တာအိုနတ်ဘုရား ချင်းရှောင်
Vol. 78 Ch. 821
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဝတ်စုံစိမ်း တာအိုကျင့်ကြံသူကို စိုက်ကြည့်ပြီး မျက်လုံးကျဉ်းလိုက်ပါတယ် “မင်းက ငါ့ကို သတ်နိုင်တယ်လို့ ပြောလိုက်တာလား”
ဝတ်စုံစိမ်း တာအိုကျင့်ကြံသူဟာ ခေါင်းညိတ်လိုက်ပေမဲ့ ဒူးကတော့ ဆက်ထောက်ထားဆဲပါ။ ဝတ်စုံစိမ်း တာအိုကျင့်ကြံသူရဲ့ စကားလုံးတွေနဲ့ အပြုအမူက တကယ်ကို တခြားစီပါ။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ရုတ်တရက်ဆိုသလို အလွန်ကြောက်ဖို့ကောင်းတဲ့ အန္တရာယ် အငွေ့အသက်ကို ရလိုက်ပါတယ်။ ဒီဟာက ရှန်ပေါင် တာအိုကျင့်ကြံသူ ဟန်ကျွယ်ကို ရင်ဆိုင်တုန်းကထက် ပိုပြီးတော့ ကြောက်ဖို့ကောင်းပါတယ်။
“မင်း ဘယ်ကလာတာလဲ” ရှန်ပေါင် တာအိုကျင့်ကြံသူက ခပ်တိုးတိုး မေးလိုက်ပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ နှစ်ပါင်းများစွာကြာအောင် နေထိုင်ခဲ့ပေမဲ့ ဒီလူတွေကို တစ်ခါမှ မမြင်ဖူးပါဘူး။
“ပဋိပက္ခက အဆုံးမရှိဘူး၊ တန်ခိုးရှင်နတ်ဘုရားတောင် ပဋိပက္ခတစ်ခုလုံးကို နားလည်နိုင်မှာ မဟုတ်ဘူး” ဝတ်စုံစိမ်း တာအိုကျင့်ကြံသူက ညင်သာစွာ ပြန်ဖြေပြီး ရှန်ပေါင် တာအိုကျင့်ကြံသူကို မော့ကြည့်လိုက်ပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ရွေးချယ်စရာ မရှိတာကြောင့် ပေါ်တင်ပဲ မေးလိုက်ရပါတယ် “မင်းက ဘာဖြစ်လို့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်ချင်ရတာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ သူက နာမည်ကြီးနေလို့ပါ၊ ပဋိပက္ခရဲ့ ဒီနေရာဝန်းကျင်မှာ သူ့ထက် နာမည်ကြီးတဲ့လူကို ရှာဖို့ မလွယ်ဘူး၊ သူက ကောင်းကင်တာအိုမှာ ရှိနေတာကို ကျွန်တော်တို့တွေ အတည်ပြုထားတယ်”
ဝတ်စုံစိမ်း တာအိုကျင့်ကြံသူရဲ့ အဖြေကြောင့် ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျော်ကြားမှု အတွက်တင်လား”
“ဟုတ်တယ်၊ ကျွန်တော်က ပန်ကူး သေကတည်းက ကျင့်ကြံအားထုတ်နေတာ၊ အကုန်လုံးက တစ်နေ့ကျရင် ပဋိပက္ခမှာ နာမည်ကျော်ကြားဖို့ပဲ၊ ကျွန်တော်တို့ကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်၊ တန်ခိုးရှင် နတ်ဘုရားသာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သတ်ဖို့အမိန့်ပေးရင် ကလဲ့စားချေရာ ရောက်ရုံမက နာမည်လည်း ကြီးသွားလိမ့်မယ်”
ဝတ်စုံစိမ်းနောက်က ရုပ်သွင်တွေကပါ ရှန်ပေါင် တာအိုကျင့်ကြံသူကို မော့ကြည့်လိုက်ကြပါတယ်။
အကြောင်းရင်း တချို့ကြောင့် ရှန်ပေါင် တာအိုကျင့်ကြံသူဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ ဒီလူတွေကို သူ ငြင်းလိုက်ရင် ကောင်းကောင်းမွန်မွန် အဆုံးသတ်မှာ မဟုတ်မှန်းလည်း သိနေပါတယ်။ ဒါပေမဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ကျွယ်အပေါ်ကို အကြွင်းမဲ့ သစ္စာရှိနေပြီမလို့ ဟန်ကျွယ်ကို ဒုက္ခပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့အရာပါ။
“ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူး၊ မင်းတို့အကုန်လုံး ထွက်သွားကြတော့” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်နှာသေနဲ့ အပြတ်ပြောလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ ဝတ်ရုံဟာ မသိမသာ လူးလွန့်သွားပါတယ်။
ဝတ်စုံစိမ်း တာအိုကျင့်ကြံသူဟာ မတတ်နိုင်တဲ့ ပုံစံမျိုး ဖြစ်သွားပြီး မတ်တတ် ကောက်ရပ်လိုက်ပါတယ် “မင်းက လက်မခံချင်မှတော့ မင်းကို သတ်ပြီး ငါ့အစွမ်းကို ပြရသေးတာပေါ့”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပြုံးလိုက်ပါတယ် “တော်တော် မောက်မာတာပဲ၊ မင်းရဲ့ အကောင်းစား ရတနာက ဘာလဲဆိုတာ ငါ ကြည့်ဦးမယ်”
ဝတ်စုံစိမ်း တာအိုကျင့်ကြံသူဟာ ခေါင်းညိတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့နောက်က ရုပ်သွင်တွေလည်း မတ်တတ်ရပ်လိုက်ကြပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်ငါးသောင်းက မျက်စိတစ်မှိတ်ပါပဲ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံတာကို ကျင့်သားရနေပါပြီ။ ဒီလို နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံမှပဲ ဟန်ကျွယ်ဟာ ကျင့်ကြံမှု တိုးတက်တာကို ခံစားနိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျန်းကျွယ်ရှီသည် ဖန်တီးမှု၏ အဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်ပြီး သတ်ဖြတ်ခြင်း ဆန်းကြယ်စွမ်းအား တစ်မျိုးကို ဖန်တီးလိုက်၏။]
[သင့်သား ဟန်ထော်သည် နတ်ဘုရားတစ်ပါး၏ ကံတရား အထောက်အပံ့ကို ရရှိသွား၏။]
[သင့်မိတ်ဆွေ ယီတျန်သည် နတ်ဘုရားတစ်ပါး၏ ကံတရား အထောက်အပံ့ကို ရရှိသွား၏။]
[သင့်တပည့် တာအိုအရှင်သခင်သည် ရှေးဟောင်း နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၂၁၆၄၃
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည်...]
[သင့်မိတ်ဆွေ သိကျန်းသည် သင့်မိတ်ဆွေ လောကဦး ကောင်းကင်အရှင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မြေးတပည့် ချူရှီရန်သည် မူလကမ္ဘာသို့ ဝင်ရောက်သွား၏။]
[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
ဒီအတောအတွင်း ဟန်ကျွယ် မိတ်ဆွေ အသိုင်းအဝိုင်းက ပြန်ပြီးတော့ ရှုပ်ယှက်ခတ်လာပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို စိတ်ဝင်တစား ဖတ်ရှုပါတယ်။
‘ဟန်ထော်နဲ့ ယီတျန်က နတ်စိတ်ဝိညာဉ် ကံတရား အထောက်အပံ့ကို ရဖို့ ဘာတွေ လုပ်လိုက်တာလဲ... ဒါက နတ်တာအိုထဲ ရောက်သွားပြီလို့ ပြောချင်တာလား... သူတို့နှစ်ယောက် အောင်မြင်တော့မှာလား...’
ဟန်ကျွယ်ဟာ သူ့သားက နတ်စိတ်ဝိညာဉ် ဖြစ်လာမှာကို တွေးမိတိုင်း ဘယ်လိုမှ နေလို့ထိုင်လို့ မကောင်းပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဝင်မပါပါဘူး။ သူ့မျိုးဆက်တွေက သူတို့ကံကြမ္မာနဲ့သူတို့ ရှိတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့အခါ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ဖို့ ပြင်ဆင်ပါတယ်။ ဒီအချိန်မှာပဲ ကောင်းကင်အရှင်ရွှမ်တုရဲ့ အသံက နားထဲကို ဝင်လာပါတယ်။
ဟန်ကျွယ်လည်း ရွေးချယ်စရာ မရှိဘဲ မတ်တတ်ရပ်ပြီး စကြဝဠာခန်းမဆီ သွားရပါတယ်။ ခန်းမထဲက တာအိုရှာဖွေသူတွေကို ရှင်းပြီးပြီ ဖြစ်တဲ့အတွက် ခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုပဲ ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ တခြားတာအိုပညာရှိတွေကို ဆင့်ခေါ်ခြင်းမရှိဘဲ ဟန်ကျွယ်နဲ့ နှစ်ယောက်တည်း သီးသန့်တွေ့ဆုံပါတယ်။
“ရှန်ပေါင် တာအိုကျင့်ကြံသူ တစ်ခုခု ဖြစ်သွားတယ်” ကောင်းကင်အရှင်ရွှမ်တုက ညင်သာစွာ ပြောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ အမူအရာကို အကဲခတ်လိုက်ပါတယ်။
“တကယ်လား” ဟန်ကျွယ်ကလည်း မျက်နှာမပျက် ပြန်မေးလိုက်ပါတယ်။
“ရှန်ပေါင်တာအိုကျင့်ကြံသူကို တာအိုနတ်ဘုရား ချင်းရှောင်လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက တိုက်ခိုက်တာ သေလုမျောပါး ဖြစ်သွားတယ်”
‘တာအိုနတ်ဘုရား ချင်းရှောင်...’ ဟန်ကျွယ်က မေးလိုက်ပါတယ် “တာအိုနတ်ဘုရား ချင်းရှောင်က ဘယ်သူလဲ၊ သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိလား”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “ငါ သူ့နာမည်ကို တစ်ခါမှ မကြားဖူးဘူး၊ ငါ့ဆရာသခင်ကိုလည်း မေးကြည့်ပြီးပြီ၊ သူလည်း မသိဘူးတဲ့၊ ပဋိပက္ခကို တကယ်ကို မှန်းဆလို့မရတာ၊ ကောင်းကင်တာအိုက တကယ်ကို ဂရုစိုက်ဖို့လိုနေတာ၊ ကောင်းကင်တာအိုက စွမ်းအားကြီးတယ်လို့ ထင်ရပေမဲ့ ပဋိပက္ခထဲမှာ ပုရွတ်ဆိတ်လောက်တောင်ရှိတာ မဟုတ်ဘူး”
“ငါ့ကို ဘာလို့ ဒီကိစ္စတွေ လာပြောတာလဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ ကြက်သေသေသွားပြီး ဟန်ကျွယ်ရဲ့ မေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပါဘူး။ အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ တွေးတောတဲ့ အမူအရာကို သတိထားမိသွားပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို ကောင်းကင်အရှင်ရွှမ်တုဟာ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ ဒီဖိအားကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်လုပ်ပြုံးပြီး အဖြေပြန်ပေးလိုက်ရပါတယ်။
“ရှန်ပေါင် တာအိုကျင့်ကြံသူက ဒီအတောအတွင်း ကောင်းကင်တာအိုကို အကျိုးအမြတ် အများကြီး ဆောင်ယူလာတယ်၊ သူ တစ်ခုခုဖြစ်ရင် ကောင်းကင်တာအိုလည်း ရောပါသွားနိုင်ခြေ ရှိတယ်၊ တာအိုနတ်ဘုရား ချင်းရှောင်က ဘာလိုချင်လဲဆိုတာ ငါတို့တွေ သိသေးတာ မဟုတ်ဘူး”
“တကယ်လား”
“တကယ်ပါ”
ကောင်းကင်အရှင်ရွှမ်တုဟာ တည်ငြိမ်ချင်ယောင် ဆောင်လိုက်ပါတယ်။
“ငါ နားလည်ပြီ၊ ဒီကိစ္စကို ငါ ကြည့်ရှင်းလိုက်မယ်၊ တခြားကိစ္စ ရှိသေးလား”
ကောင်းကင်အရှင်ရွှမ်တုဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘တကယ်ကို ငါမှန်းတာ မှန်နေတာပဲ၊ ရှန်ပေါင် တာအိုကျင့်ကြံသူက ဟန်ကျွယ်ရဲ့ နောက်လိုက် ဖြစ်နေပြီ... ဒါမှမဟုတ် ရှန်ပေါင် တာအိုကျင့်ကြံသူက ဟန်ကျွယ်ရဲ့ နောက်လိုက် အမြဲတမ်း ဖြစ်နေခဲ့တာလား...’
‘ဒီလိုဆို ဘာဖြစ်လို့ ကောင်းကင်တာအို တိုက်ခိုက်ရတာလဲ၊ ဖြစ်နိုင်ခြေက... မဟုတ်သေးပါဘူး... ငါ ဒီလိုတွေးလို့ မဖြစ်ဘူး’
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဟန်ထော်နဲ့ ယီတျန်က နတ်စိတ်ဝိညာဉ် တစ်နေရာဆီ ရသွားတယ်”
ဟန်ကျွယ်က သူသိကြောင်း ခေါင်းညိတ်ပြလိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ ပြောစရာစကား ကုန်သွားပြီ ဖြစ်တဲ့အတွက် ပါးစပ်ပိတ်လိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တု တိတ်ဆိတ်သွားတာနဲ့ ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ခန်းမထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ် ထွက်ခွာသွားတဲ့အခါ ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘နောက်ကျရင် ငါ သူ့ကို စမ်းသပ်လို့ မဖြစ်တော့ဘူး၊ ဒါပေမဲ့ သူ အခု ပြောသွားတာကို ကြည့်ရင် ငါ့အပေါ် အကောင်းမြင်စိတ် ရှိနေတယ်လို့ ယူဆလို့ရတယ်၊ သူ့ရည်မှန်းချက်က ဘာပဲဖြစ်ဖြစ် ကောင်းကင်တာအိုက တကယ် စွမ်းအားကြီးလာတာပဲ၊ ဒါက ကောင်းတဲ့ကိစ္စပဲ’
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်က ကောင်းကင်တာအိုကို လိုချင်နေတာ မဟုတ်ဘူးလို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်အစီအစဉ်က ဧရာမကြီးလို့ ထင်နေတာပါ။ ကောင်းကင်အရှင်ရွှမ်တု ထင်လည်း ထင်ချင်စရာပါ။ ဟန်ကျွယ်ရဲ့ တပည့်တွေက ပဋိပက္ခမှာ နာမည်တစ်ခုရပြီး ကိုယ်ပိုင် အင်အားစုတွေကို တည်ထောင်နေပြီ မဟုတ်ပါလား။
ဒါကြောင့် ကောင်းကင်တာအိုက ဟန်ကျွယ်ရဲ့ တကယ့် ရည်မှန်းချက်ကို ကာကွယ်ထားတဲ့ ဒိုင်းတစ်ခုလို့ ကောင်းကင်အရှင်ရွှမ်တုက မြင်နေတာပါ။
“ဟုတ်တယ်၊ ဒီလိုနေရာထိ ရောက်အောင် ကျင့်ကြံနိုင်တဲ့လူတွေက မြေခွေးအိုကြီးတွေပဲ၊ ဘယ်သူမှ လွယ်လွယ်နဲ့ ရင်ဆိုင်လို့ရတာ မဟုတ်ဘူး... ဟင်း...”
.....
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းကို ပြန်ရောက်တဲ့အခါ ရှန်ပေါင် တာအိုကျင့်ကြံသူကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေ။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဒူးထောက်ပြီး ဦးညွှတ် အရိုအသေပေးပါတယ်။
“မင်း ဘာလို့ တိုက်ခိုက်ခံရတာလဲဆိုတာ ငါ့ကို ပြောပြစမ်း” ဟန်ကျွယ်က လိုရင်းကို တန်းမေးလိုက်ပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဘာတစ်ခုမှ မဖုံးကွယ်ဘဲ ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို မခြွင်းမချန် ပြောပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုနတ်ဘုရား ချင်းရှောင်က သူ့ကို လာရှာတာလို့ ထင်မထားခဲ့ပါဘူး။ ရှန်ပေါင် တာအိုကျင့်ကြံသူက သူ့ကို ကာကွယ်ဖို့အတွက် ဒဏ်ရာရသွားတာပါ။
“တာအိုနတ်ဘုရား ချင်းရှောင်ရဲ့ အကောင်းစား ရတနာက တကယ်ကို စွမ်းအားကြီးတာ၊ ကျွန်တော်ရဲ့ တာအိုဘုံကျောင်းကို အေးခဲနိုင်ပြီး ကျွန်တော်ကို ခုခံလို့မရအောင် လုပ်နိုင်တယ်၊ သူက မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ကြောက်လို့နဲ့တူတယ်၊ ကျွန်တော်ကို မသတ်ရဲဘူး၊ မဟုတ်ရင် ကျွန်တော် သေသွားတာ ကြာပြီ” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အခုထိ အကြောက်မပြေသေးပါဘူး။
ဟန်ကျွယ်က မေးလိုက်ပါတယ် “သူ့ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ မဟာတာအိုပညာရှိ အဆင့်ကို ကျော်လွန်သွားပြီလား”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်နှာပူပူနဲ့ပဲ ပြန်ဖြေပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ကျွန်တော် သူ့ဓမ္မစွမ်းအားကို အာရုံမခံနိုင်ခင်မှာပဲ သူ့ အကောင်းစား ရတနာ ဖိနှိပ်တာကို ခံလိုက်ရတာ”
“ကောင်းပြီ၊ ကြိုးကြိုးစားစား ဆက်ကျင့်ကြံချည်၊ တကယ်လို့ နောက်တစ်ခါ ဒီလိုအခြေအနေမျိုး ထပ်ကြုံရရင် ငါ့ကို အိပ်မက်ပေး၊ မင်းကိုယ်မင်း ကုန်းရုန်းပြီး ခုခံစရာ မလိုဘူး”
“ကျွန်တော် နားလည်ပါပြီ”
အဲဒီနောက် အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပါတယ် ‘အချိန်ကိုက်လိုက်လေ... ငါက အဆင့်ထိုးဖောက်ပြီးလို့ လက်ယားနေတာ...’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ တာအိုနတ်ဘုရား ချင်းရှောင်ကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်လား”
[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ သက်တမ်း ၃၀၀ ဘီလီယံက ဓားရူးတာအိုပညာရှိ တစ်ပါးစာပဲ ရှိပါတယ်။ ဒီအဆင့်လောက်နဲ့ ဟန်ကျွယ်ကို သတ်ပစ်ဖို့ဆိုတာက ဘယ်လိုမှကို မဖြစ်နိုင်တဲ့ အရာပါ။
‘ဒီကောင်က ဒီလောက်လေးနဲ့ ငါ့ကို သတ်ချင်နေတာလား... ဒီကောင်ခေါင်းက ပုစွန်ဆိတ် ဦးနှောက်နဲ့ တူတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။