မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်
Vol. 77 Ch. 819
ဟန်ဇွေတျန်ရဲ့ ကိစ္စကို စီစဉ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီး သရုပ်ကို သုံးပြီး နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးလိုက်ပါတယ်။
နတ်ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ့မှာ မင်းအတွက် တာဝန်တစ်ခု ရှိတယ်”
ချက်ချင်းဆိုသလို နတ်ဒေါင်းအရှင်ဟာ တက်တက်ကြွကြွ ဖြစ်သွားပါတယ်။ နတ်ဒေါင်းအရှင်ဟာ လက်ယားနေတာ ကြာပါပြီ။ နတ်ဒေါင်းအရှင်ဟာ ရှန့်ရှောင်းကျန်ဝူဗုဒ္ဓကို အနိုင်မယူနိုင်ခဲ့တဲ့အတွက် မျက်နှာပျက်ခဲ့ရပါတယ်။ ဒါပေမဲ့ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို တကယ်ကြီး အကူအညီ မတောင်းရဲပါဘူး။
“ပြောပါ... ကျွန်တော် သခင်ကြီးအတွက် ဘာမဆို လုပ်ပေးနိုင်ပါတယ်” နတ်ဒေါင်းအရှင်ဟာ ဝင့်ကြွားစွာ ပြောလိုက်ပါတယ်။
“မဟာတာအို ရယူချည်”
အမှောင်သခင်ကြီးတစ်ဖြစ်လဲ ဟန်ကျွယ်ရဲ့ စကားကြောင့် နတ်ဒေါင်းအရှင်ဟာ ကြက်သေသေသွားပါတယ်။ ဟန်ကျွယ်က ဆက်ပြောလိုက်ပါတယ် “မင်းရဲ့ ကျင့်ကြံမှုက နိမ့်လွန်းတယ်၊ ငါ မင်းကို တာဝန်ပေးဖို့ မလွယ်ဘူး”
နတ်ဒေါင်းအရှင်ဟာ မျက်နှာပူသွားပါတယ်။ ပဋိပက္ခမှာ မဟာတာအိုပညာရှိက အရေအတွက် နည်းနည်းပဲ ရှိတာဆိုပေမဲ့ အမှောင်သခင်ကြီး မျက်လုံးထဲမှာ လွတ်လပ် တာအိုပညာရှိက ဘာမှမဟုတ်ဘူးဆိုတာကို နတ်ဒေါင်းအရှင် သိပါတယ်။
“ဟုတ်ကဲ့ပါ” နတ်ဒေါင်းအရှင်ဟာ သဘောတူလိုက်ပါတယ်။
“လောလောဆယ် လျှောက်မသွားနဲ့၊ နေရာတစ်ခုရှာပြီး ကျင့်ကြံအားထုတ်ချည်၊ မင်း မဟာတာအိုကို ရယူပြီးရင် လုပ်ဆောင်ဖို့ အရေကြီးကိစ္စတစ်ခု ရှိတယ်”
နတ်ဒေါင်းအရှင်ဟာ ကသိကအောက် ဖြစ်သွားပေမဲ့ ခေါင်းညိတ်လိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးက သူ ဗုဒ္ဓကမ္ဘာကို တိုက်ခိုက်တာ သိနေမှန်း သဘောပေါက်လိုက်ပါတယ်။
‘ဟင်း... ငါ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမိတာပဲ’ နတ်ဒေါင်းအရှင်ဟာ ထပ်ပြီး ရှုံးသွားသလိုမျိုး ခံစားလိုက်ရပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။
အမှန်အတိုင်း ပြောရရင် ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို နည်းနည်း စိတ်ပျက်သွားပါတယ်။ နတ်ဒေါင်းအရှင်က သူ့လက်ရှိစွမ်းအားကို စွဲလမ်းပြီး ကြိုးစားအားထုတ်ဖို့ မေ့လျော့နေတယ် မဟုတ်ပါလား။
အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်ကို ဖွင့်ပြီး သူ့မိတ်ဆွေတွေရဲ့ လက်တလော အခြေအနေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းယီသည် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်ပါးကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် လောကဦး ကောင်းကင်မိစ္ဆာ တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၉၂၂၃၃၂
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် လောကဦး ကောင်းကင်မိစ္ဆာ တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၀၂၀၀၁၂
[သင့်မိတ်ဆွေ လောင်တန်သည် လောကဦး ကောင်းကင်မိစ္ဆာ တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၀၀၂၉၈၃၇
[သင့်မိတ်ဆွေ ကျန်းကျွယ်ရှီသည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၀၀၈၄၃
[သင့်မြေးတပည့် မုရုံချီသည် တိုက်ခိုက်ရေး တာအိုနှလုံးသားကို လေ့ကျင့်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဓားတာအိုရူးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ မဟာရှေးဟောင်း နတ်ဘီလူးသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
‘ပဋိပက္ခက ထပ်ပြီးတော့ လှိုင်းထန်လာပြန်ပြီလား... လောကဦး ကောင်းကင်မိစ္ဆာက ဘာကို ပြောတာလဲ... ပဋိပက္ခ အင်အားစု မဖြစ်ပါစေနဲ့၊ တာအိုအရှင်သခင်တို့ သုံးယောက်က ပိတ်ထားတဲ့ကမ္ဘာမှာ မတိုက်ခိုက်နေတာ ဖြစ်ပါစေ...’
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်ကြည့်တဲ့အခါ မဟာရှေးဟောင်း နတ်ဘီလူး ကျိန်စာတိုက်ခံရတာကို သွားတွေ့ပါတယ် ‘မဟာရှေးဟောင်း နတ်ဘီလူးကို ဘယ်သူက ကျိန်စာတိုက်ရဲတာလဲ... ငါ့ကို ပြဿနာ ရှာချင်တဲ့ သဘောလား...’
ဟန်ကျွယ်ဟာ တစ်ယောက်ယောက်က အမှောင်သခင်ကြီးအယောင်ဆောင်ပြီး ကျိန်စာတိုက်တဲ့အတွက် ဒေါသမထွက်ပါဘူး။ ဒီလိုကိစ္စတွေကို ကြုံရပေါင်းများလို့ ဟန်ကျွယ်ဟာ ကျင့်သားရနေပါပြီ။
ဟန်ကျွယ် စာစောင်တွေ ဖတ်ကြည့်တဲ့ အချိန်အများစုမှာ ကျိန်စာမတိုက်ခံရတဲ့လူက မရှိသလောက်ပါပဲ။ များသောအားဖြင့် ကျင်းတျန်ကုန်းနဲ့ တခြား အမှောင်သခင်ကြီးကို ယုံကြည် ကိုးကွယ်သူတွေက ပြဿနာ လိုက်ရှာနေကြတာပါ။
စွမ်းအားကြီးတဲ့လူတွေက နေရာတိုင်းမှာ ရှိနေပါတယ်။
စာစောင်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ နောက်ထပ် ပစ်မှတ်ကာ မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်ကို ထိုးဖောက်နိုင်ဖို့ပါ။ ဟန်ကျွယ်ဟာ ဒီအဆင့်ကို ရောက်ဖို့ ကောင်းကင်ပြိုကျရင်တောင် ရပ်မှာ မဟုတ်ပါဘူး။
လျှို့ဝှက်ဆန်းကြယ်တဲ့ ဟင်းလင်းပြင်။
ကျန်းကျွယ်ရှီဟာ ဥက္ကာခဲတွေကြားမှာ ထိုင်နေပါတယ်။ ကျန်းကျွယ်ရှီဟာ လက်နှစ်ဖက်နဲ့ တွက်ချက်နေပြီး ခရမ်းရောင်ဘီးတွေက သူ့ကို ရစ်ပတ်ထားပါတယ်။ ဒီခရမ်းရောင်ဘီးတွေဟာ မဟာတာအိုရဲ့ အဓိပ္ပာယ်စစ် ပါဝင်သလိုမျိုး လျှို့ဝှက်ဆန်းကြယ်ပြီး သိမ်မွေ့နက်နဲလှပါတယ်။
ကျန်းကျွယ်ရှီ ကောင်းကင်တာအိုက ထွက်လာတာ အချိန်တစ်ခုကြာပြီမလို့ ကျန်းကျွယ်ရှီရဲ့ ကျင့်ကြံမှုဟာ လုံးဝ ခိုင်မြဲသွားပါပြီ။ တစ်ချိန်တည်းမှာပဲ ကျန်းကျွယ်ရှီဟာ တိုက်ပွဲအများကြီးကို တိုက်ခိုက်ရပါတယ်။ ကျန်းကျွယ်ရှီဟာ သူ့ရဲ့ အတွေ့အကြုံတွေကို စုပေါင်းပြီး အဆီအနှစ်ထုတ်ကာ ဆန်းကြယ်စွမ်းအားတစ်ပါးကို ဖန်တီးချင်နေပါတယ်။
ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ကျင့်စဉ်က စွမ်းအားကြီးတယ်ဆိုပေမဲ့ ဒါက ကျင့်စဉ်သက်သက်ပါ။ တိုက်ခိုက်ရာမှာ သိပ်အသုံးမဝင်ပါဘူး။ ဒါကြောင့် ကျန်းကျွယ်ရှီဟာ တိုက်ခိုက်ရေး ဆန်းကြယ်စွမ်းအားကို ဖန်တီးချင်တာပါ။
ရုတ်တရက်ဆိုသလို ကျန်းကျွယ်ရှီဟာ မျက်လုံး ကောက်ဖွင့်လိုက်ပါတယ်။
“တာအိုရောင်းရင်း... ဘာဖြစ်လို့ ကျုပ်ကို စိုက်ကြည့်နေတာလဲ” ကျန်းကျွယ်ရှီက ခပ်တိုးတိုးမေးရင်း ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွှတ်လိုက်တဲ့အတွက် ပတ်ဝန်းကျင် အာကာတစ်ခုလုံး ခါယမ်းသွားပါတယ်။
“ဟီးဟီး... မင်းက တကယ်ကို မရိုးရှင်းဘူးပဲ၊ မင်းရဲ့ တာအိုအသီးက လောကဦးပဋိပက္ခ ကနဦးအဆင့်မှာပဲ ရှိသေးပေမဲ့ မင်းရဲ့ ဓမ္မစွမ်းအားက လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်နဲ့ ယှဉ်လို့ရနေပြီ၊ နောက်ပြီး မင်းက အသက်နှစ်သိန်းတောင် မပြည့်သေးဘူး၊ ကျွတ်..ကျွတ်... ကောင်းကင်တာအိုမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအပြင် ဒီလိုမျိုး အရည်အချင်းရှိတဲ့လူ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
ကျန်းကျွယ်ရှီဟာ သရော်သံကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ရှီတုတောက်ပါ။ အဲဒီနောက် လီတောက်ခုံးနဲ့ ဘိုးဘေးရှီတျန်တို့လည်း ပေါ်လာကြပါတယ်။
ကျန်းကျွယ်ရှီဟာ ဘိုးဘေးရှီတျန်ကို တွေ့လိုက်ရတဲ့အခါ ချက်ချင်း ဦးညွှတ်လိုက်ပါတယ် “ဘိုးဘေး...”
ကျန်းကျွယ်ရှီဟာ ဘိုးဘေးရှီတျန် တာအိုဟောကြားတာကို နားထောင်ဖူးတဲ့အတွက် ဘိုးဘေးရှီတျန်ကို ကျေးဇူးကြွေး တင်နေတယ်လို့ သတ်မှတ်လို့ရပါတယ်။
ဘိုးဘေးရှီတျန်ဟာ အတွေးနက်သွားပြီး အတိတ်က မှတ်ဉာဏ်တွေကို ပြန်ခေါ်ပေမဲ့ ကျန်းကျွယ်ရှီကို မမှတ်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘိုးဘေးရှီတျန် တာအိုဟောကြားခဲ့တဲ့ ကျင့်ကြံသူတွေက မရေမတွက်နိုင်အောင် ရှိနေပြီး အတိတ်မှာတုန်းက ကျန်းကျွယ်ရှီရဲ့ အရည်အချင်းဟာ ဘိုးဘေးရှီတျန် သတိထားရလောက်တဲ့အထိ မထက်မြက်ခဲ့လို့ပါပဲ။
လီတောက်ခုံးဟာ ပြုံးလိုက်ပါတယ် “မင်းကလည်း ကောင်းကင်တာအိုကပဲလား... ကျွတ်..ကျွတ်... အဲဒီတာအိုပညာရှိတွေက မင်းအရည်အချင်းကို မြင်တာတောင် ကောင်းကင်တာအိုမှာနေဖို့ မတောင်းဆိုဘူးလား”
ကျန်းကျွယ်ရှီက တည်ငြိမ်စွာပဲ ပြန်ဖြေလိုက်ပါတယ် “သူတို့တွေ ကျွန်တော်ကို မတားနိုင်ဘူး”
‘တော်တော် မောက်မာတာပဲ’ ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “လက်ရည်စမ်းကြရအောင်... မင်းရှုံးရင် မင်းငါတို့နောက် လိုက်ရမယ်၊ မင်းနိုင်ရင် ငါတို့တွေ ချက်ချင်း ထွက်သွားပြီး မင်းကို မနှောင့်ယှက်တော့ဘူး”
ကျန်းကျွယ်ရှီဟာ ရှီတုတောက်ကို စိုက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်ပါတယ် “ငါ မင်းကို မှတ်မိတယ်၊ ရှီတုတောက်၊ မင်းက အင်မော်တယ်ကမ္ဘာမှာ တာအိုပညာရှိပြီးရင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့တာမလား”
ရှီတုတောက်ဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ် “မင်း ငါ့ကို မြင်ဖူးလိမ့်မယ်လို့ ထင်မထားဘူး၊ ကြည့်ရတာ မင်းက ထင်သလောက် မငယ်ဘူးပဲ”
ရှီတုတောက် ကောင်းကင်တာအိုက ထွက်လာတာ အတော်ကြာခဲ့ပါပြီ။ ဒါကြောင့် ကျန်းကျွယ်ရှီရဲ့ အသက်နဲ့ သူ့ကို မြင်ဖူးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီအတွက် ဖြစ်နိုင်ခြေတစ်ခုပဲ ရှိပါတယ်။ အဲဒါက ကျန်းကျွယ်ရှီဟာ ဝိညာဉ်အသစ် မဟုတ်ဘဲ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပြန်ဝင်စားတာပါ။
ကျန်းကျွယ်ရှီက ပြန်ပြောလိုက်ပါတယ် “ကောင်းပြီ... တိုက်ကြမယ်”
လီတောက်ခုံးက ရှီတုတောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “မရှုံးစေနဲ့၊ ဒီကောင်လေးက မရိုးရှင်းဘူး”
ကျန်းကျွယ်ရှီဟာ လီတောက်ခုံးက ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ကြည့်လိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ လီတောက်ခုံးကို မှတ်မိပါတယ်။ လီတောက်ခုံးက ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့် ဖြစ်ခဲ့တယ် မဟုတ်ပါလား။
ကျန်းကျွယ်ရှီက လီတောက်ခုံးကို မှတ်မိပေမဲ့ လီတောက်ခုံးကတော့ ကျန်းကျွယ်ရှီကို မမှတ်မိပါဘူး။ သူတို့နှစ်ယောက်က ရွမ်လိန့်ကျောင်းတော်ကို ခေတ်ခြားပြီး ဝင်ရောက်ခဲ့တာ မဟုတ်ပါလား။
ဒါ့အပြင် ကျန်းကျွယ်ရှီရဲ့ အရည်အချင်းက ညံဖျင်းလွန်းတဲ့အတွက် ဂရုစိုက်မခံရပါဘူး။ ဒီအကြောင်းကြောင့်လည်း ကျန်းကျွယ်ရှီဟာ ရွမ်လိန့်ကျောင်းတော်ရဲ့ အကြီးဆုံးတပည့်တွေကို မပြတ်အာရုံစိုက်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် လီမုယဲ့တောင် ကျန်းကျွယ်ရှီရဲ့ အငယ်ပါ။
ကျန်းကျွယ်ရှီဟာ လီတောက်ခုံးကို သဲသဲကွဲကွဲ မှတ်မိပါတယ်။ လီတောက်ခုံးရဲ့ အရည်အချင်းက တကယ်ကို အထင်ကြီးဖို့ကောင်းတာပါ။ လီတောက်ခုံးရဲ့ အရည်အချင်းက ရှေးခေတ်အချိန်ကစလို့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်မလာခင်အထိ ပြိုင်ဘက်ကင်းခဲ့ပါတယ်။
“ငါလည်း အရှုံးမခံပါဘူး” ရှီတုတောက်ဟာ လီတောက်ခုံးကို အဖြေပြန်ပေးပြီးတာနဲ့ ကျန်းကျွယ်ရှီဆီ ပျံသန်းသွားပါတယ်။
ဘိုးဘေးရှီတျန်ဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်ရင်း အတွေးနက်နေတုန်းပါ။
နှစ်ပေါင်း ၇၅,၃၀၀ ကြာပြီးနောက်...။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေး ရသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံတာ မရပ်ဘဲ တစ်ခါတည်း အဆင့်ထိုးဖောက်ပါတယ်။ ဒီလိုနဲ့ နှစ် ၂,၀၀၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်ထိုးဖောက်နိုင်ပြီး မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်ကို ရောက်ရှိသွားပါတော့တယ်။
ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ထိုးတက်သွားပါတယ်။ မခံစားရတာ ကြာပြီဖြစ်တဲ့ ခံစားချက်က ဟန်ကျွယ်ကို လုံးဝ ကျေနပ်အားရစေပါတယ်။ ဟန်ကျွယ် အနှစ်သက်ဆုံးက အဆင့်ထိုးဖောက်ရတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က ပျော်ရွှင်မှုအားလုံးထက် ကျော်လွန်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၂,၁၅၄,၃၃၂/၁၀,၈၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
‘ငါ့ သက်တမ်းက ရှေ့မှာ နောက်ထပ် ဂဏန်းသုံးလုံး ထပ်တိုးသွားပါလား... ဒါဆို အဆတစ်ရာ တိုးသွားတယ်လို့ ပြောလို့ရတာပေါ့၊ ဒီလိုမှန်းသာသိရင် အဆင့်မထိုးဖောက်ခင် ငါ့သက်တမ်းတွေကို သုံးပစ်ပါတယ်...’
‘ထားလိုက်ပါတော့... သက်တမ်းတွေ သုံးရအောင်ကလည်း ငါ့မှာ ကျိန်စာတိုက်ဖို့လူမှ မရှိတာ... အေးအေးဆေးဆေး ကျင့်ကြံအားထုတ်တာပဲ ကောင်းပါတယ်လေ’
နှစ်သုံးထောင်ဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ သူ့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို ချက်ချင်း မကျင့်ကြံပါဘူး။ အဲဒီအစား ပဋိပက္ခမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ သိရဖို့ စာအိတ်ကို ဖွင့်ကြည့်လိုက်ပါတယ်။
မကြာခင်မှာပဲ စာစောင်နှစ်စောင်က ဟန်ကျွယ် အာရုံကို ဆွဲဆောင်လိုက်ပါတယ်။
[သင့်မိတ်ဆွေ ရှီတုတောက်သည် သင့်မိတ်ဆွေ ကျန်းကျွယ်ရှီ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျန်းကျွယ်ရှီသည် သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။