ပုံရိပ်ယောင်အား ထိုးဖောက်မြင်ခြင်း
Vol. 78 Ch. 826
အိပ်မက်နယ်မြေက ဟန်ကျွယ်နဲ့ ဓားရူးတာအိုပညာရှိ တိုက်ခိုက်ခဲ့တဲ့ လောကဦး ဟင်းလင်းပြင်ပါ။ ကြည့်ရတာ ဓားရူးတာအိုပညာရှိက အတိတ်ကို တသသ ဖြစ်နေတဲ့လူနဲ့ တူပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
ဓားရူးတာအိုပညာရှိက ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ဒီအတောအတွင်း ငါ့ကျင့်ကြံမှုက အများကြီး တိုးသွားတယ်၊ ငါ မင်းနဲ့ လက်ရည်စမ်းချင်တယ်၊ ဒါပေမဲ့ မင်းက မဟာတာအို အထွတ်အထိပ် အဆင့်ကို မရောက်သေးဘူး၊ ဒီတော့ ငါမင်းကို အနိုင်မကျင့်တော့ပါဘူး”
“ဒီလိုဆို ငါ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ရင် မင်း ရှုံးဦးမှာပဲ”
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး” ဓားရူးတာအိုပညာရှိက ခေါင်းခါလိုက်ပါတယ်။
“တကယ်တော့ ငါ မဟာတာအို အထွတ်ထိပ်အဆင့်ကို ဘယ်လိုတက်ရမလဲဆိုတာ မသိသေးဘူး”
ဓားရူးတာအိုပညာရှိက ပြန်ဖြေပါတယ် “အချိန်ယူပြီး စဉ်းစားချည်၊ မဟာတာအိုပညာရှိတိုင်းမှာ သူ့နည်းနဲ့ သူရှိတယ်၊ ဒီအဆင့်ကို ဘယ်လိုတက်ရမလဲဆိုတာ တခြားလူက သင်ပေးလို့ မရဘူး၊ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်သွားရင် ကျင့်ကြံမှုက ကိုယ့်ဘာသာပဲ မှီခိုရတော့တာ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဓားရူးတာအိုပညာရှိ ပြောတာက အမှန်တရားတွေပါ။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို ထူးထူးဆန်းဆန်း ကြည့်လိုက်ပါတယ် ‘ဒီကောင်က ငါ့ကို လာကြွားနေတာလား...’
“ရှုံဟွာအင်အားစု ခေါင်းဆောင်ကို အမှောင်သခင်ကြီးက ကျိန်စာတိုက်လိုက်တာ အခု ရှုံဟွာအင်အားစု ဂူအောင်းသွားပြီ”
“အို... ဟုတ်လား... ဒါက ကောင်းတဲ့ကိစ္စပဲ” ဟန်ကျွယ်ဟာ အလိုက်သင့် ပြန်ပြောလိုက်ပါတယ်။
“ဒါပေမဲ့ အမှောင်သခင်ကြီးက မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်နိုင်တယ်၊ မင်း သတိထားဖို့ လိုလိမ့်မယ်၊ အရင်တုန်းက အမှောင်သခင်ကြီး ကောင်းကင်တာအိုကို ပစ်မှတ်ထားခဲ့တယ်၊ နောက်ပြီး မင်းက မဟာတာအို နတ်စိတ်ဝိညာဉ်ကိုလည်း သတ်ထားသေးတယ်၊ မင်းသိအောင် ပြောရဦးမယ်၊ ရှုံဟွာအင်အားစု ခေါင်းဆောင်က မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်ထားတဲ့ မဟာတာအိုပညာရှိချုပ်၊ ဒါတောင် အမှောင်သခင်ကြီး လက်ချက်နဲ့ သေသွားရတယ်၊ ပြောရရင် အမှောင်သခင်ကြီးက တော်တော်ကို ကြောက်ဖို့ကောင်းတာ၊ ပုံရိပ်ယောင်ကို ထိုးဖောက်မြင်တဲ့ အထွတ်အထိပ် တည်ရှိမှုတစ်ခုကို ကျိန်စာစွမ်းအားနဲ့ သေအောင် သတ်နိုင်တယ်”
ဓားရူးတာအိုပညာရှိက တအံ့တဩ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သူသိချင်တာကို စပ်စုလိုက်ပါတဘ် “ပုံရိပ်ယောင်ကို ထိုးဖောက်မြင်တယ် ဆိုတာက ဘာကိုပြောတာလဲ”
ဓားရူးတာအိုပညာရှိဟာ တစ်ခဏ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေပါတယ် “အရာအားလုံးက လုပ်ဇာတ်ခင်းထားတာ ဖြစ်နိုင်တယ်၊ မင်း မျက်လုံးထဲမှာရှိတဲ့ အရာအားလုံးက မင်း မြင်တာတွေ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်၊ မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်သွားရင် မင်း ကမ္ဘာသစ်ကို မြင်ရလိမ့်မယ်၊ နောက်ပြီးတော့ အနန္တ နိယာမတွေကနေ လုံးဝ ကင်းလွတ်ပြီး ကံ၊ ကံတရား အထောက်အပံ့၊ အချိန်-အာကာသတွေ နှောင်ဖွဲ့တာကိုလည်း မခံရတော့ဘူး”
“မဟာတာအိုပညာရှိချုပ်က လုံလောက်တဲ့ အချိန်တစ်ခုသာ ရှိရင် ပဋိပက္ခကို ဖျက်ဆီးပစ်နိုင်တယ်”
‘ပဋိပက္ခကို ဖျက်ဆီးနိုင်တယ်... အဲဒီလောက်တောင် စွမ်းအားကြီးတာလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ပဋိပက္ခကို ဖျက်ဆီးဖို့က အဲဒီလောက် လွယ်ပါ့မလား”
“ဘယ်လွယ်မလဲ၊ အရင်တုန်းက ငါလည်း မဟာတာအိုက အစွမ်းအထက်ဆုံးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ငါ သာလွန်တည်ရှိမှုတစ်ခုနဲ့ တွေ့ပြီးကတည်းက အဲဒီအတွေး မရှိတော့ဘူး၊ အဲဒီအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ငါကြက်သီး တဖြန်းဖြန်း ထနေတုန်းပဲ”
‘ပဋိပက္ခသိစိတ်လား...’ဟန်ကျွယ်ဟာ စိတ်ထဲမှာ တော်တော်လေး သိချင်သွားပါတယ်။ ပဋိပက္ခသိစိတ်က တန်ခိုးစွမ်းအားကြီးမားပြီး ပဋိပက္ခတစ်ခုလုံးကို ငုံ့ကြည့်နေတာ မဟုတ်ပါလား။
ဓားရူးတာအိုပညာရှိဟာ မျက်ခုံးပင့်တင်လိုက်ပါတယ် “မင်း ဘာလို့ ဘာမှ မမေးတော့တာလဲ”
“ခင်ဗျားတောင် ဒီလောက်ကြောက်နေရတဲ့ တည်ရှိမှုအကြောင်းကို ကျုပ်က မေးပြီး ဘာလုပ်ရမှာလဲ”
“မင်းက မာနပဲကြီးတာလား၊ သတ္တိပဲ ကြောင်တာလားဆိုတာကို ငါ မပြောတက်တော့ဘူး”
“ငကြောက်... အရင်တစ်ခေါက် ခင်ဗျားကို တိုက်ခိုက်ခဲ့တာကလည်း ရွေးချယ်စရာ မရှိလို့ပဲ”
ဓားရူးတာအိုပညာရှိက ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ် “ကျုပ်တို့က မိတ်ဆွေကောင်းတွေမလား”
ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ် မေးခွန်းကြောင့် မှင်တက်သွားပါတယ်။
“ကျုပ်တို့နှစ်ယောက်က တစ်ခါတိုက်ပြီး မိတ်ဆွေတွေ ဖြစ်လာခဲ့တာမလား၊ ကျုပ်ဘဝမှာ ရေစက်က သိပ်ရှိတာ မဟုတ်ဘူး၊ ကျုပ် တာအိုရယူပြီးကတည်းက ခင်ဗျားနဲ့ ဆက်သွယ်မှု အများဆုံးပဲ၊ ပုံမှန်ဆိုရင် ကျုပ်က ကျင့်ကြံအားထုတ်ရင်း အလုပ်ရှုပ်နေတာ”
ဓားရူးတာအိုပညာရှိဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါက ငါ့ဂုဏ်သတင်းကို ပြန်ရချင်ရုံပဲ၊ မင်းနဲ့ မိတ်ဆွေဖြစ်ချင်တာ မဟုတ်ဘူး”
[ဓားရူးတာအိုပညာရှိသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ကြည့်ပြီး ဆွံ့အသွားပါတယ်။
ဓားရူးတာအိုပညာရှိက ဆက်ပြောပါတယ် “ငါ မင်းကို ဒီတစ်ခါ ဆက်သွယ်တာက အမှောင်သခင်ကြီးကို ဂရုစိုက်ဖို့ ပြောချင်လို့ပဲ၊ မင်း မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်ရင် ငါတို့တွေ ထပ်တိုက်ကြမယ်၊ မိတ်ဆွေကောင်း ဖြစ်ဖို့က အဲဒီကျမှ ပြောတော့"
အိပ်မက်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး တီးတိုး ရေရွတ်လိုက်ပါတယ် “ဒီသောက်ရူးက အဆော်ခံချင်ပြီနဲ့တူတယ်၊ နောက်ကျရင် ငါ မင်းကို လက်မြှောက် အရှုံးပေးတဲ့အထိ ဆော်ပလော် တီးပြမယ်”
ဒီအခြေအနေအရ ဓားရူးတာအိုပညာရှိရဲ့ နောက်ဆုံး စွမ်းအားကို အခုအချိန်မှာ ပုံတူကူးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မျက်နှာသာပေးမှုက ကြယ်ခြောက်ပွင့် မဟုတ်ဘဲ ကြယ်လေးပွင့်သာ ဖြစ်တဲ့အတွက် အန္တရာယ် မကျဘူးလို့ ပြောလို့ မရပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပဋိပက္ခကို လှမ်းကြည့်လိုက်ပါတယ်။ လျူပေ့ ထွက်သွားတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပေမဲ့ အခုထိ တတိယ တာအိုစက်ကွင်းထားဖို့ နေရာကို ရှာမတွေ့သေးပါဘူး။ ဟန်ကျွယ်ဟာ အားရင် လျူပေ့ဆီ သွားလည်မှာပါ။ လျူပေ့က ကြောက်တတ်ပြီး သတိကြီးတဲ့အတွက် လမ်းတစ်လျှောက် မလုံခြုံမှာကို စိုးရိမ်စရာ မလိုပါဘူး။
ဒါပေမဲ့ လျူပေ့ရဲ့ ခရီးနှင်နှုန်းက နှေးကွေးလွန်းပါတယ်။ ဒီလောက် နှစ်တွေ ကြာတာတောင် ဟန်ကျွယ် မျက်စိအောက်ကနေ မလွတ်နိုင်သေးပါဘူး။
အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တခြားကို လှမ်းကြည့်လိုက်ပါတယ်။
.....
ပဋိပက္ခထဲက မဟာတာအို မျှော်စင်ဟာ တောက်ပတဲ့ ကြယ်တာရာ ကောင်းကင်ပြင်အောက် တိတ်ဆိတ်စွာ တည်ရှိနေပါတယ်။ မျှော်စင်ရဲ့ ပထမထပ် နန်းတော်ထဲမှာ ဝတ်ရုံနက်တစ်ယောက် တရားထိုင်နေပါတယ်။
ဟန်ကျွယ်သာ ရှိရင် ဒီဝတ်ရုံနက်ကို မြင်တာနဲ့ တန်းမှတ်မိမှာပါ။ ဒီဝတ်ရုံနက်က တခြားလူ မဟုတ်ပါဘူး။ မော့ဖူချိုပါ။
ဒီအချိန်မှာပဲ ကျိုးဖန်ဟာ ရုတ်တရက် ပေါ်လာပါတယ် “အစ်ကိုမော့... အစ်ကိုရဲ့ ကျင့်ကြံမှုက နည်းနည်း နှေးနေတယ်၊ တာအိုပညာရှိအတု အဆင့်တောင် ရောက်မလာသေးဘူး”
မော့ဖူချိုဟာ မျက်လုံးဖွင့်ပြီး မတတ်နိုင်တဲ့လေသံနဲ့ ပြန်ဖြေပါတယ် “ငါ့အတွက်တော့ ဒါက မြန်လွန်းနေပြီ၊ အင်မော်တယ်ကမ္ဘာက လူဘယ်နှယောက်များ တာအိုပညာရှိအတု ဖြစ်လာနိုင်လို့လဲ၊ နှစ်တစ်သန်းမှ တစ်ယောက်တစ်လေ ပေါ်ထွန်းတာကို”
ကျိုးဖန်ဟာ မော့ဖူချိုစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ကျိုးဖန်ဟာ တာအိုရယူပြီးကတည်းက တာအိုပညာရှိအောက် ကျင့်ကြံမှု အဆင့်တွေကို အထင်သေးပြီး ဂရုမစိုက်တော့တာပါ။
ကျိုးဖန်ဟာ မော့ဖူချိုရှေ့ ရပ်ပြီး ပြုံးလိုက်ပါတယ် “အစ်ကို တာအိုပညာရှိအတု ဖြစ်လာရင် တာအိုရယူနိုင်အောင် ကျွန်တော် ကူညီပေးမယ်၊ ကျွန်တော် လောကဦး ခရမ်းရောင်ချီကို ဖမ်းထားတယ်၊ ဒီဟာက ပဋိပက္ခထဲမှာ ပုန်းနေတာ၊ အတိတ်မှာတုန်းက လောကဦး ခရမ်းရောင်ချီ မရှိရင် ကောင်းကင်တာအိုထဲမှာ တာအိုမရယူနိုင်ဘူး”
မော့ဖူချိုဟာ လန့်သွားပါတယ် “အဲဒါဆို မင်း နောက်လိုက်တွေ အတွက် သိမ်းထားသင့်တယ်၊ သစ္စာရှိတဲ့ တာအိုပညာရှိတစ်ပါးကို ပျိုးထောင်တာက ပိုမကောင်းဘူးလား”
“အစ်ကို ဘာတွေပြောနေတာလဲ၊ ကျွန်တော်တို့က ညီအစ်ကိုတွေလေ၊ အစ်ကိုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီနေ့ ဒီလိုနေရာကို ရောက်လာမှာ မဟုတ်ဘူး၊ ကျွန်တော် အစ်ကို တာအိုရယူနိုင်အောင် ကူညီပေးမယ်၊ နောက်ကျရင် ကျွန်တော်တို့နှစ်ယောက် ပဋိပက္ခမှာ လျှောက်သွားပြီး နာမည်ကြီးအောင် လုပ်ရမယ်” ကျိုးဖန်က ဝင့်ကြွားစွာ ပြောလိုက်ပါတယ်။
မော့ဖူချိုဟာ ရင်ထဲ ထိသွားပါတယ်။ ဒါပေမဲ့ ကျိုးဖန်ဟာ ရှက်လွန်းတဲ့အတွက် သူ့ခံစားချက် အစစ်အမှန်တွေကို ဖွင့်မချပါဘူး။
“ဖန်လေး... ကောင်းကင်တာအိုက အခုဘယ်လို ဖြစ်နေပြီလဲ” မော့ဖူချိုက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။ မော့ဖူချိုဟာ အသက်ပြန်ရှင်လာကတည်းက ဂူအောင်း ကျင့်ကြံအားထုတ်နေတာပါ။ ကျိုးဖန်ကလည်း သူ့ဆီကို မကြာခဏ လာမလည်တဲ့အတွက် မော့ဖူချိုဟာ အပြင်လောက အကြောင်းကို မသိသလောက်ပါပဲ။
ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “ကောင်းကင်တာအိုက အရင်ကနဲ့ လုံးဝ မတူတော့ဘူး၊ တာအိုပညာရှိတောင် အပါးနှစ်ဆယ် ကျော်နေပြီ”
မော့ဖူချိုဟာ မှင်တက်သွားပါတယ် “အဲဒီလောက်တောင်လား၊ ဒါဆို အစ်ကို ဟန်ကျွယ်ကရော တာအိုရသွားပြီလား”
ကျိုးဖန်ရဲ့ အမူအရာဟာ ထူးဆန်းသွားပါတယ်။ ကျိုးဖန်ဟာ မော့ဖူချိုကို သူ ဟန်ကျွယ်ဆီမှာ တပည့်ခံထားကြောင်း ဘယ်တုန်းက မပြောခဲ့ပါဘူး။ မော့ဖူချို မရှိခင်တုန်းက ကျိုးဖန်ဟာ ဒီအခြေအနေကို ကျင့်သားရနေပါပြီ။ ဒါပေမဲ့ မော့ဖူချိုရှေ့မှာ ဒီအကြောင်းကို ပြောရမှာ နည်းနည်း ရှက်နေပါတယ်။ အရင်တုန်းက သူ ဟန်ကျွယ်ကို ဖိနှိပ်မယ်လို့ ခဏခဏ လေလုံးထွားခဲ့တယ် မဟုတ်ပါလား။
အခုတော့ သူတို့နှစ်ယောက်ကြားက ကွာခြားချက်ဟာ ပိုပိုကြီးမားလာနေတုန်းပါပဲ။
ကျိုးဖန်ဟာ ဒီအကြောင်းကို တွေးလေလေ စိတ်ဓာတ်ကျလေလေပါပဲ။ ကျိုးဖန်ဟာ မော့ဖူချိုရှေ့မှာ သူ့ဘဝက အောင်မြင်နေပြီလို့ ဟန်ဆောင်ချင်တာပါ။ ဒါပေမဲ့ မော့ဖူချိုက ဟန်ကျွယ် အကြောင်းကို မေးလိုက်တဲ့အခါမှာတော့ ကျိုးဖန်ရဲ့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတယ်။
ကျိုးဖန်ဟာ ဟန်ကျွယ် ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာကို မသိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ လွန်ခဲ့တဲ့ နှစ်တစ်သန်းကတည်းက မဟာတာအိုပညာရှိကို သတ်နိုင်နေပါပြီ။ ဟန်ကျွယ်ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီနှစ်တစ်သန်းအတွင်းမှာ ဘယ်လောက်ထိ စွမ်းအားကြီးလာမလဲဆိုတာက မတွေးဝံ့စရာပါ။
ကျိုးဖန်ဟာ တကယ်ကို ဆက်ပြီးတော့ မတွေးရဲတော့ပါဘူး။
“အဟွတ်..အဟွတ်... အစ်ကိုဟန်က တာအိုရယူပြီးတာ ကြာပြီ”
မော့ဖူချိုဟာ အတိတ်ကို တသသ ဖြစ်သွားပါတယ် “ပြောရရင် ငါတို့နှစ်ယောက်မှာ မိတ်ဆွေဟောင်းတွေ များများစားစားရှိတာ မဟုတ်ဘူး၊ အစ်ကိုဟန်ပဲ နှစ်နှစ်သန်းကျော်အောင် နေနိုင်တဲ့ အရည်အချင်းရှိတာ၊ နောက်ကျလို့ အခွင့်အရေးရှိရင် ကောင်းကင်တာအိုဆီပြန်ပြီး အစ်ကိုဟန်နဲ့ သွားတွေ့ရအောင်”
“အစ်ကိုဟန်က တာအိုရယူပြီးတာကြာပြီ၊ သူက ကျွန်တော်တို့ကို အမြင့်ကြီးတွေးမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့ သွားတွေ့မှာလဲ”
“အပိုတွေ... အရင်တုန်းကလည်း အစ်ကိုဟန်က ငါတို့ထက် စွမ်းအားကြီးခဲ့တာပဲ၊ သူက ငါတို့ကို မတူသလို မတန်သလို ဆက်ဆံခဲ့လို့လား၊ အစ်ကိုဟန်ရဲ့ စရိုက်နဲ့ဆိုရင် မိတ်ဆွေရင်းချာတွေက သိပ်ရှိမှာ မဟုတ်ဘူး၊ သူသာ ငါတို့ကို တွေ့ရင် ပျော်သွားမှာ ကျိန်းသေတယ်” မော့ဖူချိုဟာ ယွီဂျင်ဂိုဏ်းတော်ကြီးက အဖြစ်အပျက်တွေကို ပြန်တွေးရင် မျက်နှာမှာ ပြုံးယောင်သမ်းသွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။