← Chapters

နတ်မုခ်ဝ၊ ကြယ်များကို သန့်စင်ခြင်း

Vol. 78 Ch. 824

နတ်မုခ်ဝ၊ ကြယ်များကို သန့်စင်ခြင်း

Vol. 78 Ch. 824

ဟန်ကျွယ်ဟာ ပဋိပက္ခရဲ့ အခြေအနေကို မသိပါဘူး။ သိလည်း စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ပထမရှုံဟွာအရှင်ကို ကျိန်စာတိုက်ပြီးတာနဲ့ ဆက်ကျင့်ကြံပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်အတွက် ကျင့်ကြံတာက အရေးအကြီးဆုံးပါ။

တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။

နှစ်ငါးသောင်းက မျက်တောင်တစ်ခတ်ပါပဲ။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိတ်ဆို့မှုကို ရုတ်တရက် ခံစားလိုက်ရလို့ပါ။

ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် အဆင့်ကို ဘယ်လို ထိုးဖောက်ရမလဲဆိုတာ မသိပါဘူး။ ဒီအရောက်မှာ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကျင့်စဉ်ကလည်း အကျိုးသက်ရောက်မှု မရှိတော့ပါဘူ။ ဒါကြောင့် ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကိုသာ သုံးသပ်နားလည်နိုင်ပြီး အထွတ်အထိပ် အဆင့်ကို တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာရပါတော့တယ်။

“မဟာတာအို အထွတ်အထိပ် အဆင့်ကို ဘယ်လိုထိုးဖောက်ရမလဲ” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ကောက်သုံးလိုက်ပါတယ်။

[ကျင့်စဉ်အား တွက်ချက်မရပါ။]

‘ဟမ်... မရဘူးလား... မရလည်းနေပေါ့၊ ငါ့ဘာသာ ဘာလို့ နည်းလမ်း မရှာနိုင်ရမှာလဲ’

ဟန်ကျွယ်ဟာ အပျင်းပြေလက်ပျောက် စာအိတ်ကိုဖွင့်ပြီး စာစောင်တွေဖတ်လိုက်ပါတယ်။

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှု တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ကျန်းကျွယ်ရှီ၏ စိတ်သည် မဟာဟင်းလင်းပြင်၌ လျှောက်သွားပြီး မဟာတာအို အဆုံးသတ်ကို ချောင်းကြည့်ခဲ့သဖြင့် တန်ပြန်ထိကာ ဝိညာဉ် ထိခိုက်သွား၏။]

[သင့်ရန်သူ မဟာရှေးဟောင်း နတ်ဘီလူးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဓားရူးတာအိုပညာရှိသည် နတ်စိတ်ဝိညာဉ် ကံတရားကို ခုတ်ဖြတ်ပြီး ပုံရိပ်ယောင်ကို ထိုးဖောက်မြင်ကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ကျန်းယီသည် အဆုံးမဲ့ မီးပင်လယ်ကို စုပ်ယူပြီး လွတ်လပ်မှုအဆင့်ကို တက်လှမ်းသွား၏။]

[သင့်သား ဟန်ထော်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အာဏာကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ရှန်ပေါင် တာအိုကျင့်ကြံသူသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှု တိုးတက်သွား၏။]

ဒီအတောအတွင်း ပဋိပက္ခက တော်တော် တည်ငြိမ်နေပါတယ်။ အခွင့်အရေးတွေလည်း အများကြီးပါပဲ။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိနဲ့ ပတ်သက်တဲ့ စာစောင်ကို သတိထားမိသွားပါတယ်။

‘နတ်စိတ်ဝိညာဉ် ကံတရားကို ခုတ်ဖြတ်တယ်၊ ဓားရူးတာအိုပညာရှိက ပဋိပက္ခ နတ်မင်းတွေနဲ့ ရေစက်ဖြတ်လိုက်တာလား... ပုံရိပ်ယောင်ကို ထိုးဖောက်မြင်တယ်ဆိုတာကို ဘာကို ပြောတာလဲ’

ပုံရိပ်ယောင်ကို ထိုးဖောက်မြင်တယ်ဆိုတဲ့ စကားကို ဟန်ကျွယ် မြင်ဖူးကြားဖူးတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဒီစကားက မဟာတာအိုပညာရှိ အထွတ်အထိပ် အဆင့်နဲ့ ပတ်သက်နေတာ ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်ပါတယ်။ ဟန်ထော်ရဲ့ အတွေ့အကြုံကနေ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကလည်း ကပ်ဘေးထိန်းချုပ်သူလိုမျိုး မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ ဆိုတာ ဟန်ကျွယ် သိလိုက်ပါတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးကို နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ထိန်းချုပ်ရင် ထိန်းချုပ် ၊ မဟုတ်ရင်လည်း ပဋိပက္ခသိစိတ်က ထိန်းချုပ်ထားတာ ဖြစ်နိုင်ပါတယ်။ ပထမရှုံဟွာအရှင်သာ အောင်မြင်ခဲ့မယ်ဆိုရင် ကပ်ဘေးထိန်းချုပ်သူ အကုန်လုံးက ပဋိပက္ခအသစ်ရဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်လာမှာပါ။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို အင်အားကြီးလာကတည်းက ပဋိပက္ခဟာ ပိုပိုပြီး စည်ပင်သာယာ ဝပြောလာတာကို ရှာတွေ့သွားပါတယ်။ အရင်တုန်းက ဟန်ကျွယ်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းဟာ ပဋိပက္ခနဲ့ သိပ်ပြီးတော့ ပတ်သက်မှု မရှိတဲ့အတွက် ပဋိပက္ခက ခြောက်ကပ်နေတယ်လို့ ထင်ရတာပါ။

တကယ်တော့ ကောင်းကင်တာအိုက အပြည့်စုံဆုံး ကမ္ဘာတစ်ခုပါ။ ဒါပေမဲ့ နိယာမတွေ ပြည့်စုံတဲ့ ကမ္ဘာက ကောင်းကင်တာအို တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ပဋိပက္ခက အဆုံးမဲ့တဲ့အတွက် ကမ္ဘာတွေ စကြဝဠာတွေဟာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။

မဟာတာအို အထွတ်အထိပ်ဆိုတာက မဟာတာအို အထက်မှာ ရှိနေတာပါ။ အခုအချိန်မှာ ဟန်ကျွယ်က ပဋိပက္ခရဲ့ အဆုံးကိုတောင် မမြင်နိုင်သေးပါဘူး။ ဘယ်လိုလုပ်ပြီး မဟာတာအိုရဲ့ အထက်မှာ ရပ်တည်နိုင်မှာလဲ။

ရုတ်တရက်ဆိုသလို ဟန်ကျွယ်ခေါင်းထဲမှာ အကြံတစ်ခု ပေါ်လာပါတယ် ‘ငါ ပဋိပက္ခမှာ လျှောက်သွားပြီး မဟာတာအို အထွတ်အထိပ် အဆင့်ကို ဘယ်လိုသွားရမလဲဆိုတာ လိုက်ထောက်လှမ်းရင် ကောင်းမလား... မဖြစ်ဘူး... မဖြစ်ဘူး... ဒါက ထောင်ချောက်ပဲ’

ဟန်ကျွယ်ဟာ သူက လောကဦး နတ်ဘီလူး ဖြစ်တဲ့အတွက် ပဋိပက္ခရဲ့ လမ်းစဉ်အတိုင်း လျှောက်လို့ မဖြစ်ဘူးလို့ ခံစားလိုက်ရပါတယ်။

‘ဟုတ်တယ်... ငါ့ရှုထောင်ကနေ ကြည့်သင့်တယ်၊ မဟာတာအို အထွတ်အထိပ် အဆင့်ကို ထိုးဖောက်ဖို့ နည်းလမ်းက ငါ့ဆီမှာ ရှိနှင့်ပြီးသား ဖြစ်နိုင်တယ်... အပြင်ဘက်မှာ မဟုတ်ဘဲ ငါ့ခန္ဓာကိုယ်ထဲမှာ ဖြစ်နိုင်တယ်’

ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ စာအိတ်ကိုပိတ်ပြီး လောကဦး ကြယ်တာရာခန္ဓာကိုယ်ကို အာရုံစိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အခုအချိန်ထိ သူ့ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာကိုပဲ အာရုံစိုက်ထားပြီး သူ့ခန္ဓာကိုယ်ကို လျစ်လျူရှုထားခဲ့တာပါ။

ဝိညာဉ်က အရေးအကြီးဆုံးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ပဋိပက္ခရဲ့ အဓိက ကျင့်ကြံမှုလမ်းစဉ်ပါ။ ဒါပေမဲ့ လောကဦးပဋိပက္ခအတွက် သင့်တော် မသင့်တော်က ပြောဖို့ခက်ပါတယ်။

ဟန်ကျွယ်ရဲ့ ခေါင်းထဲမှာ သံသယတွေ ဆက်တိုက်ပေါ်လာပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ တာအို သုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။

‘လောကဦး ကြယ်တာရာခန္ဓာကိုယ်က ဘာဖြစ်လို့ လောကဦးနတ်ဘီလူး ဖြစ်ရတာလဲ... လောကဦးနတ်ဘီလူးက ပဋိပက္ခ နတ်ဘီလူး သုံးထောင်လိုမျိုး တစ်ယောက်ထက် ပိုပြီး ရှိနေတာလား...’

‘ကြယ်တွေ... ကြယ်ဆိုတာက ဘာလဲ’

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ မရေမတွက်နိုင်တဲ့ ကြယ်တွေ ဝိုင်းရံနေသလိုမျိုး အလင်းရောင်ကို ထုတ်လွှတ်လာပါတယ်။ ဟန်ကျွယ်ကတော့ တာအိုသုံးသပ်နားလည်တဲ့ အခြေအနေမှာမလို့ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်သွားပါတယ်။

.....

တလက်လက် တောက်ပနေတဲ့ ရွှေရောင် ကောင်းကင်ပြင်မှာ အဆုံးမဲ့တဲ့ တိမ်ပင်လယ်ဟာ မြေပြင်နဲ့ ထိစပ်နေပါတယ်။

ဟန်ထော်နဲ့ ယီတျန်ဟာ ရင်ဘောင်တန်း လမ်းလျှောက်နေပြီး သူတို့နောက်မှာ လူသုံးယောက် ပါလာပါတယ်။ သူတို့အကုန်လုံးဟာ အရပ်မျက်နှာတစ်ခုတည်းကို လျှောက်လှမ်းနေကြတာပါ။ သူတို့ရှေ့မှာတော့ ဧရာမ အဖြူရောင် အလင်းစက်ဝိုင်းကြီးဟာ တံခါးတစ်ခုလိုမျိုး တိမ်ပင်လယ် အဆုံးမှာ တည်ရှိနေပါတယ်။

“ငါ့ခြေထောက်အောက်မှာရှိတဲ့ တိမ်ပင်လယ်က တကယ်ကြီး မဟာတာအို စွမ်းအားလား... ကျွတ်..ကျွတ်... ဒါက ဘယ်လိုနေရာလဲ”

ယီတျန်က အသံလွှင့်ပြီး ဟန်ထော်ကို မေးလိုက်ပါတယ်။ ယီတျန်ရဲ့ စိတ်လှုပ်ရှားတွေနဲ့ ပြည့်နေပါတယ်။

ဟန်ထော်က ပြန်ဖြေလိုက်ပါတယ် “လျှောက်မကြည့်နဲ့၊ ဒါက ရှေးဟောင်း မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးရဲ့ တာအိုစက်ကွင်း ဖြစ်လိမ့်မယ်”

ယီတျန်ဟာ အသံလွှင့်တာ ရပ်လိုက်ပေမဲ့ တာအိုပညာရှိအာရုံနဲ့ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပါတယ်။

အတော်ကြာသွားတဲ့အခါမှာတော့...

မဟာတာအို နတ်စိတ်ဝိညာဉ် အသစ် ငါးပါးဟာ အဖြူရောင် အလင်းစက်ဝိုင်းရှေ့ ရပ်လိုက်ပါတယ်။ သေချာဂရုတစိုက် ကြည့်မယ်ဆိုရင် အဖြူရောင် အလင်းစက်ဝိုင်းက မိုင်တစ်သောင်းလောက် အချင်းရှိပါတယ်။ ဒီစက်ဝိုင်းထဲမှာ ရုပ်သွင်မျိုးစုံ ပေါ်လာပါတယ်။ ထောင့်ပေါင်းစုံက ဖြစ်တဲ့အတွက် ပုံရိပ်တွေက နေရာတူရင်တောင် ရုပ်သွင်တွေက မတူကွဲပြားပြီး လုံးဝကို မှော်ဆန်လှပါတယ်။

မဟာတာအို နတ်စိတ်ဝိညာဉ်ငါးပါးဟာ အဖြူရောင် အလင်းစက်ဝိုင်းထဲက ထူးဆန်းတဲ့ ပုံရိပ်တွေကြောင့် တအံ့တဩဖြစ်သွားပြီး စိတ်ဝင်တစား လိုက်ကြည့်ပါတယ်။

ဟန်ထော်ဟာ ရုတ်တရက် နိုးလာပါတယ်။ အဖြူရောင် အလင်းစက်ဝိုင်းထဲ စိတ်နှစ်သွားတာက အသက်ရှူကြိမ် တချို့ပဲ ရှိပေမဲ့ ဟန်ထော်ရဲ့ ကျင့်ကြံမှုဟာ အနည်းငယ် တိုးတက်သွားပါတယ်။

‘မဖြစ်နိုင်တာ... ဒီဟာက ဘယ်ကနေ လာတာလဲ’ ဟန်ထော်ဟာ ရင်ထိတ်သွားပါတယ်။

“ဒါက နတ်မုခ်ဝပဲ၊ မင်းတို့ ဒီအထဲကို ဝင်လိုက်တာနဲ့ နတ်မုခ်ဝက မင်းတို့ရဲ့ နယ်မြေကို ဆုံးဖြတ်ပေးလိမ့်မယ်၊ အခုအချိန်ကစပြီး မင်းတို့က မဟာတာအို နတ်စိတ်ဝိညာဉ် စစ်စစ်တွေ ဖြစ်လာပြီး ပဋိပက္ခအာဏာကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မယ်၊ မင်းတို့ မှတ်ထားရမှာက နတ်စိတ်ဝိညာဉ်တွေကို စိတ်မပျက်စေနဲ့”

ကျယ်လောင်တဲ့ အသံကြီးဟာ ဒီလောကထဲမှာ ပဲ့တင်ထပ်သွားပါတယ်။

ဒီအသံကို ကြားလိုက်ရတဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် အသစ် ငါးပါးဟာ နတ်မုခ်ဝထဲကို ချက်ချင်း လှမ်းဝင်လိုက်ပါတယ်။ ဟန်ထော်ဟာ အဖြူရောင် အလင်းစက်ဝိုင်းထဲ ဝင်လိုက်ချိန်မှာ ဒီအသံက ဘယ်သူ့ အသံလဲဆိုတာကို စဉ်းစားနေတုန်း ရှိပါသေးတယ်။

“အို... နတ်ဆိုးလမ်းစဉ်လား... မင်းတို့က သေချင်နေပြီနဲ့ တူတယ်”

ကျယ်လောင်တဲ့ အသံကြီးကြောင့် ဟန်ထော်ဟာ လန့်သွားပေမဲ့ နောက်လှည့်လို့ မရတော့ပါဘူး။

“ဝုန်း...”

ဟန်ထော်ရဲ့ သိစိတ်ဟာ ချက်ချင်းဆိုသလို ကွဲကြေပြီး ဗလာအတိ ဖြစ်သွားပါတယ်။

.....

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကိုယ်ရေးအကျဉ်းကို စစ်ကြည့်လိုက်တဲ့အခါ နှစ်တစ်သောင်းကျော် ကုန်ဆုံးသွားတာကို တွေ့လိုက်ရပါတယ်။

အချိန်က တကယ်ကို အကုန်မြန်တာပါ။ တာအိုသုံးသပ်နားလည်တာက ကျင့်ကြံတာထက်ကို အချိန်ကုန် ပိုမြန်ပါတယ်။

ဒီအတောအတွင်း ဟန်ကျွယ်ဟာ အကြံကြီးတစ်ခု ရခဲ့ပါတယ်။ အဲဒါက လောကဦးကမ္ဘာထဲမှာရှိတဲ့ မရေမတွက်နိုင်တဲ့ ကြယ်တွေကို အသုံးပြုဖို့ပါ။ ဟန်ကျွယ်ဟာ ဒီအတွေးကို မင်လင်းမယ်တော်ရဲ့ ရေစက်တစ်စက်နေ ရလိုက်တာ ဖြစ်ပါတယ်။

ရေစက်တစ်စက်နဲ့ ကောင်းကင်တာအိုကို တစ်ခါတည်း ကွဲကြေစေတာက နည်းတဲ့စွမ်းအား မဟုတ်ပါဘူး။ ရေစက်နေရာမှာ ကြယ်သာဆိုရင် ကမ္ဘာတစ်ခုကို တစ်ချက်တည်း ပြိုလဲစေနိုင်လောက်ပါတယ်။

ဟန်ကျွယ်ဟာ မင်လင်းမယ်တော်ရဲ့ ရေစက်က တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ခန်းမှန်းမိပါတယ်။ အရင်တစ်ခေါက် တွက်ချက်တုန်းက မင်လင်းမယ်တော်ဟာ ပင်လယ်ထက်မှာ ရပ်နေတာပါ။ အဲဒီပင်လယ်က ဟန်ကျွယ်ရဲ့ လောကဦးကမ္ဘာနဲ့ တူလောက်ပါတယ်။

မဟာတာအို အထွတ်အထိပ် အဆင့်က ဝိညာဉ်ကမ္ဘာကို တည်ဆောက်တာ ဖြစ်နိုင်ပါတယ်။

အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ လောကဦးကမ္ဘာရဲ့ ကြယ်တွေကို ဓမ္မစွမ်းအား သိုလှောင်ဖို့ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားက အဆုံးမရှိတော့တဲ့အတွက် ဒီသိုလှောင်ရုံတွေက ဘာအကျိုးသက်ရောက်မှုမှ မရှိတော့ပါဘူး။ ဒီကြယ်တွေက သက်ရှိမွေးဖွားနိုင်တဲ့ ကြယ်ရှင်ဖြစ်လာဖို့ အဝေးကြီး လိုနေပါသေးတယ်။

ဟန်ကျွယ်ဟာ လောကဦးကမ္ဘာထဲက ကြယ်တွေဆီ ဓမ္မစွမ်းအား လောင်းထည့်လိုက်ပါတယ်။ အခုအချိန်မှာ ကြယ်အရေအတွက်က ဟန်ကျွယ်ရဲ့ သက်တမ်းနဲ့ သိပ်မကွာပါဘူး။ ဒါ့အပြင် ဟန်ကျွယ်ဟာ ဥပဒေသတစ်ခုကိုလည်း ရှာတွေ့သွားပါတယ်။ အဲဒါက ဟန်ကျွယ် သက်တမ်း ဘယ်လောက်တိုးတိုး ကြယ်တွေကလည်း အချိုးကျ လိုက်တိုးလာတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ သက်တမ်း ကုန်သွားရင်တောင် ကြယ်တွေက မကွဲကြေဘဲ ဆက်ရှိနေပါတယ်။

ဒါကြောင့် ဒီကြယ်တွေက လုံးဝကို မရိုးရှင်းနိုင်ပါဘူး။

ဟန်ကျွယ်ဟာ ဓမ္မစွမ်းအားနဲ့ ကြယ်တွေကို သန့်စင်ပြီး ကြယ်တိုင်းကို ဓမ္မစွမ်းအား လောင်းထည့်လိုက်ပါတယ်။

“ဝုန်း...”

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နတ်အလင်းရောင်တွေ ထုတ်လွှတ်လာပြီး ဘေးနားဝန်းကျင်က အာကာသဟာ အချိန်မရွေး ကွဲကြေသွားနိုင်သလိုမျိုး ပြင်းထန်စွာ ရှုံ့တွလာပါတယ်။

ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် အာရုံခံပါတယ်။

ဒီနည်းလမ်းက တကယ်ကို အလုပ်ဖြစ်ပါတယ်။

ဓမ္မစွမ်းအားရဲ့ သန့်စင်မှုကို ခံရတဲ့ ကြယ်တွေဟာ စပြီးတော့ ဖြည်းဖြည်းချင်း ပြောင်းလဲလာပါတယ်။ ဒီခံစားချက်က အလွန်တရာ အားနည်းပေမဲ့ တကယ် ဖြစ်ပျက်နေတာပါ။

‘ဒါက မဟာတာအို အထွတ်အထိပ် အဆင့်ကို ထိုးဖောက်ဖို့ နည်းလမ်းလား...’ ဟန်ကျွယ်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။

ဟန်ကျွယ်ဟာ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားပြီးပါပြီ။ ဒါပေမဲ့ ဒီလမ်းပဲ အဆုံးကို မမြင်နိုင်တာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters