နောက်က တကောက်ကောက်လိုက်ခြင်း
Vol. 77 Ch. 813
တောအုပ်ထဲမှာ အိမ်ခြေ ဒါဇင်ကျော်ရှိတဲ့ ရွာလေးတစ်ရွာ တည်ရှိနေပါတယ်။ ရွာက ယောက်ျားသားတွေဟာ လယ်ယာလုပ်ကိုင်ကြပြီး မိန်းမသားတွေကတော့ ရက်ကန်း ရက်ကြပါတယ်။ ကြက်တွေ ခွေးတွေက နေရာတိုင်းမှာ ရှိနေပြီး အိမ်တိုင်း အိမ်တိုင်းမှာ မီးခိုးငွေ့တွေ တအူအူ ထွက်နေပါတယ်။ ဒီရွာလေးက လောကကြီးနဲ့ အဆက်အသွယ်ပြတ်ပြီး သီခြားတည်ရှိနေတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။
တောအုပ်ထဲက ဧရာမ ကျောက်တုံးကြီးနောက်မှာ အသက် သုံးလေးနှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ကလေးငယ်ရဲ့ မျက်နှာဟာ နုပျိုလှပြီး အနီရောင် သမ်းနေတဲ့အတွက် သာမန်ကာလျှံကာကြည့်ရင် မိန်းကလေးလို့ ထင်မှားစရာ ရှိပါတယ်။
ဒီကလေးငယ်က တခြားသူ မဟုတ်ပါဘူး။ ကျန်းကျွယ်ရှီပါ။
ကျန်းကျွယ်ရှီဟာ မုန့်ပေါ်ရဲ့ စွပ်ပြုတ်ကို သောက်ဟန်ဆောင်ခဲ့တာကြောင့် မှတ်ဉာဏ်တွေက အရင်အတိုင်း ရှိနေပါသေးတယ်။ ဒါကြောင့် ကျန်းကျွယ်ရှီဟာ မွေးဖွားပြီးတာနဲ့ ချက်ချင်း ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဖုံးအကွယ် ကောင်းလွန်းတဲ့ ကျန်းကျွယ်ရှီကြောင့် ဒီကိစ္စကို ဘယ်သူမှ မသိကြပါဘူး။
ဒီအချိန်မှာ ကျန်းကျွယ်ရှီဟာ ရုတ်တရက်ဆိုသလို ခြေသံတွေ ကြားလိုက်ရပါတယ်။
“ရှပ်..ရှပ်..ရှပ်...”
ကျန်းကျွယ်ရှီဟာ ချက်ချင်း မျက်လုံးဖွင့်ပြီး ကျောက်တုံးကို မီချလိုက်ပါတယ်။ လူတစ်ယောက် ကျန်းကျွယ်ရှီရှေ့ကို ရောက်လာပါတယ်။ ဒီလူက ဟန်ကျွယ်ရဲ့ တာအိုကျင့်ကြံသူအိုကြီး ပုံစံရှိတဲ့ ကိုယ်ပွားပါ။ ဘယ်လိုပဲ ရုပ်ဖျက်ထားပါစေ မျက်ခုံးနှစ်ခုံး အကြားမှာတော့ ဟန်ကျွယ် ပင်မခန္ဓာကိုယ်ရဲ့ အငွေ့အသက်ကို မြင်တွေ့နိုင်ပါသေးတယ်။
ဟန်ကျွယ်ဟာ အံ့အားသင့်ချင်ယောင်ဆောင်ပြီး ရေရွတ်လိုက်ပါတယ် “လောကမှာ ဒီလိုအရည်အချင်းရှိတဲ့လူလည်း ရှိသေးတာပဲ”
ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ကျန်းကျွယ်ရှီကို ချီလိုက်ပြီး ရွာကလေးဆီ လျှောက်သွားပါတယ်။
ကျန်းကျွယ်ရှီဟာ သားရေတမြားမြားနဲ့ ဟန်ကျွယ်ရဲ့ ကိုယ်ပွားကို ကုတ်ဖဲ့ပါတယ်။ ဒါပေမဲ့ နုနယ်လှတဲ့ လက်ကလေးတွေက ဟန်ကျွယ်ရဲ့ ကိုယ်ပွားကို ဘာမှမလုပ်နိုင်ပါဘူး။
ကျန်းကျွယ်ရှီဟာ ကူကယ်ရာမဲ့သွားပါတယ်။ သူ့ကို တပည့်အဖြစ် လက်ခံချင်တဲ့ ကျင့်ကြံသူကို ထပ်ပြီးတော့ တွေ့လိုက်ရတယ် မဟုတ်ပါလား။ ကျန်းကျွယ်ရှီဟာ အကြိမ်ပေါင်းများစွာ ပြန်ဝင်စားခဲ့တာ ဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးကို တစ်ခါမက တွေ့ကြုံဖူးပါတယ်။ ဒါကြောင့် ကျန်းကျွယ်ရှီဟာ အလန့်တကြား မဖြစ်ဘဲ နောက်ကျမှ ဖြည်းဖြည်းချင်း ရှင်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီရဲ့ မိဘတွေကို ရှာပြီး သူက ကျင့်ကြံသူဖြစ်ကြောင်း ကျန်းကျွယ်ရှီကို တပည့်အဖြစ် လက်ခံလိုကြောင်း ချိုချိုသာသာ ပြောလိုက်ပါတယ်။ အဲဒီနောက် အစွမ်းတချို့ကိုလည်း ပြသလိုက်ပါတယ်။ ဒီအခါ ကျန်းကျွယ်ရှီရဲ့ မိဘတွေဟာ အရမ်းစိတ်လှုပ်ရှားသွားပြီး ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုပါတယ်။
ဒီကိစ္စက ရွာထဲမှာ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ရွာသားတွေဟာ ဟန်ကျွယ်ရဲ့ ကိုယ်ပွားနဲ့ ကျန်းကျွယ်ရှီကို လာကြည့်ကြပါတယ်။
ဒီလိုနဲ့ အချိန်တွေ ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ကျန်းကျွယ်ရှီကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သင်ကြားပေးရင်း ရွာကလေးနဲ့ အသားကျသွားပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ကျန်းကျွယ်ရှီကို သာမန်ကျင့်စဉ်တွေပဲ သင်ကြားပေးပါတယ်။
ကျန်းကျွယ်ရှီဟာ ဒီထက်မက အစွမ်းထက်တဲ့ ကျင့်စဉ်တွေကို သိပေမဲ့ သူဘယ်သူဘယ်ဝါဆိုတာ မပေါ်ချင်တာကြောင့် ဟန်ကျွယ်ရဲ့ ကိုယ်ပွား သင်ပေးတဲ့ သာမန်ကျင့်စဉ်တွေအတိုင်း ကျင့်ကြံ အားထုတ်ပါတယ်။
နှစ် ၂၀ ကြာတဲ့အခါမှာတော့ ကျန်းကျွယ်ရှီဟာ ကြီးပြင်းလာပြီး ရွာကလေးကို နှုတ်ဆက်ကာ လောကကြီးအနှံ့ ခြေဆန့်ဖို့ ပြင်ဆင်ပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ် ကိုယ်ပွားရဲ့ ခေါင်းမာမှုကြောင့် ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ကိုယ်ပွားနဲ့အတူ လောကကြီးကို ခြေဆန့်ဖို့ သဘောတူလိုက်ရပါတယ်။
ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက် လောကကြီးကို အတူတူ လှည့်လည်ကြပါတယ်။
နှစ်သုံးထောင်ကြာတဲ့အခါမှာတော့...
ဟန်ကျွယ်ကိုယ်ပွားရဲ့ ဆံပင်တွေဟာ ဖြူဖွေးသွားပါတယ်။ ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ မြစ်ကမ်းဘေးက ရိုးရှင်းလှတဲ့ တာအိုဘုံကျောင်းလေးမှာ ကျန်းကျွယ်ရှီနဲ့အတူ နေထိုင်ပါတယ်။
ပြီးခဲ့တဲ့ နှစ်သုံးထောင်တုန်းကနဲ့ နှိုင်းယှဉ်ရင် ဟန်ကျွယ်ကိုယ်ပွားဟာ ပိုပြီးတော့ အိုမင်းရင့်ရော် လာပါတယ်။ ဟန်ကျွယ် ကိုယ်ပွားရဲ့ ရောင်ဝါဟာ ဖျော့တော့လာပြီး မျက်စိလည်း မဖွင့်နိုင်တော့ပါဘူး။
ဟန်ကျွယ် ကိုယ်ပွားဘေးမှာ ထိုင်နေတဲ့ ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်ပြီး ညင်သာစွာ ပြောလိုက်ပါတယ် “ဆရာသခင်... ကျွန်တော် သက်တမ်း ပြည့်ပြီ”
ဟန်ကျွယ် ကိုယ်ပွားက တုတ်တုတ်မလှုပ်တဲ့အတွက် ကျန်းကျွယ်ရှီဟာ နှစ်ခါ ထပ်ပြောလိုက်ရပါတယ်။
“အား... သက်တမ်း... မင်း အရည်အချင်းက ဒီလောက်မြင့်တာ၊ နောက်ပြီး မင်း အင်မော်တယ် ဖြစ်သွားတာလည် ကြာပြီပဲ၊ ဘာဖြစ်လို့ သက်တမ်း အရှည်ကြီး မရှိရတာလဲ... အဟွတ်... အဟွတ်...” ဟန်ကျွယ် ကိုယ်ပွားဟာ တုန်တုန်ယင်ယင် မေးလိုက်ပါတယ်။
“ကျွန်တော်လည်း နားမလည်ဘူး၊ ဒါက ကျွန်တော် ကံကြမ္မာ ဖြစ်နိုင်တယ်၊ မိုးကောင်းကင်က ကျွန်တော်ကို အရည်အချင်းပေးပြီး ကျွန်တော် သက်တမ်းကို နှုတ်ယူသွားတာ ဖြစ်နိုင်တယ်”
ဟန်ကျွယ် ကိုယ်ပွားဟာ ဘာမှ ထပ်မပြောတော့ပါဘူး။
ကျန်းကျွယ်ရှီဟာ ဟန်ကျွယ် ကိုယ်ပွားကို တစ်ချက်ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ နှစ်သုံးထောင်ကျော် ရင်းနှီးမှုက ကျောက်တုံးဆိုရင်တောင် အရည်ပျော်နိုင်စွမ်းရှိတယ် မဟုတ်ပါလား။
ဒီဘဝမှာ ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်ကို အကြွေးအတင်ဆုံးပါ။ ကျန်းကျွယ်ရှီဟာ သူ နတ်မင်းအဆင့် ရောက်သွားတာကို မပြောဘဲ သေဆုံးဖို့ ပြင်ဆင်ပါတယ်။ ဒါပေမဲ့ ကျန်းကျွယ်ရှီဟာ ရုတ်တရက်ဆိုသလို တွန့်ဆုတ်သွားပါတယ်။
သူ သေသွားရင် သူ့ဆရာသခင် ဘာလုပ်မယ်ဆိုတာကို မသိတာကြောင့်ပါ။ သူ့ဆရာသခင်က ဝိညာဉ်အစီအမံ အဆင့်မှာပဲ ရှိတဲ့အတွက် သက်တမ်းက သိပ်ကျန်တော့တာ မဟုတ်ပါဘူး။
ကျန်းကျွယ်ရှီဟာ အပြစ်ရှိတယ်လို့ နည်းနည်းပဲ ခံစားရတာပါ။ သူက အကြိမ်တစ်သိန်း ပြန်လည်မွေးဖွားပြီးပြီ ဖြစ်တဲ့အတွက် သူ့တာအိုနှလုံးသားက ကျောက်တောင်လို မြဲမြံနေပါပြီ။
‘နောက်ဘဝကျမှ ထပ်တွေ့ကြမယ်၊ မဟုတ်ဘူး... နောက်ဘဝ မရှိတော့ဘူး’ ကျန်းကျွယ်ရှီဟာ သူ့ဘာသာ တွေးလိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ မရေမတွက်နိုင်တဲ့ ဆွေမျိုးသားချင်းတွေနဲ့ ဆက်စပ်မှုကို ဖြတ်တောက်ခဲ့ပြီးပါပြီ။ ပြန်မွေးဖွားလိုက်တာနဲ့ ပြန်တွေ့ဖို့ဆိုတာ အတော်လေးကို ခက်ခဲသွားပါပြီ။
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြန်လည်မွေးဖွားပြီးရင်တော့ ပြန်တွေ့ဖို့ အခွင့်အရေး တစ်ခုတစ်လေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းကျွယ်ရှီက သူတို့နဲ့ ထပ်ပြီးတော့ မိတ်ဆွေဖွဲ့မှာ မဟုတ်ပါဘူး။ ဖြတ်တောက်ထားတဲ့ ရေစက်ကို ပြန်ပြီးတော့ မဆက်သင့်ဘူး မဟုတ်ပါလား။
နှစ်လေးငါးဆယ် အကြာမှာတော့ ကျန်းကျွယ်ရှီဟာ တခြား သေမျိုးကမ္ဘာတစ်ခုကို သွားပြီး ပြန်မွေးဖွားပါတယ်။ ဒီဘဝမှာတော့ ကျန်းကျွယ်ရှီဟာ ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာပါတယ်။
ကျန်းကျွယ်ရှီ သုံးနှစ်သား အရွယ်ကို ရောက်တဲ့အခါမှာတော့ နှင်းတွေ အရမ်းကျတဲ့အတွက် ဘယ်ကိုကြည့်ကြည့် အဖြူရောင်ချည်းပါပဲ။
ကျန်းကျွယ်ရှီဟာ ခြံဝင်းထဲမှာ တိတ်တဆိတ် ကျင့်ကြံအားထုတ်နေတုန်း ဖြတ်သွားတဲ့ အစေခံတွေရဲ့ စကားသံကို ကြားလိုက်ရပါတယ် “အဲဒီ သူတောင်းစားအိုက သေနေတာလား မသိဘူး”
“မပြောတတ်ဘူး၊ ဒါပေမဲ့ ငါတို့အိမ်တော် တံခါးဝမှာ လဲနေတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး”
“သခင်ကြီးက သမားတော်ရှာဖို့ လူလွှတ်လိုက်ပြီ”
ကျန်းကျွယ်ရှီဟာ ဘာမှလုပ်စရာ မရှိတာနဲ့ အပြင်ကို ထွက်ကြည့်လိုက်ပါတယ်။
အစေခံတစ်စုဟာ အိမ်တော် တံခါးဝရှေ့မှာ စုဝေးနေကြပါတယ်။ သာမန်လူတွေကလည်း လမ်းအပြင်ဘက်ကနေ အခြေအနေကို ကြည့်ကာ တီးတိုးပြောဆိုနေကြပါတယ်။
ကျန်းကျွယ်ရှီ ထွက်လာတာကို တွေ့တာနဲ့ အစေခံ မိန်းကလေးတစ်ယောက်ဟာ ကျန်းကျွယ်ရှီကို ချီလိုက်ပါတယ်။ ဒါပေမဲ့ အစေခံမိန်းကလေးဟာ သိချင်စိတ်ကို မထိန်းနိုင်တာကြောင့် ကျန်းကျွယ်ရှီကို ချီရင် တံခါးဝဆီ လျှောက်သွားပါတယ်။
ကျန်းကျွယ်ရှီဟာ မြေကြီးမှာ လဲနေတဲ့ သူတောင်းစားအိုကြီးကို ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။
‘ဆရာသခင်...’ ကျန်းကျွယ်ရှီဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘ဒါ ငါ့ဘဝဟောင်းက ဆရာသခင်များလား...’
အချိန်မရွေး သေတော့မယ်လို့ ထင်ရတဲ့ သူတောင်းစာအိုကြီးဟာ ရုတ်တရက် မျက်လုံးပွင့်သွားပြီး ခုန်ထလိုက်တဲ့အတွက် လူစုလူဝေးကို အထိတ်တလန့် ဖြစ်သွားစေပါတယ်။ သူတောင်းစားအိုကြီးဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်ရင်း ရေရွတ်လိုက်ပါတယ် “ဒီလိုအရည်အချင်းမျိုး... လောကမှာ ဒီလို အရည်အချင်းမျိုး ရှိတဲ့လူက နောက်တစ်ယောက် ရှိသေးတာလား၊ ဒါ ငါ့တပည့် ပြန်ဝင်စားတာများလား...”
သုံးနှစ်သားအရွယ် ကျန်းကျွယ်ရှီဟာ မျက်ခုံးလှုပ်သွားပါတယ် ‘တကယ်ကို ငါ့ဆရာသခင်ပါလား... ဒီအဘိုးကြီးက ဒီနေရာကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ... ကမ္ဘာတွေကို နှစ်လေးငါးဆယ်အတွင်း ဘယ်လို ဖြတ်ကျော်ခဲ့တာလဲ...’
ကျန်းကျွယ်ရှီဟာ ရုတ်တရက်ဆိုသလို လျှို့ဝှက်အကြံအစည်တစ်ခုကို အနံ့ရလိုက်ပြီး နိုးနိုးကြားကြား ဖြစ်သွားပါတယ်။ ဒါက ပြီးခဲ့တဲ့ အကြိမ်တစ်သိန်း ပြန်လည်မွေးဖွားမှုမှာ ဒီလိုမျိုး အခြေအနေကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာပါ။
နှစ်တစ်သောင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကောင်းကင်တာအိုကို ပထမဆုံး ကြည့်လိုက်ပါတယ်။
ကျန်းကျွယ်ရှီဟာ ဟန်ကျွယ် ကိုယ်ပွားနဲ့ ကပ်ငြိနေတုန်းပါ။ ဒုတိယဘဝမှာ ပြန်လည်တွေ့ဆုံတဲ့အခါ ကျန်းကျွယ်ရှီဟာ ပထမတော့ သတိထားပြီး စောင့်ကြည့်ပါတယ်။ နောက်တော့ သူ့ဆရာသခင် သူ့နဲ့ တွေ့ဆုံတာက အခွင့်အရေးတစ်ခုကြောင့်မှန်း သိလိုက်ရပါတယ်။ ဒါကြောင့် ဆရာတပည့်နှစ်ယောက် ထပ်ပြီးတော့ လောကအနှံ့ ခြေဆန့်ပါတယ်။
လောကအနှံ့ ခြေဆန့်တယ်ဆိုတာက စကားအဖြစ် ပြောတာပါ။ တကယ်တော့ ကျန်းကျွယ်ရှီဟာ ပုန်းပြီး ကျင့်ကြံဖို့ နေရာ လိုက်ရှာတာပါ။ ကျန်းကျွယ်ရှီဟာ လောကကြီးကနေ သီးခြားခွဲထွက်နေတဲ့အတွက် မိတ်ဆွေတွေတောင် မရှိပါဘူး။ ရန်သူကို ရှာဖွေ့ဖို့ကတော့ ပင်လယ်ထဲ အပ်ပျောက်ရှာရတာထက် ပိုခက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို ပိုပြီးတော့ လေးစားသွားပါတယ်။ ကျန်းကျွယ်ရှီက လူသားလို့ ပြောရမှာထက် ကျင့်ကြံမှုစက်နဲ့ ပိုတူနေတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီ ဆက်ပြီးတော့ သံသယ မဝင်အောင် သူ့ကိုယ်ပွားကို ကျိန်ဆိုခိုင်းလိုက်ပါတယ် “ငါ အကြိမ် တစ်သောင်း ပြန်မွေးဖွားရင်တောင် ငါ့တပည့်ကို ကျိန်းသေပေါက် ပြန်ရှာတွေ့ပြီး ကံကြမ္မာရဲ့ နှောင်ဖွဲ့မှုကို ချိုးဖျက်နိုင်အောင် ထာဝရအသက်ကို ရရှိအောင် ကူညီနိုင်ရစေသတည်း”
ကျန်းကျွယ်ရှီဟာ ဟန်ကျွယ် ကိုယ်ပွားရဲ့ ဒီကျိန်ဆိုမှုကို ကြားရတဲ့အခါမှာ တော်တော်လေး လန့်သွားပါတယ် ‘ဒီအဘိုးကြီးက ငါ့နောက်ကို ဆက်ပြီးတော့ လိုက်ဦးမှာလား... ဒါပေမဲ့ ဒီအဘိုးကြီးက ဝိညာဉ်အစီအမံအဆင့်ပဲ ရှိတာဆိုတော့ သိပ်ကြာကြာ မနေရလောက်ပါဘူး’
ကျန်းကျွယ်ရှီဟာ နတ်မင်းအဆင့်ကို ရောက်ပြီးတဲ့အခါ ထပ်ပြီးတော့ တိတ်တဆိတ် သေဆုံးပါတယ်။
ကျန်းကျွယ်ရှီ မသေခင် ဟန်ကျွယ် ကိုယ်ပွားဟာ ကျန်းကျွယ်ရှီကို လက်ထဲမှာ ထွေးပိုက်ပြီး ငိုယိုပါတယ် “ကောင်းကင်တာအိုက မတရားဘူး... ကောင်းကင်တာအိုက မတရားဘူး... ဘာဖြစ်လို့ ငါ့တပည့်က အင်မော်တယ် ဖြစ်ပြီးခါမှ သေဆုံးရတာလဲ...”
ကျန်းကျွယ်ရှီဟာ ရင်ထဲမှာ ခိုးလုခိုးလု ဖြစ်သွားပေမဲ့ နောက်ဆုံးမှာတော့ မျက်လုံးကို မှိတ်လိုက်ပါတယ်။
နှစ်လေးငါးဆယ် ကြာတဲ့အခါမှာတော့ ကျန်းကျွယ်ရှီဟာ တော်ဝင်မိသားစုမှာ မင်းသားအဖြစ် ပြန်မွေးဖွားပါတယ်။ ကျန်းကျွယ်ရှီဟာ စိတ်ထဲမှာ ဝမ်းသာသွားပါတယ် ‘ဒီတစ်ခါတော့ အဘိုးကြီး ငါ့ဆီကို ရောက်မလာနိုင်တော့ဘူး ထင်တယ်’
ဒါပေမဲ့ ကျန်းကျွယ်ရှီ ငါးနှစ်ပြည့်တဲ့အခါ နန်းတော်ကို အင်မော်တယ်တစ်ပါး ကြွလာပါတယ်။ ဒီအင်မော်တယ်က ကျန်းကျွယ်ရှီရဲ့ ဘဝဟောင်းက ဆရာသခင်၊ ဟန်ကျွယ်ရဲ့ ကိုယ်ပွားပါ။
ပြီးခဲ့တဲ့ ဘဝတွေနဲ့ မတူတာက ဒီဘဝမှာ ဟန်ကျွယ် ကိုယ်ပွားက အများကြီး နုပျိုနေပြီး အသက်လေးဆယ်လောက်ပဲ ရှိတယ်လို့ ထင်ရပါတယ်။ ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်ဟောင်းက မဟာညီညွတ်မှု တာအိုအသီးကို ရရှိပြီး သက်တမ်းရော စွမ်းအားရော စိတ်ဝိညာဉ်ရော အများကြီး တိုးတက်သွားတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာ ဆွံ့အသွားပါတယ်။
‘ကြက်ကန်း ဆန်အိုး တိုးတာပဲ...’
ဒီလိုနဲ့ ကျန်းကျွယ်ရှီဟာ ဟန်ကျွယ် ကိုယ်ပွားရဲ့ တပည့် ထပ်ပြီးတော့ ဖြစ်ပြန်ပါတယ်။
.....
နတ်ဆိုးလမ်းစဉ် အသူရာချောက်မှာ နောက်ကျိတဲ့ မြူခိုးတွေဟာ လေထုထဲ ပြည့်နှက်နေပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဟာ လက်ရည်စမ်းနေကြပြီး သူမသာ ကိုယ်မသာ ရှိနေပါတယ်။
ရုတ်တရက်ဆိုသလို မိစ္ဆာဘိုးဘေး လို့ယွမ် ပေါ်လာပြီး ပြောလိုက်ပါတယ် “ငါ့မှာ မင်းတို့အတွက် တာဝန်တစ်ခု ရှိတယ်”
ဟန်ထော်နဲ့ ယီတျန်ဟာ တိုက်ခိုက်နေတာကို ချက်ချင်း ရပ်ပြီး မိစ္ဆာဘိုးဘေးရှေ့ကို ချက်ချင်း ရောက်သွားပါတယ်။ သူတို့နှစ်ယောက်ဟာ အပြင်မထွက်တာ အတော်ကြာပြီဖြစ်တဲ့အတွက် လေကောင်းလေသန့် ရှူချင်နေပါပြီ။
သူတို့နှစ်ယောက်က တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနိုင်တဲ့လူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ အကန့်အသတ်ကို ဆက်တိုက် ဖိနှိပ်နိုင်ဖို့အတွက် တိုက်ပွဲတွေ ဆက်တိုက် တိုက်ခိုက်ဖို့ လိုအပ်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။