အကောင်းစား ရတနာများ ပေါင်းစပ်ခြင်း
Vol. 80 Ch. 842
“တိုက်မယ်... ဘာမလို့ ကြောက်နေရမှာလဲ” ကောင်းကင်အရှင်ဝူဖာက အရင်ဆုံး ထောက်ခံပါတယ်။
တခြားတာအိုပညာရှိလည်း သူတို့ရဲ့ ရပ်တည်မှုကို ထုတ်ပြောကြပါတော့တယ်။
ပန်ရှင်းဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... ငါတို့တွေ တိုက်ခိုက်ခဲ့တာ အတော်ကြာပြီ၊ နတ်အာဏာရှင် စစ်သူကြီးတွေက ငါတို့ကို တိုက်ခိုက်နိုင်ဖို့ မျှော်လင့်ရမှာပဲ”
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါတို့ဘက်မှာ ရှိနေမှတော့ ဘာကို ကြောက်နေရဦးမှာလဲ”
“ကျွန်တော်တို့က တာအိုပညာရှိ အသစ်တွေဆိုပေမဲ့ တိုက်ခိုက်ရမှာကို မကြောက်ဘူး”
“ဒီတိုက်ပွဲက ကောင်းကင်တာအိုရဲ့ အစွမ်းကို ပဋိပက္ခဆီ ပြသပေးလိမ့်မယ်”
“ကျွတ်..ကျွတ်... ကျင်းမိန်ကမ္ဘာက ငါ့ကို ဖိတ်ခေါ်သေးတယ်၊ ငါ နှစ်ခါမစဉ်းစားဘဲ ငြင်းပစ်လိုက်တယ်”
“နတ်အာဏာရှင် စစ်သူကြီးတွေက ဘယ်တော့ ရောက်လာမှာလဲ၊ ငါ အခုတောင် တိုက်ခိုက်ချင်နေပြီ”
တာအိုပညာရှိတွေဟာ တစ်ယောက်ပြီး တစ်ယောက် ထပြောကြတဲ့အတွက် စကြဝဠာခန်းမရဲ့ လေထုဟာ လန်းဆန်း တက်ကြွသွားပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုကို တစ်ချက်ကြည့်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ အကြည့်ကို နားလည်တာမလို့ ချက်ချင်း ရှေ့ထွက်ပြီး ကောင်းကင်တာအိုရဲ့ ဒီအတောအတွင်း တိုးတက်ပြောင်းလဲမှုတွေနဲ့ ကောင်းကင်တာအို ပတ်လည်က ပြုပြင်ပြောင်းလဲမှုတွေကို အကျဉ်းချုပ်ပြီး စပြောပါတယ်။
လောင်တန်၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ဟာ တိတ်တဆိတ် နားထောင်ပေမဲ့ သူတို့ရဲ့ ခံစားချက်တွေကတော့ မတူကွဲပြားပါတယ်။
လောင်တန်ဟာ ကောင်းကင်တာအို ပညာရှိတွေက ဒီလောက်ထိ သဟဇာတ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ တစ်ချက်ကြည့်လိုက်ရင် ကောင်းကင်တာအိုပညာရှိတွေက ဂိုဏ်းတူတပည့်တွေ ဆွေးနွေးနေတဲ့ အတိုင်းပါပဲ။ အကျိုးအမြတ်အတွက် သဘောထား ကွဲလွဲတာတွေ မရှိပါဘူး။
လောင်တန်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဂူအောင်းကျင့်ကြံရုံတင် မကဘူး၊ ဒီလို နည်းလမ်းတွေလည်း တတ်သားပဲ’
လောင်တန်ဟာ ဟန်ကျွယ်က ကောင်းကင်တာအိုပညာရှိတွေကို တိတ်တိတ်လေး ခြိမ်းခြောက်ထားတယ်လို့ ခံစားလိုက်ရပါတယ်။ မဟုတ်ရင် ကောင်းကင်တာအိုပညာရှိတွေက ဒီလောက်ထိ သဟဇာတ ဖြစ်နေစရာအကြောင်း မရှိပါဘူး။
တာအိုအရှင်သခင်တို့ သုံးဦးဟာ ပိုပြီးတော့ ဂုဏ်ယူသွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းက ကောင်းကင်တာအိုကို တကယ် ပိုင်ဆိုင်သွားပြီ မဟုတ်ပါလား။
‘ဂိုဏ်းချုပ်က တိတ်ဆိတ်ဂိုဏ်းကို တိုးတက်အောင် မကြိုးစားတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ထိပ်ဆုံးပိုင်းကို နေရာယူထားတော့ အောက်ပိုင်းက အလိုလို အဆင်ပြေသွားတာပဲ’
