← Chapters

ကျိန်စာ မဟာတာအိုများလား

Vol. 76 Ch. 804

ကျိန်စာ မဟာတာအိုများလား

Vol. 76 Ch. 804

[မဟာရှေးဟောင်း နတ်ဘီလူးသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

[မဟာရှေးဟောင်း နတ်ဘီလူးသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

အသိပေးချက်တွေကို မြင်ကွင်းထဲမှာ ဆက်တိုက်ပေါ်လာတဲ့အတွက် ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ်။ တာအိုပညာရှိက ဒီလိုလုပ်တာဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အခုက မဟာတာအိုပညာရှိချုပ်ပါ။ မဟာတာအိုပညာရှိချုပ် ဒီလိုမျိုး စိတ်လောနေတာက အဓိပ္ပာယ်မရှိတဲ့ကိစ္စပါ။

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောလိုက်ပြီးနောက် အိပ်မက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အိပ်မက်နယ်မြေက မဟာရှေးဟောင်း နယ်မြေရဲ့ နန်းတော်ထဲမှာပါ။

ဟန်ကျွယ်ဟာ ပေတစ်သောင်းကျော် အကွာမှာ တရားထိုင်နေတဲ့ မဟာရှေးဟောင်း နတ်ဘီလူးကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်နဲ့ မဟာရှေးဟောင်း နတ်ဘီလူးဟာ အကြည့်ချင်း ဆုံသွားပေမဲ့ ဘယ်ဘက်ကမှ စကား စမပြောကြပါဘူး။

အတန်ကြာတဲ့အခါမှာတော့...

မဟာရှေးဟောင်း နတ်ဘီလူးကပဲ အရင်စမေးလိုက်ပါတယ် “ဟန်ကျွယ်... မင်းရဲ့သား ဘာလုပ်လိုက်လဲဆိုတာ မင်းသိလား”

“သိတယ်၊ သူ့ကို မိစ္ဆာဘိုးဘေးက ဖြားယောင်းထားတာလေ၊ ဒါပေမဲ့ မိစ္ဆာဘိုးဘေးက စွမ်းအားကြီးလွန်းတော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး” ပြောပြောဆိုဆို ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။

မဟာရှေးဟောင်း နတ်ဘီလူးဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ထပ်မေးပါတယ် “မင်းဆိုလိုချင်တာက မင်းရဲ့သားကို မိစ္ဆာဘိုးဘေးက ထိန်းချုပ်ထားတာလား”

“ဟုတ်တယ်လေ... မဟုတ်ရင် ကျွန်တော်က ဘာဖြစ်လို့ သူ့ကို မိစ္ဆာဘိုးဘေးနောက် လိုက်ခိုင်းမှာလဲ”

“ဟင်း... ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး နတ်ဘီလူးမျိုးနွယ်စုကို ဒုက္ခမပေးချင်ပါဘူး၊ မိစ္ဆာဘိုးဘေးက ကောင်းကင်တာအိုကို တိုက်ခိုက်တာ မဟုတ်ဘဲ ကျွန်တော်ရဲ့ သားတစ်ယောက်ကိုပဲ ဖမ်းခေါ်သွားတာမလား၊ ဒီလိုကိစ္စလေးနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး နတ်ဘီလူးမျိုးနွယ်စုကို အကူအညီတောင်းရဲမှာလဲ၊ အခုလိုမျိုး စီနီယာက ဒီအကြောင်းကို အရင်ဆုံး ပြောလာလိမ့်မယ်လို့ ထင်မထားဘူး၊ ကျွန်တော် တကယ်ပဲ ကျေးဇူးတင်မိပါတယ်၊ ကျွန်တော်ကိုယ် ကျွန်တော်လည်း ပိုရှက်မိတယ်၊ ကျွန်တော်က ပဋိပက္ခနတ်ဘီလူးတွေရဲ့ စည်းလုံးမှုနဲ့ မာနတရားကို လျှော့တွက်မိခဲ့တာပဲ”

ဟန်ကျွယ်ရဲ့ စကားကြောင့် မဟာ‌ရှေးဟောင်း နတ်ဘီလူးဟာ တိတ်ဆိတ်သွားပါတယ်။

ဟန်ကျွယ်လည်း ဝမ်းနည်းမှုထဲ နစ်မြုပ်သွားပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းအခါခါ ချလိုက်ပါတယ်။

အတန်ကြာတဲ့အခါမှာတော့ မဟာရှေးဟောင်း နတ်ဘီလူးက...

“နတ်ဘီလူးမျိုးနွယ်စုက မိစ္ဆာဘိုးဘေးကို စစ်ကြော်ငြာလိုက်ပြီ၊ ငါ မင်းသားကို ကယ်ဖို့ ကူညီပေးမဲ့၊ အမိန့်ကိုသာ စောင့်နေ”

စကားဆုံးတာနဲ့ အိပ်မက်ဟာ ကွဲကြေသွားပါတယ်။

[မဟာရှေးဟောင်း နတ်ဘီလူးသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တာနဲ့ မြင်လိုက်ရတဲ့ အသိပေးချက်ကြောင့် ကြမ္မာဆိုးစာအုပ်ကို ထုတ်လုနီး ဖြစ်သွားပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးက တကယ်ကို မြေခွေးအိုကြီးပါ။ ဟန်ကျွယ်ဘာပြောပြော မယုံပါဘူး။ ကံကောင်းသွားတာက ဟန်ကျွယ် အဖြေတော်သွားတာပါ။

ဒီကိစ္စက မကောင်းတာလည်း မဟုတ်ပါဘူး။ အနည်းဆုံးတော့ မိစ္ဆာဘိုးဘေးဟာ နတ်ဘီလူးမျိုးနွယ်စုနဲ့ အလုပ်ရှုပ်တော့မှာပါ။ နှစ်ဖက်စလုံး တိုက်ခိုက်ပြီး ဒဏ်ရာရသွားရင်တော့ ဟန်ကျွယ်အတွက် အကောင်းဆုံးပါ။ ဒီလိုဆို ဟန်ကျွယ်ဟာ ရှုံဟွာကို ထပ်တိုက်ပြီး မဟာတာအို အနန္တကပ်ဘေးကို နှောင့်နှေးစေမှာပါ။ ဒါဆို ကောင်းကင်တာအိုမှာ အင်အားကြီးလာဖို့ အချိန်ရှိသွားပါပြီ။

ဟန်ကျွယ်ဟာ ဟန်ထော်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက ဟန်ထော် ငယ်ငယ်တုန်းက စောင့်ကြပ်ခဲ့တဲ့ မြိုရိုးတံတိုင်းပေါ်မှာပါ။

ဟန်ထော်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မှင်တက်သွားပါတယ်။ အဲဒီနောက် ဟန်ထော်ဟာ ဟန်ကျွယ်ကို သတိထားမိပြီး ချက်ချင်း သတိပြန်ဝင်လာကာ ဟန်ကျွယ်ရှေ့ ဒူးထောက် ဦးညွှတ်လိုက်ပါတယ်။

“အဖေ”

ဟန်ကျွယ်ဟာ အရင်ကထက် စွမ်းအားပိုကြီးလာတဲ့ ဟန်ထော်ကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက်ပါတယ်။ လက်ရှိ ဟန်ထော်က တကယ်ကို နတ်ဆိုးတစ်ကောင်နဲ့ တူနေတာပါ။

“အဆင်ပြေရဲ့လား...”

ဟန်ထော်ဟာ ဘာမှမဖုံးကွယ်ဘဲ သူ နတ်ဆိုးလမ်းစဉ်နဲ့ ပေါင်းစပ်တာ ပဋိပက္ခနတ်ဘီလူးကို ဝါးမျိုတဲ့ အကြောင်းတွေ တစ်စွန်းတစ်စမကျန် အကုန်ပြောပြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဟန်ထော်ရဲ့ နှလုံးသားက မပြောင်းလဲသေးဘူးဆိုတာ သိသာပါတယ်။

အကျဉ်းချုပ်ရရင် ဟန်ထော်ဟာ နဂိုအတိုင်း ရှိနေပါသေးတယ်။ ဒါပေမဲ့ စွမ်းအားကြီးလာတဲ့ လမ်းစဉ်က အရင်လိုမျိုး တောက်ပပြီး ဂုဏ်ရှိန်ဝါ မရှိတော့တာ တစ်ခုပါပဲ။

မိစ္ဆာဘိုးဘေးလို့ယွမ်ကလည်း သူ့ခန္ဓာကိုယ်ကို ပြန်ရသွားပြီး မိစ္ဆာတွေကို ထပ်စုစည်းဖို့ ရေတို ရည်မှန်းချက် ချထားပါတယ်။ အနာဂတ်အစီအစဉ်ကိုတော့ ဟန်ထော်လည်း လောလောဆယ်မှာ သိမထားသေးပါဘူး။

“ပဋိပက္ခနတ်ဘီလူးတွေက မင်းနဲ့ မိစ္ဆာဘိုးဘေးကို လိုက်တိုက်လိမ့်မယ်၊ ဒီကိစ္စက မင်းတို့တွေ ပဋိပက္ခနတ်ဘီလူးကို ဝါးမျိုလိုက်လို့ ဖြစ်လာတာ၊ လုံးဝ သတိမလွတ်စေနဲ့”

ဟန်ကျွယ်ရဲ့ သတိပေးမှုကြောင့် ဟန်ထော်ဟာ နှလုံးလှုပ်သွားပါတယ်။

ပဋိပက္ခ နတ်ဘီလူးတစ်ပါးနဲ့ နတ်ဘီလူး မျိုးနွယ်စု တစ်စုလုံးရဲ့ ခြိမ်းခြောက်မှုက မိုးနဲ့မြေလို ကွားခြားပါတယ်။ နောက်ပြီး ဟန်ထော်တို့ တိုက်ခိုက်ခဲ့တဲ့ ပဋိပက္ခနတ်ဘီလူးတွေကလည်း အောက်တန်းမှာရှိရင်ရှိ မဟုတ်ရင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့တဲ့ နတ်ဘီလူးတွေချည်းပါပဲ။

“ကျွန်တော် နားလည်ပါတယ်”

ဟန်ကျွယ်ဟာ ဟန်ထော်က သူ့ကို အကူအညီ မတောင်းတဲ့အတွက် နည်းနည်း စိတ်ပျက်သွားပါတယ် “မှတ်ထားချည်၊ ဒီသတင်းကို ငါပေးတယ်လို့ မပြောနဲ့၊ နောက်ပြီး မင်း မခံနိုင်တော့ရင် ငါ့ကို အချိန်မရွေး ဆင့်ခေါ်လို့ရတယ်”

ဟန်ထော်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ထော်ဟာ တောင်တန်းတစ်ခုလို ကြီးမားလှတဲ့ အဖြူရောင် အရိုးခြောက်ပေါ်မှာ ထိုင်နေတာပါ။ သူ့ဘေးမှာလည်း ယီတျန် ရှိနေပါတယ်။

ယီတျန်က အပြုံးနဲ့ မေးလိုက်ပါတယ် “ခုနက မင်းကြောင်သွားတာ၊ မင်းအဖေ အိပ်မက်ထဲမှာ လာလည်တာမလား”

သူတို့နှစ်ယောက်က ပဋိပက္ခ နတ်ဘီလူးကို ဝါးမျိုပြီးခါစ ရှိသေးတာပါ။

ဟန်ထော်က ပြန်ဖြေလိုက်ပါတယ် “မဟုတ်ဘူး၊ ဒါပေမဲ့ အခြေအနေက ကောင်းမဲ့ပုံ မပေါ်ဘူး”

ဟန်ထော်ဟာ မှောင်မိုက်တဲ့ စကြဝဠာကို မော့ကြည့်ရင်း သူ့ကို မျက်လုံးအများကြီး စိုက်ကြည့်နေတယ်လို့ ခံစားလိုက်ရပါတယ်။

ယီတျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒီနတ်ဘီလူးရဲ့ ချီ၊ သွေး၊ ကံတရား အထောက်အပံ့ အကုန်လုံးက ရတနာတွေချည်းပဲ၊ ပန်ကူးက နတ်ဘီလူးသုံးထောင်ကို သတ်ပြီး သူတို့ရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ပန်ကူးက ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ”

“အဲဒီအကြောင်းကို မတွေးနဲ့၊ ငါတို့တွေ အဲဒီအမြင့်ကို ရောက်နိုင်တာ မဟုတ်ဘူး၊ အခုအချိန်မှာ အသက်ရှင်နေတဲ့ ပဋိပက္ခနတ်ဘီလူးတွေက ဆယ်ဂဏန်းကျော်တာ မဟုတ်ဘူး၊ နောက်ပြီး အဲဒီနတ်ဘီလူး အများစုက ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုတွေ ဖြစ်နေပြီ” ဟန်ထော်ဟာ ခေါင်းခါရင်း ပြောလိုက်ပါတယ်။

ယီတျန်ကတော့ ပြုံးဖြဲဖြဲနဲ့ ဘာမှပြန်မပြောပါဘူး။ ဒီအချိန်မှာပဲ သူတို့နှစ်ယောက်ရဲ့ နားထဲကို အသံတစ်သံ ဝင်လာပါတယ်။

“ဒီနေရာကနေ ထွက်ပြီး နတ်ဆိုးလမ်းစဉ် အသူရာချောက်ကို ပြန်လာခဲ့ချည်”

ဒီအသံက မိစ္ဆာဘိုးဘေးလို့ယွမ်အသံကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ဟန်ထော်နဲ့ ယီတျန်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ထွက်ခွာသွားပါတယ်။ အခုအချိန်မှာ သူတို့ရဲ့ အကြီးမားဆုံး မှီခိုရာက မိစ္ဆာဘိုးဘေးလို့ယွမ်ပါ။ မိစ္ဆာဘိုးဘေး ဒီလိုပြောတယ်ဆိုကတည်းက ပြဿနာတက်နေတာ သေချာသွားပါပြီ။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဟန်ကျွယ်ဟာ နောက်ထပ် နှစ်တစ်သောင်း ဂူအောင်း ကျင့်ကြံလို့ ပြီးသွားပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဟာ အသက် ၁၆ သိန်း ကျော်သွားပါပြီ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မဟာရှေးဟောင်း နတ်ဘီလူးကို ကျိန်စာတိုက်ဖို့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ အချိန်တွေကြာပြီ ဖြစ်တဲ့အတွက် မဟာရှေးဟောင်း နတ်ဘီလူးဟာ ကျိန်စာတိုက်ခံရရင်တောင် ဟန်ကျွယ်ကို တွေးမိမှာ မဟုတ်တော့ပါဘူး။

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဆီက ဘာစာစောင်မှ ရောက်မလာပါဘူး။ ကြည့်ရတာ သူတို့နှစ်ယောက် ပုန်းပြီး ဂူအောင်းကျင့်ကြံနေပုံပါပဲ။

ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မဟာရှေးဟောင်း နတ်ဘီလူးကို အာရုံလွဲရုံ ကျိန်စာတိုက်ချင်တာပါ။ သေအောင် ကျိန်စာတိုက်ချင်တာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းပြီးနောက် ငါးရက်က နည်းလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထပ်ထုတ်ပြီး ကျိန်စာ ထပ်တိုက်ပါတယ်။

နောက်ထပ် ငါးရက် ကုန်ဆုံးသွားပါတယ်။ ငါးရက်ကျော်တဲ့အခါ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ မရပ်ဘဲ မဟာရှေးဟောင်း နတ်ဘီလူးကို အစွမ်းကုန် ကျိန်စာတိုက်ပါတယ်။

ပထမရှုံဟွာအရှင်ကိုတောင် တစ်ခုခုဖြစ်အောင် ကျိန်စာတိုက်ထားခဲ့တဲ့အတွက် မဟာရှေးဟောင်း နတ်ဘီလူးကိုလည်း တစ်ခုခုဖြစ်အောင် ကျိန်စာတိုက်ဖို့ ဟန်ကျွယ်မှာ ယုံကြည်ချက် ရှိပါတယ်။

သန်းတစ်ရာ။

၁၀ ဘီလီယံ။

၁ ထရီလီယံ။

၁၀၀ ထရီလီယံ။

၁ ကွာဒလီယံ။

၁၀ ကွာဒလီယံ။

ဟန်ကျွယ်ဟာ နည်းနည်း ယားကျိကျိ ဖြစ်လာပါတယ်။ ကံကောင်းထောက်မစွာပဲ နောက်ဆုံးမှာတော့ ဟန်ကျွယ် မျှော်လင့်နေတဲ့ စာတစ်စောင် ရောက်လာပါတယ်။

[သင့်ကျိန်စာကြောင့် သင့်ရန်သူ မဟာရှေးဟောင်း နတ်ဘီလူး၏ ကံတရား အထောက်အပံ့ ဖရိုဖရဲဖြစ်ပြီး မဟာတာအို ထိခိုက်သွား၏။]

ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။ တစ်ခုခုဖြစ်ဖို့ကိုတောင် သက်တမ်း ၁၀ ကွာဒလီယံ ကုန်ပါတယ်။ ဒါကြောင့် မဟာရှေးဟောင်း နတ်ဘီလူးကို သေအောင် ကျိန်စာတိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ကြမ္မာဆိုးစာအုပ်က မဟာတာအို အကောင်းစား ရတနာဆိုပေမဲ့ ကိစ္စတွေကို အပြီးဖျက်နိုင်တဲ့ နေရာမှာတော့ အားနည်းပါတယ်။

ဟန်ကျွယ်ဟာ ပြုံးပျော်သွားပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

မဟာရှေးဟောင်းနယ်မြေ။

မဟာရှေးဟောင်း နတ်ဘီလူးရဲ့ မျက်နှာဟာ မိုးမီးလောင်ထားသလိုပါပဲ။ ဘေးနားက ဝန်းရံထားတဲ့ ရောင်ဝါနက်တွေကတော့ တဖြည်းဖြည်း လွင့်ပါး ပျောက်ကွယ်နေပါတယ်။

“တော်‌တော် ကြောက်ဖို့ကောင်းတဲ့ ကျိန်စာပဲ... နာမည်ကြီးနေတဲ့ အမှောင်သခင်ကြီးများလား...”

“ငါ့ကိုတောင် ထိခိုက်အောင် ကျိန်စာတိုက်နိုင်တယ်ဆိုတော့ ဒီလူက မဟာတာအိုပညာရှိချုပ် ဖြစ်ရမယ်၊ ကျိန်စာ မဟာတာအိုများလား...” မဟာရှေးဟောင်း နတ်ဘီလူးဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် သတ်ဖြတ်ငွေ့တွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေကို မှိတ်လိုက်ပါတယ်။

ရှုံဟွာတွေကြောင့် အမှောင်သခင်ကြီး နာမည်က ပဋိပက္ခမှာ ပျံ့နှံ့နေပါပြီ။ ရှုံဟွာတွေကလည်း အမှောင်သခင်ကြီးနဲ့ ပတ်သက်တဲ့ သတင်းမှန်သမျှကို ထောက်ပံ့ပါတယ်။

အမှောင်သခင်ကြီး ပစ်မှတ်ထားခံရတဲ့ ကျင့်ကြံသူအကုန်လုံး ပထမတော့ မသေပါဘူး။ ဒါပေမဲ့ အမှောင်သခင်ကြီးက သူတို့ကို ရေရှည်နှိပ်စက်ပြီး သတိလွတ်တဲ့အချိန်ကို စောင့်ပါတယ်။ သတိလွတ်သွားတာနဲ့ အမှောင်သခင်ကြီးက အဲဒီကျင့်ကြံသူတွေကို အရူးအမူးကျိန်စာတိုက်ပြီး သေအောင် ဖိအားပေးပါတယ်။

ဘယ်လိုပဲကြည့်ကြည့် အမှောင်သခင်ကြီး လုပ်ရပ်တွေက ရက်စက်တယ်ဆိုတာထက်ကို ပိုပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters