နတ်ဘီလူး ၁၉ ပါး
Vol. 77 Ch. 818
ဒီလောက်မောက်မာတဲ့ နတ်ဒေါင်းအရှင်ကို ရင်ဆိုင်ရတဲ့အခါ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဘာမှထပ်မပြောတော့ဘဲ ဗုဒ္ဓကမ္ဘာကနေ ချက်ချင်း ထွက်လိုက်ပါတယ်။ နတ်ဒေါင်းအရှင်ကလည်း ပြုံးဖြဲဖြဲလုပ်ပြီး ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။
ချက်ချင်းဆိုသလို ကြောက်ဖို့ကောင်းတဲ့ တိုက်ပွဲဖိအားဟာ ဗုဒ္ဓကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သက်ရှိအားလုံးကို ရင်ထဲ တင်းကျပ်သွားစေပါတယ်။
ချူရှီရန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ချူရှီရန်ဟာ နတ်ဒေါင်းအရှင်ကို ကြားဖူးပါတယ်။ နတ်ဒေါင်းအရှင်က မဟာတာအိုအောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို လူသိများသူပါ။ ရန်သူက ဒီလောက် စွမ်းအားကြီးတဲ့အတွက် ချူရှီရန်ဟာ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓကို စိတ်ပူသွားပါတယ်။
အရေးအကြီးဆုံးကတော့ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို ကိုယ်စားပြုနေတာပါ။ အမှောင်သခင်ကြီးက ပဋိပက္ခရဲ့ တည်ရှိမှုတွေထဲမှာ အလျှို့ဝှက်ဆုံး အဆန်းကြယ်ဆုံး ကြောက်ဖို့အကောင်းဆုံး တည်ရှိမှု မဟုတ်ပါလား။
တကယ်လို့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓက နတ်ဒေါင်းအရှင်ကို အနိုင်ရခဲ့ရင်တောင် အမှောင်သခင်ကြီးကို တားဆီးဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။
စိတ်ပူတာ ချူရှီရန် တစ်ယောက်တည်း မဟုတ်ပါဘူး။ ခန်းမထဲက ဗုဒ္ဓအကုန်လုံး စိုးရိမ်သွားကြတာပါ။
“အမှောင်သခင်ကြီးက ဒီကို ရောက်လာပြီ၊ ငါတို့တွေ ဘာလုပ်ကြမလဲ”
“အမှောင်သခင်ကြီးက ပန်ကူးကိုတောင် နောက်ဆုတ်အောင် လုပ်ခဲ့တာလို့ ပြောကြတယ်”
“ငါတို့တွေ ဘာလုပ်ကြမလဲ”
“ဟင်း... ငါတို့ ဗုဒ္ဓကမ္ဘာမှာ နောက်ခံကြီးကြီးမားမား မရှိတာ ပြဿနာပဲ”
“တကယ်တော့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓကလည်း မခေပါဘူး၊ ဒါပေမဲ့ သူ့ထက် စွမ်းအားကြီးတဲ့လူက အမြဲတမ်း ပေါ်လာတယ်”
ချူရှီရန်ဟာ ဗုဒ္ဓတွေရဲ့ စကားကို ကြားရတဲ့အခါမှာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် ချူရှီရန်ဟာ ခဏတာ တုံ့ဆိုင်းသွားပြီး နောက်ဆုံးမှာတော့ ဟန်ကျွယ်ကို အိပ်မက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
[ချူရှီရန်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကြောင့် ကျင့်ကြံရာက နိုးလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာ နှစ်သုံးသောင်းတောင် မပြည့်သေးတဲ့အတွက် တစ်ဝက်တစ်ပျက်ကြီး မရပ်လိုက်ချင်ပါဘူး။
[ချူရှီရန်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
[ချူရှီရန်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
တရစပ်ပေါ်လာတဲ့ အသိပေးချက်တွေကြောင့် ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိဘဲ ကျင့်ကြံရာက ထလိုက်ရပါတယ်။ ဒါက ချူရှီရန် ပထမဆုံးအကြိမ် ဒီလောက်ထိ အလောသုံးဆယ် ဖြစ်တာပါ။ တစ်ခုခုဖြစ်တာ ကျိန်းသေနေပါပြီ။
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပါတယ် ‘ငါ အစွမ်းပြဖို့ အချိန်ကျပြီနဲ့တူတယ်... အဟွတ်...’
ဟန်ကျွယ်ဟာ ချူရှီရန်နဲ့ အိပ်မက်ကို လက်ခံဖို့ ရွေးချယ်လိုက်ပါတယ်။ အိပ်မက်နယ်မြေထဲမှာ ချူရှီရန်က သူ့အခြေအနေကို ချက်ချင်း ရှင်းပြပါတယ်။
“ဆရာဘိုးဘိုး... အမှောင်သခင်ကြီးက ကျွန်တော်ကို ပစ်မှတ်ထားနေတယ်”
ဟန်ကျွယ်ရဲ့ မျက်နှာဟာ တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ ဆွံ့အသွားပါတယ် ‘ဒီကောင် နတ်ဒေါင်းရှင် ဘာတွေ လျှောက်လုပ်ပြန်ပြီလဲ... ငါ သူ့ကို ဂူအောင်းကျင့်ကြံဖို့ နေရာရှာခိုင်းတာပါ၊ ဘာဖြစ်လို့ ငါ့နာမည်သုံးပြီး သူများတွေကို လိုက်အနိုင်ကျင့်နေရတာလဲ’
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ ဒီလိုအချိန်မှာ နတ်ဒေါင်းအရှင်သာ ရုတ်တရက် နောက်ဆုတ်သွားရင် သူက အမှောင်သခင်ကြီးနဲ့ ပတ်သက်နေတယ်ဆိုတာ ချူရှီရန် သိသွားမှာပါ။
“ငါ နည်းလမ်းရှာလိုက်မယ်”
ဒီလောက်နဲ့ပဲ ဟန်ကျွယ်ဟာ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပဋိပက္ခကို လှမ်းကြည့်လိုက်တဲ့အခါ နတ်ဒေါင်းအရှင်နဲ့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓကို ခပ်မြန်မြန် ရှာတွေ့သွားပါတယ်။
‘ဒီကောင်နှစ်ကောင် ထပ်တိုက်ပြန်ပြီ’
နတ်ဒေါင်းအရှင် ကောင်းကင်တာအိုကို လာတုန်းကလည်း သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့ပါသေးတယ်။
ဟန်ကျွယ်ဟာ ချက်ချင်း မလှုပ်ရှားပါဘူး။ အဲဒီအစား တိုက်ပွဲကို အေးဆေးစောင့်ကြည့်ပြီး နတ်ဒေါင်းအရှင် နိုင်တာကို စောင့်ပါတယ်။ ဒါပေမဲ့ ရေတိုမှာ ဘယ်သူ စွမ်းအားပိုကြီးတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။
‘ဒီကောင်က ချူရှီရန် သိမ်းသွင်းထားတဲ့ လွတ်လပ်တာအိုပညာရှိလား... တကယ်ကို မခေဘူးပဲ’
ဟန်ကျွယ်ဟာ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုပါတယ်။ အရာအားလုံးကို ဖျက်ဆီးနိုင်တဲ့ ငါးရောင်ခြယ် ရောင်ခြည်တန်းကို ရင်ဆိုင်ရတဲ့အခါ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဘယ်ဓမ္မစွမ်းအားကိုမှ အသုံးမပြုဘဲ သူ့ဝိညာဉ်ကိုသုံးကာ နတ်ဒေါင်းအရှင်ကို ဆက်တိုက် တိုက်ခိုက်ပါတယ်။
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓရဲ့ ဝိညာဉ်သုံးပြီး တိုက်ခိုက်နည်းတွေက မကုန်နိုင်တဲ့အတွက် နတ်ဒေါင်းအရှင်ကို သနားစရာကောင်းတဲ့ အခြေအနေ ရောက်သွားစေပါတယ်။ ဒီပုံအတိုင်းဆို နတ်ဒေါင်းအရှင် နိုင်စရာလမ်း မမြင်ပါဘူး။
ဒီတိုက်ပွဲဟာ လေးငါးဆယ်ရက် ကြာပြီး သရေကျသွားပါတယ်။
“မင်း စောင့်နေ၊ ငါ ထပ်လာဦးမယ်၊ ငါ မင်းကို တက်နင်းပြီး မဟာတာအိုကို ရယူမယ်” စကားဆုံးတာနဲ့ နတ်ဒေါင်းအရှင်ဟာ ပျောက်ကွယ်သွားပါတယ်။
ရှန်ရှောင့်ကျန်းဝူဟာ နတ်ဒေါင်းအရှင်နောက်ကို မလိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ နတ်ဒေါင်းအရှင်ကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိလို့ပါ။
နတ်ဒေါင်းအရှင် ထွက်ခွာသွားတဲ့အခါ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ချက်ချင်း အိပ်မက်မပေးပါဘူး။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အာရုံပြောင်းဖို့အတွက် တာဝန်တစ်ခုပေးဖို့ စီစဉ်လိုက်ပါတယ်။
ဗုဒ္ဓကမ္ဘာရဲ့ နန်းတော်ထဲက လေထုဟာ တော်တော်လေး အုံ့မှိုင်းနေပါတယ်။ ပြန်ရောက်လာတဲ့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဒါကို ခံစားမိပြီး မျက်မှောင်ကြုတ်သွားပါတယ်။
နတ်ဒေါင်းအရှင်ကို တွန်းလှန်နိုင်လိုက်ပြီဆိုပေမဲ့ အမှောင်သခင်ကြီး နာမည်က သူတို့တွေကို အထိတ်တလန့် ဖြစ်နေစေတုန်းပါပဲ။
ချူရှီရန်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ကြောက်စရာ မလိုဘူး၊ ငါ ဆရာဘိုးဘိုးကို သတင်းပေးပြီးပြီ၊ ဒီကိစ္စကို သူ အဆုံးအဖြတ် ပေးလိမ့်မယ်”
ဗုဒ္ဓတွေဟာ မှင်တက်သွားပြီး ချူရှီရန်ရဲ့ ဆရာဘိုးဘိုးက ဘယ်သူလဲဆိုတာကို မေးမြန်းကြပါတယ်။
ဟန်ကျွယ်ကို အိပ်မက်ပေးတုန်းက အထိတ်တလန့် ဖြစ်နေခဲ့တဲ့ ချူရှီရန်ဟာ အခုအချိန်မှာတော့ လုံးဝကို ငြိမ်သက်နေပါတယ်။
“ကောင်းကင်တာအိုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ၊ ဆရာဘိုးဘိုးက မဟာတာအို နတ်စိတ်ဝိညာဉ် တစ်ပါးနဲ့ မဟာတာအို ဆယ်ပါးကျော်ကို သတ်ခဲ့ဖူးတယ်၊ နောက်ပြီး သူ့နောက်မှာ နတ်ဘီလူးမျိုးနွယ်စု ရှိတယ်၊ အရင်တစ်ခါက ပဋိပက္ခ နတ်ဘီလူးတွေ ပန်ကူးကို အနိုင်ယူလိုက်တာ မင်းတို့တွေလည်း ကြားမိမှာပါ”
ချူရှီရန်ရဲ့ စကားဆုံးတဲ့အခါမှာ နန်းတော်တစ်ခုလုံး ပွက်လောရိုက်အောင် ဆူညံသွားပါတယ်။ သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ နာမည်ကို ကြားဖူးပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုကို အုပ်မိုးထားတဲ့ ထီးတစ်ချောင်းပါ။ သူ့စွမ်းအားက မေးခွန်းထုတ်စရာကို မလိုတာပါ။
ရှန်ရှောင့်ကျန်းဝူက ချူရှီရန်ကို တစ်ချက်ကြည့်လိုက်ပါတယ် “တော်တော် သိုဝှက်ထားတာပဲ”
ချူရှီရန်က တည်တည်ငြိမ်ငြိမ်ပါပဲ “နတ်ဒေါင်းအရှင်မှာ နောက်ခံရှိသလို ဗုဒ္ဓကမ္ဘာမှာလည်း နောက်ခံရှိတယ်၊ ငါ ဒီအကြောင်းကို မပြောတာက ဗုဒ္ဓမန္တန်ကို သုံးပြီး လောကကြီးကို ကယ်တင်ချင်လို့ပဲ၊ ဒါပေမဲ့ တစ်ခါတစ်လေ ဒီလိုရွေးချယ်စရာ မရှိတဲ့ အချိန်ကျတော့လည်း ဒီလိုနည်းလမ်းကြမ်းတွေ သုံးရတာပေါ့”
ဗုဒ္ဓတွေဟာ ချူရှီရန်ကို တလေးတစား ကြည့်လိုက်ပါတယ် ‘ဗုဒ္ဓသခင်လို့ မပြောရဘူး...’
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ် ၃၀,၀၀၀ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဒုတိယ တာအိုစက်ကွင်းဆီ သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ယုတ်မာနတ်ဘီလူးကို လွှတ်ပေးပြီး မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လီယောင်တို့နဲ့ အပိုစကားမပြောတော့ဘဲ ပင်မတာအိုစက်ကွင်းကို ချက်ချင်း ပြန်ပါတယ်။
ဒီအချိန်မှာပဲ...
ငရဲကြက်နက်၊ ပဋိပက္ခ ကောင်းကင်ခွေး၊ ခေါင်းသုံးလုံး မြွေနဂါးဘုရင်၊ ရွှင်ချန်အန်း၊ ကျိုးမင်ယွဲ့၊ ရှောင်အာ၊ အာတ၊ လွီဟွာရွှီ၊ ဘူးသီးညီနောင်ရှစ်ဖော်၊ စန့်ရှီ၊ ငရဲနက် နတ်ဆိုးသခင်၊ ထူလင်းအာနဲ့ တခြား တပည့်ရင်းတွေဟာ တာအိုဘုံကျောင်းရှေ့မှာ ဟန်ကျွယ်ကို စောင့်နေကြပါတယ်။
သူတို့အကုန်လုံး တာအိုပညာရှိအတု အဆင့်ကို ရောက်နေကြပါပြီ။
တပည့်ရင်း ၁၉ ယောက်ဟာ တာအိုဘုံကျောင်းရှေ့မှာ ဒူးထောက်နေကြပြီး သူတို့အကုန်လုံး ရင်ခုန်ကာ စိတ်လှုပ်ရှားနေကြပါတယ်။
ဟန်ကျွယ်က သူတို့ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်တဲ့အခါ တာအိုဘုံကျောင်းဟာ ချက်ချင်းဆိုသလို လူပြည့်သွားပါတယ်။
“မင်းတို့တွေ အဆင်သင့် ဖြစ်ပြီလား၊ နောက်အချိန်တစ်ခုအတွင်း မင်းတို့တွေ နာကျင်မှုကို ခံစားရလိမ့်မယ်”
ဟန်ကျွယ်ရဲ့ မေးခွန်းကို တပည့်ရင်း ၁၉ ယောက်က တညီတညာတည်း ပြန်ဖြေပါတယ် “ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါပြီ”
တစ်ယောက်မှ ကြောက်လန့်ခြင်း မရှိသလို စိတ်လေးခြင်းလည်း မရှိပါဘူး။ သူတို့အကုန်လုံးဟာ ဟန်ကျွယ်ကို လုံးဝ ယုံကြည်ပါတယ်။
ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ သူ့တပည့်တွေရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးကာ ဝိညာဉ်တွေကို လောကဦးကမ္ဘာထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် သူတို့ဝိညာဉ်တွေကို နတ်ဘီလူးချီနဲ့ ပေါင်းစပ်စေပါတယ်။
ဟန်ကျွယ်ရဲ့ လက်ရှိ ကျင့်ကြံမှု လက်ရှိ အတွေ့အကြုံနဲ့ နတ်ဘီလူးချီကို ပေါင်းစပ်စေတာက တော်တော်လေးကို လွယ်ကူတဲ့ကိစ္စ ဖြစ်နေပါပြီ။ အရင်လိုမျိုး ဂရုတစိုက်လုပ်စရာ မလိုတော့ပါဘူး။ လိုတာဆိုလို့ ကြာချိန်တစ်ခုပဲ ရှိပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းချကာ အောင်မြင်မှုတစ်ခု ရသွားသလို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်က ကိုယ်တင် စွမ်းအားကြီးလာတာ မဟုတ်ဘဲ သူ့ဘေးနားက လူတွေကိုလည်း စွမ်းအားကြီးလာအောင် လုပ်ပေးနိုင်ခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို အသံလွှင့်ပြီး စကားပြောလိုက်ပါတယ်။
ဟန်ဇွေတျန်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ပထမဆုံး အသွင်ပြောင်းလဲလာတဲ့ သက်ရှိဖြစ်ပြီး ဟန်ကျွယ်ရဲ့ တပည့်ရင်းလည်း ဖြစ်ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ ကျိုးမင်ယွဲ့ မရှိတော့ကတည်းက ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အခွင့်အာဏာကို ဟန်ဇွေတျန်လက်ထဲ အပ်ခဲ့တာပါ။
မကြာခင်မှာပဲ ဟန်ဇွေတျန်ဟာ အပြေးရောက်လာပြီး ဟန်ကျွယ်ရှေ့ ဒူးထောက်လိုက်ပါတယ်။ ဟန်ဇွေတျန်ဟာ ရင်ခုန်ပြီး မျှော်လင့်ချက်တွေနဲ့ ပြည့်နေပါတယ်။
“ဘာလိုလိုနဲ့ မင်းတောင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာပြီပဲ၊ တိတ်ဆိတ်ဂိုဏ်းရဲ့ တာဝန်ကို မင်း ထမ်းဆောင်ဖို့ အချိန်ကျပြီ၊ မင်း အဆင်သင့်ဖြစ်ပြီလား” ဟန်ကျွယ်ဟာ အပိုမပြောဘဲ တည့်ပြောလိုက်ပါတယ်။
ဟန်ဇွေတျန်က သူ့အပေါ် မျက်နှာသာပေးမှု ကြယ်ခြောက်ပွင့် ရှိတာဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ဇွေတျန်ကို လူယုံစာရင်းထဲ သွင်းထားပါတယ်။ လီရွှမ်အောက်နဲ့ ဆက်သွယ်မှု အရှိဆုံးက ဟန်ကျွယ်ပြီးရင် ဟန်ဇွေတျန်ပါ။
ဟန်ဇွေတျန်က ကြောက်ကြောက်လန့်လန့် ပြန်ဖြေပါတယ် “ကျွန်တော် ဒီတာဝန်ကို ထမ်းဆောင်ဖို့ ခက်လိမ့်မယ်၊ နောက်ပြီး ဆရာသခင်နဲ့ တခြားလူတွေ ကျွန်တော် အထက်မှာ ရှိသေးတယ်”
“သူတို့တွေ ထွက်သွားပြီ၊ ငါ မင်းကို ပျိုးထောင်ပေးဖို့ စီစဉ်ထားတယ်၊ မင်းမှာ ငြင်းခွင့်မရှိဘူး”
“အား... ကျေးဇူးပါပဲ၊ ဘိုးဘေး...”
ဟန်ဇွေတျန်ဟာ ပျော်ရွှင်မှုကို ထိန်းလိုက်ပါတယ်။ ဟန်ဇွေတျန်ဟာ အာဏာကို ချစ်မြတ်နိုးဖို့ မွေးဖွားလာသူပါ။ ဟန်ကျွယ်ရဲ့ အဆိုကို ချက်ချင်း လက်မခံတာက မယဉ်ကျေးရာ ရောက်မှာစိုးလို့ပါ။
ဟန်ကျွယ်ဟာ ဟန်ဇွေတျန် တစ်ယောက်တည်းကို သီးသန့် တာအိုဟောကြားပေးပါတယ်။ ဒါက အာဏာလွှဲပြောင်းတဲ့ အစီအရင်ပါ။
နှစ်တစ်ရာ ကြာတဲ့အခါ ဟန်ဇွေတျန် တာအိုဘုံကျောင်းထဲကနေ ထွက်သွားပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ သက်ရှိအကုန်လုံးကို တာအိုဟောကြားပေးပါတယ်။
နောက်ထပ် နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဟန်ဇွေတျန်က တိတ်ဆိတ်ဂိုဏ်းရဲ့ စတုတ္ထမြောက် အစောင့်အရှောက်ဖြစ်ကြောင်း၊ ဒီနေ့ဒီအချိန်ကစပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက ကိစ္စအဝဝကို စီမံအုပ်ချုပ်မှာဖြစ်ကြောင်း ကြော်ငြာလိုက်ပါတယ်။ ဒီကြော်ငြာချက်က တပည့်သန်းချီကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။