← Chapters

ကောင်းကင်တာအို၏ စည်ကားမှု

Vol. 80 Ch. 845

ကောင်းကင်တာအို၏ စည်ကားမှု

Vol. 80 Ch. 845

“ဟုတ်ကဲ့ပါ”

နတ်ဒေါင်းအရှင်ဟာ ချက်ချင်း သဘောတူလိုက်ပေမဲ့ ရင်ထဲမှာတော့ အလန့်တကြား ဖြစ်သွားပါတယ်။ နတ်‌ဒေါင်းအရှင်ဟာ ဒီနှစ် နှစ်သန်းအတွင်း သူ့စွမ်းဆောင်ရည်က အရင်ထက် အများကြီး နိမ့်ကျနေတာကို သိပါတယ်။ ဒီလိုနိမ့်ကျနေတာကြောင့်လည်း သူ ပြောခဲ့သမျှ စကားတွေက လေလုံးထွားတာ ဖြစ်နေပါတယ်။

ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ အိပ်မက်ကို တစ်ခါတည်း အဆုံးသတ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ လက်တွေ့ဘဝကို ပြန်ရောက်တာနဲ့ ကောင်းကင်တာအိုကို စပြီးတော့ အကဲခတ်ပါတယ်။ ကောင်းကင်တာအို အနန္တကပ်ဘေး ပြီးဆုံးပြီးနောက် ကောင်းကင်တာအိုမှာ နောက်ထပ် တာအိုပညာရှိ နှစ်နေရာ ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီနေရာနှစ်ခုကိုတော့ ဝင်ပါဖို့ စိတ်ကူး မရှိပါဘူး။ ဒီအတိုင်းထားဖို့ ဆုံးဖြတ်ထားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို လျင်မြန်စွာပဲ မြင်ကွင်းထဲ ဖမ်းမိလိုက်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းဟာ ကောင်းကင်တာအိုနဲ့ အလှမ်းဝေးနေသေးပေမဲ့ မဟာရှေးဟောင်း နယ်မြေနဲ့တော့ တော်တော်လေး နီးကပ်နေပါပြီ။

ပန်ကူး အပါအဝင် လောကဦး နတ်ဘီလူး ဒါဇင်ကျော်ဟာ မဟာရှေးဟောင်း နယ်မြေမှာ စုစည်းနေကြပါတယ်။

အသက်ပြန်ရှင်လာပြီးနောက် ပန်ကူးရဲ့ ရောင်ဝါဟာ အရင်ကထက် မနိမ့်ကျပါဘူး။ မဟာရှေးဟောင်း နယ်မြေမှာရှိတဲ့ တခြားသက်ရှိတွေကိုတော့ လူစုခွဲလိုက်ပြီ ဖြစ်တဲ့အတွက် နောက်ဆုံးတိုက်ပွဲကို စောင့်နေတဲ့ နတ်ဘီလူးတွေသာ ကျန်ရှိပါတော့တယ်။

နတ်အာဏာရှင် စစ်သူကြီးတွေဟာ ပဋိပက္ခနတ်ဘီလူးတွေကို အာရုံခံမိလို့နဲ့ တူပါတယ်။ မဟာရှေးဟောင်း နယ်မြေကို တမင်တကာ ဦးတည် ချဉ်းကပ်ပါတယ်။

ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကို ကြည့်ချင်နေတာပါ။

ဟန်ကျွယ်ဟာ တစ်ခဏ လျှောက်ကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။

ပဋိပက္ခနက်၊ အမှောင်တားမြစ်နယ်မြေ။

အလင်းတန်းတစ်ခုဟာ အလွန်လျင်မြန်စွာ ခရီးနှင်နေပါတယ်။

ဒီအလင်းတန်းက ကျန်းကျွယ်ရှီပါ။

ကျန်းကျွယ်ရှီဟာ ရုတ်တရက် ရပ်ပြီး ရှေ့ကို စူးရှစွာ ကြည့်လိုက်ပါတယ်။ အမှောင်ထု အာကာသဟာ လှုပ်ခတ်သွားပြီး ရုပ်သွင်တစ်သွင် ဖြည်းညင်းစွာ ထွက်ပေါ်လာပါတယ်။

ဘိုးဘေးရှီတျန်။

ကျန်းကျွယ်ရှီက မေးလိုက်ပါတယ် “ဘိုးဘေးက ကျွန်တော်ကို ဒီအထိအောင် လိုက်ပြီးခါမှ ဘာလို့ ကိုယ်လုံးထွက်ပြတာလဲ”

ဘိုးဘေးရှီတျန်က ခံစားချက် ကင်းမဲ့စွာ ပြန်ပြောပါတယ် “ငါ စကားနည်းနည်း ပြောပြီး ထွက်သွားမယ်ဆိုတာကို မင်းလည်း သိတာပဲ၊ ငါ မင်းကို မမီဘူးလို့ပဲ ဟန်ဆောင်လိုက်”

ကျန်းကျွယ်ရှီဟာ မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။ ကျန်းကျွယ်ရှီဟာ ဘိုးဘေးရှီတျန် ဘာလိုချင်တယ်ဆိုတာကို ဘယ်တုန်းကမှ အဖြေမရှာနိုင်ခဲ့ပါဘူး။ ဒီနှစ်တွေမှာ ဘိုးဘေးရှီတျန်က သူ့ကို ဖမ်းထားခဲ့တယ်ဆိုပေမဲ့ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နိုင်ဖို့ လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ထောက်ပံ့ပေးခဲ့ပါတယ်။

ကျန်းကျွယ်ရှီဟာ ဘိုးဘေးရှီတျန်ဟာ ရှုံဟွာထဲ ဝင်တာက ရည်ရွယ်ချက် တစ်ခုခု ရှိရလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။

“ကောင်းကင်တာအိုက အချိန်အကြာကြီး တည်ရှိလာခဲ့ပေမဲ့ မင်းလိုမျိုး အခွင့်အရေးရတဲ့လူ အရမ်းရှားတယ်၊ အတိတ်မှာတုန်းက ပန်ကူးနဲ့ တာအိုဘိုးဘေးပဲ မင်းကို ယှဉ်နိုင်တယ်၊ မင်းရဲ့ ကံကြမ္မာက သာမန်မဟုတ်ဘူး၊ မင်း သတိကြီးကြီးထားပြီး လှုပ်ရှားဖို့ ငါ မျှော်လင့်ပါတယ်၊ အထူးသဖြင့် အခုအချိန်မှာ ပဋိပက္ခက ဘာဖြစ်မယ်ဆိုတာကို မသိနိုင်ဘူး၊ မင်းရဲ့ အရည်အချင်းကို အကန့်အသတ်မရှိ ထုတ်ပြရင် ပြဿနာတွေကိုပဲ ဆွဲဆောင်မိလိမ့်မယ်”

ဘိုးဘေးရှီတျန်ရဲ့ သိမ်မွေ့ညင်သာတဲ့ စကားသံကြောင့် ကျန်းကျွယ်ရှီဟာ မျက်‌မှောင် ပိုကြုတ်သွားပါတယ်။

ကျန်းကျွယ်ရှီရဲ့ အမြင်မှာ ပဋိပက္ခက မစည်ကားတဲ့အပြင် ခြောက်ကပ်နေတာပါ။ နှစ်တစ်ရာနေလို့ ခွေးတစ်ကောင် ကြောင်တစ်မြီး တွေ့ရတာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ သူ့အရည်အချင်းကို အလွယ်တကူ ထောက်လှမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကျန်းကျွယ်ရှီဟာ သူ့ကိုယ်သူ သံသယ ဝင်သွားပါတယ် ‘ပဋိပက္ခက ငါထင်ထားတာထက် ပိုပြီးတော့ ကြောက်ဖို့ ကောင်းနေတာလား၊ ငါ့ကို မျက်လုံး အများကြီးက စိုက်ကြည့်နေတာလား...’

ကျန်းကျွယ်ရှီဟာ တွေးလေလေ ကြောက်လေလေပါပဲ။ ဒီနှစ်တွေမှာ ကျန်းကျွယ်ရှီဟာ တကယ်ကို အမှုမှတ် အမှတ်မဲ့ နေခဲ့တာပါ။ နှစ်ပေါင်းသိန်းချီ ပြန်မွေးဖွားခဲ့တာက အရမ်း ကြာညောင်းလွန်းတဲ့ အချိန်တစ်ခု မဟုတ်ပါလား။

ဘိုးဘေးရှီတျန်က ဆက်ပြောပါတယ် “နောက်ကျရင် ကောင်းကင်တာအိုကို မင်း ကယ်တင်ရလိမ့်မယ်၊ ငါ မသွားခင် မင်းကို ကံတရား မဟာတာအို သင်ပေးခဲ့မယ်”

ဘိုးဘေးရှီတျန်ဟာ လက်ဝှေ့ယမ်းလိုက်တဲ့အခါ အလင်းရောင်လုံး တစ်လုံး ထွက်ပေါ်လာပြီး ကျန်းကျွယ်ရှီရဲ့ နဖူးထဲကို လျင်မြန်စွာ ဝင်ရောက်သွားတဲ့အတွက် ကျန်းကျွယ်ရှီဟာ တုံ့ပြန်ချိန် မရလိုက်ပါဘူး။

ကျန်းကျွယ်ရှီဟာ မှင်တက်သွားပြီး သူ မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ ဘိုးဘေးရှီတျန်ကို မတွေ့ရတော့ပါဘူး။ ကျန်းကျွယ်ရှီလည်း နေရာမှာ ဆက်မနေဘဲ လျင်မြန်စွာ ထွက်ခွာလာခဲ့ပါတယ်။

အမှောင်ထုထဲမှာ ခံ့ညားထည်ဝါပြီး ကြည်ညိုဖို့ကောင်းတဲ့ ရွှေရောင်ဗုဒ္ဓတစ်ပါးဟာ ကမ္ဘာတစ်ကမ္ဘာကို လက်နဲ့ဆွဲပြီး သယ်ဆောင်လိုက်ပါတယ်။ ဒီရွှေရောင်ဗုဒ္ဓက ရှန်ရှောင့်ကျန်းဝူဗုဒ္ဓ ဖြစ်ပါတယ်။

ရှေ့မှာတော့ ကောင်းကင်တာအို ရှိနေပါတယ်။

ရှန်ရှောင့်ကျန်းဝူဗုဒ္ဓရဲ့ အကြည့်ဟာ ဟုန်စဲ့မင်ယွင် ကမ္ဘာဆီ ကျရောက်သွားပြီး နှလုံးလှုပ်သွားပါတယ်။ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဟုန်စဲ့မင်ယွင် ကမ္ဘာထဲမှာ ပုန်းအောင်းနေတဲ့ ကြောက်မက်ဖွယ် ရောင်ဝါကို အာရုံခံမိပါတယ်။ သူဟာ အရင်တုန်းက ကောင်းကင်တာအိုကို လာဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီလိုကမ္ဘာမျိုး မရှိခဲ့ပါဘူး။

ချူရှီရဲ့အသံဟာ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓရဲ့ နားထဲကို ဝင်လာပါတယ် “မစိုးရိမ်နဲ့၊ အဲဒါက ငါ့ဆရာဘိုးဘိုး ဖိတ်ခေါ်ထားတဲ့ မဟာတာအိုပညာရှိပဲ၊ ဗုဒ္ဓကမ္ဘာကို အင်မော်တယ်ကမ္ဘာရဲ့ တခြားဖက်မှာ နေရာချလိုက်၊ ဒီလိုဆို နှစ်ဖက်ခုခံတဲ့ အစီအမံ ဖြစ်သွားပြီ”

ချူရှီရန်က ဆရာဘိုးဘိုးလို့ ပြောတာနဲ့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဘာမှ ထပ်မ‌မေးတော့ပါဘူး။ ရှန်ရှောင့်ကျန်းဝူဟာ ကောင်းကင်တာအို ပတ်ပြီး အင်မော်တယ်ကမ္ဘာရဲ့ တခြားတစ်ဖက်ဆီ ရောက်သွားပါတယ်။

ကောင်းကင် တာအိုပညာရှိတွေဟာ တစ်ပါးပြီး တစ်ပါး ပေါ်လာပြီး ရှန်ရှောင့်ကျန်းဝူဗုဒ္ဓကို စိတ်ဝင်တစား ကြည့်ရှုကြပါတယ်။ ဖန်းလျန်ဟာ ဗုဒ္ဓကမ္ဘာ ရွှေ့လာမဲ့အကြောင်း ကြိုပြောထားပြီးပြီမလို့ တာအိုပညာရှိတွေဟာ အံ့အားသင့်ခြင်း မရှိပါဘူး။

တာအိုပညာရှိတွေဟာ သူတို့ကိုယ်သူတို့ မိတ်ဆက်ကြပါတယ်။

ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ မာနမထားဘဲ ကောင်းကင်တာအို ပညာရှိတွေကို အလိုက်သင့် ပြန်နှုတ်ဆက်ပါတယ်။ သူတို့တွေ ကောင်းကင်တာအိုမှာ အချိန်အကြာကြီး နေမယ်ဆိုတာကို ရှန်ရှောင့်ကျန်းဝူဗုဒ္ဓ သိထားပါတယ်။ နောက်ကျရင် သူတို့တွေ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်သွားတာလည်း ဖြစ်နိုင်ပါတယ်။

ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဒီကိစ္စကို မငြင်းဆန်ပါဘူး။ အဲဒီအစား ပိုလို့တောင် ကျေနပ်အားရပါသေးတယ်။ သူ့အနေနဲ့ ဗုဒ္ဓကမ္ဘာတစ်ကမ္ဘာတည်းကို မှီခိုဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာကတော့ မတူပါဘူး။ ကောင်းကင်တာအိုကို တိုက်ခိုက်ခဲ့တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် သေသွားတာက အကောင်းဆုံး သာဓကပဲ မဟုတ်ပါလား။

ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ တာအိုပညာရှိတွေနဲ့ ယဉ်ယဉ်ကျေးကျေး စကားပြောဆိုပါတယ်။

နှစ်တစ်သောင်းကြာလို့ တာအိုပညာရှိတွေ ဆွေးနွေးပြီးတဲ့နောက် ကောင်းကင်တာအို ကျင့်ကြံသူတွေက ဗုဒ္ဓကမ္ဘာနဲ့ ဟုန်စဲ့မင်ယွင်ကမ္ဘာဆီ သွားရောက်ဖို့ စပြီး စီစဉ်ပါတော့တယ်။ သူတို့တွေဟာ ပထမဆုံး ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို ဗုဒ္ဓကမ္ဘာနဲ့ ဟုန်စဲ့မင်ယွင်ကမ္ဘာဆီ ဖြန့်ကြက်မှာပါ။ တဖြည်းဖြည်းနဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ စုမိသွားရင် ဒီကမ္ဘာနှစ်ခုက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်သွားမှာပါ။

ဟုန်စဲ့မင်ယွင်နဲ့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဒီကိစ္စကို မကန့်ကွက်ပါဘူး။ လုံးဝ လက်ခံပါတယ်။

ဓားရူးတာအိုပညာရှိကတော့ ဧည့်ကြိုနန်းတော်မှာပဲ နေထိုင်ပါတယ်။ ပထမတော့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိနဲ့ နေသားမကျပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိနဲ့ နေသားကျရုံမက ပျော်တောင် ပျော်သွားပါသေးတယ်။

ဧည့်ကြိုနန်းတော်က ပဋိပက္ခ အင်အားစုတွေကို ကောင်းကင်တာအို လက်ခံတွေ့ဆုံတဲ့ နေရာတစ်ခုပါ။ ပဋိပက္ခက စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဧည့်ကြိုနန်းတော်ကို မကြာခဏ ဝင်လာလေ့ရှိပါတယ်။ ဓားရူးတာအိုပညာရှိ ရှိနေတာက ဒီပဋိပက္ခ အင်အားစုတွေကို ဖိအား တော်တော်လေးပေးပြီး ကောင်းကင်တာအိုရဲ့ အုတ်မြစ်ကို ပြသပေးရာ ရောက်ပါတယ်။

ကောင်းကင်တာအိုက နတ်အာဏာရှင် စစ်သူကြီးတွေကို မကြောက်ဘူးဆိုတဲ့အချက်လည်း ပါပါတယ်။

ဓားရူးတာအိုပညာရှိက ပန်ကူးနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး အသက်ရှင်နိုင်ခဲ့တဲ့သူပါ။ ဒါကြောင့်မလို့ သူ့ဂုဏ်သတင်းက ပဋိပက္ခကို တုန်လှုပ်စေခဲ့တာ ကြာပါပြီ။

အချိန်တစ်ခုအတွင်း နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ကောင်းကင်တာအိုအ‌ပေါ် မကောင်းတဲ့ သက်ရောက်မှုက လျော့ကျသွားပြီး ကောင်းကင်တာအို ကျင့်ကြံသူတွေကို ကောင်းကင်တာအိုဆီ ပိုပို ပြန်လာစေပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေက ကောင်းကင်တာအိုကို ဆက်ပြီးတော့ ပစ်မှတ်မထားတော့တဲ့ အတိုင်းပါပဲ။

ဒီအခြေအနေက တာအိုပညာရှိတွေကို တော်တော်လေး ပျော်ရွှင်စေပါတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်တာအိုပညာရှိတွေဟာ သူတို့တွေ ကောင်းကင်တာအိုကနေ ထွက်မသွားမိတာကို ဝမ်းသာသွားကြပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ နောက်ထပ် နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံပြီးနောက် သူ့ကျင့်ကြံမှုက အများကြီး တိုးလာပါတယ်။ လောကဦးကမ္ဘာရဲ့ အရွယ်အစားဟာ အရင်ကထက် နှစ်ဆလောက် ရှိသွားပါပြီ။ လောကဦးကမ္ဘာ ကျယ်လာတာနဲ့အမျှ ကြယ်တွေကြားက အကွာအဝေးဟာ ဝေးကွာလာပြီး ဥက္ကာခဲတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ဒီဟာက တော်တော်လေးကို မှော်ဆန်လှပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေကို စောင့်နေရတာက ပျင်းဖို့ ကောင်းလာပါတယ်။ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေ နောက်ကျမှ လာလေလေ ဟန်ကျွယ်က ယုံကြည်ချက် ပိုရှိလေလေပါပဲ။

မကြာခင်မှာပဲ ဟန်ကျွယ်အာရုံကို စာတစ်စောင်က ဖမ်းစားလိုက်ပါတယ်။

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်တဲ့အခါ နောက်ထပ် ဆက်စပ် စာစောင်ကို တွေ့လိုက်ရပါတယ်။

[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာ၏ တိုက်ခိုက်မှုကြောင့် ရုပ်ခန္ဓာ ပျက်စီးပြီး ဝိညာဉ်တစ်စွန်းတစ်စသာ ကျန်ရှိတော့၏။]

‘တော်တော် သနားဖို့ကောင်းတာပဲ’

ဟန်ကျွယ်ဟာ ရင်ထဲ တင်းကျပ်သွားပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ချက်ချင်း အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက အရင်တောအုပ်ပါပဲ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

“အရှင်မင်းကြီး... ဒီအတောအတွင်း နတ်အာဏာရှင် စစ်သူကြီးနဲ့ တွေ့ထားတာလား” ဟန်ကျွယ်က အရင် စမေးလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ဒါပေမဲ့ ငါ ဘာမှမဖြစ်ပါဘူး၊ အဆင်ပြေပါတယ်၊ ငါ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကနေ လွတ်မြောက်ထားတာ ကြာပြီဆိုတော့ ငါက ကောင်းကင်တာအို သက်ရှိ မဟုတ်တော့ဘူး”

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် သက်သာရာ ရသွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “မင်းက နတ်အာဏာရှင် စစ်သူကြီးတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတာလား၊ ငါ ကောင်းကင်တာအိုရဲ့ အခြေအနေကို ကြားထားတယ်၊ ကောင်းကင်တာအိုက မပြိုလဲတဲ့အပြင် စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဆက်တိုက် စုပ်ယူနေတယ်တဲ့၊ မင်းတို့ တကယ် တိုက်မှာလား”

ဟန်ကျွယ်ဟာ ဖုံးကွယ်စရာ မလိုဘူးလို့ ခံစားရတဲ့အတွက် ခေါင်းညိတ်ကာ အဖြေပေးလိုက်ပါတယ် “ကောင်းကင်တာအိုကို ကာကွယ်ဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပဲလေ”

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တအံ့တဩ ဖြစ်သွားပါတယ် “မင်းက ပဋိပက္ခ နတ်ဘီလူး မဟုတ်ဘူးဆိုတာကို ငါ သံသယဝင်လာပြီ၊ နတ်အာဏာရှင် စစ်သူကြီးတွေတော့ ဒုက္ခရောက်တော့မယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဟန်ကျွယ်ကို မယုံနိုင်စွာကြည့်ရင်း ပြောလိုက်ပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ် အကြောင်းကို ကောင်းကောင်း သိပါတယ်။ ဟန်ကျွယ်က ကောင်းကင်တာအိုကို အသက်အသေခံပြီး စောင့်ကြပ်မဲ့လူစား မဟုတ်ပါဘူး။ အခုလို နတ်အာဏာရှင် စစ်သူကြီးတွေကို ရင်ဆိုင်တာက ယုံကြည်ချက်ရှိလို့ဆိုတာ သိသာလှပါတယ်။

ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ကျောထဲ စိမ့်တက်သွားပါတယ်။ ကံကောင်းထောက်မစွာပဲ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့အကြောင်း သူသိပြီး ဟန်ကျွယ် အကြောင်းကို ဆက်မခန့်မှန်းပါဘူး။

ပဋိပက္ခ နတ်ဘီလူးထက် အရည်အချင်း ပိုထက်မြက်တာက...။

“ဒါနဲ့ ငါ နတ်အာဏာရှင် စစ်သူကြီးတွေထဲမှာ အသိတစ်ယောက်ကို တွေ့ခဲ့ရတယ်၊ တာအိုဘိုးဘေးပဲ၊ သူက နတ်အာဏာရှင် စစ်သူကြီးတစ်ပါး ဖြစ်နေတယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စကားလမ်းကြောင်း ပြောင်းပြီး မှောင်မည်းတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters