← Chapters

နတ်တာအို

Vol. 77 Ch. 814

နတ်တာအို

Vol. 77 Ch. 814

“ဘာတာဝန်လဲ... ဘယ်သူလဲ...” ယီတျန်က စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ်။ လက်သီးဆုပ်လိုက်တဲ့ ယီတျန်ရဲ့ ခန္ဓာကိုယ်ကနေ ကျားဟိန်သံလို အသံတစ်သံ ထွက်ပေါ်လာပါတယ်။

လို့ယွမ်ဟာ ဟန်ထော်နဲ့ ယီတျန်ကို ခေါင်းအစခြေအဆုံးကြည့်ပြီး ပြောလိုက်ပါတယ် “နတ်တာအိုကို ထိုးဖောက်ဖို့ပဲ”

ဟန်ထော်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “နတ်တာအိုက ဘာလဲ”

“နတ်တာအို ဆိုတာက မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ လမ်းစဉ်ပဲ”

“မဟာတာအို နတ်စိတ်ဝိညာဉ်တွေက မဟာတာအိုကနေ ဖြစ်တည်လာတာ မဟုတ်ဘူးလား”

“ဟုတ်တော့ ဟုတ်တယ်၊ ဒါပေမဲ့ မတူတာတွေ ရှိတယ်၊ ဒါက ပြောင်းလဲမှုရဲ့ အစပဲ၊ မင်းတို့တွေ ပြင်ဆင်ထားကြတော့၊ ငါတို့တွေ နှစ်တစ်ထောင်အတွင်း ထွက်ခွာကြမယ်”

စကားဆုံးတာနဲ့ လို့ယွမ်ဟာ နတ်ဆိုးချီအသွင် ပြောင်းလဲပြီး လွှင့်ပါး ပျောက်ကွယ်သွားပါတယ်

ယီတျန်ဟာ ပြုံးလိုက်ပါတယ် “ဟားဟား... ငါတို့တွေ မဟာတာအို နတ်စိတ်ဝိညာဉ်တွေနဲ့ တိုက်ခိုက်ရမှာလား... မဟာတာအို နတ်စိတ်ဝိညာဉ်တွေက ပဋိပက္ခရဲ့ ဒေသတစ်ခုကို ထိန်းချုပ်တာလို့ ငါ ကြားထားတယ်”

ဟန်ထော်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ငါတော့ အဲဒီလောက် ရိုးရှင်းမယ် မထင်ဘူး၊ အချိန်ရောက်လာရင် သတိမလွတ်စေနဲ့”

ဟန်ထော်ဟာ မိစ္ဆာဘိုးဘေးက သူတို့ကို မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်လာအောင် စီစဉ်နေတာ မဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ မိစ္ဆာဘိုးဘေးက အရည်အချင်း ရှိတဲ့လူတွေကို နှစ်သက်ပေမဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်လိုမျိုး ပြုစုပျိုးထောင်ပေးမဲ့ လူစားတော့ မဟုတ်ပါဘူး။ အရည်အချင်းရှိတဲ့လူတွေကို နယ်ရုပ်အဖြစ်သာ အသုံးချတာပါ။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံမှုထဲ နစ်မြုပ်သွားတာကြောင့် နောက်ထပ် နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ သူ့ကျင့်ကြံမှုက ထပ်ပြီး တိုးတက်သွားတယ် မဟုတ်ပါလား။ ဒါပေမဲ့ ဟန်ကျွယ် အဆင့်မတက်တာက နှစ်ငါးသိန်း ရှိသွားပါပြီ။ ဟန်ကျွယ်အတွက် သတင်းကောင်းက မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်နဲ့ တဖြည်းဖြည်း ပိုနီးကပ်လာတာပါ။

ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူးအကြောင်းကို စာစောင်တွေထဲမှာ မတွေ့ရသေးပါဘူး။ ကြည့်ရတာ ပန်ကူးက လုံးဝကို ရပ်သွားပုံပါပဲ။

သူ့မိတ်ဆွေတွေကို ကြည့်လိုက်တဲ့အခါ ဒီအတောအတွင်း ကိစ္စကြီးကြီးမားမား မရှိတာကို တွေ့လိုက်ရပါတယ်။ အကုန်လုံးက သူ့ဟာနဲ့သူ အဆင်ပြေနေပါတယ်။ ဘယ်စာစောင်ကမှ ဟန်ကျွယ်ရဲ့ အာရုံကို ဆွဲဆောင်နိုင်ခြင်း မရှိပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို အာရုံစိုက်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ကျန်းကျွယ်ရှီကို အဖော်ပြုပြီး နှစ်ပေါင်းထောင်ချီ အကဲခတ် လေ့လာခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီ အကြောင်းကို ပိုသိလာလေလေ ကျန်းကျွယ်ရှီကို ပိုပြီးတော့ သဘောကျလာလေလေပါပဲ။ ကျန်းကျွယ်ရှီက သူ့တပည့်ဖြစ်ဖို့ တကယ်ကို သင့်တော်တာပါ။

ဟန်ကျွယ်ရဲ့ တပည့်တွေထဲမှာ ဘယ်သူမှ ကျန်းကျွယ်ရှီရဲ့ စရိုက်ကို မမီပါဘူး။ ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေးနဲ့ တခြားတပည့်ရင်းတွေက ဟန်ကျွယ်ရဲ့ အတင်းသင်ပြပေးမှုကြောင့်သာ ဒီလိုမျိုး ကျင့်ကြံနိုင်လာတာပါ။

ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို တပည့်အဖြစ် အမိဖမ်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စရိုက်အပြင် ကျန်းကျွယ်ရှီရဲ့ အရည်အချင်း တိုးတက်လာတဲ့ နည်းလမ်းကလည်း ဟန်ကျွယ်ကို စိတ်ဝင်တစား ရှိစေပါတယ်။

မဟာတာအိုပညာရှိဖြစ်တဲ့ ဟန်ကျွယ်ဟာ အကြောင်းရင်းကို ထိုးဖောက် မမြင်နိုင်ပါဘူး။ ဒါပေမဲ့ ကျိန်းသေတာတစ်ခုက ကျန်းကျွယ်ရှီမှာ ကြီးကျယ်ခမ်းနားတဲ့ ဘဝဟောင်းတစ်ခု မရှိခဲ့ဘူးဆိုတာပါ။

ဒါက ပဋိပက္ခရဲ့ တိုးတက်မှုပါ။ အငယ်တွေက အကြီးတွေကို အမြဲတမ်း ကျော်တက်လာမှာပါ။ ဒီလိုမဟုတ်ဘူးဆိုရင် ပဋိပက္ခ တိုးတက်ဖို့က အရမ်းကို ခက်ခဲသွားပါပြီ။

အစောဆုံး မဟာတာအိုပညာရှိတွေက သူတို့မျိုးဆက်တွေ ဘယ်လို အင်အားကြီးလာတယ် ဆိုတာကို မြင်နိုင်ရင် ဒီအဆင့်ကို လက်ဝါးကြီးအုပ်ဖို့ လွယ်သွားပါပြီ။ တကယ်တော့ ကျင့်ကြံသူတွေဟာ အမြဲတမ်း မဟာတာအိုထဲ လှမ်းဝင်လာနိုင်ပါတယ်။

‘ငါ သူ့နောက်ကို ဒီလိုဆက်တိုက် လိုက်နေလို့ မဖြစ်ဘူး၊ သေဖို့ အခွင့်အရေး ရှာရမယ်’ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီက သူ့ကိုယ်ပွားကို စပြီးတော့ မကြိုက်မှန်း ခံစားလာရတဲ့အတွက် ဒီအကြံကို ကြံလိုက်တာ ဖြစ်ပါတယ်။

ဒါက ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဘဝတစ်ခု နှစ်ခုက ကိစ္စမရှိပေမဲ့ ဘဝတိုင်း ဒီလိုဖြစ်နေမယ်ဆိုရင် ပေါ်တင် ထောက်လှမ်းနေတာနဲ့ အတူတူပါပဲ။

အင်မော်တယ်ကမ္ဘာ ‌ထောင့်တစ်နေရာ။

အသက်ကြီးကြီး ဟန်ကျွယ်ကိုယ်ပွားနဲ့ ကျန်းကျွယ်ရှီဟာ အတူထိုင်နေပါတယ်။ ကျန်းကျွယ်ရှီဟာ သူ့ဘေးနားမှာ ထိုင်နေတဲ့ သူ့ဆရာသခင်ကို ကြည့်ရင်း ခံစားချက်တွေ ရှုပ်ထွေးသွားပါတယ်။ သူက နတ်မင်းအဆင့်ကို ထပ်ရောက်ပြီ ဖြစ်တဲ့အတွက် သေဖို့ အချိန်ကျပါပြီ။

ဒါပေမဲ့ ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်နဲ့ ထပ်ပြီးတော့ မတွေ့ချင်တော့ပါဘူး။ ငြီးငွေ့ဖို့ကောင်းတဲ့ အထီးကျန် ကျင့်ကြံမှုလမ်းစဉ်တစ်လျှောက် တစ်ယောက်ယောက်က အဖော်ပြုပေးနေတာ ကောင်းတယ်ဆိုပေမဲ့ ကျန်းကျွယ်ရှီဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး စိတ်လေးလာပါတယ်။

ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်ရဲ့ နောက်ခံက မရိုးရှင်းဘူးလို့ ခံစားလိုက်ရပါတယ်။ တစ်ယောက်ယောက်ရဲ့ နယ်ရုပ် ဖြစ်နိုင်တယ်လို့လည်း တွေးမြင်လာပါတယ်။

ဟန်ကျွယ်ရဲ့ ကိုယ်ပွားဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး ငြင်သာစွာ ပြောလိုက်ပါတယ် “တပည့်... မင်းက ထပ်သေတော့မှာလား”

ကျန်းကျွယ်ရှီဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။

“ငါ မင်းရဲ့ ကံကြမ္မာကို မမြင်နိုင်ဘူး၊ မင်းကိုယ်တိုင်က ဒီကံကြမ္မာကနေ မလွတ်မြောက်ချင်တာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် မင်းက တည်ရှိမှုတချို့ကို စိုးရိမ်နေတာလည်း ဖြစ်နိုင်တယ်၊ အခု ငါက အင်မော်တယ် ဧကရာဇ် ဖြစ်နေပြီဆိုတော့ မင်းကို ကူညီပေးမယ်”

ကျန်းကျွယ်ရှီဟာ မျက်လုံးပင့်တက်သွားပြီး စိတ်ဆိုးမာန်ဆိုး မေးလိုက်ပါတယ် “ဘယ်လို ကူညီမှာလဲ”

သူ့ဆရာသခင်က အမြဲတမ်း သူ့ကို စနောက်လေ့ ရှိပါတယ်။ အထူးသဖြင့် ကျင့်ကြံမှု မြင့်လာပြီးနောက်ပိုင်း အစအနောက် ပိုသန်လာပါတယ်။

“ငါ့ရဲ့ ကျင့်ကြံမှုကို စတေးပြီး ကံကြမ္မာအနှောင်အဖွဲ့ကနေ မင်းကို လွတ်မြောက်စေမယ်”

“ဟီးဟီး...” ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်က သူ့ကို ထပ်ပြီး စပြန်ပြီလို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ် ကိုယ်ပွား ဖြည်းညင်းစွာ မတ်တတ်ရပ်ပြီး ကောင်းကင်ပေါ် ပျံတက်လိုက်ပါတယ်။

“ငါက အချိန်အကြာကြီး အသက်ရှင်ခဲ့ပြီးပြီဆိုတော့ လောကကြီးရဲ့ အခြေအနေမျိုးစုံကို တွေ့ကြုံခံစားပြီးပြီ၊ ငါ ပျော်ရွှင်ခဲ့ဖူးတယ်၊ ငါ ငိုကြွေးခဲ့ဖူးတယ်၊ ငါ ကံကောင်းခဲ့ဖူးတယ်၊ ငါ ဒုက္ခရောက်ခဲ့ဖူးတယ်၊ ငါ ဒေါသထွက်ခဲ့ဖူးတယ်၊ ငါ မုန်းတီးခဲ့ဖူးတယ်၊ ပြီးတော့ နောင်တလည်း ရခဲ့ဖူးတယ်”

“ငါ့ ကျင့်ကြံမှုလမ်းစဉ်က အဆုံးသတ်ကို ရောက်နေပြီဆိုတာ ငါ သိတယ်၊ ရှေ့ကို ဆက်သွားဖို့က မဖြစ်နိုင်တော့သလောက်ပဲ၊ ငါရဲ့ ကျင့်ကြံမှုနဲ့ ဝိညာဉ်ကို စတေးပြီး ငါ့တပည့် ကျန်းကျွယ်ရှီကို သက်တမ်း အနှောင်အဖွဲ့ကနေ လွတ်မြောက်ဖို့ ကူညီချင်တယ်၊ ‌ကောင်းကင်တာအိုက ငါ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ မျှော်လင့်ပါတယ်”

ဟန်ကျွယ်ကိုယ်ပွားရဲ့ အသံဟာ တောင်တွေးကြားမှာ ပဲ့တင်ထပ်သွားပါတယ်။ ရုတ်ခြည်းဆိုသလို ရာသီဥတုဟာ ပြောင်းလဲသွားပြီး မိုးခြိမ်းသံတွေ ထွက်ပေါ်လာပါတယ်။

“ခြိမ်း..ခြိမ်း..ခြိမ်း...”

ကျန်းကျွယ်ရှီဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ဒါက ကံကြမ္မာအနှောင်အဖွဲ့ မဟုတ်ဘူး၊ ကျွန်တော် ကိုယ်တိုင်က သေချင်နေတာ’

ဒါပေမဲ့ ကျန်းကျွယ်ရှီဟာ သူ့ဆရာသခင်ကို မတားပါဘူး။ သူကိုယ်တိုင်လည်း သူ့ဆရာသခင်နားက ခွာချင်နေတာပါ။ သူ့ဆရာသခင်က သူ့ကို ဂရုစိုက်တယ်ဆိုပေမဲ့ သူ့ကျင့်ကြံမှုကို စပြီးတော့ ထိခိုက်လာနေပါပြီ။

ကျန်းကျွယ်ရှီရဲ့ အကြည့်အောက်မှာ ဟန်ကျွယ် ကိုယ်ပွားဟာ အလင်းတန်းအသွင် ပြောင်းလဲပြီး လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ မိုးကြိုးတိမ်တိုက်တွေ ကင်းစင်သွားပြီး အလင်းတိုင်တစ်တိုင် ထိုးဆင်းလာပါတယ်။

ဒီအလင်းတိုင်ဟာ ပတ်ဝန်းကျင်က အလင်းရောင်ကို စုပ်ယူပြီး ကျန်းကျွယ်ရှီ ကိုယ်ပေါ်ကို လျင်မြန်စွာ သက်ဆင်းလာပါတယ်။ မြန်ဆန်လွန်းလှတာကြောင့် ကျန်းကျွယ်ရှီဟာ အချိန်မီ မရှောင်လိုက်နိုင်ပါဘူး။

ကျန်းကျွယ်ရှီဟာ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို အာရုံခံမိလိုက်ပါတယ်။ ဒီတော့မှ သူ့ဆရာသခင်က စနောက်နေတာ မဟုတ်မှန်း ကျန်းကျွယ်ရှီ သိလိုက်ပါတယ်။ သူ့ဆရာသခင်က သူ့ကိုယ်သူ စတေးပြီး သူ့ကို ကူညီခဲ့ပါပြီ။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းတဲ့အတွက် ကျန်းကျွယ်ရှီဟာ မှင်တက်အံ့ဩရင်း ကျန်နေခဲ့ပါတယ်။ မနေ့ကတောင် သူတို့ ဆရာတပည့်နှစ်ယောက်ဟာ တောင်ပေါ်မှာရှိတဲ့ ဘယ်တိရစ္ဆာန်ရဲ့ အသားက စားကောင်းတယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ သူတို့နှစ်ယောက်ဟာ ဘဝခြားသွားခဲ့ပါပြီ။

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် ‘ဒီအဘိုးကြီးက ငါ့ကို ထပ်ပြီးတော့ နှောင့်ယှက်ချင်တာပဲ ဖြစ်ရမယ်၊ ငါတို့တွေ နောက်ဘဝကျရင် ကျိန်းသေပေါက် ပြန်တွေ့ဦးမှာပဲ’

ကျန်းကျွယ်ရှီဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး တခြားနေရာရွှေ့ကာ သေဖို့ ပြင်ဆင်ပါတယ်။

နှစ်လေးငါးဆယ်အကြာ...။

ဆယ်နှစ်အရွယ် ကျန်းကျွယ်ရှီဟာ ခြံဝင်းတံခါးကနေ လူသွားလူလာ မပြတ်တဲ့ လမ်းသွယ်ကို ကြည့်ရင်း အတွေးထဲ နစ်မြောသွားပါတယ်။

အပြင်ဘက်ကနေ ဈေးဝယ်ပြန်လာတဲ့ အမျိုးသမီးတစ်ဦးဟာ တံခါးဝမှာ ထိုင်နေတဲ့ ကျန်းကျွယ်ရှီကို တွေ့လိုက်ရတာကြောင့် အပြုံးနဲ့ မေးလိုက်ပါတယ် “သခင်လေး... ဘာတွေ ထပ်တွေးနေပြန်ပြီလဲ”

ကျန်းကျွယ်ရှီဟာ သတိပြန်ဝင်လာပြီး ပြုံးလိုက်ပါတယ် “ဘာမှမဟုတ်ပါဘူး၊ ဒီညနေ ဘာစားမလဲ တွေးနေတာ”

“ဒီညနေ သခင်လေးအတွက် ငါးဟင်း ချက်ပေးမယ်”

“ကျေးဇူးပါပဲ ဒေါ်လေး”

အဲဒီနောက် ကျန်းကျွယ်ရှီဟာ ဆက်ပြီးတော့ ငေးမောပါတယ် “ဘာဖြစ်လို့ အခုထိ ရောက်မလာသေးတာလဲ”

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နှစ်သုံးသောင်းက မျက်တောင်တစ်ခတ်ပါပဲ။

ပြန်လည်မွေးဖွားပြီး အရွယ်ရောက်လာတဲ့ ကျန်းကျွယ်ရှီဟာ ကျင့်ကြံမှုလမ်းစဉ်ပေါ် ထပ်လျှောက်လှမ်းပြီး လောကကြီးကို ခြေဆန့်ပါတယ်။ နှစ် ၂၀ ကြာအောင် နေထိုင်ခဲ့တဲ့ မြို့ကလေးကနေ ထွက်ခွာတဲ့အခါ သစ်ပင်အိုကြီးအောက်မှာ ထိုင်နေတဲ့ အဘိုးအိုတစ်ဦးကို ကျန်းကျွယ်ရှီ တွေ့လိုက်ရပါတယ်။ ဒီအဘိုးအိုဟာ သစ်ပင်အောက်မှာ တင်ပလ္လင်ခွေ ထိုင်နေတာဖြစ်ပြီး ပါးစပ်ထဲမှာလည်း ဆေးတံကို ခဲထားပါတယ်။

ကျန်းကျွယ်ရှီဟာ မျက်နှာပြောင်းသွားပြီး အဘိုးအိုဆီ ဂရုတစိုက် လျှောက်သွားပါတယ် ‘ဆရာသခင်များလား... ထပ်ရောက်လာပြန်ပြီ’

အဘိုးအိုဟာ မျက်လုံးဖွင့်ပြီး ကျန်းကျွယ်ရှီကို တစ်ချက်ကြည့်ကာ ပြုံးဖြဲဖြဲနဲ့ ပြောလိုက်ပါတယ် “သခင်လေး... ကျင့်ကြံအားထုတ်ချင်လား၊ ငါ့ဆီမှာ ပန်ကူးခန္ဓာကိုယ် ကျင့်စဉ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ပြိုင်ဘက်ကင်း ကျင့်စဉ်၊ ရွှမ်တုသန့်စင် ပညာရပ်တွေ ရှိတယ်၊ ဘယ်ဟာကို သခင်လေး လိုချင်လဲ၊ ဈေးနှုန်းက ညှိုနှိုင်းလို့ ရပါတယ်”

ပြောပြောဆိုဆို အဘိုးအိုဟာ စာအုပ်တွေ ထုတ်ယူလိုက်ပါတယ်။

ကျန်းကျွယ်ရှီဟာ မှင်တက်သွားပါတယ်။ အဲဒီနောက် ခေါင်းခါပြီး မချိပြုံးပြုံးကာ အဘိုးအိုဆီကနေ ထွက်ခွာလာခဲ့ပါတယ်။

အဘိုးအိုဟာ စိတ်ထဲမှာ ကျိန်ဆဲရင်း သူ့စာအုပ်တွေကို ပြန်သိမ်းလိုက်ပါတယ်။

ကျန်းကျွယ်ရှီဟာ လမ်းမကြီးဆီ ထွက်လာခဲ့ရင်း တီးတိုး ရေရွတ်လိုက်ပါတယ် “ဘာလို့ ဒီဖြစ်နေတာလဲ၊ ငါ သူ့ကို မကြိုက်တာ အသိသာကြီးပါ... ဘာဖြစ်လို့ သူ့ကို တွေ့ချင်နေရတာလဲ”

“ကြည့်ရတာ ငါ့ကို တစ်ယောက်မှ အဖော်မပြုတာ ကြာသွားလို့ ဖြစ်မယ်၊ ပြန်လည်မွေးဖွားခြင်း စက်ဝန်းက ဘယ်လိုပဲပြောင်းပြောင်း သူက ငါ့ကို ရှာဖွေဖို့ အကောင်းဆုံး ကြိုးစားခဲ့တယ်”

“ဒီအတိုင်းဆို သူက ငါ့ကို လျှို့ဝှက်ကြံစည်ချင်တာ မဟုတ်ဘူး၊ ငါ့ကို တပည့်အဖြစ် တကယ် သဘောထားတာ ဖြစ်ရမယ်”

ကျန်းကျွယ်ရှီရဲ့ မျက်လုံးတွေဟာ တည်တံ့ခိုင်မြဲသွားပါတယ်။ ကျန်းကျွယ်ရှီဟာ သေမျိုးမဟုတ်တဲ့အတွက် သူ့ကိုယ်သူ ဝမ်းနည်းမှုထဲ နစ်မြုပ်မခံပါဘူး။

‘ငါ ဆရာသခင်နဲ့ ပြန်ပြီးတော့ ကျင့်ကြံအားထုတ်ချင်တယ်၊ တစ်နေ့ကျလို့ ငါ တာအိုပညာရှိ ဖြစ်လာရင် ဒါမှမဟုတ် တာအိုပညာရှိထက် ကျော်လွန်သွားရင်... ငါ့မှာ လုံလောက်တဲ့ စွမ်းအားသာရှိရင် ငါ့ဆရာသခင်ကို အသက်ပြန်သွင်းနိုင်မှာပဲ’

‘အဲဒီနေ့ကို ရောက်ရင် ငါက မင်းရဲ့ ဆရာသခင်၊ မင်းက ငါ့ရဲ့ တပည့် ဖြစ်ရလိမ့်မယ်၊ ငါ မင်းကို ပြန်ပြီးတော့ ကာကွယ်မယ်’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters