ရှေးဟောင်းဝိညာဉ် ပုတီးစေ့၊ ပဋိပက္ခထဲက သက်ရှိအားလုံးကို သတ်ဖြတ်လိုခြင်း
Vol. 78 Ch. 822
ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို တွေးမိသွားပါတယ်။ ဘိုးဘေးရှီတျန်ရဲ့ တကယ်စွမ်းအားက အများထင်ထားတာထက် ပိုပြီးတော့ ကြောက်ဖို့ကောင်းမှာပါ။ ဘာပဲဖြစ်ဖြစ် သတိဆိုတာက ပိုတယ် မရှိပါဘူး။ အခုအချိန်မှာ ဟန်ကျွယ်ဟာ သက်တမ်း အများကြီး ရှိနေတဲ့အတွက် ၃၀၀ ဘီလီယံလောက်ကို စိတ်ကူးထဲတောင် မထည့်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[သတ်နိုင်ပါသည်။ သို့သော် မအောင်မြင်နိုင်ခြေလည်း ရှိသည်။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘာဖြစ်လို့ မအောင်မြင်နိုင်ရတာလဲ... ဒီကောင်ဆီမှာ ရှိနေတဲ့ အကောင်းစား ရတနာနဲ့ ပတ်သက်နေတာလား...’
ဟန်ကျွယ်ဟာ တာအိုနတ်ဘုရား ချင်းရှောင်ကို ပုံတူမကူးထားတာကြောင့် အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တိုက်ခိုက်လို့ မရပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းတစ်ချက် ချပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။
တာအိုနတ်ဘုရား ချင်းရှောင်က ရှန်ပေါင်တာအိုကျင့်ကြံသူကိုပဲ တိုက်ခိုက်သေးတာပါ။ အပြင်လောကရဲ့ အမြင်မှာလည်း ဟန်ကျွယ်နဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူက ရန်သူတွေပါ။
ဟန်ကျွယ်ဟာ တာအိုနတ်ဘုရား ချင်းရှောင်ကို စပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုနတ်ဘုရား ချင်းရှောင်ရဲ့ ရုပ်ရည်သွင်ပြင်ကို ရှန်ပေါင် တာအိုကျင့်ကြံသူဆီက သိခဲ့ရပါတယ်။ နာမည်နဲ့ ရုပ်ရည်သွင်ပြင်ကို သိနေပြီ ဖြစ်တဲ့အတွက် တာအိုနတ်ဘုရား ချင်းရှောင်ရဲ့ ကံတရားကို ဖမ်းရတာက မခက်လှပါဘူး။
ဟန်ကျွယ်ဟာ အစွမ်းကုန်သုံးပြီး ကျိန်စာတိုက်ပါတယ်။
ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စပြီးတော့ လျော့ကျလာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ သက်တမ်း ဆယ်သန်းကုန်သွားတဲ့အခါမှာ ကျိန်စာက လွဲချော်သွားပါတယ်။
‘ဟင်...’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုနတ်ဘုရား ချင်းရှောင်က ငါ့ကျိန်စာကနေ ဘယ်လို လွတ်မြောက်သွားတာလဲ”
[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘များလှချည်လား...’
ဆက်တွက်မယ်။
[ရှေးဟောင်းဝိညာဉ် ပုတီးစေ့: အန္တိမတာအိုရတနာ၊ ကံတရားနှင့် ကံတရား အထောက်အပံ့အား ရှောင်ရှားနိုင်သည်။ ဝိညာဉ်အား စုပ်ယူနိုင်ပြီး အတိတ်ကာလသို့ လွတ်လွတ်လပ်လပ် ခရီးနှင်နိုင်သည်။]
‘အန္တိမတာအိုရတနာလား...’
ဒါဟာ ဟန်ကျွယ်ဟာ ပထမဆုံးအကြိမ် တခြားလူတစ်ယောက်ဆီမှာ အန္တိမတာအိုရတနာ ရှိတာကို ကြုံလိုက်ရတာပါ။
‘ဒီကောင် ဒီလောက်ထိ မောက်မာနေတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ရှန်ပေါင် တာအိုကျင့်ကြံသူ ပြန်မတိုက်နိုင်ဘဲ ဖိနှိပ်ခံရတာလည်း အံ့ဩစရာ မရှိတော့ပါဘူး... ဒီကောင်ဆီမှာ အန္တိမတာအိုရတနာ ရှိနေတာကို’
ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ မရတဲ့အတွက် တာအိုနတ်ဘုရား ချင်းရှောင် သူ့ဆီ လာလည်တာကိုပဲ စောင့်နိုင်ပါတော့တယ်။
အဲဒီအချိန်ရောက်ရင် ဟန်ကျွယ်ဟာ မဟာဟင်းလင်းပြင်ဝိညာဉ်ကို စေလွှတ်ပြီး အချိန်တစ်ခုကြာတဲ့အထိ အချိန်ဆွဲခိုင်းမှာပါ။ အဲဒီအချိန်အတွင်း ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး တာအိုနတ်ဘုရား ချင်းရှောင်ကို ဘယ်လိုသတ်ရမလဲဆိုတာ နည်းလမ်း ရှာဖွေမှာပါ။
ဟန်ကျွယ်ဟာ စိတ်လေးလံမှုကို ဖျောက်ပြီးတာနဲ့ ဆက်ကျင့်ကြံပါတယ်။
.....
တိတ်ဆိတ်တဲ့ ဟင်းလင်းပြင်မှာ တာအိုနတ်ဘုရား ချင်းရှောင်ဟာ နောက်လိုက်တချို့နဲ့ ခရီးနှင်နေပါတယ်။ ဘယ်သူမှ ဘာမပြောတဲ့အတွက် အသံဆိုတာ မရှိတဲ့အထိ တိတ်ဆိတ်နေပါတယ်။
ရုတ်တရက်ဆိုသလို...
တာအိုနတ်ဘုရား ချင်းရှောင်ဟာ ကောက်ရပ်လိုက်တဲ့အတွက် သူ့နောက်လိုက်တွေလည်း ချက်ချင်း ရပ်တန့်သွားကြပါတယ်။
တာအိုနတ်ဘုရား ချင်းရှောင်ရဲ့ရှေ့မှာ ရုပ်သွင်နှစ်ခု ပေါ်လာပါတယ်။ တစ်ယောက်က ဟွမ်ဇွမ်တျန်ပါ။ ဟွမ်ဇွမ်တျန်ရဲ့ ရှေ့မှာတော့ ဝတ်ရုံနက်တစ်ယောက် ရှိနေပါတယ်။ ဝတ်ရုံနက်ရဲ့ သွင်ပြင်က မီးလျှံလိုမျိုး ရှိပြီး သူ့ရုပ်အစစ်ကိုတော့ မြင်တွေ့နိုင်ခြင်း မရှိပါဘူး။
တာအိုနတ်ဘုရား ချင်းရှောင်က မေးလိုက်ပါတယ် “ဒါ ဘာသဘောလဲ”
ဝတ်ရုံနက်က ညင်သာစွာ ပြန်ဖြေပါတယ် “မင်းက ရှန်ပေါင် တာအိုကျင့်ကြံသူကို အနိုင်ယူနိုင်တာဆိုတော့ မင်း စွမ်းအားက မဆိုးဘူး၊ ငါနဲ့အတူ ပူးပေါင်းပါ”
တာအိုနတ်ဘုရား ချင်းရှောင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပူးပေါင်ရအောင် မင်းက ဘယ်သူမလို့လဲ”
နောက်ထပ် စကားတစ်ခွန်းမဆိုဘဲ ဝတ်ရုံနက်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်ပါတယ်။ ဝတ်ရုံနက် လက်မြှောက်လိုက်တဲ့အခါ မကုန်ဆုံးနိုင်တဲ့ အနက်ရောင် လေပြင်းတွေ ထွက်ပေါ်လာပြီး တာအိုနတ်ဘုရား ချင်းရှောင်နဲ့ သူ့နောက်လိုက်တွေကို လုံးဝ လွှမ်းမိုးသွားပါတယ်။
ဟွမ်ဇွမ်တျန်ဟာ တိတ်တဆိတ် နောက်ဆုတ်လိုက်ပါတယ်။ တစ်ဖက်လူက မဟာတာအို နတ်စိတ်ဝိညာဉ်ကိုတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တဲ့လူဆိုတော့ သာမန်လူမဟုတ်တာ ကျိန်းသေပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ်ငါးသောင်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး အကြောဆန့်လိုက်ပါတယ် ‘နှစ်တွေ ဒီလောက်ကြာတာတောင် တာအိုနတ်ဘုရား ချင်းရှောင်က ကောင်းကင်တာအိုဆီ ရောက်မလာသေးပါလား... ဒီကောင် စိတ်ပြောင်းသွားပြီလား’
ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ တာအိုနတ်ဘုရား ချင်းရှောင်က နာမည်ကြီးဖို့ ပြဿာနာ လျှောက်ရှာနေတာ မဟုတ်ပါလား။ အခုဆို တာအိုနတ်ဘုရား ချင်းရှောင်က တော်တော်လေး နာမည်ကြီးနေပါပြီ။
အဲဒီနောက် ဟန်ကျွယ်ဟာ ထုံးစံအတိုင်း စာအိတ်ကို ဖွင့်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးသောင်းမှာ ဟန်ကျွယ် အာရုံစိုက်ရလောက်တဲ့ သတင်းအချက်အလက်တွေ တစ်ခုမှ မရှိပါဘူး။ ဟန်ကျွယ်ကို စိတ်ဝင်စားစေတာက ဟန်ထော်နဲ့ ယီတျန် နှစ်ယောက် မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်လာတာပါ။
‘မိစ္ဆဘိုးဘေးလို့ယွမ်က တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ’
ဟန်ကျွယ်ဟာ မိစ္ဆာဘိုးဘေးလို့ယွမ်က ကောင်းကင်ရုံးတော်နဲ့ ရှုံဟွာလိုမျိုး လိုက်တိုက်ခိုက်မယ်လို့ ထင်ထားခဲ့တာပါ။ အခုတော့ ဒီလိုမဟုတ်ပါဘူး။ မိစ္ဆာဘိုးဘေးလို့ယွမ်ဟာ သိုသိုသိပ်သိပ်နေပြီး အင်အားစုနေပါတယ်။ ကြည့်ရတာ ပဋိပက္ခတစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်တဲ့ အခွင့်ကောင်းကို စောင့်နေပုံပါပဲ။
ဟန်ကျွယ်ဟာ ဟန်ထော်ဆီ သွားလည်သင့် မလည်သင့် ဝေခွဲမရ ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ခံ့ညားထည်ဝါတဲ့ အသံတစ်သံကို နားထဲမှာ ကြားလိုက်ရပါတယ်။
“ငါက မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ပဲ၊ ဒီနေ့ကစပြီး လောကဦးပဋိပက္ခ တာအိုအသီးကို ရရှိထားတဲ့ ဘယ်သူမဆို ရှုံဟွာတွေကို အတူပူးပေါင်းပြီး နှိမ်နင်းရမယ်၊ ရှုံဟွာတွေကို နှိမ်နင်းတဲ့ဘယ်သူမဆို မဟာတာအို ကံတရား အထောက်အပံ့ကို ရရှိမယ်၊ နှစ်တစ်သန်းအတွင်း ရှုံဟွာတွေကို အမြစ်ပြတ် သုတ်သင်နိုင်ရမယ်”
‘မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်... ဒီကောင်က ဘယ်သူလဲ... ဒီကြော်ငြာချက်က တာအိုပညာရှိတွေနဲ့ လွတ်လပ် တာအိုပညာရှိတွေကို အဓိက ပစ်မှတ်ထားတာ ဖြစ်ရမယ်’
ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ လှုပ်ရှားဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်၊ လီတောက်ခုံး၊ ရှီတုတောက်နဲ့ ဟွမ်ဇွမ်တျန်တို့အတွက် စိုးရိမ်သွားတာကြောင့် စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “မဟာတာအို နတ်စိတ်ဝိညာဉ်ခေါင်းဆောင်က ရှုံဟွာတွေကို နှိမ်နင်းဖို့ အမိန့်ပေးနိုင်တာလား”
[သက်တမ်း ၉၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မပေးနိုင်ပါ။]
‘အမိန့်လည်း မပေးနိုင်ဘဲနဲ့ ဘာတွေ လျှောက်ပြောနေတာလဲ မသိဘူး... ဒီကောင် ဂေါက်သွားပြီနဲ့တူတယ်’ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ပထမရှုံဟွာအရှင် အခုအချိန်အထိ အသက်ရှင်နေနိုင်တာက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပါဘူး။ ပဋိပက္ခ အစကတည်းက တည်ရှိနေခဲ့တဲ့ ပထမရှုံဟွာအရှင်ကို ရှင်းပစ်ချင်တယ်ဆိုရင် သာမန်အင်အားစုလောက်နဲ့တော့ ရမှာ မဟုတ်ပါဘူး။
[ချုံရှီလိုင်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။ ချုံရှီလိုင်က သူ့ကို အိပ်မက်မပေးခဲ့တာ အတော်ကြာသွားခဲ့ပါပြီ။ အခုလို့ ရုတ်တရက်ကြီး အိပ်မက်ပေးလာတာက အရေးကြီးကိစ္စရှိလို့ပဲ ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ချုံရှီလိုင်ရဲ့ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ အိပ်မက်ထဲ ရောက်တာနဲ့ ချုံရှီလိုင်က အရင်ဆုံး စပြောပါတယ် “သခင်... တစ်ယောက်ယောက်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို စုံစမ်းနေတယ်”
“ကောင်းကင်တာအိုထဲမှာလား...”
အခုအချိန်မှာ ကောင်းကင်တာအိုက စည်ပင်သာယာဝပြောနေတာ ဖြစ်တဲ့အတွက် တစ်ယောက်ယောက်သာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သုံးလိုက်ရင် ဟန်ကျွယ်နဲ့ တာအိုပညာရှိတွေ ဒေါသထွက်လွန်းလို့ သွေးအန် သေကုန်မှာပါ။
“မဟုတ်ဘူး၊ ပဋိပက္ခမှာ... ကျွန်တော်က အခု ပဋိပက္ခမှာ၊ မကြာသေးခင်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို သိလားမေးတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခုနဲ့ ကျွန်တော် တွေ့ခဲ့ရတယ်”
“မင်း ဘာပြန်ပြောလိုက်လဲ”
“မသိဘူးလို့ပဲ ဖြေလိုက်တာပေါ့၊ အဲဒီလူက ကျွန်တော်နောက် မလိုက်ပေမဲ့ ကျွန်တော် နည်းနည်း စိုးရိမ်နေတုန်းပဲ၊ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားက ကောင်းကင်တာအို သက်ရှိတွေကိုပဲ ပစ်မှတ်ထားတာဆိုတော့ ကောင်းကင်တာအိုအတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်”
“ငါ သိပြီ၊ ငါ ဂရုစိုက်လိုက်မယ်၊ မင်းလည်း ပစ်မှတ်မထားခံရအောင် ဂရုစိုက်ဦး”
“ဟုတ်ကဲ့ပါ”
စကားပြောဆိုပြီးတာနဲ့ အိပ်မက်ဟာ အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်း တွက်ချက်ကြည့်လိုက်ပေမဲ့ အဖြေထွက်မလာပါဘူး။ ကြည့်ရတာ တစ်ဖက်လူက သူ့ထက် စွမ်းအားကြီးရင်ကြီး မဟုတ်ရင်လည်း တွက်ချက်မှုကို ဟန့်တားနိုင်တဲ့ အကောင်းစား ရတနာတစ်ပါး ရှိနေပုံ ရပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
“ချုံရှီလိုင်ကို တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား အကြောင်း မေးတဲ့လူက ဘယ်သူလဲ”
[သက်တမ်း ၇၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်စိတ်ထဲမှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။
ပထမရှုံဟွာအရှင်။
‘လက်စသတ်တော့ ဒီကောင်ကိုး...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲကနေ ထပ်မေးလိုက်ပါတယ် “ပထမရှုံဟွာအရှင်က တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို ဘာလို့ လိုက်စုံစမ်းနေရတာလဲ”
[သက်တမ်း ၇၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်မသွားပါဘူး။ သူ့မြင်ကွင်းထဲမှာသာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ပထမရှုံဟွာအရှင်သည် ပဋိပက္ခထဲရှိ သက်ရှိအားလုံးကို သတ်ပစ်နိုင်သော ဆန်းကြယ်စွမ်းအားကို ဖန်တီးလိုခြင်းတည်း။]
ဒီကိစ္စက တခြားကံတရားတွေ မပါဝင်ပါဘူး။ ပထမရှုံဟွာအရှင်ရဲ့ အတွေးသက်သက်ပါ။ ဒါကြောင့် ပုံရိပ်ယောင် မြင်ကွင်း ပေါ်မလာတာ ဖြစ်ပါတယ်။
‘ဒီကောင်ကို မဟာတာအို နတ်စိတ်ဝိညာဉ်တွေက တွန်းအားပေးလိုက်လို့များလား... မဟုတ်သေးဘူး... အကြောင်းတချို့ကြောင့် ဒီကောင်ရဲ့ အကြံကို မဟာတာအို နတ်စိတ်ဝိညာဉ်တွေ သိသွားတာ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘ပထမရှုံဟွာအရှင်က တော်တော် ရူးတာပဲ၊ ငါ ဒီကောင်ကို တစ်ချက်တည်း သတ်ပစ်လိုက်သင့်လား...’
ဟန်ကျွယ်ဟာ သူ့တပည့်တွေ သေတာကို မမြင်ချင်ပါဘူး။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို အသုံးချပြီး မဟာတာအို နတ်စိတ်ဝိညာဉ်တွေနဲ့ ပဋိပက္ခနတ်ဘီလူးတွေကို ကန့်သတ်ထားချင်ခဲ့တာပါ။ အခုတော့ သူ မထင်ထားတာတွေ ဖြစ်ပျက်လာခဲ့ပါပြီ။
“ပထမရှုံဟွာအရှင်က ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးကို သတ်ပစ်နိုင်တဲ့ ဆန်းကြယ်စွမ်းအားကို ဖန်တီးမယ်ဆိုရင် အချိန် ဘယ်လောက်ကြာမှာလဲ”
[သက်တမ်း ၇၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နှစ်ပေါင်း သန်း ၃၀၀ ခန့် ကြာလိမ့်မည်။]
ဒီအရေအတွက်က အကြာကြီးလို့ ထင်ရပေမဲ့ မဟာတာအို အနန္တကပ်ဘေးထက် အများကြီး ပိုမြန်နေပါတယ်။ ကြည့်ရတာ ပထမရှုံဟွာအရှင် မဟာတာအို အနန္တကပ်ဘေးကို ပြောင်းလဲဖို့ ကြိုးစားချင်ပုံပါပဲ။
ပဋိပက္ခထဲက သက်ရှိအားလုံးသာ အသတ်ခံလိုက်ရရင် သူတို့တွေ လောကဦး နတ်ဘီလူးကို ကြိုပြီးတော့ ပျိုးထောင်နိုင်လောက်ပါတယ်။
ဘာပဲဖြစ်ဖြစ် နှစ် သန်း ၃၀၀ က နည်းတဲ့ ပမာဏာ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ နည်းနည်း ထပ်စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှုံဟွာနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အသေအကျေ တိုက်ခိုက်ပြီး နှစ်ဖက်စလုံး အထိနာသွားတဲ့ အချိန်ကျမှ ပထမရှုံဟွာအရှင်ကို လူမသိသူမသိ အမှည့်ခြွေပစ်မှာပါ။
ဟန်ကျွယ်ဟာ အခုအချိန်မှာ ပထမရှုံဟွာအရှင်ကို သေအောင် ကျိန်စာတိုက်လိုက်ရင် ရှုံဟွာ အင်အားစုက ခေါင်းဆောင်မဲ့သွားမှာပါ။ ဒီလိုဆို လီတောက်ခုံးနဲ့ တခြားလူတွေ တော်တော်လေး ဒုက္ခရောက်သွားမှာပါ။
ဒါပေမဲ့ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပါတယ် ‘ပထမရှုံဟွာအရှင်က နောက်ကျလို့ ကျိန်စာကို ရှောင်ရှားနိုင်တဲ့ အကောင်းစား ရတနာ ရသွားရင် ဘယ်လိုလုပ်မလဲ’ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ မျက်မှောင် ထပ်ကြုတ်သွားပါတယ်။
‘ဒီအတိုင်းဆို ငါ ထိုင်စောင့်နေလို့ မဖြစ်ဘူး... ငါ ဒီကောင်ကို တဖြည်းဖြည်း သေအောင် ညှဉ်းဆဲရမယ်’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာ စတိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။