← Chapters

ပန်ကူးရဲ့ စွမ်းအား

Vol. 77 Ch. 811

ပန်ကူးရဲ့ စွမ်းအား

Vol. 77 Ch. 811

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို လက်ထဲမှာ ကိုင်ရင်း ချီတုံချတုံ ဖြစ်သွားပါတယ် ‘ငါ ပန်ကူးကို ဘယ်လိုလုပ်သင့်လဲ... ငါ ပန်ကူးကို သေအောင် ကျိန်စာတိုက်ရင် ပဋိပက္ခသိစိတ်က သူလိုချင်တာ သိရအောင် ထပ်ပြီးတော့ ကြံစည်ဦးမှာပဲ...’

‘ငါ ပန်ကူးနဲ့ နတ်ဘီလူးတွေ မတိုက်ခိုက်ခင် ကျိန်စာတိုက်ပြီး နှစ်ဖက်စလုံး ဒဏ်ရာရအောင် လုပ်လိုက်ရင် ငါ့အတွက် အချိန်ပိုရသွားမှာပဲ... ဟုတ်တယ် ဒီအကြံမဆိုးဘူး... ငါ သူတို့တွေ ထိပ်တိုက်တွေ့မဲ့အချိန်ကို စောင့်ရမယ်’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး စိတ်အခြေအနေကို ပြုပြင်ကာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ပန်ကူး အသက်ပြန်ရှင်လာတဲ့ သတင်းဟာ ကောင်းကင်တာအိုမှာ ပျံ့နှံ့လာပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်းတွေရဲ့ သတင်းဖြန့်မှုအောက်မှာ သက်ရှိအားလုံး ဒီကိစ္စကို သိရှိသွားပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခနတ်ဘီလူးဖြစ်တဲ့အတွက် ပန်ကူးက သတ်ဖို့လာနေပြီ ဆိုတာလည်း ပါပါတယ်။

တချို့က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ထောက်ခံကြပြီး တချို့ကို ပန်ကူးကို ထောက်ခံကြပါတယ်။ ဒါပေမဲ့ ခြုံကြည့်လိုက်ရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ထောက်ခံတဲ့ သက်ရှိတွေက ပိုများပါတယ်။

ပန်ကူးက သက်ရှိတွေ မှတ်မိနိုင်ဖို့ အိုဟောင်းလွန်းပြီး သူ့ဒဏ္ဍာရီတွေကလည်း မပေါ်လာတာ အတော်ကြာညောင်းသွားပါပြီ။ ဒါပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုတော့ သက်ရှိတွေဟာ အရမ်းရင်းနှီးပါတယ်။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို အကြိမ်ကြိမ် အခါခါ ကယ်တင်ခဲ့ပြီး သေမျိုးကမ္ဘာမှာတောင် အပြစ်တစ်ခု ချန်မထားခဲ့ပါဘူး။ ဒါ့အပြင် တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတဲ့ အလျှို့ဝှက်ဆုံး တာအိုပညာရှိလည်း ဖြစ်ပါတယ်။

လက်ရှိ ကောင်းကင်တာအိုက အတွင်းရော အပြင်ရော ပြဿနာ တက်လာပါတယ်။ ပန်ကူးက အပြင်ကနေ တိုက်ခိုက်သလို အတွင်းထဲမှာလည်း ငြိမ်းချမ်းမှု စည်းမျဉ်းတွေကြောင့် မုန်းတီးမှု ရန်ငြိုးရန်စတွေ စုပုံလာပါတယ်။ ဒီလိုကြောင့် အနန္တကပ်ဘေးဟာ ထပ်ပြီးတော့ ထကြွလာပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများဟာ ချင်လင်းဘေးမှာ စုစည်းလာကြပါတယ်။ သူတို့အကုန်လုံးဟာ ဗုဒ္ဓဂိုဏ်းနဲ့ ရန်သူမဟုတ်ရင် လက်ရှိ လောကကြီးရဲ့ အခြေအနေကို မကျေနပ်တဲ့ လူတွေချည်းပါပဲ။ သူတို့အကုန်လုံးဟာ ချင်လင်း အဆင့်တက်တာကို စောင့်နေကြတာပါ။

