တိတ်ဆိတ်ဂိုဏ်း၏ တာအိုပညာရှိများ
Vol. 79 Ch. 836
“ပဋိပက္ခ နတ်ဘီလူးတွေကို ရှင်းပြီးရင် ငါတို့တွေ ဘာလုပ်ကြမှာလဲ” မင်လင်းမယ်တော်က မျက်နှာသေနဲ့ မေးလိုက်ပါတယ်။
နတ်အလင်းရောင်တွေ ဝန်းရံနေတဲ့ ရုပ်သွင်က ပြန်ဖြေပါတယ် “မပြောင်းလဲတဲ့ ပဋိပက္ခက သက်ရှိအားလုံးကို မကျေမနပ် ဖြစ်စေတယ်၊ သက်ရှိအားလုံးက ပြောင်းလဲချင်မှတော့ ငါ သူတို့ကို အခွင့်အရေးတစ်ခုပေးမယ်၊ မဟာတာအို အနန္တကပ်ဘေးက ဆက်ပြီးတော့ ဖြစ်ပျက်လိမ့်မယ်”
မင်လင်းမယ်တော်ဟာ တိတ်ဆိတ်သွားပြီး အတွေးရေယာဉ်ကြောထဲ မျောသွားပါတယ်။
နတ်အလင်းရောင်တွေ ဝန်းရံနေတဲ့ ရုပ်သွင်က ထပ်ပေါင်း ပြောလိုက်ပါသေးတယ် “သူ့ကို ဆက်ပြီးတော့ စောင့်ကြည့်နေ၊ နတ်အာဏာရှင် စစ်သူကြီးတွေ ပဋိပက္ခကို လှည့်လည်လို့ မပြီးမချင်း သူ့ကို အပြင်မထွက်စေနဲ့”
“ကောင်းပြီလေ... ငါ နားလည်ပါတယ်” မင်လင်းမယ်တော်က ပြန်ပြောလိုက်ပါတယ်။
မင်လင်းမယ်တော်ရဲ့ ပခုံးပေါ်က နတ်အလင်းရောင်တွေနဲ့ ရုပ်သွင်ဟာ ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် လောကကြီးဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ် ဂူအောင်းကျင့်ကြံတဲ့ အတောအတွင်း အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေဟာ ပြောင်းလဲသွားပါတယ်။ သက်ရှိတွေ တိုက်ပွဲထဲ ပိုဝင်လာတဲ့အတွက် အကုသိုလ်ကံကလည်း စပြီးတော့ အကောင်အထည် ပေါ်လာပါတယ်။
တိတ်ဆိတ်ဂိုဏ်းက တာအိုပညာရှိတွေ စုဝေးနေတာကြောင့် ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ဟာလည်း စည်ကားလာပါတယ်။
ကောင်းကင်တာအိုနန်းတော်။
တာအိုအရှင်သခင်ဟာ မျက်လုံးပင့်တင်ပြီး ပြောလိုက်ပါတယ် “ရှန်နန်းတော်မှာ အစွမ်းအထက်ဆုံးလူကို အရှင်သခင်ဘွဲ့ပေးတာပဲ၊ ငါ့မျိုးရိုးနာမည်က တာအို”
“ဒါဆို မင်းနာမည်အရင်းက ဘာလဲ၊ တာအိုရွှမ်ယွမ်လား”
“ဟီးဟီး...”
“သူ့ကို တာအိုယီလို့ ခေါ်ရအောင်” ကျန်းယီက ဖြတ်ပြောလိုက်ပါတယ်။
တာအိုအရှင်သခင်ကတော့ ဘယ်သူ့မျက်နှာကို ဖြတ်ရိုက်ရမှန်းမသိ ဖြစ်သွားပါတယ်။
စုချီက ပြောလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေ ဘယ်တော့ ရောက်လာမယ် ထင်လဲ”
ဖန်းလျန်ဟာ သူလည်း မသိကြောင်း ခေါင်းခါလိုက်ပါတယ်။
တာအိုအရှင်က ဝင်ပြောပါတယ် “ပဋိပက္ခက ကျယ်ပြန့်လွန်းတယ်၊ ငါတို့တွေ နှစ်နှစ်သန်းကျော် လျှောက်သွားတာတောင် ပဋိပက္ခရဲ့ တစ်စွန်းတစ်စပဲ ကာမိတယ်၊ နတ်အာဏာရှင် စစ်သူကြီးတွေ ပဋိပက္ခတစ်ခုလုံးကို စစ်ဆေးဖို့က အချိန်အကြာကြီးကြာမှာ”
“ငါတို့အတွက် နှစ်တစ်သိန်းက တော်တော်ကြာပေမဲ့ ပဋိပက္ခအတွက်တော့ အသက်ရှူကြိမ် သုံးလေးကြိမ်စာလောက်ပဲ ရှိတယ်”
ဖန်းလျန်ဟာ ပြုံးလိုက်ပါတယ် “ငါ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ရင် ပဋိပက္ခဆီ သွားကြည့်ဦးမယ်”
စုချီနဲ့ ဖန်းလျန်ဟာ တာအိုအရှင်သခင်တို့ ပြောတာကို နားထောင်ပြီး တော်တော်လေး စိတ်ဝင်စားသွားပါတယ်။
တာအိုအရှင်သခင်ဟာ ပြုံးလိုက်ပါတယ် “ရတယ်လေ၊ အဲဒီအချိန်ရောက်ရင် ငါတို့နဲ့ လိုက်ခဲ့ချည်၊ ငါတို့ငါးယောက်ပေါင်းပြီး တိတ်ဆိတ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက် ပဋိပက္ခကို အုပ်စိုးကြမယ်”
ကျောက်ရွှမ်ယွမ်ဟာ တုံ့ဆိုင်းသွားပါတယ်။
ကျန်းယီက ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဟုတ်တယ်၊ ငါတို့သုံးယောက်က လွတ်လပ်မှုအဆင့်ကို ရောက်သွားပြီ၊ မင်းတို့နှစ်ယောက်ကို ကာကွယ်ဖို့က အလွယ်လေးပဲ”
စုချီက ပြောလိုက်ပါတယ် “ကောင်းပြီလေ... ငါ မင်းတို့သုံးယောက်ကို အားကိုးမယ်”
“ရတယ်လေ”
“ရတာပေါ့”
ကောင်းကင်တာအို နန်းတော်ရဲ့ လေထုဟာ သဟဇာတရှိနေပြီး ရယ်သံတွေ မပြတ်ပါဘူး။
တခြားတစ်ဖက် ကောင်းကင်မျိုးနွယ်စုရဲ့ အဂ္ဂနန်းတော်မှာ ဂျိရှင်းရှန်နဲ့ ထျန်ကျန်ဟာ မျက်နှာချင်းဆိုင် ထိုင်နေပါတယ်။ ဂျိရှင်းရှန်ဟာ မျက်တောင်ခတ်ရင်း မတိုးမကျယ် မေးလိုက်ပါတယ် “တကယ်လား”
ထျန်ကျန်က ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ရန်ချဲ့က ကျွန်တော်ကိုတောင် လာပြီးတော့ စည်းရုံးသေးတယ်၊ စန့်ချွမ်အဂ္ဂကမ္ဘာက ကောင်းကင်တာအိုပညာရှိတွေကို လက်ခံပေးတယ်တဲ့၊ သူတို့မှာ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ စစ်ဆေးမှုကို ရှောင်လွှဲဖို့ နည်းလမ်းရှိတယ်လို့လည်း ပြောတယ်”
ဂျိရှင်းရှန်ရဲ့ မျက်နှာဟာ အေးစက်သွားပါတယ် “ဒီကောင် ရန်ချဲ့က အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်”
ထျန်ကျန်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
ဂျိရှင်းရှန်ဟာ ထျန်ကျန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ပြောစရာရှိတာပြော... တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့”
“ကောလဟာလတွေက တကယ်မှန်ရင် ကောင်းကင်တာအိုက နတ်အာဏာရှင် စစ်သူကြီးတွေကို တားဆီးနိုင်မှာလား၊ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းလုံးက မဟာတာအိုပညာရှိတွေလို့ ပြောတယ်” ထျန်ကျန်ဟာ စိတ်လှုပ်ရှားလာပါတယ်။ ထျန်ကျန်ဟာ ပဋိပက္ခကို မကြာခဏရောက်တာမလို့ တာအိုပညာရှိအထက် အဆင့်တွေကို နည်းနည်းတော့ နားလည်ပါတယ်။ အရင်လိုမျိုး ဘာမှမသိတဲ့ ငတုံးမဟုတ်တော့ပါဘူး။
ဂျိရှင်းရှန်ဟာ ထျန်ကျန်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ဦးစီး... ကျွန်တော်တို့ မိုးကောင်းကင်မျိုးနွယ်စုက ကောင်းကင်တာအိုနဲ့အတူ လိုက်သေမှာလား” ထျန်ကျန်ဟာ လက်သီးဆုပ်လိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တုတောင် စန့်ချွမ်အဂ္ဂကမ္ဘာနဲ့ အဆက်အသွယ်ရှိတယ်၊ သူ့မှာ နည်းလမ်းရှိတာ သေချာတယ်”
ထျန်ကျန်ဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေပါပဲ။ အရင်တုန်းက မိုးကောင်းကင်မျိုးနွယ်စုဟာ ကောင်းကင်တာအို မျိုးနွယ်စု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တာအိုပညာရှိတွေရဲ့ လျှို့ဝှက်ကြံစည်မှုအောက်မှာ ကောင်းကင်တာအိုမျိုးနွယ်စုနေရာက လျှောကျပြီး ငရဲပြည်ကို ရောက်သွားခဲ့ရပါတယ်။ ဒါက မိုးကောင်းကင်မျိုးနွယ်စုအတွက် ဘယ်တော့မှ မမေ့နိုင်တဲ့ အမာရွတ်တစ်ခုလို့ ပြောလို့ရပါတယ်။
ဒါကြောင့် ထျန်ကျန်ဟာ ကောင်းကင်တာအိုကို မစောင့်ကြပ်ချင်တာပါ။
ဂျိရှင်းရှန်က အေးစက်စွာ ပြောလိုက်ပါတယ် “ငါ ဒီလို လုပ်နေတာက ကောင်းကင်တာအိုအတွက်လို့ မင်း ထင်နေတာလား”
ထျန်ကျန်ဟာ မှင်တက်သွားပါတယ် “ကောင်းကင်တာအိုအတွက် မဟုတ်ရင် ဘာအတွက်လဲ...” ရုတ်တရက်ဆိုသလို ထျန်ကျန်ဟာ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တွေးမိလိုက်ပါတယ်။
“ငါတို့တွေ နောက်ဆုတ်လို့မရဘူး၊ မဟုတ်ရင် ဆရာသခင်က ငါတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး...ဟွန်း” ဂျိရှင်းရှန်ဟာ နှာခေါင်းထဲကနေ လေမှုတ်ထုတ်လိုက်ပါတယ်။
ထျန်ကျန်ဟာ တိတ်ဆိတ်သွားပါတယ်။
ဂျိရှင်းရှန်ဟာ ထျန်ကျန်ကို နှစ်သိမ့်ပေးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ဆရာသခင်က နတ်အာဏာရှင် စစ်သူကြီးတွေကို မနိုင်ဘူးဆိုရင် ငါတို့ကိုခေါ်ပြီး ထွက်ပြေးလိမ့်မယ်၊ မင်းက ဆရာသခင်အကြောင်းကို သိပ်သိတာ မဟုတ်ဘူး၊ ဆရာသခင်ကြောင့်သာ မဟုတ်ရင် ငါ ဒီနေ့ ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မှာလဲ၊ မိုးကောင်းကင်မျိုးနွယ်စုက ဒီနေ့လို အခြေအနေကို ရောက်လာနိုင်ပါ့မလား၊ ကောင်းကင်တာအိုကရော ဒီအခြေအနေကို ရောက်လာနိုင်မယ် ထင်လား”
ထျန်ကျန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ်။ ထျန်ကျန်ဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက စွမ်းအားကြီးမှန်း သိပါတယ်။ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီး တစ်သောင်းက မဟာတာအိုပညာရှိ တစ်သောင်းပါ။ မဟာတာအိုပညာရှိက ဈေးထဲမှာ လိုချင်တိုင်း ဝယ်လို့ရတဲ့ ဟင်းရွက်ကန်စွန်း မဟုတ်ပါဘူး။
မဟာတာအိုပညာရှိတွေဟာ မဟာတာအိုနဲ့ ယှဉ်နိုင်ပြီး အနှိုင်းမဲ့တဲ့ တည်ရှိမှုတွေပါ။ သူတို့ဓမ္မစွမ်းအားက အဆုံးမရှိပါဘူး။ သူတို့တွေဟာ ပဋိပက္ခကို ထောက်လှမ်းနိုင်ပြီး ကာလဒေသကို ဖြတ်သန်းသွားနိုင်ပါတယ်။
ဂျိရှင်းရှန်ဟာ ထျန်ကျန်ရင်ထဲက စိုးရိမ်သောကတွေကို ထိုးဖောက်မြင်ပါတယ် “လက်ရှိ အခြေအနေက မကောင်းဘူးဆိုတာကို ငါ သိတယ်၊ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာပဲ ဧရာမ အခွင့်အရေးကြီးကို ရနိုင်တာ၊ ကောင်းကင်တာအို အရှင်ရွှမ်တု ထွက်သွားလို့ ငါတို့တွေ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ကောင်းကင်တာအိုက ငါတို့အပိုင် ဖြစ်ပြီ၊ တိတ်ဆိတ်ဂိုဏ်းက အရမ်းစွမ်းအားကြီးတာကို မင်းလည်း သိပါတယ်”
ထျန်ကျန်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ် ‘ဟုတ်တယ်... ဒါပေမဲ့ ငါတို့တွေ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ပါ့မလား...’
နှစ်ငါးသောင်း ကြာပြီးနောက်...
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပြီး ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ ခရမ်းရောင် ယှက်သမ်းသွားပါတယ်။
“တွေ့ပြီ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် အဆင့်ဆီ ထိုးဖောက်ဖို့ အခွင့်အရေး ရှာတွေ့သွားပါပြီ။
အခုအချိန်မှာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ အန္တိမမူလ မဟာတာအိုနဲ့ လုံးဝ ပေါင်းစပ်သွားပါပြီ။ ဟန်ကျွယ်ဟာ မခန့်မှန်းနိုင်တဲ့ အခြေအနေတစ်ခုဆီ ဝင်ရောက်သွားပါတယ်။ လောကဦးကမ္ဘာထဲက ၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တွေဟာ တုန်ခါလာတဲ့အတွက် ဝိုးတိုးဝါးတား လောကဦးချီကို ပြင်းထန်စွာ လှုပ်ခတ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ အများဆုံး နှစ်တစ်သိန်းအတွင်း အဆင့်ထိုးဖောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
“နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[၁.၅ သန်းခန့် လိုသေးသည်။]
ပြောင်းလဲမှုတချို့ ရှိပေမဲ့ ဒီအချိန်က ဟန်ကျွယ်အတွက် လုံလောက်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပြီး သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဒီအတောအတွင်း ဟန်ကျွယ်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းဟာ တည်ငြိမ်နေပြီး စာစောင်တွေကလည်း အရင်ကထက် အများကြီး နည်းပါးနေပါတယ်။
စာစောင်တွေကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ဟာ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ အကုသိုလ်ကံဟာ ပိုပိုပြီးတော့ ထူထပ်လာပါတယ်။ ချင်လင်းနဲ့ ရှကျစ်ဇွင်ဟာ ဗုဒ္ဓဂိုဏ်းကို သုံးကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့ပေမဲ့ တားဆီးခံခဲ့ရပါတယ်။ ချင်လင်း ကလဲ့စားချေချင်တဲ့ ဗုဒ္ဓကတော့ ဗုဒ္ဓဂိုဏ်းထဲမှာ အကျဉ်းကျနေပြီး လူရှေ့ ထွက်မလာပါဘူး။ ဒါက ဗုဒ္ဓဂိုဏ်းရဲ့ ကာကွယ်မှုဆိုတာ အသိသာကြီးပါ။
သက်ရှိအားလုံးရဲ့ ရန်ငြိုးတွေက ပုံချဖို့ လိုပါတယ်။ ဒီလိုအချိန်မှာ ဗုဒ္ဓဂိုဏ်းရဲ့ လုပ်ရပ်က အဓိပ္ပာယ်မရှိသလို ခွင့်လွှတ်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဲဒီဗုဒ္ဓဟာ သက်ရှိအားလုံးရဲ့ ရန်သူ ဖြစ်လာပါတယ်။ ဒါကြောင့် အဲဒီဗုဒ္ဓရဲ့ ယုံကြည်မှုဟာ ပြိုလဲပြီး တာအိုနှလုံးသား ဝရုန်းသုန်းကား လှုပ်ခတ်သွားပါတယ်။ သူ့ကျင့်ကြံမှုအဆင့်တောင် အများကြီး လျှောကျသွားပါတယ်။ တော်တော်လေးကို သနားဖို့ကောင်းတဲ့ အခြေအနေပါ။ ကောင်းကင်တာအို အနန္တကပ်ဘေးဟာ အများဆုံး နှစ်တစ်သောင်းအတွင်း ပြီးဆုံးတော့မှာပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်တာအို နန်းတော်ဆီ သွားပါတယ်။
ဖန်းလျန်၊ စုချီ၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ တစ်ယောက်ပြီး တစ်ယောက် မျက်လုံးဖွင့်လိုက်ကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ဒူးထောက်ပြီး အရိုအသေ ပေးကြပါတယ်။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်နဲ့ လုံဟောင်ကိုလည်း လှမ်းခေါ်လိုက်ပါတယ်။ ဂျိရှင်းရှန်နဲ့ လုံဟောင်ဟာ ချက်ချင်း ရောက်လာကြပြီး ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် စိတ်လှုပ်ရှားသွားကြပေမဲ့ တလေးတစား ဦးညွှတ်ကာ အရိုအသေ ပေးကြပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး သူတို့ကို ထိုင်ဖို့ အချက်ပြလိုက်ပါတယ်။
ဂျိရှင်းရှန်က ပထမဆုံး စကား ထပြောပါတယ် “ဆရာသခင်... တာအိုပညာရှိတစ်ပါးက ကောင်းကင်တာအိုကနေ ထွက်ပြေးချင်နေတယ်၊ သူက စန့်ချွမ်အဂ္ဂကမ္ဘာကို ကူညီပြီး တခြားတာအိုပညာရှိတွေကိုတောင် စည်းရုံးသိမ်းသွင်းနေသေးတယ်”
ကျန်းယီဟာ နှာမှုတ်လိုက်ပါတယ် “ဟွန်း... ဘယ်သူက အဲဒီလောက်ထိ သေလောက်အောင် သတ္တိကောင်းနေတာလဲ”
ကျန်းယီတို့ဟာ ကောင်းကင်တာအိုကို ကူညီဖို့ အဝေးကြီးကနေတောင် ပြန်လာခဲ့ကြတာပါ။ ဒီလိုအခြေအနေမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ တာအိုပညာရှိတွေကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ရွှီတုတောက်၊ ပန်ရှင်း၊ ကောင်းကင်အရှင်ဝူဖာနဲ့ ဟန်ယွီတို့ကို စုစည်းလိုက်ပါတယ်။ အကုန်လုံးပေါင်းလိုက်ရင် ကောင်းကင်တာအိုပညာရှိ ၁၁ ပါးနဲ့ လွတ်လပ် တာအိုပညာရှိသုံးပါးပါ။ ဒီအင်အားက ကောင်းကင်တာအိုကို ထုံးလိုချေ ရေလိုနှောက်ဖို့ လိုတာထက် ပိုနေပါသေးတယ်။
တာအိုပညာရှိတွေဟာ တစ်ယောက်ကို တစ်ယောက် တအံ့တဩ ကြည့်လိုက်ကြပြီး အခြေအနေကို အကြမ်းဖျင်း နားလည်လိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းတို့ အကုန်လုံးက တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိတွေပဲ၊ အခု ကောင်းကင်တာအို ယိမ်းယိုင်လာတော့ မင်းတို့တွေ ဒါကို ဝင်ထိန်းရလိမ့်မယ်”
ဟန်ကျွယ်ဟာ ဘယ်သူမှ ထောက်လှမ်းလို့မရအောင် ကောင်းကင်တာအို နန်းတော်ကို စည်းချလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။