မဟာတာအို အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ခြင်း
Vol. 79 Ch. 838
[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဖျက်ဆီးပြီး လောကဦး နတ်ဘီလူး၏ ဂုဏ်သတင်းကို မြှင့်တင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အကောင်းစား ရတနာတစ်ပါးနှင့် မဟာတာအို အစောင့်တစ်ပါးအား ရရှိမည်။]
[၂။ မဟာတာအို အထွတ်အထိပ်အဆင့်သို့ ရောက်ရှိအောင် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တစ်ခါတည်း ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[ပဋိပက္ခ အကောင်းစားရတနာ ပဋိပက္ခ နတ်ချိန်းကြိုးကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ပဋိပက္ခ နတ်ချိန်းကြိုး: ခံစစ် ပဋိပက္ခ အကောင်းစား ရတနာဖြစ်ပြီး ပဋိပက္ခကနဦးရှိ ပထမဆုံး ပဋိပက္ခချီမှ ပုံတူယူထားခြင်း ဖြစ်သည်။ ဤရတနာသည် ပဋိပက္ခနိယာမ၏ ကျူးကျော်မှုကို ခုခံနိုင်စွမ်းရှိသည်။]
‘နောက်ထပ် ပဋိပက္ခ အကောင်းစား ခံစစ်ရတနာပါလား...’ ဟန်ကျွယ်ဟာ အံ့အားသင့်ခြင်းမရှိပေမဲ့ စိတ်ပျက်ခြင်းလည်း မရှိပါဘူး။ ဟန်ကျွယ်ဟာ ပထမဆုံး ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပြီး ပဋိပက္ခ နတ်ချိန်းကြိုးကို ထုတ်ယူကာ ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။
နှစ်သုံးရာကြာတဲ့အခါမှာတော့ ပဋိပက္ခနတ်ချိန်းကြိုးက ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ ပဋိပက္ခနတ်ချိန်းကြိုးဟာ ငွေရောင်ချိန်းကြိုးအသွင် ပြောင်းလဲပြီး ဟန်ကျွယ်ရဲ့ လည်ပင်းဆီ ရောက်သွားတဲ့အတွက် ဟန်ကျွယ်ဟာ တော်တော်လေး ကသိကအောက် ဖြစ်သွားပါတယ်။ ဆွဲကြိုးက မိန်းမ အသုံးအဆောင် မဟုတ်ပါလား။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ကို တစ်ခါတည်းနဲ့ ထိုးဖောက်ဖို့ ကြံရွယ်ထားပါတယ်။
.....
တာအိုပညာရှိတွေဟာ စကြဝဠာခန်းမထဲမှာ စုဝေးပြီး ချင်လင်း၊ ရှကျစ်ဇွင်နဲ့ ကယ်တင်ရှင်ဗုဒ္ဓကို ကြည့်နေပါတယ်။ ကယ်တင်ရှင်ဗုဒ္ဓက ကောင်းကင်တာအို အနန္တကပ်ဘေးမှာ ချင်လင်းရဲ့ ကမ္ဘာမကျေ ရန်သူပါ။ ဒါပေမဲ့ အခု ကပ်ဘေး ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် ရန်ငြိုးရန်စတွေကလည်း နေလာနှင်းပျောက် ဖြစ်သွားပါပြီ။
ဟန်ယွီဟာ ချင်လင်းကို ကျေနပ်အားရစွာ ကြည့်နေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ဒီနေ့ကစပြီး ချင်လင်း၊ ရှကျစ်ဇွင်နဲ့ ကယ်တင်ရှင်ဗုဒ္ဓက ကောင်းကင်တာအိုပညာရှိပဲ၊ အနာဂတ်မှာ မင်းတို့တွေ သက်ရှိအားလုံးကို ကူညီပြီး ကောင်းကင်တာအိုကို ကာကွယ်ဖို့ ငါ မျှော်လင့်ပါတယ်”
တာအိုပညာရှိအသစ် သုံးပါးဟာ ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
တာအိုပညာရှိတွေဟာ ပြုံးလိုက်ပါတယ်။ နောက်ထပ် တာအိုပညာရှိသုံးပါး ပေါ်ထွန်းလာတဲ့အတွက် ကောင်းကင်တာအိုက ပိုပြီးတော့ စွမ်းအားကြီးသွားပြီ မဟုတ်ပါလား။
ချုံရှီလိုင်ဟာ ကောင်းကင်အရှင်ရွှမ်တုဘက် လှည့်ပြီး မေးလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီး ကိစ္စက ပဋိပက္ခမှာ ပိုပိုပြီးတော့ ပြင်းထန်လာတယ်၊ ပဋိပက္ခ အင်အားစုတော်တော်များများက ငါတို့ကို စည်းရုံးသိမ်းသွင်းပြီး ကောင်းကင်တာအို ပြိုလဲအောင် ကြိုးစားနေကြတယ်၊ ဒီကိစ္စကို ငါတို့တွေ ဖြေရှင်းသင့်ပြီ...”
“သူတို့ဘာသာ ကောင်းကင်တာအိုကနေ ထွက်သွားချင်တာက ငါတို့ကိစ္စ မဟုတ်ဘူး၊ ဒါပေမဲ့ တခြားတာအိုပညာရှိတွေကိုပါ ဆွဲခေါ်တာက လုံးဝ လက်ခံလို့မရတဲ့ကိစ္စပါ၊ ဒီလိုကိစ္စမျိုးက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ်”
ချုံရှီလိုင်ရဲ့ လေသံက တော်တော်လေး မယဉ်ကျေးပေမဲ့ တာအိုပညာရှိ တော်တော်များများဟာ ခေါင်းညိတ်လိုက်ကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တစ်ချက် ရယ်မောလိုက်ပါတယ် “ကောင်းကင်တာအို အနန္တကပ်ဘေး ပြီးသွားပြီဆိုတော့ ကောင်းကင်တာအိုက တည်ငြိမ်သွားပြီ၊ ဒီတော့ ငါတို့တွေ ပဋိပက္ခက ကိစ္စတွေကို ဖြေရှင်းကြတာပေါ့”
ခန်းမရဲ့ လေထုဟာ ငြိမ်သက်သွားပါတယ်။
လီထိုက်ကူ၊ ကျန်းကူရှင်း၊ ဧကရာဇ်ရှောင်၊ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ တခြားတာအိုပညာရှိတွေဟာ တစ်ယောက်ကို တစ်ယောက် အကဲခတ်လိုက်ကြပါတယ်။ တကယ်တော့ သူတို့တွေ အကုန်လုံးဟာ ပဋိပက္ခအင်အားစုတွေဆီက စည်းရုံးတဲ့ ကမ်းလှမ်းချက်ကို လက်ခံရရှိထားပြီး နည်းနည်း စိတ်ယိုင်နေကြတာပါ။
ဒါကလည်း သူတို့ကို အပြစ်တင်လို့ မရပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ ဖိအားက တကယ်ကို ကြောက်ဖို့ကောင်းလွန်းတာပါ။ ကောလဟာလတွေ ကြားရုံနဲ့တင် ရင်ထိတ်စေပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ငါ ဒီနေရာမှာ ကောင်းကင်တာအိုကို ကျိန်းသေပေါက် ကာကွယ်မယ်လို့ ကျိန်ဆိုတယ်၊ မင်းတို့ကရော...”
ချင်လင်း၊ ရှကျစ်ဇွင်နဲ့ ကယ်တင်ရှင်ဗုဒ္ဓဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘ကောင်းကင်တာအိုက ကပ်ဘေး ရင်ဆိုင်နေရတာလား...’
ကောင်းကင်အရှင်ဝူဖာ၊ ဖန်းလျန်၊ စုချီ၊ ပန်ရှင်း၊ ချုံရှီလိုင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဟန်ယွီ၊ ရွှီတုတောက်၊ ရန်ချဲ့၊ ဂျိရှင်းရှန်၊ ထျန်ကျန်နဲ့ လုံဟောင်တို့ဟာ ကောင်းကင်တာအိုကို ကာကွယ်မယ်လို့ ကတိပေးကြပါတယ်။ ချင်လင်း၊ ရှကျစ်ဇွင်နဲ့ ကယ်တင်ရှင်ဗုဒ္ဓလည်း အတူတူပါပဲ။
ကျန်တဲ့ တာအိုပညာရှိတွေလည်း ရွေးချယ်စရာ မရှိတာကြောင့် ကတိပေးလိုက်ရပါတယ်။ ဒီလိုအချိန်မှာ ဒီအဆိုကို ငြင်းပယ်တဲ့လူက ကိုယ့်သေတွင်း ကိုယ်တူးတာပါ။
ကောင်းကင်အရှင်ဝူဖာဟာ ပြုံးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ထွက်ပြေးချင်တယ်လို့ မပြောဘူး၊ ဒီလိုအခြေအနေမှာ ငါတို့မှာ ထွက်ပြေးဖို့ မျက်နှာ ရှိပါ့မလား၊ ငါတို့က ကောင်းကင်တာအိုရဲ့ အာဏာကိုတော့ ခံစားပြီး ကောင်းကင်တာအို ကပ်ဘေးကျရင် အမြဲတမ်း ဂူအောင်းကျင့်ကြံနေတဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းတာ ဘယ်လိုလုပ်ပြီး တရားနည်းလမ်း ကျမှာလဲ”
တခြားတာအိုပညာရှိတွေဟာ ကောင်းကင်အရှင်ဝူဖာရဲ့ စကားကို ခေါင်းညိတ် ထောက်ခံကြပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ခြိမ်းခြောက်မှု ရှိတယ်ဆိုပေမဲ့ သူတို့တွေ ဘယ်အချိန် ရောက်လာမလဲဆိုတာ မသိသေးဘူး၊ ဒီတော့ ကောင်းကင်တာအိုကို ဆက်ပြီးတော့ တိုးတက်အောင် လုပ်ရမှာပဲ၊ ငါတို့တွေ ပဋိပက္ခက ကောင်းကင်တာအို သက်ရှိတွေကို ပြန်ပြီးတော့ ဆင့်ခေါ်ရမယ်၊ ပြီးရင် ကောင်းကင်တာအိုနဲ့ အမှောင်တားမြစ်နယ်မြေကြားမှာ သေမျိုးကမ္ဘာတွေကို ဆက်ပြီးတော့ ဖန်တီးမယ်...”
ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအို ချဲ့ထွင်တဲ့ အစီအစဉ်ကို စပြီးတော့ ပြောပါတယ်။
ကောင်းကင်အရှင်ရွှမ်တုနဲ့ တခြားတာအိုပညာရှိတွေရဲ့ ကြော်ငြာမှုကြောင့် ကောင်းကင်တာအိုဟာ အရင်အခြေအနေကို ပြန်ရောက်သွားပါတယ်။
အရင်တုန်းက တာအိုပညာရှိတွေဟာ တိတ်တဆိတ် ဆက်သွယ်တာမလို့ ဒီကိစ္စကို ထုတ်မပြောရဲကြပါဘူး။ အခုတော့ တာအိုပညာရှိတွေဟာ ဒီကိစ္စကို ထုတ်ပြောပြီးပြီမလို့ မကြောက်ကြတော့ပါဘူး။ တာအိုပညာရှိ အကြောက်ဆုံးက နတ်အာဏာရှင် စစ်သူကြီးတွေကို မဟုတ်ပါဘူး။ တိုက်ပွဲစရင် တခြားတာအိုပညာရှိတွေ ထွက်ပြေးမှာကိုပါ။
ကောင်းကင်တာအို အနန္တကပ်ဘေး ပြီးဆုံးပြီးနောက် အင်မော်တယ်ကမ္ဘာဟာ နောက်ထပ် လျင်လျင်မြန်မြန် တိုးတက်တဲ့အချိန်ကို ရောက်သွားပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ကောင်းကင်တာအို အစွန်းကိုသွားပြီး ကမ္ဘာတွေ ဆက်တိုက် ဖန်တီးပါတယ်။ ကံတရား အထောက်အပံ့နဲ့ ကောင်းကင်တာအို နယ်မြေဟာ ဆက်တိုက် ကျယ်ပြန့်ပြီး ပဋိပက္ခမြို့တွေကလည်း အပြင်ဘက်ကို ဆက်တိုက် ရွှေ့ပါတယ်။
ပန်ရှင်းကလည်း ဒုတိယ ပဋိပက္ခ ကောင်းကင်လမ်းကို စပြီးတော့ ဖန်တီးပါတယ်။ ဒီတစ်ခါ အကျိုးဆောင်မှုကိုတော့ ပန်ရှင်းဟာ ကျင်းရှန်ကို ပေးလိုက်ပါတယ်။ ကျင်းရှန်ဟာ ဒီကိစ္စအတွက် သိပ်တော့ အံ့အားမသင့်ပါဘူး။ ပန်ရှင်း ဒီလိုလုပ်တာက သူနဲ့ ကောင်းကင်တာအိုကို ချည်နှောင်ဖို့ဆိုတာ ကျင်းရှန် သိပါတယ်။ ဒါပေမဲ့ ကျင်းရှန်ဟာ မငြင်းပါဘူး။ ကောင်းကင်တာအို ကုသိုလ်ကံကို လက်ခံလိုက်ပါတယ်။
တခြားတာအိုပညာရှိတွေကလည်း သက်ရှိအားလုံး အကျိုးအမြတ်ရဖို့အတွက် လုပ်ဆောင်တဲ့အတွက် ကောင်းကင်တာအို တစ်ခုလုံး စည်ပင်သာယာ ဝပြောပြီး နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ တည်ရှိမှုကို မေ့လျော့သွားကြပါတယ်။
တာအိုပညာရှိတွေ အားကိုးတဲ့ ဟန်ကျွယ်ကတော့ ဂူအောင်းကျင့်ကြံနေတုန်းပါ။
ဒီလိုနဲ့ ၆၄,၈၂၀ နှစ် ကုန်ဆုံးသွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်ဖို့ အခွင့်အရေး ရသွားပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ်ဝိညာဉ်ထဲက ဝိုးတိုးဝါးတား လောကဦးချီဟာ ပျောက်ကွယ်သွားပြီး လောကဦးကမ္ဘာတစ်ခုလုံး ခရမ်းရောင် ပြောင်းသွားပါတယ်။
ချီကနေ အာကာသ ဖြစ်တည်လာပါတယ်။
၀.၁၀၈ နဟုတံရှိတဲ့ ကြယ်တိုင်းရဲ့ ပတ်လည်မှာလည်း အလွန်တရာ လှပတဲ့ ခုနစ်ရောင်ခြယ် အလင်းတန်း ပေါ်လာပါတယ်။ အန္တိမမူလ မဟာတာအိုဟာ ဒီကြယ်တွေနဲ့ ခြွင်းချက်မရှိ လုံးဝ ပေါင်းစပ်သွားပါပြီ။
ကြယ်တွေက မဟာတာအို၊ မဟာတာအိုက ကြယ်တွေပါ။
ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကနေ နတ်အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဟာ ဒီနတ်အလင်းရောင်တွေကို မဖုံးကွယ်နိုင်ပါဘူး။ နတ်အလင်းရောင်တွေဟာ ကောင်းကင်ကို ပျံတက်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ရဲ့ ကောင်းကင်ပြင်မှာ တောက်ပသွားပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေလည်း ဒါကို သတိထားမိသွားကြပါတယ်။
“အဲဒါ ဘာလဲဟ”
“အဲဒါ ဂိုဏ်းချုပ်ရဲ့ ဘုံကျောင်းကနေ ထွက်ပေါ်လာတာ”
“ဆန်းကြယ်စွမ်းအားဖြစ်မယ်၊ ဂိုဏ်းချုပ်က တကယ်ကို စွမ်းအားကြီးတာပဲ”
“ဂိုဏ်းချုပ်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာပဲ ရှိသေးတာလား၊ ငါက ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ဆီ ရွှေ့သွားပြီ ထင်တာ”
“ငါလည်း သေချာမသိဘူး၊ အဆင့်ထိုးဖောက်တာများလား... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအို သမိုင်းမှာ အထက်မြက်ဆုံး ပါရမီရှင်လို့ ပြောကြတယ်”
“ရွှီ— ဂိုဏ်းချုပ်က အဆင့်ထိုးဖောက်နိုင်သေးတာလား...”
ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်တာကိုပဲ အာရုံစိုက်ပြီး အပြင်က ဆွေးနွေးသံတွေကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ဒီတစ်ခါ အဆင့်ထိုးဖောက်မှုက အရင်က အများကြီး ပိုကြာပါတယ်။
နှစ်သုံးထောင် ကုန်သွားမှာပဲ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်နိုင်သွားပါတယ်။ ဟန်ကျွယ် အဆင့်ထိုးဖောက်လိုက်တာနဲ့ နတ်အလင်းရောင်တွေ ကွယ်ပျောက်ပြီး တာအိုဘုံကျောင်းထဲမှာ ပေါလောမျောနေတဲ့ မရေမတွက်နိုင်တဲ့ ကြယ်တွေ ပေါ်လာပါတယ်။
ဘယ်တုန်းက ပြန်ရောက်နေမှန်း မသိတဲ့ နတ်ထူးဆန်းဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ကြယ်တွေကြားထဲ လျှောက်သွားပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ကောင်းကင်တာအိုကနေ ခုန်ထွက်ပြီး တစ်ဟုန်ထိုး မြင့်တက်သွားပါတယ်။ ပဋိပက္ခရဲ့ မြင်ကွင်းတွေဟာ ဟန်ကျွယ်ရဲ့ မျက်စိအောက်မှာ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ ပဋိပက္ခတစ်ခုလုံး လျင်မြန်စွာ ကျုံ့သွားသလိုပါပဲ။
ဒီခံစားချက်က တော်တော်လေး ထူးဆန်းပါတယ်။
အချိန်တစ်ခု ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ကျယ်ပြန့်နေတာ ရပ်သွားပါတယ်။
ဟန်ကျွယ်ဟာ အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ ပဋိပက္ခဟာ ပြောင်းလဲသွားပြီး စွမ်းအားတစ်မျိုး၊ ဖော်ပြဖို့မဖြစ်နိုင်တဲ့ စွမ်းအားတစ်မျိုးကို တွေ့မြင်လိုက်ရပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အမြင့်မြတ်ဆုံး အခြေအနေကို ဝင်ရောက်သွားပါတယ်။ သူနဲ့ ပတ်သက်တဲ့ ကာလ-ဒေသ အကုန်လုံးဟာ ဟန်ကျွယ်ရဲ့ မျက်စိထဲကို တိုးဝင်လာပါတယ်။ ဘဝဟောင်းနဲ့ လက်ရှိဘဝ၊ အတိတ်နဲ့ အနာဂတ်၊ ကံတရားရဲ့ အပြိုင်ဖြစ်နိုင်ခြေတွေ၊ ကံတရားအကုန်လုံးရဲ့ ရေတွက်ဖို့ မဖြစ်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ... အကုန်လုံးကို ဟန်ကျွယ် မြင်လိုက်ရပါတယ်။
ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ဘဝပေါင်း မရေမတွက်နိုင်အောင် ရှင်သန်လိုက်သလိုပါပဲ။
နောက်ဆုံးမှာ အရာအားလုံးဟာ မှန်တစ်ချပ်လို ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပဋိပက္ခကို ထပ်ငုံ့ကြည့်လိုက်ပါတယ်။
ပဋိပက္ခရဲ့ သက်ရှိအားလုံး ပျောက်ကွယ်သွားပါတယ်။ အာကာအလွှာတွေကလည်း ဗလာဖြစ်သွားပြီး အချင်းချင်း ယှက်ဖြာချိတ်ဆက်နေတဲ့ မဟာတာအို သုံးထောင် ပေါ်လာပါတယ်။ မဟာတာအို သုံးထောင်ရဲ့ အထက်မှာတော့ အားကြီးပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအား ၇ ပါး ရှိနေပါတယ်။ ဒီစွမ်းအားက တန်ခိုးစွမ်းအား အလွန်ကြီးမားပြီး မဟာတာအို သုံးထောင်ရဲ့ စွမ်းအားကို စုပ်ယူနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။