ချင်လင်း တာအိုပညာရှိအတု ဖြစ်တာနဲ့ ဗုဒ္ဓဂိုဏ်းနဲ့ စစ်ခင်းဖို့ အချိန်ကျလာမှာပါ။

ဗုဒ္ဓဂိုဏ်းကလည်း ဒီအကြောင်းကို သိပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘာမှ မတတ်နိုင်ပါဘူး။ သူတို့တွေ ချင်လင်းကို မရေရာ မသေချာတဲ့ အကြောင်းပြချက်နဲ့ ပစ်မှတ်ထားလို့ မရပါဘူး။ ချင်လင်းက နှစ်တစ်သိန်းကြာအောင် ဖိနှိပ်ခံထားရပြီးပါပြီ။ ဒီလိုအချိန်မှာ ထပ်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ဗုဒ္ဓဂိုဏ်းအနေနဲ့ တရားနည်းလမ်းကျမှာ မဟုတ်ပါဘူး။

အချိန်ဟာ ပုံမှန်ကုန်ဆုံးပြီး တစ်နှစ်ပြီး တစ်နှစ် ကြာညောင်းသွားပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ် ဂူအောင်းကျင့်ကြံတာ ၉,၇၃၂ နှစ် ရှိသွားပြီ ဆိုပေမဲ့ နှစ်တစ်သောင်းတော့ မပြည့်သေးပါဘူး။ ဒါပေမဲ့ သူ့ကိုယ်ပွားကနေ နတ်ဘီလူးတွေနဲ့ ပန်ကူး ထိပ်တိုက်တွေ့ပြီဆိုတာကို သိလိုက်ရတဲ့အတွက် ကျင့်ကြံရာကနေ ထလိုက်တာ ဖြစ်ပါတယ်။

နတ်ဘီလူး ဒါဇင်ကျော်ဟာ ပန်ကူးကို ဒေါသတကြီး တိုက်ခိုက်နေပါတယ်။ အာကာအလွှာတွေဟာ တစ်ခုပြီးတစ်ခု ကွဲကြေပြီး တိုက်ပွဲစစချင်းပဲ လောကဦး ဟင်းလင်းပြင် ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားကတော့ မတိုက်ဘဲ လျှောက်ပြေးပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားတင် မဟုတ်ပါဘူး။ တခြား နတ်ဘီလူး တော်တော်များများလည်း ဒီအတိုင်းပါပဲ။ မဟာရှေးဟောင်း နတ်ဘီလူးသာ ပန်ကူးနဲ့ လေးလေးနက်နက် တိုက်ခိုက်တာပါ။

မဟာရှေးဟောင်း နတ်ဘီလူးဟာ တကယ်ကို စွမ်းအားကြီးတာပါ။ တိုက်ပွဲစစချင်း ပန်ကူးကို အသာစီးရအောင် တိုက်ခိုက်နိုင်ပါတယ်။ ဒါပေမဲ့ တိုက်ပွဲချိန် ကြာလာတဲ့အခါမှာတော့ ပန်ကူးဟာ စွမ်းအားပိုကြီးလာပါတယ်။ တိုက်ရင်းနဲ့ စွမ်းအားကြီးလာတာက တကယ်ကို ကျိုးကြောင်း မဆီလျော်လှပါဘူး။

ဒီအတိုင်း ဆက်သွားရင် ပန်ကူးက မကြာခင်မှာ တိုက်ပွဲကို ပြောင်းပြန်လှန်ပစ်နိုင်တော့မှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျိန်စာ စတိုက်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ကြမ္မာဆိုးစာအုပ်ထဲကို ထိုးဝင်သွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျိန်စာဝင်တိုက်မှုကြောင့် ပန်ကူးဟာ တိုက်ပွဲကို နေ့တစ်ဝက်အတွင်း အဆုံးမသတ်နိုင်တော့ပါဘူး။

ငါးရက်ကြာသွားတဲ့ အခါမှာတော့ ပန်ကူးဟာ နတ်ဘီလူး အကုန်လုံးကို ဖိနှိပ်နိုင်သွားပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး တာအိုဝိညာဉ် ဖြတ်တောက်တာကိုလည်း ခံလိုက်ရပါတယ်။ ပြန်ပြီး ကျင့်ကြံလို့ရတယ်ဆိုပေမဲ့ အချိန်တိုအတွင်း နဂိုစွမ်းအားကို ပြန်ရဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး။

ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ ကိုယ်ပွား မျက်လုံးကိုသုံးပြီး တိုက်ပွဲကို ကြည့်ပါတယ်။

ကောင်းကင်ဖွင့်လှစ် ပုဆိန် မရှိတာကြောင့် ပန်ကူးဟာ ဓားမနဲ့ တိုက်ခိုက်ပါတယ်။ ဒီဓားမက အရိုးဓားမ ဖြစ်ပြီး ဓားသွားက ပန်ကူးရဲ့ ခန္ဓာကိုယ်ထက် ပိုကြီးပါတယ်။ သာမန်ကာလျှံကာပဲ ကြည့်မယ်ဆိုရင် နောက်ထပ် ကောင်းကင်ဖွင့်လှစ်ပုဆိန်လို့ ထင်မိမှာပါ။

ပန်ကူးမှာ သိမ်မွေ့နက်နဲတဲ့ ဆန်းကြယ်စွမ်းအားရော မန္တန်ရော မရှိပါဘူး။ ပန်ကူးက ကိုယ်ရွှေ့သိုင်းနဲ့ အင်အားကြီးလှတဲ့ သူ့ခန္ဓာကိုယ်ကို မှီခိုပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ပန်ကူးဟာ ခုခံဖို့ လုံးဝ အာရုံမထားဘဲ ရန်သူကို တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ပါတယ်။

ဟန်ကျွယ်က သက်တမ်းနဲ့ ကျိန်စာတိုက်တဲ့အခါ ပန်ကူးရဲ့ ခန္ဓာကိုယ်ကနေ ရောင်ဝါနက်တွေ လျှံထွက်လာပြီး ပန်ကူးရဲ့ တိုက်ပွဲအလျင်ကို နှေးကွေးသွားစေပါတယ်။ ဒါကို မြင်တဲ့ နတ်ဘီလူးတွေဟာ စိတ်ဓာတ် တက်ကြွလာကြပါတယ် ‘ပန်ကူး လဲတော့မှာလား...’

မဟာရှေးဟောင်း နတ်ဘီလူးဟာ ပန်ကူး ပတ်လည်က ရောင်ဝါနက်တွေကို ကြည့်ပြီး မျက်လုံး ပြူးသွားပါတယ် ‘ဒါ... ဒါ အမှောင်သခင်ကြီးပဲ...’ မဟာရှေးဟောင်း နတ်ဘီလူးဟာ အံ့အားလည်း သင့်သွားပါတယ် ‘အမှောင်သခင်ကြီးက ဘာဖြစ်လို့ ငါ့ကို ကူညီရတာလဲ... ပန်ကူးက သူ့ကို ခြိမ်းခြောက်လာလို့များလား...’

‘ဟုတ်တယ်... ဒါ အဖြစ်နိုင်ဆုံးပဲ၊ ပန်ကူး စွမ်းအားကြီးလာပြီး ပဋိပက္ခကို တိုက်ခိုက်သိမ်းပိုက်ရင် အမှောင်သခင်ကြီးက သူ့ရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အကောင်အထည် ဖော်နိုင်တော့မှာလဲ... အမှောင်သခင်ကြီးရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် သူက ပဋိပက္ခကို ကြံစည်ချင်တယ်ဆိုတာ အသိသာကြီး...’

ဒီအတွေးနဲ့ မဟာရှေးဟောင်း နတ်ဘီလူးဟာ ပန်ကူးကို ထပ်ပြီးတော့ တိုက်ခိုက်လိုက်ပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးဟာ ပန်ကူးကို တစ်ခါတည်း သတ်ပစ်ဖို့ ကြံရွယ်ထားပါတယ်။

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပြီး ကျိန်စာစွမ်းအားက ပိုပိုပြင်းထန်လာပါတယ်။ ကျိန်စာစွမ်းအား ပြင်းထန်လာတာနဲ့အမျှ ပန်ကူးလည်း စပြီးတော့ အရေးနိမ့်လာပါတယ်။

‘ပန်ကူး... မင်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ နတ်ဘီလူးအများကြီး ဝိုင်းတိုက်တာတောင် မင်းကို မနိုင်ဘူး၊ ဒါတောင် ဒီနတ်ဘီလူးတွေထဲမှာ မဟာတာအိုပညာရှိချုပ်တွေ ပါနေသေးတယ်၊ မင်းက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

ပန်ကူးက မဟာရှေးဟောင်း နတ်ဘီလူးကို အနိုင်ယူနိုင်တဲ့အတွက် ဟန်ကျွယ်ကိုလည်း အနိုင်ယူနိုင်မှာပါ။ ဒါကြောင့် ပန်ကူးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ပြီး အချိန်တစ်ခုကြာတဲ့အထိ အနားယူခိုင်းရပါ့မယ်။

ဟန်ကျွယ်ရဲ့ သက်တမ်း ၅ ကွာဒလီယံနီးပါး ကုန်ဆုံးသွားတဲ့အခါ မဟာရှေးဟောင်း နတ်ဘီလူးက ပန်ကူးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်သွားပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးရဲ့ လက်ချက်ကြောင့် ပန်ကူးရဲ့ လက်မောင်းတွေဟာ အမှုန့်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ပန်ကူးရဲ့ ရောင်ဝါက ကြမ်းတမ်းနေတုန်းပါ။

ဒါပေမဲ့ ပန်ကူးက သားရဲကြမ်း မဟုတ်တဲ့အတွက် အနိုင်ယူနိုင်မှာ မဟုတ်မှန်း သိတာနဲ့ ‌နောက်ဆုတ်သွားပါတယ်။ တခြားနတ်ဘီလူးတွေကလည်း ဒီအချိန်ကျမှ ပန်ကူးကို ဝိုင်းတိုက်ပါတော့တယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ဆီကို ပန်ကူး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့ စာစောင် ရောက်လာပါတယ်

နောက်ဆုံးမှာတော့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ပန်ကူးကို ကယ်တင်သွားပါတယ်။

ဒါကြောင့် ဒီတိုက်ပွဲမှာ နတ်ဘီလူးတွေ နိုင်သွားပါတယ်။

မဟာရှေးဟောင်း နတ်ဘီလူးရဲ့ ဒေါသတကြီး ဟိန်းဟောက်သံဟာ အာကာအလွှာတွေကို ထိုးဖောက်ပြီး လောကကို တုန်လှုပ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချပြီး သက်ပြင်းချလိုက်ပါတယ် ‘ဟင်း... ပန်ကူးက ရှုံးလို့ ထွက်ပြေးသွားတာတောင် မရှုံးသေးဘူးလို့ ငါ ဘာဖြစ်လို့ ခံစားနေရတာလဲ’

ပန်ကူးကို ကြည့်ပြီး ဟန်ကျွယ်ရဲ့ သွေးတွေ ဆူပွက်လာပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူးနဲ့ တိုက်ခိုက်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပေမဲ့ နောက်မှ တိုက်ခိုက်ဖို့ သူ့စိတ်ကို ဖျောင်းဖျလိုက်ပါတယ်။

အခုအချိန် ပန်ကူးနောက်မှာ ပဋိပက္ခသိစိတ် ရှိနေတဲ့အတွက် ပန်ကူးက ဘယ်လိုမှ အရှုံးကြီးရှုံးမှာ မဟုတ်ပါဘူး။ နောက်ပြီး ပန်ကူးက ပြန်မွေးဖွားလာတာ မကြာသေးပေမဲ့ မဟာတာအိုပညာရှိချုပ်ကိုတောင် အနိုင်ယူနိုင်နေပါပြီ။ ဒါကို ပြိုင်ဘက်ကင်း ခွန်အားနဲ့ မွေးဖွားလာတယ်လို့ မပြောရင် ဘာကိုသွားပြောရမှာလဲ။

ဟန်ကျွယ်ဟာ ဘေးနားကို တာအိုဘုံကျောင်းကို လှမ်းကြည့်လိုက်တဲ့အခါ သူ့အကြည့်က အတားအဆီးတွေကို ထိုးဖောက်ပြီး ရှင်းဟုန်ရွှမ် ဗိုက်ထဲက သူ့သားဆီ ရောက်သွားပါတယ်။

ဒီကလေးရဲ့ သွေးနှစ်က တာအိုပညာရှိတစ်ပါးနဲ့ ယှဉ်လို့ ရနေပါပြီ။ ဒါကြောင့် ဒီကလေး မွေးဖွားလာရင် ပန်ကူးနဲ့ ယှဉ်နိုင်စွမ်း ရှိလောက်ပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ သူ့သား မွေးဖွားလာတာကို မြင်ချင်သွားပါတယ်။

ဒါပေမဲ့ ပဋိပက္ခက လောကဦး နတ်ဘီလူးတစ်ပါးပဲ လက်ခံနိုင်ပါတယ်။ ဟန်ကျွယ်က လောကဦး နတ်ဘီလူးအဖြစ်ကနေ ခုန်ထွက်မှပဲ သူ့သားက မွေးဖွားလာနိုင်မှာပါ။

‘လောကဦးနတ်ဘီလူးထက် မြင့်မားတဲ့ အဆင့်တစ်ခု ရှိနေသေးတာလား...’ ဟန်ကျွယ်ဟာ ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ပြီးခဲ့ လောကဦး နတ်ဘီလူးက ပဋိပက္ခ ပေါ်လာလို့ သေဆုံးသွားတာပါ။ ပဋိပက္ခကို မတားဆီးနိုင်ဘူး ဆိုကတည်းက သူ့ထက် စွမ်းအားကြီးတဲ့လူ ရှိနေတယ်ဆိုတာကို ဖော်ပြနေပါပြီ။

‘ပဋိပက္ခက လောကဦး နတ်ဘီလူးထက် စွမ်းအားကြီးတာလား... ပဋိပက္ခ သိစိတ်များလား...’

ဒါပေမဲ့ ပဋိပက္ခ သိစိတ်က တာအိုဖန်တီးရှင်အဆင့်ပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ လောကဦး နတ်ဘီလူးက ဖန်တီးရှင်သခင် အဆင့် ရှိလောက်မယ်လို့ ဟန်ကျွယ် မှန်းဆထားပါတယ်။ လောကဦး နတ်ဘီလူးက ပိုကြီးမားတဲ့ စွမ်းအားနောက်လိုက်ရင်း မအောင်မြင်လို့ ပဋိပက္ခကို အခွင့်အရေးတစ်ခု ပေးမိလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ ပဋိပက္ခထဲမှာ အစွမ်းအထက်ဆုံးက တာအိုဖန်တီးရှင်ပါ။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိလိုက်ပါတယ်။

‘နေဦး... ပဋိပက္ခထဲမှာ မရှိရင် ပဋိပက္ခ အပြင်မှာ ဆိုရင်ရော...’

“ပဋိပက္ခ အပြင်ဘက်မှာ တာအိုဖန်တီးရှင် အဆင့်ထက် ကျော်လွန်တဲ့ တည်ရှိမှုတွေ ရှိနေလား”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချ ချလိုက်ပြီး စနစ်ကို ထပ်မေးလိုက်ပါတယ် “ပဋိပက္ခ အပြင်ဘက်မှာရှိတဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုက ဘယ်လောက် အစွမ်းထက်လဲ”

ပဋိပက္ခ အပြင်ဘက်က ဗလာနယ်ပါ။ သက်ရှိတွေ ရှင်သန်နိုင်တဲ့ နေရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ် မသိတဲ့ သက်ရှိတွေလည်း ရှိနေနိုင်ပါတယ်။ ဥပမာပေးရရင် အမှောင်တားမြစ်နယ်မြေထဲက အမင်္ဂလာ မကောင်းဆိုးဝါးတွေလိုမျိုးပေါ့။

[ဗလာနယ်မြေ၌ မဟာတာအိုပညာရှိချုပ် တစ်ပါး အကျဉ်းချခံထားရသည်။ ဗလာနယ်မြေ၌ သက်ရှိများ မရှင်သန်နိုင်သလို လွတ်လပ်မှုလည်း မရှိပါ။]

ဟန်ကျွယ်ဟာ လုံးဝကို စိတ်ချလက်ချ သွားပါတယ်။

ပဋိပက္ခကတင် အဆုံးမဲ့နေပါပြီ။ ဒီလိုအခြေအနေမှာတောင် ဟန်ကျွယ်က ပဋိပက္ခ အပြင်ဘက်က စပြီးတော့ မေးခွန်းထုတ်လာပါပြီ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters