ဓားရူးတာအိုပညာရှိ တစ်သောင်းနှင့် တိုက်ခိုက်ခြင်း
Vol. 77 Ch. 820
‘ကျန်းကျွယ်ရှီက ဘိုးဘေးရှီတျန်နဲ့ ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ၊ ရှီတုတောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာဆိုတော့ ကျန်းကျွယ်ရှီကို မနိုင်ဘူးဆိုတဲ့ သဘောလား...’
ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ်။ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီရဲ့ အရည်အချင်းက ကြောက်ဖို့ကောင်းတယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ ရှီတုတောက်ကို အနိုင်ယူနိုင်လိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။ ရှီတုတောက်ကလည်း တာအိုပညာရှိတွေအောက်မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့တာ မဟုတ်ပါလား။
ကျန်းကျွယ်ရှီ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဘိုးဘေးရှီတျန် ဖိနှိပ်တာကို ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် ဘိုးဘေးရှီတျန်ကို့ သူ့ခန္ဓာစစ်နဲ့ အိပ်မက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အိပ်မက်နယ်မြေက မဟာအန္တိမခန်းမပါ။ ဘိုးဘေးရှီတျန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်ခြင်း မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်နေကြပါတယ်။
ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် အရင် စကားစလိုက်ရပါတယ် “ဘိုးဘေး... ကျန်းကျွယ်ရှီကို ခက်ခဲအောင် မလုပ်လို့ မရဘူးလား”
ဘိုးဘေးရှီတျန်က ပြန်မေးပါတယ် “ကျန်းကျွယ်ရှီက မင်းနဲ့ ပတ်သက်နေတာလား”
“ဟုတ်တယ်၊ သူက ကျွန်တော်တပည့်လို့ ပြောလို့ရတယ်”
“အို... သူ့ကျင့်ကြံမှု လမ်းစဉ်က မင်းနဲ့တူပုံလည်း မရှိပါဘူး”
“ဘိုးဘေး...” ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး လေသံက လေးနက်သွားပါတယ်။
ဘိုးဘေးရှီတျန်ဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ သူ့ကို မသတ်ပါဘူး၊ ရှုံဟွာတွေဆီလည်း ခေါ်မသွားပါဘူး၊ ငါ အခု သူ့ကို အေးအေးဆေးဆေး ကျင့်ကြံအားထုတ်လို့ရမဲ့ နေရာတစ်ခုမှာ အကျဉ်းချထားတယ်၊ သူက ပဋိပက္ခအကြောင်း ဘာမှသိသေးတာ မဟုတ်ဘူး၊ ဒီအတိုင်း လွှတ်ပေးလိုက်ရင် မတွေးဝံ့စရာ အကျိုးဆက်တွေ ဖြစ်ပေါ်လာလိမ့်မယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဘိုးဘေးရှီတျန်က စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “အဲဒီကောင်လေး ကြီးပြင်းလာရင် မင်းကို လိုက်မီနိုင်လား ဒါမှမဟုတ် မင်းကိုတောင် ကျော်တက်သွားနိုင်လား၊ မင်းဘယ်လိုမြင်လဲ”
“ဖြစ်နိုင်ပါတယ်”
‘ငါ့ကို မီအောင် လိုက်မယ်... ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး’ ဟန်ကျွယ်ဟာ ဒီစကားတွေကို စိတ်ထဲမှာပဲ ပြောနိုင်ပါတယ်။
“အဲဒီကောင်လေး ကိစ္စတွေကို နားလည်သွားတဲ့ အခါကျရင် ငါ သူ့ကို လွှတ်ပေးမှာပါ၊ ဒီနေရာမှာ သူ လုံးဝ လုံခြုံပါတယ်”
“ကျေးဇူးပါပဲ၊ ဘိုးဘေး...”
“ကျေးဇူးတင်စရာ မလိုပါဘူး၊ ကောင်းကင်တာအို တိုးတက်ပြောင်းလဲလာက မင်းကြောင့်ပဲ၊ ငါကသာ မင်းကို ကျေးဇူးကြွေး တင်နေတာပါ”
ဘိုးဘေးရှီတျန်နဲ့ ဟန်ကျွယ်ဟာ စကားနည်းနည်းပါးပါး ထပ်ပြောပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဘိုးဘေးရှီတျန် ပြောတာ အမှန်ပဲလား”
[သက်တမ်း ၂၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အမှန်ဖြစ်သည်။]
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို စပြီးတော့ အဆင့်မြှင့်တင်ပါတယ်။ ဒါပြီးရင်တော့ ဟန်ကျွယ်ဟာ မဟာညီညွတ်မှု ရုပ်သွင်ကို ဆက်ပြီးတော့ ကျင့်ကြံမှာပါ။
နှစ်ငါးရာ ကြာပြီးနောက်...။
ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ၃၀၀ ကို လေ့လာ တတ်မြောက်သွားပြီး နတ်ဘီလူးဓမ္မရုပ်တုပေါင်း ၁၄၄၉ ရုပ်ကို စုဆောင်းမိသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ စွမ်းအားဟာ မိုးပေါ် ထိုးတက်သွားပါတယ်။
ဟန်ကျွယ် သူ့စွမ်းအားကို စမ်းသပ်ဖို့အတွက် အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး ဓားရူးတာအိုပညာရှိ ငါးထောင်နဲ့ တိုက်ခိုက်ပါတယ်။
အသွင်တူလက်ရည်စမ်းပွဲထဲက ဓားရူးတာအိုပညာရှိတွေဟာ မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်မှာပဲ ရှိပါသေးတယ်။ မဟာတာအိုပညာရှိ ငါးထောင်ရဲ့ စွမ်းအားက တကယ်ကို ကြမ်းလွန်းပါတယ်။ အရင်တုန်းကသာဆိုရင် ဟန်ကျွယ် ဘယ်လိုမှ တုံ့ပြန်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ဟာ အေးအေးဆေးဆေး ပြန်တိုက်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဘီလူးဓမ္မရုပ် အကုန်လုံးကို ထုတ်ဖော်ပြီး အုပ်စုလိုက် တိုက်ပွဲ ဆင်နွှဲပါတယ်။ နတ်ဘီလူးဓမ္မရုပ်တု အရေအတွက်က နည်းပါးတဲ့အတွက် ပထမတော့ ဟန်ကျွယ်ဟာ ဖိနှိပ်ခံရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အခြေအနေကို ခပ်မြန်မြန်ပဲ ပြောင်းပြန်လှန်နိုင်ခဲ့ပါတယ်။
နတ်ဘီလူးဓမ္မရုပ်တုတွေရဲ့ စွမ်းအားက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုနဲ့ ဆက်နွှယ်နေပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု စွမ်းအားကြီးလေလေ နတ်ဘီလူး ဓမ္မရုပ်တုတွေက စွမ်းအားကြီးလာလေလေပါပဲ။ ဒါက မဟာညီညွတ်မှု ရုပ်သွင်ရဲ့ နက်နဲမှုပါ။
တစ်နာရီကြာတဲ့အထိ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာပဲ ရှိနေပါသေးတယ်။ အကြိမ်ရာကျော် တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ ငါးသောင်းကို ဖိနှိပ်နိုင်သွားပါတယ်။
နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကလွဲရင် ပဋိပက္ခ တစ်ခုလုံးမှာ မဟာတာအိုပညာရှိက တစ်ထောင် မကျော်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ် ရင်ဆိုင်ရမှာ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းပါ။ ဟန်ကျွယ်ရဲ့ လက်ရှိ တိုက်ခိုက်နိုင်စွမ်းနဲ့ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို တစ်သောင်းထိ တိုးလိုက်ပါတယ်။ အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
‘စွမ်းအားကြီးလှချည်လား...’
ဟန်ကျွယ်ဟာ တိုက်ပွဲရလဒ်ကို လက်မခံနိုင်တာကြောင့် ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။
.....
မှောင်မိုက်တဲ့ ကောင်းကင်ပြင်အောက်က တောင်တန်းတွေဟာ မိုးပြာနဂါးတစ်ကောင်လို လဲလျောင်းနေပါတယ်။ ဒီတောင်တန်းတွေဟာ ခမ်းနားထည်ဝါလှပေမဲ့ ပန်းမာန်တွေ သီးပွင့်ခြင်းတော့ မရှိပါဘူး။
တောင်ထိပ်တစ်ခုပေါ်မှာ ကျန်းကျွယ်ရှီဟာ တရားထိုင်ပြီး ဆန်းကြယ်စွမ်းအား တစ်ခုကို တွက်ချက်နေပါတယ်။ ခရမ်းရောင်ဘီးဟာ ကျန်းကျွယ်ရှီရှေ့မှာ လည်ပတ်နေပြီး အရွယ်အစား ပြောင်းလဲနေပါတယ်။
အဝေးတစ်နေရာက တောင်ထိပ်ပေါ်မှာတော့ လီတောက်ခုံးနဲ့ ရှီတုတောက်တို့ဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်နေပါတယ်။ ရှီတုတောက်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီကောင်လေးက တကယ်ကို ပါရမီရှင်ပဲ”
လီတောက်ခုံးကလည်း လေးနက်တဲ့ မျက်နှာထားတဲ့ ခေါင်းညိတ်လိုက်ပါတယ်။ လီတောက်ခုံးဟာ ရှုံးနိမ့်သွားတဲ့ ရှီတုတောက်ကို လှောင်ပြောင်ခြင်း မရှိပါဘူး။ လီတောက်ခုံးရဲ့ စိတ်က ရှီတုတောက်ထက် ပိုပြီးတော့ လေးလံနေပါတယ်။ သူက ရှီတုတောက်ကို တစ်ခါမှ အနိုင်မယူနိုင်ခဲ့ဘူး မဟုတ်ပါလား။
တိုက်ပွဲပြီးတဲ့နောက် ကျန်းကျွယ်ရှီဟာ လီတောက်ခုံးနဲ့ ရှီတုတောက်ရဲ့ အတွင်းနတ်ဆိုး ဖြစ်လာပါတယ်။ သူတို့နှစ်ယောက်ဟာ အားလပ်တာနဲ့ ကျန်းကျွယ်ရှီ ကျင့်ကြံတာကို လာလာကြည့်ကြပါတယ်။
ကျန်းကျွယ်ရှီက ဒီနေရာမှာတော့ ဘဝင်မြင့်ခြင်းမရှိပါဘူး။ ဘယ်သူတွေ ဘယ်လိုပဲကြည့်ကြည့် ရေခဲတုံးလို မျက်နှာနဲ့ လုပ်စရာရှိတာ ဆက်လုပ်ပါတယ်။
ရှီတုတောက်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျန်းကျွယ်ရှီဘေးမှာ ပေါ်လာပါတယ်။ လီတောက်ခုံးဟာ ရွေးချယ်စရာမရှိဘဲ ရှီတုတောက်နောက်ကို လိုက်သွားရပါတယ်။ လီတောက်ခုံးဟာ ရှီတုတောက်က စိတ်မထိန်းနိုင်ဘဲ ကျန်းကျွယ်ရှီကို ထပ်တိုက်ခိုက်ပြီး ဖိနှိပ်ခံရမှာကို တကယ် ကြောက်နေတာပါ။
လီတောက်ခုံးဟာ ရှီတုတောက်နဲ့ မကြာခဏ ရန်ဖြစ်တယ်ဆိုပေမဲ့ သူတို့နှစ်ယောက်က သေခြင်းရှင်ခြင်းကို အတူရင်ဆိုင်ပြီး ဖြတ်ကျော်ခဲ့ကြတဲ့သူတွေမလို့ တစ်အူထုံ့ဆင်း ညီအစ်ကိုတွေရင်းလို ဖြစ်နေပါပြီ။ ဒါကြောင့် တစ်ယောက် ဒုက္ခရောက်တာကို တစ်ယောက် မကြည့်နိုင်ကြပါဘူး။
ကျန်းကျွယ်ရှီဟာ လီတောက်ခုံးတို့နှစ်ယောက်ကို ဂရုမစိုက်ဘဲ သူ့ရဲ့ ဆန်းကြယ်စွမ်းအားကို ဆက်တွက်ချက်ပါတယ်။
ရှီတုတောက်က မေးလိုက်ပါတယ် “မင်း ဘာကျင့်စဉ်ကို ကျင့်ကြံအားထုတ်တာလဲ”
ကျန်းကျွယ်ရှီက ပြန်ဖြေပါတယ် “ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ကျင့်စဉ်”
“အဲဒီကျင့်စဉ်က ဘယ်ကလာတာလဲ”
“ငါ့ဘာသာ ဖန်တီးထားတာ”
“ကိုယ့်ဘာသာ ဖန်တီးတာ...” ရှီတုတောက်ဟာ နှလုံးလှုပ်သွားပါတယ်။ လီတောက်ခုံးလည်း မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။
ရှီတုတောက်က ထပ်မေးလိုက်ပါတယ် “ဒီကျင့်စဉ်က မဟာတာအိုလား”
“မဟာတာအိုက ဘာလဲ၊ ငါ မသိဘူး”
“ဟီးဟီး...” ရှီတုတောက်ဟာ ပြုံးပြီး ပျောက်ကွယ်သွားပါတယ်။ လီတောက်ခုံးလည်း ကြာကြာမနေဘဲ ပျောက်ကွယ်သွားပါတယ်။
အစကနေ အဆုံးအထိ ကျန်းကျွယ်ရှီဟာ မျက်လုံးတစ်ချက် မဖွင့်ပါဘူး။ ရှီတုတောက်ကို အနိုင်ယူပြီးကတည်းက ကျန်းကျွယ်ရှီဟာ သူတို့နှစ်ယောက်ကို စိတ်မဝင်စားတော့တာပါ။ ကျန်းကျွယ်ရှီဟာ အနိုင်ယူပြီးသား ရန်သူတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပါဘူး။
အချိန်အတန်ကြာတဲ့အခါမှာတော့...
ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ဒီခံစားချက်... ဘယ်သူလဲ... ငါ့ရဲ့ ကံကြမ္မာပေး ရန်သူလား” ကျန်းကျွယ်ရှီဟာ နားမလည်နိုင်တဲ့ မျက်နှာနဲ့ ရေရွတ်လိုက်ပါတယ်။
ဒုတိယ တာအိုစက်ကွင်း။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ ပေါ်လာပြီး အင်္ကျီလက်စကို ဝှေ့ယမ်းကာ လူတစ်စုကို လွှတ်ပေးလိုက်ပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ ရောင်ဝါက တာအိုစက်ကွင်းထဲမှာ ရှိနှင့်ပြီးသား နတ်ဘီလူးတွေကို ဆွဲဆောင်လိုက်ပါတယ်။ လီယောင်နဲ့ ဝူတောက်ကျန့်လည်း တာအိုဘုံကျောင်းထဲက ထွက်သွားပါတယ်။
ငရဲကြက်နက်က အော်ပြောလိုက်ပါတယ် “ဟားဟား.... ဆရာကြက် ထွန်းတောက်ဖို့ အချိန်ရောက်ပြီ၊ ဆရာကြက်က အနာဂတ်မှာ ပဋိပက္ခကို လွှမ်းမိုးမဲ့ ပြိုင်ဘက်ကင်း ဖီးနစ်ငှက်တစ်ကောင် ကျိန်းသေပေါက် ဖြစ်လာတော့မယ်”
တခြားတပည့်ရင်းတွေလည်း အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ အထူးသဖြင့် မုရုံချီ၊ ကွမ်းပုပိုင်နဲ့ တခြားလူတွေကို မြင်လိုက်ရတဲ့အခါမှာ သူတို့ကိုယ်သူတို့ ဂုဏ်ယူသွားကြပါတယ်။
‘မင်းတို့က ဘယ်သူ အနန္တကမ္ဘာ မြင်ကွင်းကျယ်မှာ ကြွားခိုင်းလို့လဲ၊ အခု ငါတို့လည်း ရောက်လာပြီ’
ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းမှာ ကြာကြာမနေဘဲ ကိစ္စပြီးတာနဲ့ ပင်မ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ အခုအချိန်က မလျှော့တမ်းဇွဲနဲ့ ကျင့်ကြံအားထုတ်ရမဲ့ အချိန်ပါ။
ဟန်ကျွယ်ဟာ မဟာတာအို လောကဦးပဋိပက္ခ ထိပ်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီမလို့ မဟာတာအို အထွတ်အထိပ်အဆင့်နဲ့ အလှမ်းမဝေးတော့ပါဘူး။ ဟန်ကျွယ်ဟာ ဒီအဆင့်ကို ရောက်ဖို့ မျှော်လင့်နေခဲ့တာ ကြာပါပြီ။
မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်မှာပဲ ဟန်ကျွယ်ဟာ မကြောက်မရွံ့ နေနိုင်မှာပါ။ ပဋိပက္ခမှာ မရှိသယောင် ထင်ရတဲ့ ပဋိပက္ခသိစိတ်ကလွဲရင် မဟာတာအိုပညာရှိချုပ်သာ လူသားတွေနဲ့ နတ်ဘုရားတွေအထက်မှာ ရှိတာပါ။
ဧရာမနန်းတော်ကြီး တစ်ဆောင်ရဲ့ ပလ္လင်ပေါ်မှာ ရှန်ပေါင် တာအိုကျင့်ကြံသူ ထိုင်နေပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အပျင်းကြီးနေပြီး သူ့မျက်နှာအမူအရာက တစ်စုံတစ်ရာကို မဆိုစလောက် အထင်အမြင်သေးဟန် ရှိနေပါတယ်။
ခန်းမထဲမှာ ရုပ်သွင် ဒါဇင်ကျော် ဒူးထောက်နေကြပါတယ်။ ဒီရုပ်သွင်တွေရဲ့ ခေါင်းဆောင်က ဝတ်ရုံစိမ်း တာအိုကျင့်ကြံသူ ဖြစ်ပါတယ်။
ဝတ်ရုံစိမ်း တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “တန်ခိုးရှင် နတ်ဘုရား... ဒီကိစ္စကို ဘယ်လိုထင်လဲ”
ရှန်ပေါင် တာအိုကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပါတယ် “ငါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မယှဉ်နိုင်ဘူး၊ ငါတို့တွေ ရန်သူကနေ မိတ်ဆွေ ဖြစ်လာတာ မကြာသေးဘူး၊ မင်းက ငါ့ကို သူနဲ့ ရန်သူ ထပ်ဖြစ်ချင်စေနေတာလား”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခန်းမထဲက ဒီလူတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ တွေးပြီးပါပြီ။
ဝတ်စုံစိမ်း တာအိုကျင့်ကြံသူ ဆက်ပြောပါတယ် “ကျွန်တော်မှာ အကောင်းစား ရတနာတစ်ပါး ရှိတယ်၊ ဒီရတနာက ကောင်းကင်တာအိုကို တစ်ချက်တည်း ဖျက်ဆီးနိုင်ပြီး ကံတရားကိုလည်း ဖျက်နိုင်တယ်”
“အဲဒီရတနာနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်နိုင်လား”
“သတ်နိုင်ပါတယ်”
“သတ်နိုင်တယ်ဆိုရင် ဘာလို့ ငါ့ကို လာရှာနေသေးတာလဲ”
“ကျွန်တော်တို့မှာ တိုက်ခိုက်ဖို့ အကြောင်းပြချက် လိုလို့ပါ”
“အို...”
“တန်ခိုးရှင်နတ်ဘုရား... ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ပဲ အမိန့်ပေးပြီး တိုက်ပွဲရလဒ်ကို စောင့်ကြည့်ရုံပါပဲ”
“ယုံကြည်ချက် ရှိလှချည်လား၊ မင်းတို့တွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်နိုင်တယ်ဆိုတော့ ငါ့ကို သတ်နိုင်မှာပေါ့”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပေမဲ့ မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ပြည့်နှက်လာပါပြီ။
ဝတ်စုံစိမ်း တာအိုကျင့်ကြံသူဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေပါတယ် “ဟုတ်ပါတယ်”
ဝတ်စုံစိမ်း တာအိုကျင့်ကြံသူရဲ့ စကားအဆုံးမှာ ခန်းမတစ်ခုလုံး အေးခဲသွားပြီး သတ်ဖြတ်ငွေ့တွေ လျှံထွက်လာပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။