ရှုံးပွဲမရှိ
Vol. 80 Ch. 841
‘တွေ့မယ်...’
ဓားရူးတာအိုပညာရှိဟာ ချက်ချင်းဆိုသလို သတိကြီးသွားပြီး ထောင်ချောက်တစ်ခုလို့ ခံစားလိုက်ရပါတယ်။ ဓားရူးတာအိုပညာရှိဟာ အရင်တုန်းက ဟန်ကျွယ်ကို အပြင်ထွက်ဖို့ ခေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဟန်ကျွယ်ဟာ အရမ်း သတိကြီးပြီး ကောင်းကင်တာအိုကနေ ခြေတစ်ဖဝါးတောင် မခွာခဲ့ပါဘူး။
ဓားရူးတာအိုပညာရှိဟာ သတိကြီးကြီးထားပြီး ပြန်မေးလိုက်ပါတယ် “မင်းက ငါ့ကို ဘာဖြစ်လို့ တွေ့ချင်တာလဲ”
“နတ်အာဏာရှင် စစ်သူကြီးတွေ အကြောင်း ဆွေးနွေးဖို့...”
“အိပ်မက်ထဲမှာ ဆွေးနွေးလို့ ရနေတာပဲ”
“ခင်ဗျားက ကျုပ်ကို ကြောက်နေတာလား၊ ခင်ဗျားက မဟာတာအို အထွတ်အထိပ်အဆင့်ကို နှစ်ခါ ပြန်ရောက်ထားတာတောင် ကျုပ်ကို ကြောက်နေသေးတာလား”
“မင်း အဲဒါကို ဘယ်လိုလုပ် သိတာလဲ” ဓားရူးတာအိုပညာရှိဟာ ပိုပြီးတော့ သတိကြီးသွားပါတယ်။
“ဟုန်စဲ့မင်ယွင်ဆီက ကြားထားတာ၊ ဟုန်စဲ့မင်ယွင်က ကောင်းကင်တာအိုကို ရောက်လာပြီး ကျုပ်နဲ့ ပူးပေါင်းလိုက်ပြီ”
ဓားရူးတာအိုပညာရှိဟာ ဒီတော့မှာ နည်းနည်း သက်သာရာ ရသွားပါတယ် “မင်းက နတ်အာဏာရှင် စစ်သူကြီးတွေကို တကယ် ရင်ဆိုင်ချင်တာလား”
“ဟုတ်တယ်”
“အဲဒါ ငါ ကောင်းကင်တာအိုကို လာခဲ့မယ်လေ”
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ စကားကြောင့် မှင်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိက ကောင်းကင်တာအိုကို လာချင်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ တွေးကြည့်ရင် ဒါက ကောင်းတဲ့ကိစ္စပါ။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ဓားရူးတာအိုပညာရှိကို တစ်ချက်တည်း သတ်နိုင်လား”
[သက်တမ်း ၄၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သတ်နိုင်ပါသည်။]
ဒီတော့မှ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိကို အဖြေပြန်ပေးလိုက်ပါတယ် “ရတယ်... လာခဲ့ချည်”
ဓားရူးတာအိုပညာရှိဟာ ပြုံးလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေက တကယ် အထင်ကြီးဖို့ ကောင်းတာ၊ သူတို့က ရိုးရိုးသာမန် မဟာတာအိုပညာရှိတွေ မဟုတ်ဘူး၊ မဟာတာအိုပညာရှိချုပ်ဆိုရင် လွတ်လပ်နယ်မြေကိုတောင် ထောက်လှမ်းနိုင်တယ်၊ ငါလည်း ဒီနှစ်ထဲ နတ်အာဏာရှင် စစ်သူကြီးတွေကို ဘယ်လို ခုခံရမလဲဆိုတာ တွေးနေတာ”
ဟန်ကျွယ်ဟာ စပ်စုလိုက်ပါတယ် “မဟာတာအိုပညာရှိချုပ်က နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို အနိုင်မယူနိုင်ဘူးလား”
ဓားရူးတာအိုပညာရှိဟာ မျက်လုံး ပင့်တက်သွားပါတယ် “ဘယ်လို အနိုင်ယူရမှာလဲ၊ သူတို့က မဟာတာအိုပညာရှိပဲ ဆိုပေမဲ့ အထွတ်အထိပ် နိယာမက ဖြစ်တည်လာတာ၊ သူတို့စွမ်းအားက မဟာတာအိုပညာရှိ စွမ်းအားပဲ ရှိတာဆိုပေမဲ့ ရိုးရိုး မဟာတာအိုပညာရှိနဲ့ အနှစ်သာရချင်း တူတာ မဟုတ်ဘူး၊ ဖျက်ဆီးဖို့ အရမ်းခက်တယ်”
“ဒါဆို ခင်ဗျား နတ်အာဏာရှင် စစ်သူကြီး ဘယ်နှပါးကို တိုက်နိုင်လဲ”
“တစ်... တစ်ရာ...”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဓားရူးတာအိုပညာရှိရဲ့ စကားအရ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဟာ မဟာတာအို အထွတ်အထိပ် အဆင့် ရောက်နေတဲ့ ဓားရူးတာအိုပညာရှိ တစ်ရာနဲ့ သွားညီနေပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ပဋိပက္ခ နတ်ဘီလူးတွေထဲမှာလည်း မဟာတာအိုပညာရှိချုပ်တွေ ရှိတာပဲ၊ ပဋိပက္ခ နတ်ဘီလူးတွေ အကုန်လုံး ပူးပေါင်းလိုက်ရင် နတ်အာဏာရှင် စစ်သူကြီးတွေကို နိုင်ဖို့ အခွင့်အရေး နည်းနည်းလေးတောင် မရှိဘူးလား”
ဓားရူးတာအိုပညာရှိဟာ ခေါင်းခါလိုက်ပါတယ် “မဟာတာအိုပညာရှိချုပ်က ဘယ်လိုလုပ်ပြီး အဲဒီလောက် များမှာလဲ၊ ပဋိပက္ခနတ်ဘီလူးထဲမှာ မဟာတာအိုပညာရှိချုပ်က လက်ငါးချောင်းပြည့်တာ မဟုတ်ဘူး၊ ပဋိပက္ခထဲမှာရှိတဲ့ တခြား မဟာတာအိုပညာရှိချုပ်တွေကျတော့ အများစုက မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဖြစ်နေတယ်၊ သူတို့က ကြောက်ရင်ကြောက် မဟုတ်ရင်လည်း ဂူအောင်းကျင့်ကြံပြီး အပြင်ထွက်လာရဲကြတာ မဟုတ်ဘူး၊ ဘယ်လိုပဲကြည့်ကြည့် သူတို့တွေ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို တားဆီးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။
ဓားရူးတာအိုပညာရှိက မေးလိုက်ပါတယ် “မင်းလည်း မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီလား”
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ အဖြေ ပြန်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိရဲ့ မျက်နှာသာပေးမှုကို ယုံကြည်လိုက်တာပါ။
“ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလိုက်လဲ” ဓားရူးတာအိုပညာရှိရဲ့ မျက်နှာဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် ‘အံ့ဩစရာ မရှိတော့ပါဘူး... ဒီကောင် ငါ့ကို အပြင်ခေါ်ထုတ်နေတာ ငါ့ကို အနိုင်ကျင့်ချင်လို့ကိုး’
ဓားရူးတာအိုပညာရှိဟာ တော်တော်လေးလည်း လန့်သွားပါတယ်။ အရင်တုန်းကတောင် ဟန်ကျွယ်ရဲ့ စွမ်းအားက တော်တော် ကြောက်ဖို့ကောင်းခဲ့တာပါ။ အခု မဟာတာအိုပညာရှိချုပ်တောင် ဖြစ်လာပြီဆိုတော့ အရင်ထက် အဆတစ်ရာ အဆတစ်ထောင်မက ပိုကြမ်းဖို့ပဲ ရှိပါတယ်။
“ဒါနဲ့ ခင်ဗျား အရင် မဟာတာအိုပညာရှိချုပ် ဖြစ်တုန်းက ခင်ဗျားကို ဘယ်သူ သတ်ခဲ့တာလဲ” ဟန်ကျွယ်က စပ်စုလိုက်ပါတယ်။
“ငါလည်း သေချာ မသိဘူး၊ အဲဒီအကြောင်း ပြောရရင် အဲဒီတုန်းက... ငါက အထွတ်အထိပ်အဆင့်ကို ရောက်ခါစပဲ ရှိသေးတာ၊ အထွတ်အထိပ်အဆင့်ကို ရောက်တဲ့လူကလည်း ငါ တစ်ယောက်တည်း ရှိတာလို့ ထင်ခဲ့တာ... တစ်ဖက်လူက ဘယ်သူလဲဆိုတာ ငါ မသိဘူး၊ ဒါပေမဲ့ သေချာတာကတော့ တော်တော် စွမ်းအားကြီးလိမ့်မယ်၊ ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံး တည်ရှိမှုတောင် ဖြစ်နိုင်တယ်”
ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မသုံးပါဘူး။ ဒါက သူ့ရန်သူ မဟုတ်ဘဲ ဓားရူးတာအိုပညာရှိရဲ့ ရန်သူ မဟုတ်ပါလား။
အခု ဓားရူးတာအိုပညာရှိ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်တာ ကြာသွားပါပြီ။ ဒါပေမဲ့ အဲဒီရှေးဟောင်း တည်ရှိမှု တိုက်ခိုက်တာကို မခံရပါဘူး။ ကြည့်ရတာ အဲဒီရှေးဟောင်း တည်ရှိမှုက ရေစက်ကို လွှတ်ချလိုက်ပုံပါပဲ။
ဓားရူးတာအိုပညာရှိက ကောင်းကင်တာအိုကို လာဖို့ သဘောတူပြီးနောက် ဟန်ကျွယ်နဲ့ စကားနည်းနည်းပါးပါး ထပ်ပြောပါတယ်။
အိပ်မက်အဆုံးသတ်တဲ့အခါ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ အထွတ်အထိပ်အဆင့်ကို ရောက်ရှိတဲ့ ခံစားချက်ကို စကားလုံးနဲ့ ဖော်ပြလို့ မရလောက်အောင်ကို သက်သောင့်သက်သာ ရှိလှပါတယ်။
ဟန်ကျွယ်ဟာ တစ်ခါတည်း တာအိုဟောကြားလိုက်ပါတယ်။ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်က တပည့်အကုန်လုံး အန္တိမမူလ မဟာတာအိုရဲ့ လွှမ်းမိုးမှုကြောင့် ဘာတွေပဲလုပ်လုပ် ချက်ချင်း တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။
နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ တာအိုဟောကြားမှု ပြီးဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ချင်ပေမဲ့ တစ်ခဏ စဉ်းစားပြီးနောက် ကောင်းကင်ဘုံ ၃၃ ဘုံ မြောက်ကို ခုန်တက်ကာ တစ်ချက်တည်းနဲ့ စကြဝဠာခန်းမထဲ ဝင်လိုက်ပါတယ်။
စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုနဲ့ လောင်တန်ပဲ ရှိနေပါတယ်။
ဟန်ကျွယ် ပေါ်လာတာကို တွေ့တာနဲ့ ကောင်းကင်အရှင်ရွှမ်တုက ချက်ချင်း မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ဘာဖြစ်လို့ ဒီကို ရောက်လာတာလဲ”
လောင်တန်ဟာ မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ကို အကဲခတ်ကာ အံ့အားသင့်သွားပါတယ် ‘ဒီကောင်ရဲ့ ရတနာတွေက မရိုးရှင်းဘူး... ဟန်ပန်အမူအရာကလည်း အထင်ကြီးဖို့ ကောင်းသား...’ လောင်တန်ဟာ အလိုလိုနေရင်း လောင်ဇီကို တွေးမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ယဉ်ကျေးသမှုနဲ့ လောင်တန်ကို မဆိုစလောက် ခေါင်းညိတ်ပြပြီးနောက် ကောင်းကင်အရှင်ရွှမ်တုကို ပြောလိုက်ပါတယ် “တာအိုပညာရှိ အကုန်လုံးကို အစည်းအဝေးခေါ်လိုက်... တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိတွေကိုလည်း ခေါ်လိုက်...”
ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေကို မကြောက်တော့ပေမဲ့ တာအိုပညာရှိတွေ အကြောက်လွန်ပြီး ထင်ရာလျှောက်လုပ်မှာစိုးတဲ့အတွက် အစည်းအဝေးခေါ်လိုက်တာပါ။ တာအိုပညာရှိတွေ သေမှာ ကြောက်တာက သာမန်ပါပဲ။ ဟန်ကျွယ်လည်း အတူတူပဲ မဟုတ်ပါလား။
ကောင်းကင်အရှင်ရွှမ်တုဟာ မှင်တက်သွားပေမဲ့ ချက်ချင်း အသံလွှင့်ပြီး တာအိုပညာရှိတွေကို စုဝေးလိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ...
တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ဧကရာဇ်ရှောင်၊ ကောင်းကင်အရှင်ဝူဖာ၊ ချုံရှီလိုင်၊ ဖန်းလျန်၊ ကျင်းရှန်၊ ပန်ရှင်း၊ ရွှီတုတောက်၊ စုချီ၊ လီထိုက်ကူ၊ လောကဦးပဋိပက္ခ ဗုဒ္ဓ၊ ကျန်းကူရှင်း၊ လုံဟောင်၊ ဂျိရှင်းရှန်၊ ရှန်ဝေဗုဒ္ဓ၊ ရန်ချဲ့၊ ထိုက်စုတျန်၊ ထျန်ကျန့်၊ ဟန်ယွီ၊ ချင်လင်း၊ ရှကျစ်ဇွင်၊ ကယ်တင်ရှင်ဗုဒ္ဓ၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ အကုန်လုံး ရောက်လာကြပါတယ်။
လောင်တန်ဟာ တာအိုပညာရှိ အရေအတွက်ကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ အဆုံးသတ် အပျက်အစီး နတ်ဘုံက ရွမ်လိန့်ကျောင်းတော်မှာတောင် တာအိုပညာရှိ ဒီလောက်များများ မရှိပါဘူး။
ပထမတော့ လောင်တန်ဟာ ဘာမှ မခံစားရပါဘူး။ ဒါပေမဲ့ တာအိုပညာရှိတွေ စုဝေးတာကို ကြည့်ပြီး လောင်တန်ဟာ ရင်တုန်သွားပါတယ်။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါမှာ စိတ်လှုပ်ရှားသွားကြပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကောင်းကင်တာအိုရဲ့ အကြီးမားဆုံး ဝှက်ဖဲ မဟုတ်ပါလား။
လောင်တန်ဟာ နေရာကထပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လောင်တန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ဒီမှာ ဆက်နေလို့ ရတယ်၊ ကောင်းကင်တာအိုက စီနီယာကို အမြဲတမ်း ကြိုဆိုပါတယ်”
လောင်တန်ဟာ နှလုံးလှုပ်သွားပြီး နေရာမှာ ပြန်ထိုင်လိုက်ပါတယ်။ ဟန်ကျွယ်က ဘာပြောမလဲဆိုတာကို ကြားချင်တာလည်း ပါပါတယ်။
ဟန်ကျွယ်က ပထမဆုံး စပြောပါတယ် “နတ်အာဏာရှင် စစ်သူကြီးတစ်သောင်း ကိစ္စကို အားလုံး စိုးရိမ်နေမယ်လို့ ထင်တယ်၊ ငါက ဂူအောင်းကျင့်ကြံနေတာ ဆိုပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူးတွေတင်မကဘဲ ပန်ကူး ဖန်တီးထားတဲ့ ကောင်းကင်တာအိုကိုပါ ဖျက်ဆီးချင်တယ်ဆိုတာ သတင်းရထားတယ်၊ ပြောချင်တာကတော့ ဒီတိုက်ပွဲက ရှောင်လွှဲလို့မရဘူး”
“ဒီတိုက်ပွဲကို အစွမ်းကုန် တိုက်ခိုက်ဖို့ ငါ ဒီနေရာကနေ ကြော်ငြာတယ်”
ဟန်ကျွယ်ဟာ နှေးနှေးနဲ့ ဖြည်းဖြည်း ပြောလိုက်ပေမဲ့ စကားလုံးတိုင်းက ပုကျိုးနတ်တောင်လို လေးလံလှပါတယ်။
တိုက်ခိုက်ရမယ်ဆိုတဲ့အတွက် တာအိုပညာရှိတွေဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ အရင်တုန်းက တာအိုပညာရှိတွေဟာ ယာယီ သဘောတူညီချက် ရထားခဲ့ပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေကို ကြောက်နေတုန်းပါ။
ဟန်ကျွယ်က ဆက်ပြောပါတယ် “ကောင်းကင်တာအို ပြန်စတင်ကတည်းက နောက်ခံ မရှိခဲ့ဘူး၊ ကောင်းကင်မိစ္ဆာ ကပ်ဘေး၊ မီးလျှံမျိုးနွယ်စု ကပ်ဘေး၊ ကပ်ဘေးမျိုးနွယ်စု ကပ်ဘေး၊ နတ်စိတ်ဝိညာဉ် ကပ်ဘေး စတဲ့ ကပ်ဘေးတွေကို ကျော်ဖြတ်နိုင်ခဲ့တာက ငါတို့ တာအိုပညာရှိတွေရဲ့ ကြိုးပမ်းမှုကြောင့်ပဲ၊ ကောင်းကင်တာအိုက ဘယ်အချိန်တုန်းက ပဋိပက္ခကို မှီခိုခဲ့ဖူးလို့လဲ”
“အတိတ်ကို ပြန်ကြည့်ရင် ကောင်းကင်တာအိုက ကပ်ဘေးတိုင်းမှာ အနိုင်ရပြီး စွမ်းအား ပိုကြီးလာခဲ့တာချည်းပဲ၊ ဒါက ငါတို့ရဲ့ အုတ်မြစ်ပဲ... နတ်အာဏာရှင် စစ်သူကြီးဆိုတော့ရော ဘာဖြစ်လဲ၊ အရင်တုန်းက ငါတို့တွေ ဒီလိုမျိုး ခက်ခဲတဲ့ အခြေအနေကို မရောက်ဖူးတာမှ မဟုတ်တာ”
“နောက်ပြီး နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ပြိုင်ဘက်က ကောင်းကင်တာအို တစ်ခုတည်း မဟုတ်ဘူး၊ ပဋိပက္ခ နတ်ဘီလူးတွေလည်း ပါတယ်၊ ငါတို့က ဒီတိုက်ပွဲမှာ တစ်ကိုယ်တည်း မဟုတ်ဘူး၊ တာအိုပညာရှိ အကုန်လုံး စိတ်အေးအေးထားပြီး ကောင်းကင်တာအိုကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ ငါ မျှော်လင့်တယ်၊ ငါတို့တွေ ဒီကပ်ဘေးကိုသာ အနိုင်ရရင် အနာဂတ်မှာ ဘယ်သူကများ ကောင်းကင်တာအိုကို ရန်စရဲဦးမှာလဲ”
“ကောင်းကင်တာအို ပျက်စီးသွားရင် ပဋိပက္ခက ငါတို့ကို ဒီအတိုင်း လက်ပိုက်ကြည့်နေမယ် ထင်လား၊ ငါတို့က ဘာဖြစ်လို့ တခြားကမ္ဘာတွေရဲ့ နောက်လိုက်ခွေး လုပ်ရမှာလဲ”
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို စိုက်ကြည့်ပြီး မာန်ပါပါ မိန့်ခွန်း ပြောလိုက်ပါတယ်။
တာအိုပညာရှိတွေ အကုန်လုံး စိတ်လှုပ်ရှားသွားကြပါတယ်။ တကယ်လည်း အတိတ်ကို ပြန်ကြည့်ရင် ခက်ခဲခဲ့တာချည်းပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ သူတို့တွေ ရှင်သန်နိုင်ခဲ့ပါတယ်။
တာအိုပညာရှိ အသစ်တွေကလည်း ကပ်ဘေးကို ခုခံတဲ့ ဒဏ္ဍာရီလာ တာအိုပညာရှိတွေ ဖြစ်ချင်နေတာ ကြာပါပြီ။
ဟန်ကျွယ်ရဲ့ စကားက ကောင်းလွန်းလို့ တာအိုပညာရှိတွေက လက်ခံတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ ပြတ်သားလွန်းတဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပြီး ရှုံးပွဲမရှိတာကို သူတို့အားလုံး အသိ မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။