← Chapters

အနန္တကပ်ဘေး ဒဏ္ဍာရီ၊ အသက်သုံးသန်း ပြည့်ခြင်း

Vol. 79 Ch. 837

အနန္တကပ်ဘေး ဒဏ္ဍာရီ၊ အသက်သုံးသန်း ပြည့်ခြင်း

Vol. 79 Ch. 837

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ ကောင်းကင်တာအို နန်းတော်ဟာ ငြိမ်ကျသွားပါတယ်။ တာအိုအရှင်သခင်တို့ သုံးဦးလည်း မှင်တက်သွားကြပါတယ်။ ဒီမှာရောက်နေတဲ့ တာအိုပညာရှိ အကုန်လုံးက တိတ်ဆိတ်ဂိုဏ်းက မဟုတ်ပါဘူး။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းကလို့ ဟန်ကျွယ်က ပြောနေပါတယ်။

ဖန်းလျန်က ဂရုတစိုက် မေးလိုက်ပါတယ် “ဆရာဘိုးဘိုး ဆိုလိုတာက...”

ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်းတို့တွေ တစ်ယောက်ကို တစ်ယောက် ယုံကြည်လို့ရတယ်၊ ဆက်ပြီးတော့ ဟန်ဆောင်နေစရာ မလိုတော့ဘူး”

ဟန်ကျွယ်ရဲ့ စကားကြောင့် တာအိုပညာရှိတွေ အုတ်အော်သောင်းနင်း ဖြစ်သွားကြပါတယ်။

ပန်ရှင်းဟာ ကောင်းကင်အရှင်ဝူဖာကို စိုက်ကြည့်ပြီး ကြိမ်းမောင်းလိုက်ပါတယ် “မင်းက တစ်ခုခုပဲဆိုတာကို ငါသိတယ်၊ မင်ရဲ့ သရုပ်ဆောင်မှုက တကယ်ကို ပီပြင်လွန်းတယ်”

ကောင်းကင်အရှင်ဝူဖာဟာ မျက်လုံးပင့်တက်သွားပါတယ် “မင်း ဘာသိလို့လဲ၊ ငါ ဒီလို သရုပ်မဆောင်ရင် ရွှမ်တုက ယုံပါ့မလား”

တခြားတာအိုပညာရှိတွေလည်း အချင်းချင်း စကားပြောကြပါတယ်။

ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ချုံရှီလိုင်ကိုကြည့်ပြီး သက်ပြင်းချလိုက်ပါတယ် “တာအိုရောင်းရင်းချုံ... တာအိုရောင်းရင်းကလည်း သိသာလွန်းတယ်”

ချုံရှီလိုင်ဟာ ပြုံးလိုက်ပါတယ် “အော့မီတော်ဖော”

ဟန်ယွီဟာ စိတ်လှုပ်ရှားနေတဲ့ တာအိုပညာရှိတွေကို ကြည့်ပြီး တံတွေးမျိုချလိုက်ပါတယ် ‘ဒီတာအိုပညာရှိတွေ အကုန်လုံး တိတ်ဆိတ်ဂိုဏ်းကလား...’

တာအိုပညာရှိတွေ ပြန်ငြိမ်သွားတဲ့အခါ ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်တာအို တည်ငြိမ်ဖို့ ငါတို့တွေ ဘယ်သူ့ကို သိမ်းသွင်းပြီး ဘယ်သူတွေကို ရှင်းပစ်သင့်တယ်လို့ ထင်လဲ”

ကောင်းကင်တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်။

ကောင်းကင်အရှင်ဝူဖာဟာ ပြုံးလိုက်ပါတယ် “ကောင်းကင်အရှင်ရွှမ်တုကို သိမ်းသွင်းသင့်တယ်လို့ ထင်တယ်၊ သူက ကောင်းကင်တာအိုကို အုပ်ချုပ်ထားတာမလား”

ရွှီတုတောက်ကလည်း ဝင်ပြောပါတယ် “ရန်ချဲ့ကို ရှင်းပစ်ရမယ်၊ ဒီကောင်က တာအိုပညာရှိတွေကို မဟုတ်တာလုပ်ဖို့ လျှောက်သိမ်းသွင်းနေတာ၊ တော်တော် ယုတ်မာတဲ့ကောင်”

တခြားတာအိုပညာရှိတွေလည်း တစ်ယောက်တစ်ခွန်း ဝင်ပြောကြပါတယ်။

ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ရန်ချဲ့ကို ကောင်းကင်တာအို နန်းတော်ထဲ ဆွဲသွင်းလိုက်ပါတယ်။

ရန်ချဲ့ဟာ သူ့ပတ်ဝန်းကျင်က တာအိုပညာရှိတွေကို ကြည့်ပြီး မှင်တက်သွားပါတယ်။

ဟန်ကျွယ်ဟာ မဟာချုပ်နှောင်လက်ဝါးနဲ့ ရန်ချဲ့ကို ချုပ်လိုက်ပါတယ်။

ရန်ချဲ့ဟာ နည်းနည်းလေးတောင် လှုပ်ရှားလို့ မရတဲ့အတွက် မျက်လုံးပြူးသွားပါတယ်။

“နောက်ကျရင် ကောင်းကင်တာအိုကိစ္စကို မင်းတို့ဘာသာ ဆွေးနွေးကြ၊ ငါ တခြားတာအိုပညာရှိတွေကို စောင့်ကြည့်ထားမယ်” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။ ရန်ချဲ့လည်း ဟန်ကျွယ်နဲ့အတူ ပျောက်ကွယ်သွားပါတယ်။

တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

ကျန်းယီက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ရန်ချဲ့ သေမှာလား”

ကျောက်ရွှမ်ယွမ်က ခေါင်းခါလိုက်ပါတယ် “ကောင်းကင်တာအိုပညာရှိက လွယ်လွယ်နဲ့ သေပါ့မလား”

ချုံရှီလိုင်ဟာ မတ်တတ်ရပ်ပြီး တာအိုပညာရှိတွေကို ဝေ့ကြည့်လိုက်ပါတယ် “အကုန်လုံးက တစ်ဖွဲ့တည်းဆိုတော့ တခြားတာအိုပညာရှိတွေကို ဘယ်လိုစည်းရုံးရမလဲဆိုတာ စဉ်းစားရအောင်၊ အရင်ဆုံး ကောင်းကင်တာအိုနားမှာရှိတဲ့ အရေးကြီးနေရာတွေကို ထိန်းချုပ်ရမယ်”

ကောင်းကင်အရှင်ဝူဖာဟာ ချုံရှီလိုင်ကို တစ်ချက်ကြည့်လိုက်ပေမဲ့ ဘာမှမပြောပါဘူး။ တခြားတာအိုပညာရှိတွေကတော့ ခေါင်းညိတ်လိုက်ကြပါတယ်။ ဒါက ဆွေးနွေးတာဆိုပေမဲ့ ကိစ္စကြီးတွေ အကောင်အထည်ဖော်ဖို့ဆိုရင် ခေါင်းဆောင်တစ်ယောက်က မဖြစ်မနေ လိုအပ်ပါတယ်။

တာအိုဘုံကျောင်းကို ပြန်ရောက်တာနဲ့ ဟန်ကျွယ်ဟာ ရန်ချဲ့ကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို မော့ကြည့်ပြီး တခြားတာအိုပညာရှိတွေကို ရှာလိုက်ပါတယ်။

လောလောဆယ်မှာ တခြားတာအိုပညာရှိတွေရဲ့ မျက်နှာသာပေးမှုက မလျော့သေးတဲ့အတွက် သူတို့တွေ စည်းမကျော်သေးဘူးဆိုတာ ထင်ရှားပါတယ်။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နှစ်တစ်သောင်း ကြာတဲ့အခါ ဟန်ကျွယ်ဟာ ရန်ချဲ့ကို ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် ပြန်ပို့လိုက်ပါတယ်။

ရန်ချဲ့ သူ့တာအိုစက်ကွင်းကို ပြန်ရောက်ပြီး ထိုင်မိတယ်ဆိုရင်ပဲ ထိုက်စုတျန်နဲ့ ကျင်းရှန်တို့ သူ့ဆီ ရောက်လာတာကို တွေ့လိုက်ရပါတယ်။ ထိုက်စုတျန်ဟာ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး ချောမောလှပကာ အေးစက်တဲ့မျက်နှာ ရှိပါတယ်။

ထိုက်စုတျန်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ရန်ချဲ့... ဒီနှစ်တွေမှာ ဘယ်ရောက်နေတာလဲ”

ရန်ချဲ့ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ် “လမ်းထွက်လျှောက်ရုံပါ၊ ဘာလိုချင်လို့လဲ”

ကျင်းရှန်က မေးလိုက်ပါတယ် “မင်း တာအိုပညာရှိ ဘယ်နှပါးကို စည်းရုံးပြီးပြီလဲ”

ရန်ချဲ့ မတိုးမကျယ် ပြန်ဖြေပါတယ် “ငါ အဲဒီကိစ္စကို မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်ပြီ”

‘မေ့ပစ်မယ်...’ ကျင်းရှန်နဲ့ ထိုက်စုတျန်ဟာ မှင်တက်သွားပြီး ရန်ချဲ့ကို စိုက်ကြည့်လိုက်ကြပါတယ်။

ရန်ချဲ့ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ငါ စန့်ချွမ်အဂ္ဂကမ္ဘာကို ကိုယ်တိုင်သွားပြီးပြီ၊ အဲဒီတုန်းက ငါ မင်းတို့ကို ရှင်းရှင်းလင်းလင်း မပြောပြဖြစ်ခဲ့ဘူး၊ တကယ်တော့ စန့်ချွမ်အဂ္ဂကမ္ဘာက ငါ့ကို သိပ်ပြီး အလေးထားတာ မဟုတ်ဘူး၊ ဟိုတလောတုန်းက ငါ ကောင်းကင်တာအို သုံးသပ်နားလည်ပြီး ဒီကပ်ဘေးမှာ ရှင်သန်နိုင်ခြေရှိတယ် ဆိုတာကို နားလည်လိုက်တယ်၊ အဲဒါတော့ ငါ ဘာဖြစ်လို့များ စန့်ချွမ်အဂ္ဂကမ္ဘာကို အောက်ကျို့နေရဦးမှာလဲ”

ကျင်းရှန်ဟာ တွေးတွေးဆဆ ဖြစ်သွားပြီး ထပ်မေးလိုက်ပါတယ် “မင်း ကောင်းကင်တာအိုကို ဘာဖြစ်လို့ သုံးသပ်နားလည်နိုင်တာလဲ”

ရန်ချဲ့ဟာ ခေါင်းခါပြီး ဘာမှ ထပ်မပြောတော့ပါဘူး။

ရန်ချဲ့ဟာ ထိုက်စုတျန်ဘက် လှည့်လိုက်ပါတယ် “နင်က နွီဝါဆီသွားမဲ့အစား စန့်ချွမ်အဂ္ဂကမ္ဘာကိုပဲ အောက်ကျို့ချင်တယ်၊ နင်မှာ သွားစရာနေရာမရှိဘူးလို့ ထင်ရင် ငါတို့တွေ အတူပူးပေါင်းပြီး ကောင်းကင်တာအိုကို စောင့်ကြပ်ရအောင်၊ ဘာပဲဖြစ်ဖြစ် ဒါက ငါတို့အိမ်ပဲ၊ တခြားနေရာကိုသွားရင် သူများအိမ်ခေါင်မိုးအောက်မှာ နေရမှာ”

ထိုက်စုတျန်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ်။ ရန်ချဲ့က ဆက်ပြီးတော့ ဖျောင်းဖျပါတယ်။

ဒါကိုကြည့်ပြီး ကျင်းရှန်ဟာ တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရပါတယ်။ ရုတ်တရက်ဆိုသလို ကျင်းရှန်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး လက်တုန်သွားပါတယ် ‘ဒီကောင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အညံ့ခံလိုက်ပြီလား...’

စကြဝဠာခန်းမ။

ကောင်းကင်အရှင်ရွှမ်တုနဲ့ လောင်တန်ဟာ ဘေးချင်းယှဉ်ပြီး တရားထိုင်နေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ မီးခိုးစိမ်းငွေ့တွေနဲ့ ပြည့်နေပြီး မကြာမကြာ ဘေးလွင့်ကာ ပျောက်ကွယ်ကုန်ပါတယ်။

လောင်တန်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “မင်း ဘယ်လိုထင်လဲ”

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံးမဖွင့်ဘဲ ပြန်မေးလိုက်ပါတယ် “ဘာကိုပြောတာလဲ ဆရာ...”

“ဘာကိုပြောရမှာလဲ၊ ကောင်းကင်တာအိုကို ပြောတာပေါ့”

“ကျွန်တော် ကောင်းကင်တာအိုအကြောင်း မတွေးဘူး”

“ဟီးဟီး... မင်းက တကယ်ကြီး သေတဲ့အထိ ကောင်းကင်တာအိုကို စောင့်ကြပ်ချင်တာလား...”

“အတိတ်မှာတုန်းက ကျွန်တော် ကျင့်ကြံမှုအတွက် လူသားမျိုးနွယ်စုကို စွန့်ပစ်ခဲ့တယ်၊ အခုလည်း လွတ်လပ်မှုအတွက် ကောင်းကင်တာအိုကို ဆက်ပြီးတော့ စွန့်ပစ်ရမယ်ဆိုရင် ကျွန်တော်ကိုယ် ကျွန်တော် ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော် စွန့်စားချင်တယ်”

“မင်းရဲ့ ကျင့်ကြံမှုက နတ်အာဏာရှင် စစ်သူကြီးတစ်ပါးကိုတောင် ယှဉ်နိုင်တာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ”

“အနည်းဆုံးတော့ ကောင်းကင်တာအိုမှာ တာအိုရောင်းရင်းဟန် ရှိသေးတယ်”

လောင်တန်ဟာ တိတ်ဆိတ်သွားပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်လုံးဖွင့်လိုက်ပါတယ် “စန့်ချွမ်အဂ္ဂကမ္ဘာက နတ်အာဏာရှင် စစ်သူကြီးတွေကို ဘယ်လိုရင်ဆိုင်မှာလဲ၊ သူတို့က ကောင်းကင်တာအိုနဲ့ ကံတရား ဖြတ်တောက်ပြီး အရာအားလုံးကို စွန့်လွှတ်တော့မှာလား”

လောင်တန်ဟာ နောက်ပြုံး ပြုံးလိုက်ပါတယ် “ကောင်းကင်တာအို ပစ်မှတ်ထားခံရတာက ပန်ကူးနဲ့ ပတ်သက်တယ်၊ သုံးပါးအရှင်က ကံတရားကနေ ခုန်ထွက်သွားတာ ကြာပြီ၊ သူတို့က ပန်ကူးအောက်မှာ ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲ”

“အကုန်လုံးက သူတို့ရည်မှန်းချက်နဲ့ သူတို့ပဲ၊ ဆရာအောင်မြင်ဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်”

“ဟီးဟီး...” လောင်တန်ဟာ ခေါင်းခါပြီး မတ်တတ်ရပ်လိုက်ပါတယ်။

ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ် “ဆရာ ဘယ်သွားမလို့လဲ”

“ဟိုငတုံးလေး သုံးကောင်ကို သွားကြည့်ရအောင်၊ ကောင်းကင်တာအို ပျက်စီးသွားရင် ငါ့အားထုတ်မှုတွေ အလဟဿ မဖြစ်ရအောင် အဲဒီကောင်လေးသုံးကောင်ကို ကယ်တင်ဖို့ နည်းလမ်းရှာရဦးမယ်” လောင်တန်ဟာ လက်ဝှေ့ယမ်းပြီး ပျောက်ကွယ်သွားပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် “ဟင်း...”

အင်မော်တယ်ကမ္ဘာမှာ ကောင်းကင်တာအို အနန္တကပ်ဘေးဟာ အဆုံးသတ်နားကို ရောက်လာပါတယ်။

ချင်လင်းနဲ့ ရှကျစ်ဇွင်ဟာ ရှန်နန်းတော်ရဲ့ ပါရမီရှင်တွေကို ဦးဆောင်ပြီး ဗုဒ္ဓဂိုဏ်းထဲ တိုက်ခိုက်ဝင်ရောက်ကာ သွေးချောင်းစီးအောင် သတ်ဖြတ်ပါတော့တယ်။ နောက်ဆုံးမှာတော့ ဗုဒ္ဓဂိုဏ်းရဲ့ တာအိုပညာရှိဟာ ထိုင်မနေနိုင်တော့ဘဲ ဝင်ပါလိုက်ရပါတယ်။

တာအိုပညာရှိဟာ လက်ဝါးတစ်ချက်တည်းနဲ့ ချင်လင်းတို့ကို အသာဖိနှိပ်လိုက်ပါတယ်။ တာအိုပညာရှိရဲ့ စွမ်းအားက အနီးအနားမှာရှိတဲ့ မရေမတွက်နိုင်တဲ့ သက်ရှိတွေကို တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုတွေ ဆောင်ယူလာပါတယ်။

ကံကောင်းထောက်မစွာပဲ တကယ့်အချိန်မှာ ရှန်နန်းတော်ရဲ့ တာအိုပညာရှိ ကျန်းကူရှင်းလည်း ပေါ်လာပါတယ်။ တာအိုပညာရှိ အချင်းချင်း ဆွေးနွေးလို့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတဲ့အချိန်မှာ ချင်လင်း မုန်းတဲ့ ဗုဒ္ဓ ပေါ်လာပါတယ်။

ဒီဗုဒ္ဓဟာ ချင်လင်းရဲ့ သွေးရန်ငြိုးကို ပြန်ပေးဆပ်တဲ့အနေနဲ့ သူ့ကိုယ်သူ စတေးပြီး သူ့ရဲ့ အတောမသတ်နိုင်တဲ့ ကုသိုလ်ကံတွေနဲ့ ကောင်းကင်တာအိုဆီကနေ ဆုတစ်ဆု တောင်းယူခဲ့ပါတယ်။ အဲဒါကတော့ ဗုဒ္ဓဂိုဏ်းတည်ရာ စိတ်ဝိညာဉ်တောင်နားမှာ သေဆုံးခဲ့တဲ့ သက်ရှိတွေကို ပြန်ရှင်သန်စေဖို့ပါ။

သူ့ရဲ့ အနန္တနီးပါးရှိတဲ့ ကုသိုလ်ကံတွေဟာ ဆုမွန်စွမ်းအားအဖြစ် ပြောင်းလဲပြီး စိတ်ဝိညာဉ်တောင်နားမှာ သေဆုံးခဲ့တဲ့ သက်ရှိတွေကို ပြန်လည်ရှင်သန် ထမြောက်စေခဲ့ပါတယ်။ ဒီအခြေအနေကို အရောက်မှာတော့ နှစ်သိန်းချီ ကြာညောင်းခဲ့တဲ့ ကောင်းကင်တာအို အနန္တကပ်ဘေးဟာ နိဂုံးချုပ်သွားခဲ့ပါတယ်။

နောက်ဆုံး နှစ်တစ်သောင်းမှာ သတ်ဖြတ်မှုတွေက ရက်စက်လွန်းတဲ့အတွက် သက်ရှိအားလုံးဟာ သတ်ဖြတ်ခြင်းကို ငြီးငွေ့ပြီး ငြိမ်းချမ်းရေးကို အလိုရှိနေကြပါပြီ။

ဒီတိုက်ပွဲမှာ တာအိုပညာရှိတွေက ပေါ်တင် တိုက်ခိုက်တဲ့အတွက် တာအိုပညာရှိအောက်မှာ လူတိုင်းက ပုရွက်ဆိတ်တွေဆိုတာကို သက်ရှိအားလုံး နားလည်သွားကြပါတယ်။

ချင်လင်းနဲ့ ရှကျစ်ဇွင်ဟာ အလွန့်အလွန်များပြားတဲ့ ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိပြီး ကျန်းကူရှင်းနဲ့အတူ ကောင်းကင်ဘုံ ၃၃ ဘုံဆီ ပါသွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ နှစ်သောင်းချီ ငြိမ်ငြိမ်လေးထိုင်ပြီး ကောင်းကင်တာအို ကုသိုလ်ကံကို ဆက်ခံတာနဲ့ ကောင်းကင်တာအို ပညာရှိ ဖြစ်သွားမှာပါ။

လောကမှာ စိုးမိုးနေတဲ့ အကုသိုလ်ကံကို ရှင်းလင်းဖို့အတွက် တာအိုပညာရှိတွေဟာ တာအို စတင်ဟောကြားပါတယ်။ ကံတရား အထောက်အပံ့ဂိုဏ်း အသီးသီးက တပည့်တွေဟာလည်း လောကအနှံ့ လှည့်လည်ပြီး နေရာတိုင်းမှာ တာအိုဟောကြားပါတယ်။

အတိုချုပ်ရရင် ကောင်းကင်တာအို အနန္တကပ်ဘေးကို အောင်မြင်စွာ အဆုံးသတ်သွားပါတယ်။ သက်ရှိအားလုံးဟာ ကောင်းကင်တာအို အနန္တကပ်ဘေးရဲ့ ရက်စက်ကြမ်းတမ်းမှုကို သိရှိနားလည်ပြီး တာအိုပညာရှိတွေကို လေးစားကာ ငြိမ်းချမ်းရေးကို တန်ဖိုး ပိုထားလာကြပါတယ်။

ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးကာ နှစ်တစ်သောင်း ကြာတဲ့အခါမှာတော့ ကောင်းကင်တာအို အနန္တကပ်ဘေးဟာ ဒဏ္ဍာရီတစ်ခု ဖြစ်သွားပါတယ်။

ဟန်ကျွယ်ကတော့ ဂူအောင်း ကျင့်ကြံနေတုန်းပါပဲ။ ဟန်ကျွယ်ဟာ မဟာတာအိုရဲ့ သက်ရောက်မှုအောက်မှာ လုံးဝကို နစ်မြုပ်နေပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်း သုံးကြောင်း ပေါ်လာပါတယ်။

[သင်သည် အသက်သုံးသန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters