တာအိုပညာရှိနေရာအား သတ်မှတ်ခြင်း
Vol. 76 Ch. 805
“မဖြစ်သေးဘူး... ငါ သေမှာကို ထိုင်စောင့်နေလို့ မဖြစ်ဘူး” မဟာရှေးဟောင်း နတ်ဘီလူးဟာ အမှောင်သခင်ကြီးအကြောင်းကို ပြန်တွေးရင်း သေမှာထိုင်စောင့်နေလို့ မဖြစ်ဘူးဆိုတာ သိလိုက်ပါတယ်။
မဟာရှေးဟောင်း နတ်ဘီလူးဟာ ကျိန်စာစွမ်းအားကို ပြန်တွေးရင်း အတွေးနက်သွားပါတယ်။ အမှောင်သခင်ကြီးရဲ့ ကျိန်စာစွမ်းအားက ဗိုလ်ကျလွန်းပြီး ကြာရှည်ခံလွန်းပါတယ်။ ဒါက တကယ်ကို ထူးဆန်းတဲ့ အချက်ပါ။
မဟာရှေးဟောင်း နတ်ဘီလူးဟာ အမှောင်သခင်ကြီးက ကျိန်စာ ဘယ်လိုတိုက်လဲ၊ တကယ်ပဲ ကျိန်စာနတ်ဘီလူးလား ဆိုတာကို သိချင်သွားပါတယ်။ ဒါ့အပြင် ကျိန်စာကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းရှာဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
မဟာရှေးဟောင်း နတ်ဘီလူးဟာ မျက်လုံးမှိတ်ပြီး ဓမ္မစွမ်းအားကို လှည့်ပတ်ကာ ဒဏ်ရာတွေ ကုသပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးဟာ ဒဏ်ရာမရတာ အတော်ကို ကြာခဲ့ပါပြီ။ ဒီတစ်ခါမှာတော့ ရိုးရိုးတန်းတန်း ဒဏ်ရာရရုံ မဟုတ်ဘဲ သူ့ရဲ့ မဟာတာအိုပါ ထိခိုက်သွားတာပါ။
မဟာရှေးဟောင်း နတ်ဘီလူးဟာ မကြောက်ပါဘူး။ အဲဒီအစား ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သွားပါတယ်။ နောက်ဆုံးမှာ သူ့ကို ယှဉ်နိုင်တဲ့လူကို ရှာတွေ့ခဲ့ပြီ မဟုတ်ပါလား။
အင်မော်တယ်ကမ္ဘာ၊ အနောက်အရပ်။
ခမ်းနားထည်ဝါတဲ့ တောင်တစ်လုံးအောက်မှာ လူတစ်ယောက်ဟာ တောင်နံရံကို ကျောပြုပြီး တရားထိုင်နေပါတယ်။ သူ့ခန္ဓာကိုယ်နဲ့ ဘေးပတ်လည်က တောင်နံရံမှာ ချိပ်ပိတ်စည်းတွေ ပြည့်နေပါတယ်။
ဒီလူက ချင်လင်းကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ချင်လင်းရဲ့ ဆံပင်တွေဟာ ရှုပ်ပွ ဖွာလန်ကြဲပြီး အဝတ်အစားတွေကလည်း အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေပါတယ်။
ချင်လင်းဟာ ဖိနှိပ်ခံထားရတာ နှစ်သောင်းချီကြာပါပြီ။ ဒါပေမဲ့ ချင်လင်းဟာ တစ်ခါမှ ကျင့်ကြံတာ မရပ်ခဲ့ပါဘူး။ ဒီအတောအတွင်း ချင်လင်းရဲ့ ကျင့်ကြံမှုဟာ ရှေ့ဆက်မတက်ပေမဲ့ အရာတော်တော်များများကို သုံးသပ်နားလည်နိုင်ခဲ့ပါတယ်။
ဒီအချိန်မှာပဲ စုံတွဲတစ်တွဲဟာ တောင်ဆင်းလမ်းတစ်လျှောက် လျှောက်လှမ်းလာပါတယ်။ အမျိုးသားက ချောမောလှပြီး အမျိုးသမီးကတော့ အေးစက်လွန်းပါတယ်။ ဒီနှစ်ယောက်က ဟန်ယွီနဲ့ ဝတ်စုံစိမ်း အမျိုးသမီးပါ။
ဝတ်စုံစိမ်း အမျိုးသမီးဟာ ချင်လင်းကို တွေ့သွားပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “စီနီယာ... အဲဒါက နာမည်ကျော် ပြိုင်ဘက်ကင်း ပါရမီရှင် ချင်လင်းလား”
အကြောင်းတချို့ကြောင့် ဝတ်စုံစိမ်း အမျိုးသမီးဟာ ချင်လင်းကို တစ်နေရာရာမှာ မြင်ဖူးသလိုမျိုး ရင်းနှီးတဲ့ ခံစားချက်ကို ရလိုက်ပါတယ်။
ဟန်ယွီဟာ ဝတ်စုံစိမ်း အမျိုးသမီးရဲ့ မေးခွန်းကို ပြန်မဖြေဘဲ ချင်လင်းဆီ တစ်လှမ်းချင်း လျှောက်သွားပါတယ်။
ချင်လင်းဟာ မျက်လုံးမှိတ်ထားပြီး ဟန်ယွီတို့ကို မကြည့်ပါဘူး။ ဒီနှစ်တွေမှာ လူတိုင်းလိုလို ချင်လင်းကို လာကြည့်ကြပါတယ်။ သူ့ကို တချို့က ချီူးကျူးပြီး တချို့က လေးစားကြပါတယ်။ တချို့ကတော့ လှောင်ပြောင်ကြပြီး တချို့ကတော့ စောဒက တက်ကြပါတယ်။
ဗုဒ္ဓဂိုဏ်းကို စိန်ခေါ်မယ်လို့ သူ ကြော်ငြာလိုက်တာက သက်ရှိအားလုံးကို မျှော်လင့်ချက် ရောင်ခြည်ပေးလိုက်တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ သူကျဆုံးခဲ့ပါတယ်။ ရစရာမရှိအောင်ကို ရှုံးနိမ့်ခဲ့တာပါ။
“မင်း နောင်တရလား” ဟန်ယွီက မေးလိုက်ပါတယ်။
“မရဘူး” ချင်လင်းဟာ မျက်လုံးမဖွင့်ဘဲ ပြန်ဖြေပါတယ်။ ချင်လင်းဟာ ဒီမေးခွန်းမျိုးကို အဖြေပေးရတာ အကြိမ်တစ်သန်း မကတော့ပါဘူး။ ဒါပေမဲ့ ချင်လင်းဟာ ဒီမေးခွန်းကို ဖြေရတာ မပင်ပန်းပါဘူး။ အဲဒီအစား ဒီမေးခွန်းကို ဖြေလိုက်တိုင်း သူ့စိတ်ဟာ ပိုပိုပြီးတော့ ပြတ်သားလာပါတယ်။ ပိုပိုပြီးတော့ ခိုင်မာလာပါတယ်။
ဟန်ယွီဟာ ဘာမှ ထပ်မမေးတော့ဘဲ ချင်လင်းကို တိတ်တဆိတ် ကြည့်လိုက်ပါတယ်။ တစ်ချက်ကြည့်မယ်ဆိုရင် ချင်လင်းက သက်ရှိအကုန်လုံးလုံး ဒုက္ခ ပိုခံနေရတာပါ။ ဒါပေမဲ့ ချင်လင်းက ဒီဟာနဲ့ ဆန့်ကျင်ဘက်ဆိုတာကို ဟန်ယွီ သိပါတယ်။ ချင်လင်းက သက်ရှိအားလုံးထက် ပိုပျော်နေတာပါ။ သက်ရှိအားလုံးက သူ့ကို ကယ်တင်ရှင်အဖြစ် မျှော်လင့်ထားကြတာ မဟုတ်ပါလား။
ဒါပေမဲ့ ချင်လင်း မသိတာက သက်ရှိအားလုံးရဲ့ ဒေါသကို ဖြေဖျောက်ဖို့ တာအိုပညာရှိတွေက သူ့ကို နယ်ရုပ်အဖြစ် အသုံးချနေတာကိုပါ။ ဒါ့အပြင် ဒီကိစ္စ အောင်မြင်တာနဲ့ ချင်လင်းဟာ နယ်ရုပ်အဖြစ်ကနေ လွတ်မြောက်ပြီး ကောင်းကင်တာအိုကနေတောင် ထွက်ခွာနိုင်မှာပါ။
သက်ရှိအားလုံးက ဒုက္ခပင်လယ်ထဲမှာ ဆက်ပြီးတော့ ခံစားရဦးမှာ ဖြစ်ပေမဲ့ ချင်လင်းကတော့ အပြောကျယ်လှတဲ့ ပဋိပက္ခမှာ တာအိုကို ဆက်ပြီးတော့ ရှာဖွေပါတယ်။
ဟန်ယွီဟာ ဝမ်းနည်းသွားပါတယ်။ သက်ရှိအားလုံးအတွက် ဝမ်းနည်းသွားတာပါ။
တစ်ချိန်တည်းမှာပဲ ဟန်ယွီက တစ်ခုကို ယုံကြည်သွားပါတယ်။ သာမန်မျက်စိက အမှန်တရားကို မမြင်နိုင်ဘူးဆိုတာပါ။ သူ တစ်သက်လုံး ရှာဖွေတဲ့အရာက နောက်ဆုံးမှာ ပုံရိပ်ယောင်တစ်ခု ဖြစ်နေနိုင်တယ် မဟုတ်ပါလား။
ဟန်ယွီမှာ နောက်ခံကောင်းသာ မရှိဘူးဆိုရင် ကောင်းကင်တာအိုအောက်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ မဟုတ်ပါဘူး။ ဝမ်းနည်းမှုကို ခံစားပြီးတဲ့နောက် ဟန်ယွီဟာ ပိုပြီးတော့ ဆုံးဖြတ်ချက် ပြတ်သားသွားပါတယ်။
ဟန်ယွီ ဒီကိုလာတာက ချင်လင်းကိုပဲ တွေ့ဖို့ မဟုတ်ပါဘူး။ ကပ်ဘေးထဲက သက်ရှိအသီးသီးရဲ့ ပုံစံမျိုးစုံကို တွေ့မြင်ချင်တာလည်း ပါပါတယ်။
ဟန်ယွီဟာ တာအိုပညာရှိ ဖြစ်ချင်ပါတယ်။ သက်ရှိအားလုံးကို တကယ် အကျိုးပြုတဲ့ တာအိုပညာရှိ ဖြစ်ချင်တာပါ။
ဟန်ယွီရဲ့ မျက်လုံးတွေဟာ ပိုပိုပြတ်သားလာပါတယ်။ ဟန်ယွီဟာ နောက်မဆုတ်တမ်း ကျင့်ကြံဖို့ ပြတ်သားမှုကို ရှာတွေ့သွားပါပြီ။
ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ ချင်လင်းကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို သတိရသွားပါတယ် ‘ဒါ စီနီယာဆီ လာလည်ဖူးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် မဟုတ်ဘူးလား...’
ဝတ်စုံစိမ်းနဲ့ အမျိုးသမီးဟာ ချင်လင်းကို ထူးထူးဆန်းဆန်း မကြည့်ဘဲ မနေနိုင်ပါဘူး။
ဒီအချိန်မှာပဲ ဟန်ယွီ ထွက်ခွာသွားတဲ့အတွက် ဝတ်စုံစိမ်းနဲ့ အမျိုးသမီးလည်း နောက်ကနေ ချက်ချင်း လိုက်သွားပါတယ်။ ချင်လင်းဆီက ထွက်ခွာလာပြီးနောက် ဝတ်စုံစိမ်း အမျိုးသမီးက မေးခွန်း ထုတ်လိုက်ပါတယ် “စီနီယာ... အဲဒါက စီနီယာရဲ့ မြေးတပည့်မလား၊ သူက ဘာဖြစ်လို့ လူပြန်ဝင်စားတာလဲ”
ဝတ်စုံစိမ်း အမျိုးသမီး ချင်လင်းနဲ့ စတွေ့တုန်းက ချင်လင်းဟာ တက်တက်ကြွကြွရှိပြီး စွမ်းအားကြီးခဲ့ပါတယ်။ အဲဒီလိုမျိုး စွမ်းအားကြီး ကျင့်ကြံသူတစ်ဦးက လူပြန်ဝင်စားပြီး ဒီလိုမျိုး အခြေအနေ ရောက်နေတာကို ဝတ်စုံစိမ်း အမျိုးသမီးဟာ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။
ဟန်ယွီက ပြန်ဖြေလိုက်ပါတယ် “ဒါက ကံကြမ္မာပဲ၊ သူ ဒီဘဝမှာ ခံစားနေရတဲ့ ဒုက္ခတွေက အတိတ်မှာ မင်းခံစားခဲ့ရတာတွေထက် အများကြီး ပိုတယ်၊ ဒါပေမဲ့ မင်း သူ့ဘဝဟောင်းကို သိနေတာပဲ၊ ဟုတ်တယ်၊ သူက လေ့ကျင့်ဖို့ လူပြန်ဝင်စားတာ၊ ဒီဘဝမှာ သူခံစားရတဲ့ ဒုက္ခတွေက သူ့သရုပ်မှန်အတွက် အရေးကြီးတယ်လို့ ထင်လား”
ဝတ်စုံစိမ်း အမျိုးသမီးဟာ တိတ်ဆိတ်သွားပါတယ်။
နှစ်ငါးသောင်းဟာ လျှပ်တစ်ပြက်ပါပဲ။
ကျင့်ကြံမှု ထပ်တိုးလာတဲ့အတွက် ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အပြင်ကို ကြည့်လိုက်တဲ့အခါ ဒူးထောက်နေတဲ့ ဟန်ယွီကို တွေ့သွားပါတယ်။
လွန်ခဲ့တဲ့ နှစ်သုံးလေးထောင်က ဟန်ယွီဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီကို ရောက်လာပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားက ဟန်ယွီကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲ ရွှေ့ခဲ့ပါတယ်။ ဟန်ယွီဟာ လမ်းတစ်လျှောက် မေးမြန်းပြီး တာအိုဘုံကျောင်းဆီ ရောက်လာကာ ဒူးထောက်ပြီး စောင့်နေခဲ့တာ ဖြစ်ပါတယ်။
တပည့်ရင်းတွေဟာ ဟန်ယွီကို လာကြည့်ကြပါတယ်။ ဟန်ယွီက ဟန်ကျွယ်နဲ့ ရုပ်ချင်းဆင်နေတယ် မဟုတ်ပါလား။
ရှင်းဟုန်ရွှမ်၊ ရွှမ်ချင်းကျွင်း၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့တောင် အပြင်ထွက်လာပြီး ဟန်ယွီကို လာကြည့်ကြပါတယ်။ တစ်ချက်ကြည့်ရင် ဟန်ယွီက ဟန်ကျွယ်ရဲ့ တရားမဝင်သားနဲ့ တူပါတယ်။ ဒါပေမဲ့ သူတို့အကုန်လုံးက စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် ဟန်ယွီက ဟန်ကျွယ်ရဲ့ မျိုးဆက်ဆိုတာကို သိကြပါတယ်။
“ဝင်လာခဲ့...” ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ တာအိုဘုံကျောင်းရဲ့ တံခါး ပွင့်သွားပါတယ်။
ဟန်ယွီဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲ ဝင်လိုက်ပါတယ်။ ဟန်ယွီဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်ပြီး တလေးတစား ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “စောင့်နေရလို့ စိတ်မရှိနဲ့၊ တကယ်တော့ မင်းဘာသာ နေရာတစ်ခုရှာပြီး ကျင့်ကြံလို့ရတယ်၊ ငါ့ကို လာစောင့်နေဖို့ မလိုဘူး၊ အပြင်မှာရှိတဲ့ အစောင့်တွေက ငါဂူအောင်းကျင့်ကြံတဲ့ အကြောင်းကို မပြောဘူးလား”
“ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ကျွန်တော်မှာ ဘိုးဘေးဆီက တောင်းဆိုစရာရှိလို့ပါ”
“တောင်းဆိုစရာရှိလို့... ဘာများလဲ...” ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ နောက်ဆုံးတော့ သူ့ဆီကို အကူအညီတောင်းမဲ့လူ ရောက်လာပြီ မဟုတ်ပါလား။
ဟန်ယွီဟာ ဟန်ကျွယ် ပြုံးတာကို တွေ့လိုက်ရတဲ့အတွက် နည်းနည်း လန့်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အပြုံးရှေ့မှာ ဘာမှဖုံးကွယ်လို့ မရဘူးလို့ ခံစားလိုက်ရပါတယ်။
ဟန်ယွီဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “ကျွန်တော် တာအိုပညာရှိ ဖြစ်ချင်တယ်”
ဟန်ယွီရဲ့ အသံက တည်ကြည်လွန်းလှပါတယ်။ နှစ်ထောင်ချီ ဒူးထောက်ပြီးတဲ့နောက် ဟန်ယွီရဲ့ စိတ်ဟာ လုံးဝကို အသင့်ဖြစ်နေပါပြီ။
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “ဘာဖြစ်လို့ တာအိုပညာရှိ ဖြစ်ချင်တာလဲ”
“ကျွန်တော် သက်ရှိအားလုံးကို တကယ်ဂရုစိုက်တဲ့ တာအိုပညာရှိ ဖြစ်ချင်တယ်၊ ကျင့်ကြံဖို့ပဲ သိပြီး ကောင်းကင်တာအိုကို ဒိုင်းကာလို အသုံးချတဲ့ အာဏာကိုပဲ မက်မောတဲ့ တာအိုပညာရှိ မဖြစ်ချင်ဘူး”
ဟန်ကျွယ်ဟာ မျက်တောင်ခတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ယွီရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ခံစားနိုင်လို့ပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို အသံလွှင့်ပြီး အကျိုးအကြောင်း ပြောလိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက ချက်ချင်းပဲ သဘောတူပါတယ်။
ဟန်ယွီဟာ စိတ်လေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုထဲမှာ တာအိုပညာရှိနေရာက နံပါတ်တစ်ကိစ္စလို့ ပြောလို့ရလို့ပါပဲ။ ကောင်းကင်တာအိုထဲမှာ တာအိုမရယူချင်တဲ့လူ တစ်ယောက်မှ မရှိပါဘူး။
“အင်း... ရတယ်၊ မင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ နှစ်တစ်သောင်း ကျင့်ကြံပြီး ကောင်းကင်အရှင်ရွှမ်တုကို သွားရှာချည်၊ သူက မင်းအတွက် ကျန်တာ စီစဉ်ပေးလိမ့်မယ်”
ဟန်ကျွယ်ရဲ့ စကားကြောင့် ဟန်ယွီဟာ မှင်တက် ဆွံ့အသွားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ထပ်ပြောလိုက်ပါတယ် “မင်းပြောတာကို မမေ့နဲ့”
ကြောင်တောင်တောင် ဖြစ်နေတဲ့ ဟန်ယွီ သတိပြန်ဝင်လာတဲ့အခါ ဝီရိယတောင်ပေါ် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒီအချိန်မှာပဲ ကြက်နက်တစ်ကောင်က သူ့ဆီ ပျံသန်းလာပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဟန်ယွီအကြောင်းကိုတော့ ဟန်ကျွယ်ဟာ မေ့သွားပါပြီ။ ဟန်ကျွယ် မျက်လုံးထဲမှာ တာအိုပညာရှိနေရာက ဘာမှ မဟုတ်ပါဘူး။
လက်ရှိ ကောင်းကင်တာအိုထဲမှာ ဟန်ကျွယ်နဲ့ ပတ်သက်မှုမရှိတဲ့ တာအိုပညာရှိက လက်ငါးချောင်းတောင် မပြည့်ပါဘူး။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေ အတင်းပြောမှာကိုလည်း မကြောက်ပါဘူး။ တကယ်လည်း ဟန်ကျွယ် မကောင်းကြောင်းကို ဘယ်သူမှ မပြောရဲပါဘူး။
နှစ်တစ်သောင်း ကြာပြီးနောက်။
ဟန်ယွီ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က စကြဝဠာခန်းမရှေ့ကို ရောက်သွားတဲ့အခါ ဂိတ်တံခါးက အလိုလို ပွင့်သွားပါတယ်။
ဟန်ယွီလည်း ခန်းမထဲ ဝင်လိုက်တဲ့အခါ ကောင်းကင်အရှင်ရွှမ်တုကိုသာမက တခြား တာအိုပညာရှိ ငါးပါးကိုလည်း တွေ့လိုက်ရပါတယ်။ ဒီတာအိုပညာရှိ ငါးပါးကတော့ ကောင်းကင်အရှင်ဝူဖာ၊ ဖန်းလျန်၊ ဂျိရှင်းရှန်၊ ပန်ရှင်းနဲ့ တာအိုပညာရှိအသစ် ထျန်ကျန်တို့ ဖြစ်ပါတယ်။
တာအိုပညာရှိငါးပါးဟာ ဟန်ယွီကို တွေ့ရတဲ့အခါ အမူအရာအသီးသီး ရှိကြပါတယ်။
ထျန်ကျန်ဟာ ဟန်ယွီကို ဘယ်တုန်းကမှ မမြင်ဖူးပေမဲ့ တာအိုပညာရှိအတုတစ်ပါး တာအိုပညာရှိတွေ ရှိနေတဲ့ စကြဝဠာခန်းမထဲ ဝင်လာနိုင်တာကို ကြည့်ပြီး မရိုးရှင်းဘူးဆိုတာကို သိလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဟန်ယွီ... တာအိုရောင်းရင်းဖန်ဘေးမှာ ဝင်ထိုင်ချည်”
ဟန်ယွီဟာ တာအိုပညာရှိတွေကို မော့ကြည့်ပြီး တာအိုရောင်းရင်းဖန်က ဘယ်သူလဲဆိုတာ မေးဖို့ ပြင်လိုက်ပေမဲ့ ဖန်းလျန်က တာအိုပညာရှိတစ်ပါးလို ဟိတ်ဟန်မရှိဘဲ သူ့ကို လက်ဝှေ့ယမ်းပြနေတာ တွေ့လိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။