← Chapters

ဓားရူးတာအိုပညာရှိ ထပ်မံ တိုက်ခိုက်ခြင်း

Vol. 76 Ch. 809

ဓားရူးတာအိုပညာရှိ ထပ်မံ တိုက်ခိုက်ခြင်း

Vol. 76 Ch. 809

ပန်ရှင်းနဲ့ ချုံရှီလိုင်က ပြောလာပြီမလို့ ကျန်တဲ့ တာအိုပညာရှိတွေလည်း ပါးစပ်ပိတ်ပြီး မနေရဲတော့ပါဘူး။ သူတို့အကုန်လုံး ကောင်းကင်တာအိုကို ကာကွယ်ပြီး ပန်ကူးနဲ့ တိုက်ခိုက်မယ်လို့ ကျိန်ဆိုကြပါတယ်။

ဟန်ကျွယ်ဟာ သိပ်တော့ မထူးဆန်းပါဘူး။ ဒီလို အခြေအနေမျိုးမှာ အရူးပဲ မတ်တတ်ရပ်ပြီး ပန်ကူးကို ထောက်ပံ့မှာပါ။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒီတိုက်ပွဲကို ငါတို့ဘက်က အရင်ဆုံးစဖို့ လိုတယ်၊ ပန်ကူးမလာခင် ငါတို့တွေ ဒီကိစ္စကို လူသိရှင်ကြားလုပ်ဖို့ လိုတယ်၊ ငါတို့တွေက ပန်ကူးကို နာမည်ဖျက်မှာ မဟုတ်ဘူး၊ အမှန်တရားကို အမှန်အတိုင်း ချပြရုံပဲ၊ ပန်ကူး ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်တာက သူ စွမ်းအားကြီးလာဖို့ပဲ၊ ကောင်းကင်တာအိုကလည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မရှိရင် အရင်လိုမျိုး အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်၊ ကောင်းကင်တာအိုက ပန်ကူးကို လောကကြီး ဖွင့်လှစ်တဲ့ အကြွေးတင်နေသလို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုလည်း လောကကြီး ကယ်တင်ပြီး သက်ရှိတွေကို ကယ်တင်ပေးတဲ့ အကြွေးတင်နေတာပဲ”

“ငါတို့တွေ ဒီကိစ္စကို ရန်သူ အသုံးချတာ မခံရအောင် သက်ရှိတွေသိအောင် ရှင်းပြရလိမ့်မယ်၊ လက်ရှိ ကောင်းကင်တာအိုက ပဋိပက္ခနဲ့ လမ်းပေါက်နေတာဆိုတော့ သက်ရှိတွေရဲ့ နှလုံးသားကို ထိန်းချုပ်ဖို့က အရမ်းခက်တယ်၊ ငါတို့တွေ ခံစားချက်နဲ့ ယုတ္တိဗေဒကိုပဲ သုံးရလိမ့်မယ်”

တာအိုပညာရှိတွေဟာ ခေါင်းတညိတ်ညိတ် ဖြစ်သွားကြပါတယ်။ သူတို့တွေလည်း ကျင့်ကြံသူတွေမလို့ ကျင့်ကြံသူတွေ အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ကျင့်ကြံသူတွေဟာ သူတို့ကို ဖိနှိပ်ပြီး တစ်စုံတစ်ခုကို ဖုံးကွယ်ထားလေလေ ပိုပြီးတော့ တော်လှန်လေလေပါပဲ။

ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ယုံကြည်ချက်ရှိလား...”

“ပန်ကူးကို ရင်ဆိုင်ဖို့က ဘယ်လိုလုပ်ပြီး ယုံကြည်ချက်အပြည့် ရှိနိုင်မှာလဲ၊ အကောင်းဆုံး ကြိုးစားမယ်လို့ပဲ ငါ ကတိပေးနိုင်တယ်”

အကြောင်းသိတဲ့ တာအိုပညာရှိဟောင်းတွေဟာ ပြုံးလိုက်ပါတယ်။ တာအိုပညာရှိ အသစ်တွေကတော့ လေးနက်သွားပါတယ်။

ဟန်ကျွယ်နဲ့ ရင်းနှီးတဲ့သူတိုင်း ဟန်ကျွယ်စရိုက်ကို သိပါတယ်။ ဟန်ကျွယ်က နိုင်မယ်လို့ ယုံကြည်ချက်မရှိဘူးဆိုရင် ထွက်ပြေးမဲ့လူစားမျိုး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒီလို တည်ငြိမ်နေတာက ယုံကြည်ချက်ရှိနေလို့ မဟုတ်ပါဘူး။ ပန်ကူးကို နိုင်မယ်လို့ အရမ်းအရမ်းကို ယုံကြည်ချက် ရှိနေတာကြောင့်ပါ။ အကောင်းဆုံး ကြိုးစားမယ် ဆိုတာက ဟန်ကျွယ်ရဲ့ အမောက်မာဆုံး စကား မဟုတ်ပါလား။

ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “လက်ရှိမှာ ပန်ကူးက မဟာရှေးဟောင်း နယ်မြေကို သွားပြီး မကြာသေးခင်က တည်ထောင်ထားတဲ့ နတ်ဘီလူးမျိုးနွယ်စုနဲ့ တိုက်ခိုက်လိမ့်မယ်၊ ဒီတော့ ပန်ကူး ကောင်းကင်တာအိုကိုလာဖို့ ပိုကြာသွားလိမ့်မယ်”

တာအိုပညာရှိတွေဟာ ခေါင်းညိတ်လိုက်ကြပါတယ်။

အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုအချို့ကို စပြီးတော့ တင်ပြပါတယ်။ ဟန်ကျွယ်ကတော့ ပျင်းလာတဲ့အတွက် အချိန်ကုန်အောင် စာအိတ်ကိုဖွင့်ပြီး စာစောင်တွေ ဖတ်လိုက်ပါတယ်။

နှစ်နာရီကြာတဲ့အခါမှာတော့...

ကောင်းကင်အရှင်ရွှမ်တုဟာ စန့်ချွမ်အဂ္ဂကမ္ဘာအကြောင်း ပြောလာပါတယ်။

“စန့်ချွမ်အဂ္ဂကမ္ဘာက တည်ထောင်ပြီးကတည်းက တာအိုဂိုဏ်းရဲ့ ကျင့်ကြံသူတွေကို စုဆောင်းနေခဲ့တာ၊ အခုဆိုရင် တာအိုဘိုးဘေးရဲ့ မျိုးဆက်တွေကို ပြန်ရသွားပြီး တာအိုဂိုဏ်း အင်အားကြီးလာဖို့ အရှိန်အဟုန် ရနေပြီ၊ ပန်ကူး ပဋိပက္ခကို သိမ်းပိုက်လွှမ်းမိုးတဲ့နေရာမှာ အကျိုးအမြတ် အရဆုံးက တာအိုဂိုဏ်းပဲ၊ နောက်ပြီး စန့်ချွမ်အဂ္ဂကမ္ဘာက အဆုံးသတ် အပျက်အစီး နတ်ဘုံနားမှာ ရှိတော့ ကောင်းကင်တာအိုနဲ့ မဝေးဘူး၊ အကုန်လုံး ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ နယ်မြေထဲမှာ ရှိနေတာ”

“ရှန်ပေါင် တာအိုကျင့်ကြံသူက မဟာတာအို နတ်စိတ်ဝိညာဉ်ဆိုပေမဲ့ လောင်ဇီကို ယှဉ်နိုင်တာ မဟုတ်ဘူး၊ တစ်နေ့ကျရင် ရှန်ပေါင် တာအိုကျင့်ကြံသူက စန့်ချွမ်အဂ္ဂကမ္ဘာကို ဖိနှိပ်နိုင်တော့မှာ မဟုတ်ဘူး၊ အဲဒီအချိန်ကျရင် စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုနဲ့ ယှဉ်ပြိုင်လာလိမ့်မယ်၊ ငါတို့တွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်”

တာအိုပညာရှိတွေလည်း အတွေးနက်သွားပါတယ်။ စန့်ချွမ်အဂ္ဂကမ္ဘာမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီးရှိပါတယ်။ ကောင်းကင်တာအိုက ဒီနေရာမှာ စန့်ချွမ်အဂ္ဂကမ္ဘာကို မယှဉ်နိုင်ပါဘူး။

ကောင်းကင်တာအိုရဲ့ အစွမ်းအထက်ဆုံးက ဟန်ကျွယ်ပါ။ မဟာဟင်းလင်းပြင်ဝိညာဉ်ကိုပါ ပေါင်းလိုက်မှ စုစုပေါင်း မဟာတာအိုပညာရှိ နှစ်ပါးပဲ ရှိတာပါ။

လောင်ဇီ၊ လောကဦး ကောင်းကင်အရှင်၊ ကောင်းကင်ဂိုဏ်းချုပ်နဲ့ သူတို့ရဲ့ တပည့်ရင်း အကုန်လုံးက မဟာတာအိုပညာရှိတွေပါ။

တာအိုပညာရှိတွေဟာ လောင်ဇီက မဟာတာအိုပညာရှိ မဟုတ်ဘဲ မဟာတာအိုပညာရှိထက် ကျော်လွန်တဲ့ မဟာတာအိုပညာရှိချုပ်ဆိုတာ မသိကြပါဘူး။

ဖန်းလျန်က ပြောလိုက်ပါတယ် “ပဋိပက္ခက ကျယ်ပြန့်လွန်းတယ်၊ ကောင်းကင်တာအိုနဲ့ စန့်ချွမ်အဂ္ဂကမ္ဘာက အရမ်းအမြန်ကြီး တိုးတက်လာတယ်ဆိုရင်တောင် နယ်နိမိတ်ချင်းထိစပ်ဖို့ နှစ်သန်းတစ်ရာလောက် ကြာဦးမှာ၊ နယ်နိမိတ်ချင်း ထိစပ်သွားတဲ့အချိန်မှ အကျိုးအမြတ်အတွက် အရှုပ်အရှင်းတွေ ရှိလာမှာ၊ နှစ်သန်းတစ်ရာက ကောင်းကင်တာအိုအတွက် စွမ်းအားကြီးပုဂ္ဂိုလ် အများကြီး မွေးထုတ်ဖို့ လုံလောက်တယ်၊ စန့်ချွမ်အဂ္ဂကမ္ဘာက ဘယ်လောက်ပဲ အင်အားကြီးပါစေ ပန်ကူးက သူ့အစွမ်းအထက်ဆုံးအချိန်မှာ သူ့ကျင့်ကြံမှုက စတေးပြီး ဖန်တီးခဲ့တာ မဟုတ်ဘူး၊ ကောင်းကင်တာအို ဖန်တီးမှုက ပဋိပက္ခရဲ့ အကြီးမားဆုံး ဖန်တီးမှုပဲ”

ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့က ဒီလောက်ထိ အားကောင်းပြီး စွမ်းအားကြီး ပုဂ္ဂိုလ် အများကြီးကို မွေးထုတ်ပေးနိုင်တာက ကောင်းကင်တာအိုကို ဖန်တီးခဲ့တဲ့ ပန်ကူးဟာ အဲဒီအချိန်အခါမှာ ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်နေခဲ့တာကြောင့်ပါ။

ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုက သူ့ကိုယ်သူ စတေးပြီး ကမ္ဘာတစ်ခုကို ဖန်တီးခဲ့တာ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုက ပဋိပက္ခထဲမှာ အားအကောင်းဆုံး ဖြစ်နေတာပါ။ ဒါ့အပြင် ကောင်းကင်တာအိုက အသက်အကြီးဆုံး ကမ္ဘာတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ တာအိုဘိုးဘေးက အချိန်အကြာကြီး ဖိနှိပ်ခဲ့တာကြောင့်သာ ကောင်းကင်တာအိုက အခုလိုမျိုး အားနည်းနေရတာ ဖြစ်ပါတယ်။

တာအိုပညာရှိတွေဟာ ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်ပါတယ်။

“ဒီနေ့ကစပြီး တာအိုပညာရှိ အကုန်လုံး သူတို့ရဲ့ တာအိုစက်ကွင်းကို ဖွင့်လှစ်ပြီး သက်ရှိအားလုံးကို တာအိုဟောကြားရမယ်၊ ကပ်ဘေးပြီးသွားရင် ငါတို့တွေ ကောင်းကင်တာအိုပညာရှိ အရေအတွက်ကို တစ်ရာထိရောက်အောင် ကြိုးစားကြရမယ်” ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုရဲ့ နောက်ထပ် အစီအစဉ်ကို တိတိကျကျ ရှင်းပြလိုက်ပါတယ်။

ဒီအစီအစဉ်ကို နားထောင်ပြီး တာအိုပညာရှိတွေဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ တာအိုပညာရှိတွေ ပိုများလာလေလေ တာအိုပညာရှိဟောင်းတွေက ပိုပြီးတော့ စွမ်းအားကြီးလာလေလေ မဟုတ်ပါလား။

ဒါက လှေတစ်စင်းနဲ့ တူပါတယ်။ ဒါကြောင့် လူတိုင်း ရှေ့ကို တက်တာနဲ့ ရှေ့မှာရှိနေတဲ့လူတွေက အကျိုးအမြတ်ပိုရမှာပါ။

တာအိုပညာရှိတွေ ပိုများလာတာနဲ့ လွတ်လပ် တာအိုပညာရှိတွေလည်း ပိုများလာမှာပါ။ လွတ်လပ် တာအိုပညာရှိတွေ များလာပြီဆိုရင် မဟာတာအိုပညာရှိကလည်း အလိုလို မွေးဖွားလာမှာပါ။

ကောင်းကင်အရှင်ရွှမ်တုဟာ စီစဉ်စရာရှိတာ စီစဉ်ပြီးတာနဲ့ အစည်းအဝေးကို အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်လည်း မတ်တတ်ရပ်ပြီး ထွက်ခွာပါတယ်။ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးတာနဲ့ ဟန်ကျွယ်ဟာ အစအန မကျန်အောင် ပျောက်ကွယ်သွားပါတယ်။

တာအိုပညာရှိ အသစ်တွေဟာ ဟန်ကျွယ်ကို စိတ်ထဲကနေ လေးစားသွားပါတယ်။ ဟန်ကျွယ်က ပန်ကူးလို မဟာရန်သူတော်ကြီးကို ရင်ဆိုင်ရတာတောင် မျက်မှောင်တစ်ချက် မကြုတ်ဘူး မဟုတ်ပါလား။

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျက်လုံးထဲမှာ ပန်ကူးက ဘယ်လို တည်ရှိမှုမျိုးပါလိမ့်...’

.....

မဟာရှေးဟောင်း နယ်မြေထဲက ခန်းမထဲမှာ ပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော်ဟာ တရားထိုင်နေတုန်းပါ။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားကလည်း ဒီမှာ ရှိနေတုန်းပါ။ ပဋိပက္ခ နတ်ဘီလူးတွေဟာ နှစ်တစ်ထောင်ပြည့်တိုင်း ကိစ္စတွေကို ဆွေးနွေးကြပါတယ်။

ပန်ကူးဟာ နတ်ဘီလူးမျိုးနွယ်စုထဲ မဝင်ဘဲ လျှောက်သွားနေတဲ့ နတ်ဘီလူးတွေ အကုန်လုံးကို လိုက်သတ်နေပါတယ်။ နတ်ဘီလူးတစ်ပါး သေတိုင်း သူတို့ရဲ့ ကံတရား အထောက်အပံ့တွေက ပန်ကူးဆီ ရောက်သွားတဲ့အတွက် ပန်ကူးရဲ့ ကျင့်ကြံမှုဟာ ခပ်မြန်မြန် တိုးတက်လို့ လာပါတယ်။

လောကကြီး ဖန်တီးမှု မတိုင်ခင်က နတ်ဘီလူးတိုက်ပွဲဟာ သမိုင်းတစ်ပတ် ပြန်လည်လာသလိုပါပဲ။

ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ နတ်ဘီလူးတွေရဲ့ ခံစားချက်တွေကို နားထောင်ပြီး နတ်ဘီလူးတွေကို တော်တော်လေး အထင်အမြင်‌သေးသွားပါတယ်။ အကုန်လုံးက ဒီမှာ လာပုန်းနေပြီး ဘယ်သူမှ ပန်ကူးကို ကိုယ်တိုင် သွားမရှာရဲပါဘူး။ ပန်ကူး တံခါးလာခေါက်မှာကို စောင့်နေကြပါတယ်။

မဟာရှေးဟောင်း နတ်ဘီလူးကတော့ ဘာမှမပြောဘဲ တိတ်တဆိတ် တရားထိုင်နေပါတယ်။ နတ်ဘီလူး အကုန်လုံး မဟာရှေးဟောင်း နတ်ဘီလူးရဲ့ ရောင်ဝါက ပိုအားကောင်းလာတာကို အာရုံခံမိကြပါတယ်။

ကြည့်ရတာ မဟာရှေးဟောင်း နတ်ဘီလူးက ပန်ကူးနဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းချင်ပုံပါပဲ။

တကယ်တော့ မဟာရှေးဟောင်း နတ်ဘီလူးမှာလည်း ရည်မှန်းချက်ကြီး ရှိပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးဟာ သူ့ကိုယ်သူ ပန်ကူးထက် မနိမ့်ကျဘူးလို့ ခံယူထားတဲ့လူပါ။ ပန်ကူးမှာက အကောင်းစား ရတနာသုံးပါးရှိပြီး သူ့မှာက အကောင်းစား ရတနာတစ်ပါးပဲ ရှိတဲ့အတွက် ပန်ကူးကို မယှဉ်နိုင်တာက မဟာရှေးဟောင်း နတ်ဘီလူးရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမှာပါ။

ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ကို အသံလွှင့်စကား ပြောလာပါတယ် “တာအိုရောင်းရင်းဟန်... တာအိုရောင်းရင်းဟန်ရဲ့ ခန္ဓာစစ်က မလာဘူးမလား၊ ပန်ကူး သတ်တာ မခံရအောင် ဂရုစိုက်ဦး”

ဟန်ကျွယ်က ပြန်ပြီးတော့ အသံလွှင့်စကား ပြောလိုက်ပါတယ် “ငါက ကောင်းကင်တာအိုထဲမှာ ပုန်းနေတာ၊ နောက်ပြီး ငါက ပန်ကူးရဲ့ မျိုးဆက်ပဲ၊ သူ ငါ့ကို နောက်မှာ ချန်ထားခဲ့လိမ့်မယ်”

ဟန်ကျွယ်ရဲ့ စကားက အဓိပ္ပာယ် ရှိတာကြောင့် ဟုန်စဲ့မင်ယွင်ဟာ တိတ်ဆိတ်သွားပါတယ်။

ဒီအချိန်မှာပဲ နတ်ဘီလူးတစ်ပါးက တအံ့တဩ ပြောလိုက်ပါတယ် “ဓားရူးတာအိုပညာရှိက မသေသေးဘူးလား၊ သူက ပန်ကူးကို ထပ်ပြီးတော့ စိန်ခေါ်ဖို့ သွားပြန်ပြီ”

တခြား နတ်ဘီလူးတွေလည်း ပြောဆိုလာပါတယ်။

“အရင်တုန်းကတောင် ပန်ကူးကို မယှဉ်နိုင်တာ အခု စွမ်းအားကြီးလာတဲ့ ပန်ကူးကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ၊ သူ့သတ္တိက မိုးလောက်ကြီးတာပဲ”

“ဓားရူးတာအိုပညာရှိကလည်း ပိုပြီးတော့ စွမ်းအားကြီးလာပါတယ်”

“ဒီကောင်က အထင်ကြီးဖို့ကောင်းတယ်၊ ပန်ကူးကို စိန်ခေါ်ရဲတာ အံ့ဩစရာ မရှိပါဘူး”

“ကံဆိုးချင်တော့ ပန်ကူးက စွမ်းအားကြီးလွန်းတာပဲ”

“တစ်ခုခု မှားနေတယ်လို့ မခံစားရဘူးလား၊ ပန်ကူးကို တစ်ယောက်ယောက်က ကူညီနေတဲ့ပုံပဲ”

နတ်ဘီလူးတွေဟာ ပြဿနာကို ချက်ချင်း မြင်သွားပါတယ်။ ဓားရူးတာအိုပညာရှိ ပန်ကူး ဒဏ်ရာရအောင် လုပ်တိုင်း ပန်ကူးက အမြဲတမ်း ပြန်ကောင်းလာပါတယ်။ အရေးအကြီးဆုံးက ပန်ကူးရဲ့ သွေးနှစ် အားမနည်းသွားတာပါ။

ပန်ကူးဟာ ခွန်အားနတ်ဘီလူးပါ။ တခြား မဟာတာအိုတွေကို တတ်မြောက်ထားခြင်း မရှိပါဘူး။ ဒီလိုအခြေအနေမှာ အဆင့်တူတဲ့ တည်ရှိမှုတွေကို တစ်ချိန်လုံး ခွန်အားအပြည့်နဲ့ ရင်ဆိုင်နိုင်တာက သဘာဝမကျလှပါဘူး။

ဟန်ကျွယ်ဟာ သူ့ဘာသာ စိတ်ထဲမှာ ပြောလိုက်ပါတယ် ‘နောက်ဆုံးတော့ မင်းတို့တွေ မြင်ပြီလား...’

ပန်ကူးမှာ မင်လင်းမယ်တော်ရဲ့ အထောက်အပံ့ ရှိနေပါတယ်။ ဒါကြောင့် တခြား သာလွန်တည်ရှိမှုတွေလည်း ပန်ကူးနောက်မှာ ရှိနေလိမ့်မယ်လို့ ဟန်ကျွယ် မှန်းဆလိုက်ပါတယ်။

အရင်တုန်းက ရှုံဟွာနဲ့ မိစ္ဆာမျိုးနွယ်စု ပဋိပက္ခကို တိုက်ခိုက်သိမ်းပိုက်တုန်းက မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ ဝင်မပါခဲ့ပါဘူး။ အခု ပန်ကူး ထွက်ပေါ်လာတဲ့အခါမှာတော့ အထိခိုက်ဆုံးက ရှုံဟွာနဲ့ မိစ္ဆာမျိုးနွယ်စုပါ။ ရှုံဟွာထဲမှာ ပဋိပက္ခ နတ်ဘီလူးတော်တော်များများ ရှိနေတယ် မဟုတ်ပါလား။

လေးငါးဆယ်နာရီ ကြာတဲ့အခါမှာတော့ ဓားရူးတာအိုပညာရှိဟာ ထပ်ပြီးတော့ ရှုံးနိမ့်သွားပါတယ်။ ဒီတစ်ခါမှာတော့ ဓားရူးတာအိုပညာရှိဟာ ကိုယ့်ဘာသာ လွတ်အောင် ပြေးနိုင်ခဲ့ပါတယ်။

ပန်ကူးရဲ့ စွမ်းအားက နတ်ဘီလူးတွေကို ထပ်ပြီးတော့ တိတ်ဆိတ်သွားစေပါတယ်။

မဟာရှေးဟောင်း နတ်ဘီလူးက ရုတ်တရက် မျက်လုံးဖွင့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ သေမှာ ထိုင်စောင့်နေလို့ မဖြစ်ဘူး၊ တိုက်ခိုက်ဖို့ အချိန်ကျပြီ”

မဟာရှေးဟောင်း နတ်ဘီလူးဟာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်ပါတယ် “အားလုံးပဲ... ငါနဲ့အတူ ပန်ကူးကို တိုက်ခိုက်ကြရအောင်...”

မဟာရှေးဟောင်း နတ်ဘီလူးရဲ့ စကားဆုံးတာနဲ့ နတ်ဘီလူး အကုန်လုံး မတ်တတ်ရပ်လိုက်ကြပါတယ်။ သူတို့အကုန်လုံးက ဒီစကားကို စောင့်နေကြတာ မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters