← Chapters

ခွန်အားနတ်ဘီလူး ပေါ်လာခြင်း

Vol. 76 Ch. 806

ခွန်အားနတ်ဘီလူး ပေါ်လာခြင်း

Vol. 76 Ch. 806

ဟန်ယွီဟာ ဖန်းလျန်ရဲ့ဘေးမှာ ရိုရိုသေသေ ဝင်ထိုင်လိုက်ပါတယ်။ ဖန်းလျန်က အများကြီး မပြောပေမဲ့ တာအိုပညာရှိအသစ် ထျန်ကျန်ဟာ ဟန်ယွီအကြောင်းကို အထူးတလည် စိတ်ဝင်စားသွားပါတယ်။

ပန်ရှင်းက ပြောလိုက်ပါတယ် “ငါ ပဋိပက္ခ မီးပင်လယ်ကို တွေ့ပြီးပြီ၊ ရှန်ပေါင် တာအိုကျင့်ကြံသူ ပြောတာ မှန်တယ်၊ သူက ဒီအခွင့်အရေးကို ကောင်းကင်တာအိုဆီ တကယ်ပေးတာ၊ ဒါပေမဲ့ တခြားကမ္ဘာတွေ ဝင်နှောင့်ယှက်တာ ခံရတယ်၊ အဲဒီကမ္ဘာမှာလည်း မဟာတာအိုပညာရှိ စောင့်ကြပ်နေတယ်၊ ပိုဆိုးတာက အဲဒီမဟာတာအိုပညာရှိက ရှန်ပေါင်တာအိုကျင့်ကြံသူရဲ့ သစ္စာရှိ နောက်လိုက်ခွေး ဖြစ်နေတာ၊ အဲဒီတော့ ရှန်‌ပေါင် တာအိုကျင့်ကြံသူလည်း အကြပ်ရိုက်သွားတယ်”

ကောင်းကင်အရှင်ဝူဖာက နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... မင်း တာအိုရောင်းရင်းဟန် နာမည်ကို ထုတ်မသုံးဘူးလား”

ပန်ရှင်းက ပြန်ဖြေပါတယ် “သုံးတာပေါ့၊ အဲဒါကြောင့် နှစ်ဖက်စလုံးက တာအိုပညာရှိအတု ပါရမီရှင်တစ်ပါးစီ စေလွှတ်ပြီး ပြိုင်ဆိုင်ဖို့ သဘောတူညီမှု ရလိုက်တယ်၊ နိုင်တဲ့ဘက်က ဒီပဋိပက္ခ မီးပင်လယ်ကို အပိုင်ရလိမ့်မယ်၊ ဒီသဘောတူညီချက်က ကောင်းကင်တာအိုကို အသားပေးထားတာ၊ ကောင်းကင်တာအိုမှာ ပါရမီရှင်တွေက ရေတွက်နိုင်တာ မဟုတ်ဘူး၊ အဲဒီ မဟာတာအိုပညာရှိ လက်အောက်မှာရှိတဲ့ ကမ္ဘာက ကောင်းကင်တာအိုရဲ့ ခြေဖျားတောင် မီတာ မဟုတ်ဘူး”

ဂျိရှင်းရှန်က ပြောလိုက်ပါတယ် “ကျွန်တော်တို့ မိုးကောင်းကင်မျိုးနွယ်စုမှာ ပါရမီရှင် အများကြီး ရှိတာဆိုတော့ ဒီတိုက်ပွဲကို ကျွန်တော်တို့ တိုက်လို့ရတယ်”

ထျန်ကျန်က ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်ပါတယ်။

ဖန်းလျန်က ဝင်ပြောလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားဖို့လိုတယ်၊ မတော်တဆ မဖြစ်ရအောင် ငါတို့တွေ အစွမ်းအထက်ဆုံး တာအိုပညာရှိအတုကို စေလွှတ်သင့်တယ်”

ကောင်းကင်အရှင်ရွှမ်တုဟာ ရှားရှားပါးပါး ပြုံးလိုက်ပါတယ် “ငါတို့မှာ ပါရမီရှင်တွေ အများကြီးရှိတာ၊ ဘယ်သူက နံပါတ်တစ်လို့ အတပ်ပြောနိုင်မှာလဲ”

ထျန်ကျန်က ပြောလိုက်ပါတယ် “ကျွန်တော်ရဲ့ တပည့်ကို စေလွှတ်လိုက်ပါ၊ သူက ကပ်ဘေးမျိုးနွယ်စုရဲ့ တာအိုပညာရှိအတု ဆယ်ပါးကို တန်းတူ ယှဉ်တိုက်နိုင်တယ်၊ သူက မိုးကောင်းကင်မျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ”

ကောင်းကင်အရှင်ရွှမ်တုဟာ ဂျိရှင်းရှန်ကို လှမ်းကြည့်လိုက်ပါတယ်။

ဂျိရှင်းရှန်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် အာမခံချက် ပေးလိုက်ပါတယ် “ကျွန်တော်တို့တွေ ဒီတိုက်ပွဲကို နိုင်ဖို့ အာမခံတယ်၊ တကယ်လို မနိုင်ခဲ့ရင် ထျန်ကျန်က တာအိုပညာရှိနေရာကနေ အနားယူပေးလိမ့်မယ်”

ထျန်ကျန်ဟာ နှလုံးလှုပ်သွားပြီး မျက်လုံးတွေက တည်ကြည် ပြတ်သားသွားပါတယ်။ ထျန်ကျန်ဟာ ရှုံးဖို့မတတ်နိုင်တဲ့အတွက် သူ့တာအိုစက်ကွင်းကို ပြန်ရောက်ရင် သူ့တပည့်ကို သင်ပေးစရာရှိတာ သင်ပေးပြီး နည်းလမ်းတချို့ ပြင်ဆင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ယွီဟာ ဖန်းလျန်ဘေးနားမှာထိုင်ရင်း တာအိုပညာရှိတွေ စကားပြောတာကို နားထောင်ကာ စိတ်ထဲမှာ တအံ့တဩ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တာအိုပညာရှိတွေ အကုန်လုံးက တစ်ဆင့်တည်းမှာ ရှိမနေတာကို သိလိုက်ရတာကြောင့်ပါ။ မဟုတ်ရင် တာအိုပညာရှိ အသစ်တစ်ပါးကို အခုလိုမျိုး အလွယ်လေး ရာထူးချနိုင်စရာအကြောင်း မရှိပါဘူး။

‘ဘိုးဘေးက ကောင်းကင်အရှင်ရွှမ်တုနဲ့ တစ်ဆင့်တည်းလား မသိဘူး...’ ဟန်ယွီဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်ပါတယ်။

ဟန်ယွီဟာ ဟန်ကျွယ်က အရမ်းစွမ်းအားကြီးမှန်း သိပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကောင်းကင်တာအိုကို ဦးဆောင်တာက ကောင်းကင်အရှင်ရွှမ်တု မဟုတ်ပါလား။ တချို့က ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုရဲ့ စိတ်ဝိညာဉ်လို့တောင် တင်စားကြပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုကို စီမံတာဖြစ်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခကို ခြိမ်းခြောက်ဖို့ တာဝန်ယူထားတယ် မဟုတ်ပါလား။

“ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်မယ်၊ ငါတို့တွေ ပဋိပက္ခ မီးပင်လယ်ကို အရယူရလိမ့်မယ်၊ ဒါက ကောင်းကင်တာအိုရဲ့ နောက်လာမဲ့ နှစ်ပေါင်းဘီလီယံချီ အနာဂတ်နဲ့ ပတ်သက်နေတယ်”

ကောင်းကင်အရှင်ရွှမ်တုက လေသံအေး‌လေးနဲ့ ပြောလိုက်ပါတယ် “ဒါနဲ့ နောက်ထပ် တာအိုပညာရှိနေရာကို ဆုံးဖြတ်ပြီးပြီ၊ အဲဒါက တာအိုရောင်းရင်းဖန် ဘေးနားမှာထိုင်နေတဲ့ အရင် ကောင်းကင်တာအိုပညာရှိဟောင်း ပုကျိုးနတ်တောင်ရဲ့ အရှင်သခင် လီတောက်ခုံးရဲ့ တပည့်ပဲ”

ကောင်းကင်အရှင် ဝူဖာ၊ ပန်ရှင်း၊ ဖန်းလျန်နဲ့ ဂျိရှင်းရှန်တို့ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဒါက သူတို့အတွက် မထူးဆန်းပါဘူး။

ထျန်ကျန်လည်း သဘောပေါက် နားလည်သွားပါတယ် ‘ဒီလိုကိုး... ဒီလူရဲ့ နောက်ခံက တော်တော်ကြီးတာပဲ၊ တာအိုပညာရှိတွေကြားထဲကို ဝင်ထိုင်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး’

ဟန်ယွီဟာ ချက်ချင်းပဲ ဦးညွှတ်လိုက်ပါတယ်။ ဟန်ယွီဟာ ဒီကိစ္စက ဒီလောက်မြန်မြန် ပြီးသွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တု အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်တဲ့အခါ တာအိုပညာရှိတွေ ထွက်ခွာသွားကြတဲ့အတွက် စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုနဲ့ ဟန်ယွီသာ ကျန်ပါတော့တယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ယွီကို ကြည့်ပြီး ပြုံးပြလိုက်ပါတယ် “မင်းက တာအိုရောင်းရင်းဟန်နဲ့ တော်တော်တူတာပဲ၊ ဒါနဲ့ မင်း ချင်လင်းကို ပညာသင်ပေးထားတာ ဟုတ်တယ်မလား၊ ဒီကလေးက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ အနာဂတ်မှာ သူက ကောင်းကင်တာအိုရဲ့ အစောင့်အရှောက် ကျိန်းသေပေါက် ဖြစ်လာမှာ”

“ဒါတွေ အကုန်လုံးက တာအိုပညာရှိတွေရဲ့ ကျေးဇူးကြောင့်ပါ၊ မဟုတ်ရင် ကျွန်တော်ရဲ့ မြေးတပည့် ဒီနေ့လို့ အခြေအနေကို ရောက်လာနိုင်မှာ မဟုတ်ဘူး”

“မင်းက ဒီကိစ္စတွေ အကုန်လုံးကို မကောင်းဘူး အပြစ်ရှိတယ်လို့တောင် ထင်နေတာမလား...”

ကောင်းကင်အရှင်ရွှမ်တုရဲ့ အမေးကြောင့် ဟန်ယွီဟာ မှင်တက်သွားပြီး ဘာပြောရမှန်း မသိတော့ပါဘူး။

“ခုနက မင်းမျက်လုံးထဲမှာ အထင်အမြင်သေးတဲ့ အရိပ်အယောင်ကို ငါတွေ့လိုက်တယ်၊ ချင်လင်းနဲ့ လောကမှာရှိတဲ့ သက်ရှိအားလုံးကို နယ်ရုပ်လို သဘောထားလို့ တာအိုပညာရှိတွေကို နှလုံးသားမဲ့တယ်လို့ မင်း ထင်နေတာလား”

ဟန်ယွီဟာ တိတ်ဆိတ်နေတုန်းပါပဲ။

ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ဟုတ်တယ်၊ ဒါက အလိမ်အညာတစ်ခုပဲ၊ ဒီအလိမ်အညာကြောင့် အပြစ်မဲ့တဲ့သက်ရှိတွေ သေကျေမှာလည်း အမှန်ပဲ၊ ဒါပေမဲ့ ဒီဆုံးရှုံးမှုက အရင်တုန်းက ကောင်းကင်တာအို အနန္တကပ်ဘေးတွေနဲ့ နှိုင်းယှဉ်ရင် ဘာမှမပြောပဘူး”

“အကြွင်းမဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိဘူး၊ တာအိုပညာရှိတွေ ပဋိပက္ခ ကောင်းကင်လမ်းကို မဖွင့်လှစ်ခဲ့ရင် အမှောင်တားမြစ်နယ်မြေကို သွားတဲ့ ကျင့်ကြံသူတိုင်း အမင်္ဂလာ မကောင်းဆိုးဝါးတွေ တိုက်ခိုက်တာကို ခံရမှာပဲ၊ ကောင်းကင်တာအိုက အဲဒီလို လမ်းပိတ်နေတာ၊ ဒီလိုအခြေအနေမျိုးမှာ ကောင်းကင်တာအို လက်ခံနိုင်တဲ့ သက်ရှိအရေအတွက် အကန့်အသတ်ကို ရောက်သွားရင် သက်ရှိတွေက စိတ်ဝိညာဉ်ချီကိုတောင် လုယက်ပြီး ရှူရှိုက်ရတယ်၊ အဲဒီလို အခြေအနေမျိုးကို မင်းတွေးကြည့်ဖူးလား”

ဟန်ယွီဟာ နှလုံးလှုပ်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ဖက်ပိတ် လူစား မဟုတ်တဲ့အတွက် တာအိုပညာရှိတွေရဲ့ ယေဘုယျ အခြေအနေ ထိန်းသိမ်းတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဟန်ယွီဟာ တာအိုပညာရှိတွေ သက်ရှိအားလုံးကို လိမ်ညာတာကိုတော့ မကြိုက်တုန်းပါပဲ။

ချိုမြန်တဲ့ မုသားစကားကလည်း အလိမ်အညာပါပဲ။ အထူးသဖြင့် အဲဒီချိုမြန်တဲ့ မုသားစကားကို လက်ခံယုံကြည်ပြီး အသက်ပေးသွားတဲ့လူတွေက တကယ်ကို သနားဖို့ကောင်းပါတယ်။ ဒါက အပြစ်မဟုတ်ရင် ဘယ်ဟာက အပြစ်ဖြစ်နိုင်ဦးမှာလဲ။

“လောကကြီးက မမျှတဘူး၊ မင်း တာအိုပညာရှိ ဖြစ်လာပြီး ဒီအဖြေကို ရှာနိုင်ရင် အကောင်းဆုံးပဲ၊ သက်ရှိတွေ အစတေးမခံရတော့ဘူးပေါ့၊ ကောင်းကင်တာအိုက အခုထိ လမ်းမှန်ကို ရှာမတွေ့သေးတာလည်း ဖြစ်နိုင်တယ်” ကောင်းကင်အရှင်ရွှမ်တုက အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ်။

ဟန်ယွီဟာ အတွေးနက်သွားပါတယ်။

အတန်ကြာတဲ့အခါမှာတော့...

ဟန်ယွီဟာ ကောင်းကင်အရှင်ရွှမ်တုကို ဦးညွှတ်လိုက်ပါတယ် “တာအိုပညာရှိရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

ကောင်းကင်အရှင်ရွှမ်တု သူ့ကို ဒီစကားပြောတာက သူ့ကို ဂရုစိုက်တယ်ဆိုတာ သိသာလှပါတယ်။ မဟုတ်ရင် သူ လုပ်ချင်ရာလုပ်တာကို ဘာမှမပြောဘဲ ထိုင်ကြည့်ပြီး အနာဂတ်မှာ သူ အမှားလုပ်မိတဲ့အခါ တာအိုပညာရှိနေရာကို ပြန်သိမ်းမှာပါ။

“ရပါတယ်၊ ငါ မင်းကျင့်ကြံမှု တိုးအောင် တာအိုဟောကြားပေးမယ်၊ မင်းက တာအိုပညာရှိ နေရာကို ရယူဖို့ ကျင့်ကြံမှု မလုံလောက်သေးဘူး”

ဟန်ယွီဟာ ရှက်သွားပြီး ခေါင်းညိတ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

.....

မျက်တောင်တစ်ခတ်အတွင်း ဟန်ကျွယ်ဟာ နောက်ထပ် နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံလို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်လိုက်ပါတယ်။ နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံမှပဲ ဟန်ကျွယ်ဟာ ကျင့်ကြံမှု တိုးတက်တာကို ခံစားနိုင်ပါတော့တယ်။

ဟန်ကျွယ်ဟာ တစ်ခါတည်း ဂူအောင်းကျင့်ကြံပြီး အဆင့်ထိုးဖောက်ချင်သွားပါတယ်။ အကုန်လုံးကို လျစ်လျူရှုလိုက်မယ်ဆိုရင် ဒါက အိပ်မက်တစ်ခုလို ဖြစ်သွားမှာပါ။ ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို ဂရုစိုက်ချင်သေးတဲ့အတွက် ဒီလိုမလုပ်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ စာအိတ်ကို ဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မြေးတပည့် ချူရှီရန်သည် ဓမ္မရုပ်တု ဘီလီယံချီအသွင် ပြောင်းလဲပြီး ပဋိပက္ခ ကာလ-ဒေသတွင် လျှောက်သွားခဲ့သည်။]

[သင့်မိတ်ဆွေ ကျန်းယီသည် ပဋိပက္ခ နေမင်းကြယ်အား စုပ်ယူပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ သိကျန်းသည် သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ နွီဝါသည်...]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]

[သင့်သား ဟန်ထော်သည် အန္တိမမူလ မဟာတာအိုကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် သင့်မိတ်ဆွေ တာအိုဘိုးဘေး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှု တိုးတက်သွားသည်။]

‘ရှန်ပေါင် တာအိုကျင့်ကြံသူက မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အဆုံးသတ် အပျက်အစီးနတ်ဘုံက မဟာတာအိုပညာရှိတွေကို ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ... ဒါပေမဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာမရဘူးဆိုတော့ အကဲစမ်းတာ ဖြစ်လောက်တယ်’

ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်က တာအိုဘိုးဘေးနဲ့ ဆက်သွယ်မိတာကို သတိထားမိသွားပါတယ်။

‘တာအိုဘိုးဘေးက ပြန်ရှင်လာတာလား... မဖြစ်နိုင်ဘူး... ဒါ တာအိုဘိုးဘေးရဲ့ စိတ်ဆန္ဒပဲ ဖြစ်ရမယ်’

ပြောရရင် တာအိုဘိုးဘေးနဲ့ ပန်ကူးက တကယ်ကို လျှို့ဝှက် ဆန်းကြယ်တာပါ။ သူတို့နှစ်ယောက်က သေသွားတယ်လို့ ထင်ရပေမဲ့ မကြာမကြာ ပြဿနာ ရှာနေတုန်းပါ။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ မိစ္ဆာဘိုးဘေးက ငြိမ်နေတာကို သတိထားမိလိုက်ပါတယ်။ ဟန်ထော်နဲ့ ယီတျန်ကလည်း ဂူအောင်းကျင့်ကြံနေပုံ ရပါတယ်။ ရှုံဟွာတွေကလည်း ဘာမှ မလှုပ်ရှားသေးပါဘူး။

ပဋိပက္ခရဲ့ ငြိမ်းချမ်းရေးက ကောင်းတဲ့ကိစ္စပါ။ လူတိုင်း ကိုယ့်ဘာသာ ကျင့်ကြံမယ်ဆိုရင် တိုက်ခိုက်စရာအကြောင်းက လုံးဝကို မရှိတာပါ။

‘ငါ ပြိုင်ဘက်ကင်းသွားလို့ ဒီကောင်တွေ ပြဿနာလာရှာရင် အခွင့်အရေး တစ်ခုတော့ ပေးသင့်တယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိ ဖြစ်နေပြီ ဆိုပေမဲ့ တခြားလူတွေနဲ့ အဆက်အသွယ် သိပ်မရှိပါဘူး။ ဒါကြောင့်လည်း ကျင့်ကြံတာကို မပျင်းတာ ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ နောက်တစ်ခါ ဂူအောင်းကျင့်ကြံပြီးရင် ဘယ်လိုစာစောင်တွေ ဖတ်ရမလဲ ဆိုတာကိုတောင် စိတ်ဝင်စားသွားပါတယ်။

စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ ချင်လင်းဟာ ဖိနှိပ်ခံထားရာကနေ လွတ်သွားပါပြီ။ ဒါပေမဲ့ ချင်လင်းဟာ ချက်ချင်း လက်စားမချေဘဲ ရှန်နန်းတော်ကို ပြန်ပြီး ဂူအောင်းကျင့်ကြံပါတယ်။

ချင်လင်း တာအိုပညာရှိအတု ဖြစ်လာရင် အနန္တကပ်ဘေးက တရားဝင် စတင်မှာပါ။

ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို တွေးမိသွားပါတယ်။ ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်း ဘယ်ရောက်နေလဲဆိုတာကို မသိပါဘူး။ စာစောင်တွေထဲမှာလည်း အခုထက်ထိ သူတို့အကြောင်း ပေါ်မလာသေးပါဘူး။

[ခွန်အားနတ်ဘီလူးကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့ပြီး ပဋိပက္ခတွင် လှိုင်းထန်တော့မည် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထား၏။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters