ပထမရှုံဟွာအရှင် သေဆုံးခြင်း
Vol. 78 Ch. 823
ငါးရက်ကျော်တဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်ကိုဖွင့်ကာ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ပါတယ်။
မကုန်ဆုံးနိုင်တဲ့ ဓမ္မစွမ်းအားတွေဟာ ဟန်ကျွယ်ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီး ကြမ္မာဆိုးစာအုပ်ထဲ ဝင်ရောက်ကာ အလွန်ယုတ်မာရက်စက်တဲ့ ကျိန်စာအသွင် ပြောင်းလဲသွားပါတယ်။ ဒီကျိန်စာတွေဟာ ကာလဒေသကို ကျော်ဖြတ်ခရီးနှင်ပြီး ပထမရှုံဟွာအရှင်ကို အပြင်းအထန် တိုက်ခိုက်ပါတယ်။
ဒီအချိန်မှာ ပထမရှုံဟွာအရှင်ဟာ ဖုန်းဆိုးမြေ ကြယ်တစ်လုံးမှာ ပုန်းအောင်းနေတာ ဖြစ်ပါတယ်။ ပထမရှုံဟွာအရှင်ဟာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအားကို လိုက်ရှာနေတာ နှစ်တစ်သိန်း ရှိသွားပါပြီ။ ဒါပေမဲ့ နောက်ဆုံးမှာ တာအိုပျက်သုဉ်းခြင်း ဆန်းကြယ်စွမ်းအား အကြောင်း ဘာမှမကြားရတဲ့အပြင် ရုတ်တရက် ကျိန်စာတိုက်ခံရတာကြောင့် လန့်ဖျပ်ပြီး ဒီနေရာမှာ လာပုန်းနေတာပါ။
‘ငါ ထင်တော့ ထင်သားပဲ၊ အမှောင်သခင်ကြီးက ငါ့ကို စမ်းသပ်နေတာ မဟုတ်ဘူး၊ ငါ့ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်ချင်နေတာပဲ’ ပထမရှုံဟွာအရှင်ဟာ ဒေါသထွက်လွန်းလို့ အံကြိတ်လိုက်တာ တကျိကျိ မြည်သွားပါတယ်။
‘အမှောင်သခင်ကြီးက ငါ့ကို ဘာဖြစ်လို့ ပစ်မှတ်ထားနေရတာလဲ... ဒီအမှောင်သခင်ကြီးက ဘယ်သူလဲ’
ပထမရှုံဟွာအရှင်ဟာ အကောင်းဆုံး ကြိုးစားပြီး ကျိန်စာကို ဟန့်တားပါတယ်။ ဒါပေမဲ့ ပထမရှုံဟွာအရှင်ရဲ့ ကြိုးစားမှုက အရာမထင်တဲ့အပြင် ကျိန်စာစွမ်းအားက ပိုအားကောင်းလာတဲ့အတွက် ပထမရှုံဟွာအရှင် ထိတ်လန့်လာပါတယ်။
‘အမှောင်သခင်ကြီးက ဒီအခွင့်အရေးကို အသုံးချပြီး ငါ့ကို သေအောင် ကျိန်စာတိုက်ချင်နေတာလား...’ ဒီအတွေးက ပထမရှုံဟွာအရှင်ကို လုံဝ တုန်လှုပ် ချောက်ချားသွားစေပါတယ်။ ဒါက ဖြစ်နိုင်ခြေ မရှိတာတော့ မဟုတ်ပါဘူး။ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်က ရှုံဟွာအင်အားစုကို ရှင်းပစ်ချင်တယ်လို့ ကြော်ငြာထားတာ မဟုတ်ပါလား။
‘ဒီလိုဆို အမှောင်သခင်ကြီးက မဟာတာအို နတ်စိတ်ဝိညာဉ်တွေနဲ့ ပတ်သက်ဆက်နွှယ်နေတာများလား...’
ပထမရှုံဟွာအရှင်ဟာ တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။ အမှောင်သခင်ကြီးရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးက ရက်စက်ယုတ်မာပြီး ပဋိပက္ခကို ဖျက်ဆီးချင်တယ်လို့ လူတွေကို ခံစားရစေတာ အမှန်ပါပဲ။ ဒါပေမဲ့ သေချာတွေးကြည့်ရင် ဒီလို မဟုတ်ပါဘူး။ အမှောင်သခင်ကြီးက ပဋိပက္ခထဲမှာရှိတဲ့ သူတို့စကား နားမထောင်တဲ့လူတွေကို ရှင်းပစ်ချင်တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးရဲ့ မျက်နှာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
ပထမရှုံဟွာအရှင်ဟာ ဖြေရှင်းချက်ကို တွေးတောစဉ်းစားရင် မျက်တောင် တဖျတ်ဖျတ် ခတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း သူ့သက်တမ်းကို စိုက်ကြည့်ပါတယ်။
၁ ကွာဒလီယံ။
၅ ကွာဒလီယံ။
၁၀ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပထမရှုံဟွာအရှင်၏ တာအိုနှလုံးသား ထိခိုက်သွား၏။]
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာ မရပ်ပါဘူး။
၂၀ ကွာဒလီယံ။
၃၀ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ပထမရှုံဟွာအရှင်၏ ခန္ဓာကိုယ်နှင့် တာအိုအသီး ကွဲကြေသွား၏။]
‘ဒီကောင် မသေသေးဘူးလား... မင်း ဘယ်လောက်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့’
ဟန်ကျွယ်ဟာ ကျိန်စာဆက်တိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို တစ်ခါတည်း အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။
ဒီအချိန်မှာပဲ...
[သင့်ရန်သူ ပထမရှုံဟွာအရှင်သည် မဟာတာအိုကို ကိုယ့်ဘာသာ ဖြိုခွဲခဲ့သဖြင့် ဝိညာဉ် လွင့်ပါး ပျောက်ကွယ်ကာ စိတ်ဆန္ဒ တစ်စွန်းတစ်စသာ ကျန်ရှိတော့၏။]
အဲဒီနောက် ဟန်ကျွယ်ရဲ့ ကျိန်စာဟာ လွဲချော်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာပါတယ်။
“အမှောင်သခင်ကြီး... မင်းက မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး၊ နတ်မင်းတွေ... ခင်ဗျားတို့က တော်တော် အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးတာပဲ”
တာအိုပညာရှိ အထက်က ကျင့်ကြံသူတွေသာ ဒီအသံကို ကြားနိုင်ကြပါတယ်။
ဟန်ကျွယ်ရဲ့ မျက်နှာဟာ ထူးဆန်းသွားပါတယ် ‘ဒီကောင် ရူးသွားတာလား... ဘာဖြစ်လို့ အမှောင်သခင်ကြီးကို နတ်စိတ်ဝိညာဉ်လို့ ထင်ရတာလဲ၊ သူ ကျိန်စာမတိုက်ခံရင် နတ်စိတ်ဝိညာဉ်တွေက တိုက်ခိုက်ခဲ့လို့လား’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဒါက ဟန်ကျွယ်အတွက် သတင်းကောင်းပါ။ ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို သေအောင် ကျိန်စာ မတိုက်နိုင်ခဲ့ပေမဲ့ အနည်းဆုံးတော့ အမှောင်သခင်ကြီး သရုပ်ကို မဟာတာအို နတ်စိတ်ဝိညာဉ်တွေဆီ ပစ်ပေးနိုင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ပထမရှုံဟွာအရှင်ရဲ့ အသံကြောင့် အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ အသံပိုင်ရှင်က ဘယ်သူမှန်း မသိပေမဲ့ အမှောင်သခင်ကြီးနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ပါဝင်ပတ်သက်နေတာကြောင့် နက်နက်နဲနဲ မတွေးကြပါဘူး။
မီးမရှိဘဲနဲ့ မီးခိုးထွက်လာစရာ အကြောင်းကို မရှိပါဘူး။
မှောင်မိုက်ပြီး ဘာမှမရှိတဲ့ နန်းတော်တစ်ဆောင်မှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဖုံးကွယ်မဟာတာအို နတ်ဘီလူးရှေ့ ထိုင်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းဟာ ပထမရှုံဟွာအရှင်အရဲ့ စကားသံကြောင့် တိတ်ဆိတ်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးက ဟန်ကျွယ်နဲ့ ပတ်သက်နေတယ်လို့ အမြဲတမ်း တွေးထားခဲ့သူပါ။ ဒါပေမဲ့ ဟန်ကျွယ်က မဟာတာအို နတ်စိတ်ဝိညာဉ်နှစ်ပါးကို သတ်ခဲ့ပြီးပါပြီ။ ရှန်ပေါင် တာအိုကျင့်ကြံသူက နောက်ပိုင်း ပြန်ပေါ်လာပေမဲ့ ကောင်းကင်တာအိုကို ထပ်ပြီးတော့ အပြစ်မပြုရဲတော့ပါဘူး။
‘ငါ့ခန့်မှန်းချက် မှားသွားတာလား... အမှောင်သခင်ကြီးက ဟန်ကျွယ်နဲ့ ဘာကိစ္စမှ မရှိဘူးဆိုရင် ဘာဖြစ်လို့...’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရုတ်တရက်ဆိုသလို ပြဿနာတစ်ခုကို တွေးမိလိုက်ပါတယ်။ သူ့ရန်သူတွေကို အမှောင်သခင်ကြီးက ရှင်းပစ်လိုက်ပေမဲ့ သူလည်း ကောင်းကောင်း အဆုံးမသတ်တာကိုပါ။ ကောင်းကင်တာအို အနန္တကပ်ဘေးတုန်းကလည်း ကောင်းကင်တာအိုကနေ တစ်ခါတည်း နှင်ထုတ်ခံခဲ့ရပါတယ်။ သူ့နေရာမှာ တခြားလူသာဆိုရင် ကျိန်းသေပေါက် ပြဿနာတက်မှာပါ။
‘ငါက တစ်ယူသန် တွေးမိခဲ့တာပဲ၊ ဟန်ကျွယ်က ဝန်မခံတာ အံ့ဩစရာ မရှိတော့ပါဘူး’
ဖုံးကွယ်မဟာတာအို နတ်ဘီလူးက ရေရွတ်လိုက်ပါတယ် ‘ခုနက အသံကို ရင်းနှီးနေသလိုပဲ၊ သူ ဘာလို့ အဲဒီလို ပြောရတာလဲ၊ ဘာတွေ ဖြစ်သွားလို့လဲ’
ဖုံးကွယ်မဟာတာအို နတ်ဘီလူးဟာ အကောင်းဆုံး ကြိုးစားတွက်ချက်ကြည့်ပေမဲ့ တွက်ချက်လို့ မရပါဘူး။
အမှောင်သခင်ကြီးက ပဋိပက္ခမှာ နာမည်ကြီးနေတာ ကြာပါပြီ။ သူ့ဂုဏ်သတင်းက မကောင်းပေမဲ့ နာမည်တစ်ခုတည်းနဲ့တင် မသိတဲ့လူ မရှိသလောက်ပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “အမှောင်သခင်ကြီးက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး၊ အများကြီးတွေးစရာ လိုလို့လား”
“ဟုတ်တယ်၊ မင်းအတွက် မင်းအဖေကို အသက်ပြန်ရှင်အောင် လုပ်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး၊ သူ ဘာဖြစ်လို့ အမင်္ဂလာ မကောင်းဆိုးဝါး ဖြစ်လာလဲဆိုတာ ငါမသိပေမဲ့ ရှေးခေတ်ကစလို့ အမင်္ဂလာ မကောင်းဆိုးဝါး ဘဝကနေ လွတ်တဲ့လူ မရှိသေးဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“သူ့ကို ဘယ်လိုကယ်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားရအောင်၊ ဘိုးဘေးရှီတျန်က သူ့ကို ဖမ်းသွားတာဆိုတော့ သူ ဘယ်နေမှာလဲဆိုတာ ငါတို့ မသိနိုင်ဘူး” ဖုံးကွယ်မဟာတာအို နတ်ဘီလူးရဲ့ လေသံက သာမန်ကာလျှံကာပါပဲ။ ဂရုမစိုက်ဘူးဆိုတာ အထင်အရှားကြီးပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဖုံးကွယ်မဟာတာအို နတ်ဘီလူး ဘာကိုဆိုလိုလဲဆိုတာ နားလည်ပါတယ် “စီနီယာ သူ့ကို မရှာနိုင်မှတော့ တခြားအကြောင်း ပြောရအောင်”
ဖုံးကွယ်မဟာတာအို နတ်ဘီလူးဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “ကောင်စုတ်လေး... ငါ မင်းကို ဘယ်လောက်တောင် ကူညီခဲ့ပြီးပြီလဲ”
“စီနီယာ ကျွန်တော်ကို ကူညီတာ အကျိုးမယုတ်ပါဘူး၊ စီနီယာရဲ့ ကျင့်ကြံမှုလည်း အများကြီး တိုးတက်လာတာပဲဟာကို”
“ပြော... နောက်ထပ် ဘာကူညီရမှာလဲ”
“ကျွန်တော် လက်အောက်မှာ ဗုဒ္ဓစိတ်ဝိညာဉ်တစ်ပါး ရှိတယ်၊ သူ့ကို စီနီယာ လက်အောက်မှာ အချိန်အတိုင်း တစ်ခုအထိ ကျင့်ကြံအားထုတ်ပြီး မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို လေ့လာစေချင်တယ်”
“လာပြန်ပြီလား”
“ဟိုနှစ်ကောင်ကို မိစ္ဆာဘိုးဘေးက ဖမ်းသွားတာ ကျွန်တော်မှာ ရွေးချယ်စရာမရှိဘူး၊ အခု ကောင်းကင်ရုံးတော်မှာ ဝန်ထမ်းမဲ့လူက မရှိတော့ဘူး” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အထီးကျန်စွာ သက်ပြင်းချလိုက်ပါတယ်။
ဖုံးကွယ် မဟာတာအို နတ်ဘီလူးဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်ပါတယ် “ဒါ နောက်ဆုံးအကြိမ်ပဲ”
“ကျေးဇူးပါပဲ စီနီယာ”
“ဟမ်”
ပထမရှုံဟွာအရှင်ရဲ့ သေချင်ယောင်ဆောင်မှုက ပဋိပက္ခကို ရုတ်ရုတ်သဲသဲ မဖြစ်စေပါဘူး။ အပေါ်ယံမှာတော့ ဘယ်သူမှ သူ့စကားကို သုံးပြီး မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ပြဿနာ မရှာရဲပါဘူး။ ဒါပေမဲ့ ရှုံဟွာတွေက တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားပြီး ပြဿနာ မရှာတော့ပါဘူး။
မြူခိုးတွေ ပြည့်နှက်နေတဲ့ အာကာသတစ်ခုမှာ ဘိုးဘေးရှီတျန်၊ ရှီတုတောက်၊ လီတောက်ခုံးနဲ့ လူဆယ်ယောက်ကျော် စုစည်းနေကြပါတယ်။
“ရှုံဟွာသခင်က သေသွားပြီ၊ သူ့ကို အမှောင်သခင်ကြီးက သေအောင် ကျိန်စာတိုက်လိုက်တာ” ဘိုးဘေးရှီတျန်က ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။
‘အမှောင်သခင်ကြီး...’ ရှီတုတောက်ဟာ အံ့အားသင့်သွားပါတယ် ‘သခင်ကြီးက ဘာလို့ ဒီလိုလုပ်ရတာလဲ’
လီတောက်ခုံးဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီလိုဆိုရင် အမှောင်သခင်ကြီးက မဟာတာအို နတ်စိတ်ဝိညာဉ် တကယ် ဖြစ်နိုင်တယ်၊ သူ ကျိန်စာတိုက်တဲ့ နည်းလမ်းက တကယ်ကို နက်နဲတာ၊ ကျွန်တော်တို့တွေ ဘယ်လိုလုပ်ကြမလဲ”
ဘိုးဘေးရှီတျန်က အဖြေမပေးပါဘူး။
တခြားရှုံဟွာတွေလည်း စပြီးတော့ ဆွေးနွေးကြပါတယ်။
“ရှုံဟွာသခင်တောင် သူ့ကို မတားနိုင်ဘူးဆိုတော့ ငါတို့က ဘယ်လိုလုပ်ပြီး အမှောင်သခင်ကြီးကို ယှဉ်နိုင်မှာလဲ”
“ဟုတ်တယ်၊ ငါတို့တွေ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို တိုက်ခိုက်ရင် လုံးဝ အဆုံးသတ်သွားလိမ့်မယ်”
“ဒါပေမဲ့ ငါတို့တွေ ကပ်ဘေးထိန်းချုပ်သူ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး”
“အခုအချိန်မှာ ရှုံဟွာတွေက စည်းလုံးတော့ပါမလား”
“ရှုံဟွာသခင် အသစ် ပေါ်လာရင်ရော...”
ရှီတုတောက်ဟာ စိတ်ထဲမှာ အထင်အမြင်သေးသွားပါတယ် ‘သောက်ငတုံးတွေ... ရှုံဟွာ အင်အားစုရဲ့ တကယ့်ထိန်းချုပ်သူက အမှောင်သခင်ကြီး၊ ရှုံဟွာသခင်က သေချင်ယောင်ဆောင်တာပဲ ဖြစ်လိမ့်မယ်၊ တကယ်သေတာ လုံးဝ မဖြစ်နိုင်ဘူး... ဒါ လုံးဝ ထောင်ချောက်ပဲ’
‘အမှောင်သခင်ကြီးက ရှုံဟွာအင်အားစုကို အတွင်းထဲမှာ ဖရိုဖရဲဖြစ်အောင်လုပ်ပြီး မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ရှုံဟွာအင်အားစု ပြိုကွဲသွားပြီလို့ မြင်စေချင်တာ ဖြစ်ရမယ်’
ဘိုးဘေးရှီတျန်က ပြောလိုက်ပါတယ် “လောလောဆယ်တော့ ဒီနေရာပဲ ပုန်းပြီး ကျင့်ကြံအားထုတ်ရအောင်၊ ရှုံဟွာသခင် သေသွားပြီဆိုပေမဲ့ ငါတို့က ရှုံဟွာဖြစ်နေတုန်းပဲ၊ ငါတို့တွေ အညံ့ခံရင်တောင် နတ်စိတ်ဝိညာဉ်တွေက ငါတို့ကို ချမ်းသာပေးမှာ မဟုတ်ဘူး၊ ပဋိပက္ခကလည်း ငါတို့ကို လက်ခံမှာ မဟုတ်ဘူး၊ ဒီတော့ ငါတို့တွေ အခွင့်ကောင်းကို စောင့်ရမယ်”
လီတောက်ခုံးက မေးလိုက်ပါတယ် “တခြားရှုံဟွာတွေကရော...”
ရှုံဟွာအင်အားစုက ရှုပ်ထွေးပြီး အဖွဲ့အများကြီး ရှိပါတယ်။ ရှုံဟွာသခင်ကလွဲရင် အဖွဲ့ဝင် ဘယ်လောက်ရှိတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။
“ရှုံဟွာသခင် အသစ် ပေါ်လာလိမ့်မယ်၊ ရှုံဟွာသခင် အသစ်က စွမ်းအား ပိုကြီးပြီး ပဋိပက္ခမှာ နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်လို့ သူ တစ်ခါက ပြောဖူးတယ်” ဘိုးဘေးရှီတျန်က ခံစားချက် ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။
တခြားရှုံဟွာတွေဟာ ဘိုးဘေးရှီတျန်ရဲ့ စကားကြောင့် စိတ်သက်သာရာ ရသွားပြီး ရှုံဟွာသခင် အသစ်က ဘယ်သူလဲဆိုတာကို အချင်းချင်း ဆွေးနွေးကြပါတယ်။
ပဋိပက္ခမှာ နာမည်ကျော်တဲ့ ပုဂ္ဂိုလ်တွေက သိပ်များတာ မဟုတ်ပါလား။ သူတို့တွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုတောင် ထည့်ဆွေးနွေးကြပါသေးတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။