ကောင်းကင်အရှင်ရွှမ်တု ပြောလို့ ပြီးတဲ့အခါ ဟန်ကျွယ်က ထပ်ပြောလိုက်ပါတယ် “ငါ မဟာတာအိုပညာရှိ နှစ်ပါးကို စည်းရုံးထားတယ်၊ သူတို့ထဲက တစ်ယောက်က သူ့ကမ္ဘာကို ကောင်းကင်တာအိုဆီ သယ်လာလိမ့်မယ်၊ အဲဒီအချိန်ကျရင် အဲဒီကမ္ဘာကို ကောင်းကင်တာအိုနားမှာ နေရာချပေးလိုက်၊ သူတို့က ကောင်းကင်တာအိုနဲ့ အတူတူ တိုးတက်ပြောင်းလဲပြီး အချင်းချင်း ရိုင်းပင်း ကူညီကြလိမ့်မယ်”
တာအိုပညာရှိတွေဟာ အံ့ဩတကြီး ဖြစ်သွားကြပါတယ် ‘နောက်ထပ် မဟာတာအိုပညာရှိ နှစ်ပါးလား... ဒါဆို ကောင်းကင်တာအိုမှာ မဟာတာအိုပညာရှိ လေးပါး ရှိသွားပြီပဲ...’
လောကဦး ကောင်းကင်ထောင်နဲ့ ကျွန်ပြုထားခံရတဲ့ တာအိုပညာရှိတွေဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို တွေးမိပြီး မဟာတာအိုပညာရှိ ငါးပါးလို့ မှတ်ယူလိုက်ကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်ကို မဟာတာအိုပညာရှိလို့ပဲ ထင်နေကြတာပါ။
လီထိုက်ကူက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “စီနီယာဟန်က တကယ် စွမ်းအားကြီးတာပဲ၊ ဒီလိုဆို ကျွန်တော်တို့တွေ နတ်အာဏာရှင် စစ်သူကြီးတွေကို ခုခံဖို့ ပိုပြီးတော့ ယုံကြည်ချက် ရှိသွားပြီ”
တခြားတာအိုပညာရှိတွေကလည်း ဟန်ကျွယ်ကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ မြှောက်ပင့် ပြောဆိုကြပါတယ်။
ရှကျစ်ဇွင်နဲ့ ကယ်တင်ရှင်ဗုဒ္ဓဟာ မဟာတာအိုပညာရှိ အဆင့် အကြောင်းကို အများကြီး မသိပေမဲ့ သူတို့ထက် အဆင့်ကြီးနှစ်ဆင့် ပိုမြင့်တယ်ဆိုတာကို သိထားကြပါတယ်။ ဒီအဆင့်က သူတို့ စိတ်ကူးယဉ်ကြည့်လိုရတဲ့အရာ မဟုတ်ပါဘူး။ ရှကျစ်ဇွင်နဲ့ ကယ်တင်ရှင်ဗုဒ္ဓဟာ ဟန်ကျွယ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ပါတယ်။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပေမဲ့ ရင်ထဲမှာတော့ ခံစားချက်မျိုးစုံပါပဲ။ ကျန်းကူရှင်းဟာ ဓားတာအိုမြစ်ကို ပြန်တွေးမိလိုက်ပါတယ်။ အဲဒီတုန်းက ကျန်းကူရှင်းဟာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး။
အဖြစ်အပျက်တွေက အိပ်မက်တစ်ခုလိုပါပဲ။
ကျန်းကူရှင်းဟာ အရာတစ်ခုကို နားလည်လိုက်ပါတယ်။ အဲဒါက ဟန်ကျွယ်နဲ့ တွေ့ဆုံပြီး ဟန်ကျွယ်ကို ဂရုစိုက်ခဲ့တာက သူ့ဘဝအတွက် အကြီးမားဆုံး အခွင့်အရေးဆိုတာပါ။ ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် သူ ဒီလိုမျိုး တာအိုပညာရှိအဖြစ် ရွေးချယ်ခံခဲ့ရမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “အကျဉ်းချုပ်ရရင် အားလုံး ကောင်းကင်တာအိုကို ကောင်းကောင်းမွန်မွန် စီမံကြပါ၊ နတ်အာဏာရှင် စစ်သူကြီးတွေ ရောက်လာရင် ငါ ကျိန်းသေပေါက် လှုပ်ရှားမယ်၊ မင်းတို့တွေ ဘာမှ အထိတ်တလန့် ဖြစ်စရာ မလိုဘူး၊ တခြားကမ္ဘာတွေနဲ့ ဆက်သွယ်ထားတာကတော့ မင်းတို့တွေ အခွင့်အရေးကို ဆုပ်ကိုင်ပြီး လမ်းကောင်းကို ရွေးချယ်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်၊ ပြီးခဲ့တာတွေကို ငါ ဒီအတိုင်း ထားပေးမယ်၊ ဒါပေမဲ့ ငါ နောက်ထပ်တစ်ကြိမ် မမြင်ချင်ဘူး”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ စကြဝဠာခန်းမကနေ ပျောက်ကွယ်သွားပါတယ်။
တာအိုပညာရှိတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်ကြပါတယ်။ ဟန်ကျွယ်သာ အဲဒီလို မပြောဘူးဆိုရင် သူတို့တွေ အေးဆေး နေနိုင်မှာ မဟုတ်ပါဘူး။ ဘယ်တော့ တိုက်ခိုက်ခံရမလဲဆိုပြီး ရင်တထိတ်ထိတ် ဖြစ်နေရမှာပါ။
ရွှီတုတောက်ဟာ ရန်ချဲ့ကို ကြည့်ပြီး ထူးဆန်းတဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “ဂရုစိုက်ဦး”
ရန်ချဲ့ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းရောပဲ”
‘သောက်ရူး... ငါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သစ္စာရှိ အစေခံ ဖြစ်နေပြီ၊ သူက ငါ့ကို ဘာဖြစ်လို့ ဒုက္ခပေးမှာလဲ’
ပန်ရှင်းဟာ ကျင်းရှန်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့တွေ ဒုတိယ ပဋိပက္ခ ကောင်းကင်လမ်းကို မြန်မြန် တည်ဆောက်ရမယ်၊ ကမ္ဘာတစ်ရာ မဟာမိတ်အဖွဲ့ထဲက ကမ္ဘာတစ်ခုကို လမ်းဆုံးအဖြစ် ရွေးချယ်လိုက်”
ကျင်းရှန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
တခြားတာအိုပညာရှိတွေလည်း အချင်းချင်း တီးတိုး ပြောဆိုကြပါတယ်။
လောင်တန်ဟာ ကောင်းကင်အရှင်ရွှမ်တုကို ကြည့်ပြီး ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက တကယ်ကို အထင်ကြီးဖို့ကောင်းတယ်၊ ကြည့်ရတာ မင်း မျက်စိစုံမှိတ်ပြီး ရွေးချယ်ခဲ့တာ မဟုတ်ဘူးဘဲ”
ကောင်းကင်အရှင်ရွှမ်တုက ပြန်ဖြေလိုက်ပါတယ် “တာအိုရောင်းရင်းဟန်က အနည်းဆုံးတော့ တာဝန်ယူတတ်တယ်”
လောင်တန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုနဲ့ လောင်တန်ဟာ စည်းမထားဘဲ ဗြောင်ပြောဆိုကြပါတယ်။ တခြားတာအိုပညာရှိတွေဟာ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းကို ကြားပေမဲ့ မကြားချင်ယောင်ဆောင်ကြပါတယ်။ သူတို့တွေဟာ ကောင်းကင်အရှင်ရွှမ်တုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို သစ္စာရှိကြောင်း ပြသနေတယ်ဆိုတာ သိကြပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်တာနဲ့ ကမ္ဘာဖျက်ကြာနက်ပေါ် ထိုင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်း မကျင့်ကြံသေးဘဲ အနန္တကမ္ဘာ မြင်ကွင်းကျယ်ထဲက အကောင်းစားရတနာ ပေါင်းစပ်ဆေးအိုးကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဆီမှာ စနစ်က ပေးထားတဲ့ ရတနာတွေ အများကြီးရှိပါတယ်။ အခု သူတို့ကို ပေါင်းစပ်ဖို့ အချိန်တန်ပါပြီ။
ဟန်ကျွယ် ပထမဆုံး တွေးမိတာက ဟွမ်သွမ့်ဓားပါ။ ကောင်းကင်ဖွင့်လှစ်ပုဆိန်က ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ဘယ်လာက်ပဲ အထင်ကြီးဖို့ကောင်းကောင်း ပန်ကူးရဲ့ လက်နက် ဖြစ်နေတုန်းပါ။
ဒါပေမဲ့ ဟွမ်သွမ့်ဓားကတော့ မတူပါဘူး။ ဟွမ်သွမ့်ဓားဟာ ဟန်ကျွယ်ရဲ့ မွေးရာပါ ဓမ္မရတနာ ဖြစ်ပြီး လောကဦးနတ်ဘီလူးနဲ့ တွဲထားတာပါ။ ဒါပေမဲ့ ဟွမ်သွမ့်ဓားရဲ့ အဆင့်က သူ့ကျင့်ကြံမှုထက် နိမ့်ပါးတာကြောင့် ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ဂိုဒေါင်ထဲပဲ ထည့်သိမ်းထားရပါတယ်။
အကောင်းစားရတနာ ပေါင်းစပ်ဆေးအိုးက ဓမ္မရတနာ အကုန်လုံးကို ပေါင်းစပ်နိုင်တာ ဖြစ်တဲ့အတွက် ဟွမ်သွမ့်ဓားကို အကူအညီ ပေးနိုင်မှာပါ။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး သူ့ရဲ့ ဓမ္မရတနာ အကုန်လုံးကို ထုတ်ယူလိုက်ပါတယ်။
ချီလင်ဓား၊ နတ်ဆိုးနှောင်ကြိုး၊ မီးမိစ္ဆာခေါင်းလောင်း၊ နှလုံးကာ နတ်ဆွဲကြိုး၊ စိတ်ငြိမ် တရားထိုင်ဖျာ၊ ကောင်းကင်စိတ်ဝိညာဉ် လက်ကောက်၊ ရွှေခရမ်းရောင် ချပ်ဝတ်ပျော့၊ နတ်သတ်ဓား၊ မိုးမြေ လောကဦးဓား၊ ဒြပ်စင်ကိုးပါး အသက်တစ်သောင်းဓား စတဲ့ ရတနာတွေပါ။
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ အကြံကြီးတစ်ခု ရသွားပါတယ် ‘ငါ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ဟွမ်သွမ့်ဓားထဲ ပေါင်းစပ်လိုက်ရင် ကောင်းမလား’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ဟွမ်သွမ့်ဓားထဲ ပေါင်းစပ်လိုက်ရင် ဟွမ်သွမ့်ဓားကို အရင်လို ထိန်းချုပ်နိုင်ဦးမှာလား”
[ထိန်းချုပ်နိုင်ပါသည်။]
“ဒါဆို ဟွမ်သွမ့်ဓားက အန္တိမတာအိုရတနာ အဆင့်ထက် ကျော်လွန်နိုင်လား”
[ဖြစ်နိုင်ခြေ ရှိသည်။]
‘ဖြစ်နိုင်ခြေပဲ ရှိတာလား...’ ၏
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ပေါင်းစပ်တာကို စတင် လုပ်ဆောင်ပါတယ်။ အကောင်းစားရတနာ ပေါင်းစပ်ဆေးအိုးက ရုပ်ဝတ္ထု ဆေးအိုးကြီး မဟုတ်ပါဘူး။ လုပ်ဆောင်ချက်တစ်ခုပါ။
ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန် အပါအဝင် တခြားဓမ္မရတနာ ဒါဇင်ကျော်ကို ဟွမ်သွမ့်ဓားထဲ ပေါင်းထည့်လိုက်ပါတယ်။ အဓိက ရတနာက ဟွမ်သွမ့်ဓား ဖြစ်တဲ့အတွက် ပေါင်းစပ်တဲ့ ဖြစ်စဉ် ပြီးသွားရင်လည်း ဟွမ်သွမ့်ဓားက အရင်ပုံစံအတိုင်း ရှိနေမှာပါ။
[ပေါင်းစပ်မှုအား စတင်လိုပါသလား။]
စတင်မယ်။
‘သေချာအောင် ထပ်မေးဖို့ လိုလို့လား... ငါ အရက်မူးပြီး ထင်ရာ လျှောက်လုပ်မှာကို စိုးရိမ်နေတာလား...’ ဟန်ကျွယ်ဟာ စနစ်ရဲ့ မေးခွန်းက ရယ်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။
[ပေါင်းစပ်မှုအား စတင်ပါပြီ။ ကျေးဇူးပြု၍ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါ။]
ဒီပေါင်းစပ်မှုက အန္တိမတာအိုရတနာ ပါဝင်တဲ့အတွက် အချိန်တော့ ယူရမှာပါ။ ဟန်ကျွယ်ဟာ အလျင်မလိုတဲ့အတွက် တရားထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။
.....
ပန်ကူးခန်းမ။
ပန်ရှင်းဟာ တရားထိုင်နေရင်းက မျက်လုံးဖွင့်လိုက်ပါတယ်။ အကြောင်းတချို့ကြောင့် ပန်ရှင်းဟာ ရင်ထဲ ဟာလာဟင်းလင်း ဖြစ်နေပြီး တစ်ခုခုကို ဆုံးရှုံးသွားတယ်လို့ ခံစားနေရပါတယ်။ ဒီခံစားချက်က ပန်ရှင်းကို တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။ ပန်ရှင်းဟာ သေချာ အာရုံခံကြည့်ပေမဲ့ အကြောင်းရင်းကို ရှာမတွေ့ပါဘူး။
ပန်ရှင်းဟာ ရုတ်တရက်ဆိုသလို ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်ပါတယ် “ကောင်းကင်ဖွင့်လှစ်ပုဆိန်က ငါ့ကို ခေါ်နေတာများလား...” ပန်ရှင်းဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ပန်ရှင်းဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို အချိန်တစ်ခုအထိ အသုံးပြုခဲ့တာမလို့ ဆက်သွယ်မှု နည်းနည်း ရှိပါတယ်။
ဒါပေမဲ့ ပန်ရှင်းဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ရှာမရပါဘူး “သေစမ်း... ငါ မင်းတို့ အကုန်လုံးကို မကြာခင် သတ်ပစ်မယ်”
ပန်ရှင်းဟာ အံကြိတ်ပြီးနောက် ကောင်းကင်ဖွင့်လှစ်ပုဆိန် အကြောင်းကို မတွေးတောမိစေဖို့ အကောင်းဆုံး ကြိုးစားလိုက်ပါတယ်။
.....
အမှောင်တားမြစ်နယ်မြေမှာ ခမ်းနားထည်ဝါတဲ့ မျှော်စင်တစ်စင်ဟာ ရှေ့ကို ဆက်တိုက် သွားနေပါတယ်။ ပဋိပက္ခသားရဲတွေ အပါအဝင် မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ ဒီမျှော်စင်ကို ဗဟိုထားပြီး စုစည်းနေကြပါတယ်။ ဒီအင်အားက တားဆီးမရတဲ့ အရှိန်အဟုန် ရှိပါတယ်။
မျှော်စင်ထိပ်မှာတော့ ကျိုးဖန်ဟာ လက်ပိုက်ပြီး ရှေ့ကို ကြည့်နေပါတယ်။ အမှောင်တားမြစ်နယ်မြေက မှောင်မည်းနေပေမဲ့ ကျိုးဖန်ဟာ ကောင်းကင်တာအိုကို လှမ်းမြင်နေရပါတယ်။
“နောက်ဆုံးတော့ ငါတို့တွေ ကောင်းကင်တာအိုဆီ ပြန်ရောက်တော့မယ်” ကျိုးဖန်ဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း အသာပြုံးလိုက်ပါတယ်။
ကျိုးဖန်ဘေးနားမှာ မတ်တတ်ရပ်နေတဲ့ မော့ဖူချိုက စပ်စုလိုက်ပါတယ် “ငါတို့တွေ ရောက်တော့မှာလား...”
ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
မော့ဖူချိုဟာ ကောင်းကင်တာအိုရှိရာကို မျှော်ကြည့်မိလိုက်ပါတယ်။
မော့ဖူချိုဟာ အသက်ပြန်ရှင်လာကတည်းက ကောင်းကင်တာအိုအကြောင်း တွေးနေခဲ့တာပါ။ မော့ဖူချိုဟာ သူ ပဋိပက္ခမှာ အသက်ပြန်ရှင်မှန်း သိလိုက်ရတဲ့အခါ အခြေအနေတွေကို နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။ နေနေကျ နေရာ မဟုတ်တဲ့အတွက် မော့ဖူချိုဟာ အိပ်မက်မက်နေသလိုမျိုးပဲ ခံစားရပါတယ်။ ကောင်းကင်တာအိုကို ပြန်ရောက်မှသာ မော့ဖူချိုဟာ တကယ် အသက်ပြန်ရှင်တာလို့ ခံစားနိုင်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။