ ပြုံးလိုက်ပါတယ် “အရမ်းကောင်းတယ်၊ ပြောပြလို့ မရအောင်ကို ကောင်းတယ်၊ မိစ္ဆာစွမ်းအားက ငါ ထင်ထားတာထက် အများကြီး ပိုအားကောင်းတယ်၊ ငါအခု အရမ်းအေးချမ်းနေတယ်”
“ဒီဖြစ်စဉ်က တော်တော်နာလား၊ မင်း ငါ့ကို ဘယ်လိုထင်လဲ၊ ငါ တောင့်ခံနိုင်မယ်လို့ ထင်လား” ယီတျန်က မေးလိုက်ပါတယ်။
“ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါတို့ ညီအစ်ကိုနှစ်ယောက်က သွားအတူ လာအတူပဲ၊ မင်း ကြောက်တယ်ဆိုရင်တောင် ငါက အတင်းလုပ်ခိုင်းမှာ”
ယီတျန်ဟာ ဟန်ထော်က သူ့ကို သနားမှာ အကြောက်ဆုံးပါ။ ဒီလိုဖြစ်သွားပြီဆိုရင် သူတို့နှစ်ယောက်ရဲ့ ခြားနားချက်က သူ လိုက်လို့မမီတဲ့ အခြေအနေကို ရောက်သွားပါပြီ။
“ဒါဆို ငါ အခု ဆင်းသွားလို့ရပြီလား”
“မြန်မြန်ဆင်း... ပြီးရင် တိုက်ခိုက်ဖို့ ငါ စောင့်နေမယ်”
“ကောင်းပြီ”
“ပလုံ” ယီတျန်ဟာ ရေအိုင်ထဲ ခုန်ချပြီး ပျောက်ကွယ်သွားပါတယ်။ ဟန်ထော်ဟာ လေထဲမှာ တင်ပလ္လင်ခွေထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ အင်မော်တယ်ကမ္ဘာမှာ လေထန်ပြီး တိမ်တွေ ထူလာပါတယ်။
ချင်လင်းနဲ့ ရှကျစ်ဇွင်ဟာ သက်ရှိအားလုံးရဲ့ မြင်ကွင်းထဲမှာ တစ်ဖန်ပြန်ပြီးတော့ ပေါ်လာပါတယ်။ နတ်မင်းအဆင့်ကို ကျော်လွန်သွားတဲ့ ကျင့်ကြံသူတွေ အတွက်တော့ နှစ်တစ်သိန်းကျော်က အရမ်းကို တိုတောင်းလွန်းပါတယ်။ ဒါပေမဲ့ သက်ရှိအားလုံးအတွက်တော့ နှစ်တစ်သိန်းကျော်က အလွန်ရှည်ကြာတဲ့ ခေတ်ကြီးတစ်ခေတ်ပါ။
ဒါကြောင့် ချင်လင်းနဲ့ ရှကျစ်ဇွင်ရဲ့ ဘဝဟောင်းက ဒဏ္ဍာရီတွေဟာ ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးမှာပဲ ရှိပါတော့တယ်။ လက်ရှိ သူတို့ရဲ့ ကျော်ကြားမှုက ငရဲပြည်မှာ သွားမွှေခဲ့တာနဲ့ နဂါးနန်းတော်ထဲကို ခွင့်ပြုချက်မရှိဘဲ အတင်းတိုးဝင်ခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းကိုလည်း သွားစိန်ခေါ်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ဟာ အသက်တစ်သန်းအောက်မှာ ပြိုင်ဘက်ကင်းနေပါပြီ။
အရေးအကြီးဆုံးကတော့ ချင်လင်းဟာ ဗုဒ္ဓဂိုဏ်းကနေ တရားမျှတမှုတောင်းမယ်လို့ လူသိရှင်ကြား ကြော်ငြာလိုက်တာပါ။
“ဗုဒ္ဓဂိုဏ်းက သေမျိုးတွေကို ထိခိုက်အောင်လုပ်ရင် ဘာလို့ ဘာမှ မပေးဆပ်ရတာလဲ၊ နတ်ဆိုးတွေ မိစ္ဆာတွေကို နှိမ်နင်းတာနဲ့ပဲ သူတို့ရဲ့အပြစ်တွေက ကျေသွားပြီလား”
ချင်လင်းရဲ့ ဒီစကားဟာ သက်ရှိအားလုံးရဲ့ စိတ်ထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ကောင်းကင်တာအိုက ငြိမ်းချမ်းနေပုံ ပေါ်ပေမဲ့ တကယ်တော့ ဒီငြိမ်းချမ်းရေးက သက်ရှိအားလုံးကို အသက်မရှူနိုင်အောင် ဖိနှိပ်ထားတဲ့ ဧရာမတူကြီးတစ်ခုပါ။
ကျင့်ကြံသူ တော်တော်များများဟာ ငြိမ်းချမ်းရေးအလံကို ထောင်ပြီး ဘာကိုမှ မကြောက်တော့ပါဘူး။ လူတစ်ယောက်ကို သတ်မိတာက လူတစ်ထောင်ကို ကယ်တင်ထားတဲ့ ကြင်နာမှုကို မကိုင်လှုပ်နိုင်သလိုပါပဲ။
ကံတရား အထောက်အပံ့ဂိုဏ်းတွေက သက်ရှိအားလုံးကို ဖိအား အပေးဆုံးပါ။ ငြိမ်းချမ်းရေး ဘယ်လိုရခဲ့တာလဲလို့ မေးခွန်းထုတ်ရင် ကံတရား အထောက်အပံ့ဂိုဏ်းတွေရဲ့ အင်အားကြောင့်လို့ ဖြေရပါလိမ့်မယ်။ ဒီအကြောင်းကြောင့်ပဲ ကံတရား အထောက်အပံ့ဂိုဏ်းတွေဟာ ငြိမ်းချမ်းရေး မပျက်စီးအောင်ဆိုပြီး နည်းလမ်းမျိုးစုံသုံးကာ သက်ရှိအားလုံးကို ခြိမ်းခြောက်ပါတော့တယ်။
ချင်လင်းရဲ့ အတွေ့အကြုံက ထူးခြားတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သက်ရှိအားလုံးရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေတဲ့ အမုန်းတရားကို လှုပ်နိုးလိုက်ရုံပါ။
နောက်ပိုင်း ချင်လင်းဟာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာပြီး မိတ်ဆွေတချို့ကို ခေါ်ကာ ဗုဒ္ဓဂိုဏ်းထဲ အတင်းဝင်ရောက် တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ချင်လင်းဟာ အရှုံးကြီး ရှုံးသွားပါတယ်။ သူ့ဆရာသခင်တစ်ဖြစ်လဲ ရှန်နန်းတော်သခင် ကျန်းကူရှင်းသာ ပေါ်မလာဘူးဆိုရင် ဗုဒ္ဓဂိုဏ်းက အမှန်တရားနာမည်သုံးပြီး ချင်လင်းကို သတ်ပစ်မှာ ကျိန်းသေပါတယ်။
ဒါတောင် ဗုဒ္ဓဂိုဏ်းဟာ ချင်လင်းကို မိုးကြိုးဘုံကျောင်းအောင်မှာ နှစ်တစ်သိန်း ချိပ်ပိတ်ပြီး တခြားလူတွေကို သတိပေးခဲ့ပါတယ်။ ရှန်နန်းတော်ဟာ မှားတဲ့ဘက်ကမလို့ သဘောတူရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။
သက်ရှိအားလုံးဟာလည်း ဒီရလဒ်ကြောင့် စိတ်ဓာတ်ကျသွားကြပါတယ်။
ဒါပေမဲ့ ချင်လင်း ဖိနှိပ်ခံရတဲ့ အတောအတွင်း ကျင့်ကြံသူတွေဟာ ချင်လင်းဆီကို ဆက်တိုက် သွားလည်ကြပါတယ်။ ဗုဒ္ဓဂိုဏ်းက စောင့်ကြပ်ဖို့ လူမလွှတ်ထားတဲ့အတွက် ချင်လင်းနဲ့ လာလည်တဲ့ ကျင့်ကြံသူတွေဟာ လွတ်လွတ်လပ်လပ် စကားပြောဆိုနိုင်ကြပါတယ်။ အလည်လာတဲ့ ကျင့်ကြံသူတွေဟာ ချင်လင်းနဲ့ စကားပြောပြီးနဲ့ ချင်လင်းက လက်မလျှော့သေးတာကို သိသွားကြပါတယ်။ ချင်လင်းက နှစ်တစ်သိန်းကြာရင် ဗုဒ္ဓဂိုဏ်းကို တိုက်ဦးမှာပဲလို့ ထပ်ကြော်ငြာပါတယ်။
ချင်လင်းရဲ့ ဒီစိတ်ဓာတ်ဟာ အင်မော်တယ်ကမ္ဘာမှာ စပြီးတော့ ပျံ့နှံ့လာပါတယ်။ ချင်လင်းရဲ့ ဒီစိတ်ဓာတ်ဟာ ကိုယ်တွေ့ ခံစားရဖူးတဲ့ မရေမတွက်နိုင်တဲ့လူတွေဆီကို ဆက်တိုက် ကူးစက်လာပါတယ်။ ဒါ့အပြင် ဗုဒ္ဓဂိုဏ်းကို တော်လှန်ချင်တဲ့ ရည်မှန်းချက်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေကလည်း ချင်လင်းကို တန်ဖိုးထားလာကြပါတယ်။
တကယ့် အနန္တကပ်ဘေးက အခုစတာပါ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ တစ်ခါတည်း နှစ်ရှစ်သောင်း ကျင့်ကြံလိုက်တာက တကယ်ကို နေသာထိုင်သာ ရှိလှပါတယ်။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပါတယ် ‘အဲဒီအထွတ်အထိပ် တည်ရှိမှုတွေက တစ်ခါဂူအောင်းရင် အကြာကြီးကြာမှာပဲ၊ ငါကလည်း သူတို့ဂူအောင်းကျင့်ကြံတာကို အခွင့်ကောင်းယူပြီး ကြီးပြင်းလာတာ၊ ဒီလိုဆို ငါ ဂူအောင်းကျင့်ကြံတဲ့အချိန် ကောင်းကင်တာအိုထဲမှာ ကောင်းကင်ကို တော်လှန်နိုင်တဲ့ ပါရမီရှင်တွေ မပေါ်လာဘူးလို့ ပြောလို့မရဘူး’
‘နောက်တစ်ခါ ငါမျက်လုံးဖွင့်ရင် ကောင်းကင်တာအိုက ပြောင်းလဲသွားနိုင်တယ်’
တကယ်တော့ ဒီကိစ္စက ကြီးကြီးမားမား မဟုတ်ပါဘူး။ အချိန်ကျလာရင် သူ့ကိုယ်ပွားကို လီရွှမ်အောက်အတွက် တံခါးဖွင့်ခိုင်းပြီး ကောင်းကင်တာအိုကို စိုက်ကြည့်ခိုင်းလို့ရတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကောင်းကင်တာအို စပြီးတော့ အကဲခတ်လိုက်ပါတယ်။ ဒီအတောအတွင်း ကောင်းကင်တာအိုမှာ ကောင်းကင်တာအိုပညာရှိ နောက်ထပ်နှစ်ပါး ထပ်ပေါ်လာပါတယ်။ ဒီနှစ်ယောက်က ထိုက်စုတျန်နဲ့ ထျန်ကျန်လို့ ခေါ်ပါတယ်။
နွီဝါ ထွက်သွားကတည်းက ထိုက်စုတျန်ဟာ ကောင်းကင်တာအိုထဲမှာ အကူအညီမဲ့ပြီး သီးခြားဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ထိုက်စုတျန်ဟာ ကောင်းကင်တာအိုကို အမှုထမ်းဖို့ ရွေးချယ်ခဲ့ပါတယ်။ နှစ်တစ်သန်းကြာ ကြိုးစားအားထုတ်ပြီးတဲ့ နောက်မှာတော့ ထိုက်စုတျန်ဟာ တာအိုပညာရှိတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားပါတယ်။
ထျန်ကျန်ကတော့ မိုးကောင်းကင်မျိုးနွယ်စုရဲ့ အထက်မြက်ဆုံး ပါရမီရှင်ပါ။ သူက အသက်တစ်သန်း မပြည့်ခင်မှာပဲ တာအိုပညာရှိအတု ဖြစ်လာသူပါ။ ဂျိရှင်းရှန် တန်ဖိုးအထားဆုံး တပည့်ဆိုရင်လည်း မမှားပါဘူး။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က သူ့တပည့်ကို ဒီလောက်မြန်မြန် ထောက်ပံ့နိုင်တဲ့အတွက် တကယ်ကို အံ့အားသင့်သွားရပါတယ်။ လက်ရှိ ကောင်းကင်တာအိုပညာရှိတွေထဲမှာ ဟန်ကျွယ် ပတ်သက်တဲ့လူတွေ အများကြီးပါ။ ဒါကြောင့် တာအိုပညာရှိတွေဟာ ဂျိရှင်းရှန်ကို သူ့တပည့်ဖြစ်လို့ဆိုပြီး အခွင့်အရေးပေးမှာတော့ မဟုတ်ပါဘူး။ ဒါက ဂျိရှင်းရှန်ရဲ့ ကိုယ်ပိုင် ကြိုးစားမှုကြောင့်ဆိုတာ အသိသာကြီးပါ။
ကောင်းကင်တာအိုပညာရှိ နောက်ထပ်နှစ်ပါး ထပ်ပေါ်လာတဲ့အတွက် ကောင်းကင်တာအိုက ပိုပြီးတော့ အင်အားကြီးလာတယ်ဆိုတာ သိသာလှပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ကောင်းကင်တာအိုမှာ ဘာပြဿနာမှ မရှိပါဘူး။ ပုံမှန်တိုးတက်နေပြီး အတွင်းထဲမှာလည်း တိုးတက်မှုကို ဖျက်ဆီးနိုင်လောက်တဲ့ အခြင်းအရာတွေ မရှိပါဘူး။
ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ စာစောင်တွေဖတ်ရင်းနဲ့ စာစောင်နှစ်စောင်က ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။
[သင့်သား ဟန်ထော်သည် ပဋိပက္ခ နတ်ဘီလူးကို ဝါးမျိုပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ယီတျန်သည် ပဋိပက္ခနတ်ဘီလူးကို ဝါးမျိုပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
‘ပဋိပက္ခနတ်ဘီလူးကို ဝါးမျိုတယ်... ဘာတွေဖြစ်ကုန်တာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဒီစာစောင်နှစ်စောင် ရောက်လာတာက သိပ်မကြာသေးပါဘူး။
အခုအချိန်မှာ ပဋိပက္ခနတ်ဘီလူးတွေက စည်းလုံးနေပြီ ဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာရှေးဟောင်း နတ်ဘီလူးက ဟန်ကျွယ်ကို ပြဿနာလာရှာမှာ ကျိန်းသေနေပါပြီ။
ဟန်ကျွယ်ဟာ ဟန်ထော်နဲ့ ယီတျန်ရဲ့ ကျင့်ကြံမှုက လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကို ထိုးတက်သွားတာ သတိထားမိလိုက်ပါတယ်။
‘မြန်လှချည်လား... ငါ သူတို့ကို အကျိုးအကြောင်း မေးသင့်လား...’ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘မကောင်းသေးပါဘူး... ငါက ငါ့သားရဲ့ သက်စွန့်ဆံဖျား ကြိုးစားမှုကို အသိအမှတ် မပြုရင်တောင် အပြစ်တော့ မပြောသင့်ဘူး’
[မဟာရှေးဟောင်း နတ်ဘီလူးသည် သင့်အား အိပ်မက်ပေးလိုက်၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ အသိပေးချက်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် ‘နောက်ဆုံးတော့ ဒီကောင် ရောက်လာပြီပဲ’
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် မသိချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးက မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်မှာပါ။ လက်ရှိဟန်ကျွယ်က သူ့ကို ယှဉ်နိုင်တဲ့ အနေအထားမှာ ရှိမနေသေးပါဘူး။
တကယ်လို့ မဟာရှေးဟောင်း နတ်ဘီလူးဟာ ဟန်ထော်တို့ကို တိုက်ခိုက်ခဲ့ရင် ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးသရုပ်ကို သုံးပြီး မဟာရှေးဟောင်း နတ်ဘီလူးကို အာရုံလွှဲပစ်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။