အန္တိမမော်တယ် ဝတ်ရုံ
Vol. 80 Ch. 846
“တာအိုဘိုးဘေး... အရှင်မင်းကြီး ဘာကို ပြောချင်တာလဲ၊ နတ်အာဏာရှင် စစ်သူကြီးတစ်ပါးက တာအိုဘိုးဘေးနဲ့ တူတာလား၊ ဒါမှမဟုတ် တာအိုဘိုးဘေးက နတ်အာဏာရှင် စစ်သူကြီးတွေကို အမိန့်ပေးနေတာလား...”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေကို ပုံရိပ်ယောင်ထဲကနေ မြင်ဖူးပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေဟာ ခေါင်းဆောင်လည်း မရှိသလို လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်စွမ်းလည်း မရှိပါဘူး။ တိုက်ခိုက်ဖို့ ထုတ်လွှတ်ထားတဲ့ စက်ရုပ်တွေ အတိုင်းပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြန်ပြောပါတယ် “ငါလည်း သေချာမသိဘူး၊ ဒါပေမဲ့ ငါ နတ်အာဏာရှင် စစ်သူကြီးတွေကြားထဲမှာ တာအိုဘိုးဘေးကို တွေ့ခဲ့တာ အမှန်ပဲ၊ ဒီကိစ္စက တကယ်ကို ထူးဆန်းတယ်၊ ငါ ဒီကိစ္စကို စုံစမ်းဖို့ နည်းလမ်းရှာမှ ဖြစ်မယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ဒီကိစ္စကို စိတ်ထဲမှာ တေးထားလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ စကား နည်းနည်းပါးပါး ထပ်ပြောပြီးမှ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “တာအိုဘိုးဘေးက နတ်အာဏာရှင် စစ်သူကြီးတွေကြားထဲ ဘာဖြစ်လို့ ရောက်နေတာလဲ”
[ကံဆက်စပ်မှုမရှိ၍ တွက်ချက်မရပါ။]
‘ကံဆက်စပ်မှု မရှိဘူး... ဘာကို ပြောချင်တာလဲ’
ဟန်ကျွယ်ဟာ တာအိုဘိုးဘေးနဲ့ ပတ်သက်ပြီး မေးခွန်းမျိုးစုံကို လျှောက်မေးပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ဘယ်လိုမေးမေး တွက်မရပါဘူး။ တာအိုဘိုးဘေးက တကယ်မရှိတဲ့အတိုင်းပါပဲ။
တာအိုဘိုးဘေးက ဟန်ကျွယ်ရဲ့ လူမှုဆက်ဆံရေးထဲမှာ ရှင်းရှင်းလင်းလင်းကြီး ရှိနေပြီး တွက်ချက်မရတာက စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ကြည့်ရတာ တာအိုဘိုးဘေးက ဒီအတောအတွင်း အေးဆေးမနေဘဲ တိတ်တဆိတ် ကြိုးစားထားပုံပါပဲ။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး တာအိုဘိုးဘေးအကြောင်း တွေးနေတာကို ရပ်လိုက်ပါတယ်။ အဲဒီနောက် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
.....
နတ်ဘီလူးတွေဟာ မဟာရှေးဟောင်း နယ်မြေရဲ့ ခန်းမထဲမှာ စုဝေးနေကြပါတယ်။ မဟာရှေးဟောင်း နတ်ဘီလူးရဲ့ဘေးမှာ ကြံ့ခိုင်တောင့်တင်းတဲ့ ရုပ်သွင်တစ်သွင် ထိုင်နေပါတယ်။
ဒီရုပ်သွင်က ပန်ကူးပါ။ ပန်ကူးရဲ့ ဆံပင်တွေဟာ ရှုပ်ပွနေပြီး အရိုင်းဆန်တဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ ပန်ကူး အသက်ရှူထုတ်လိုက်တိုင်းမှာ မီးလျှံတွေ ထိုးထွက်လာသလိုပါပဲ။
ဒီအချိန်မှာ ပန်ကူးဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ တခြားနတ်ဘီလူးတွေလည်း တစ်စုံတစ်ခုကို ခံစားမိတာကြောင့် မျက်လုံးပွင့်လာကြပြီး သူတို့မျက်နှာတွေက တည်ကြည် လေးနက်သွားပါတယ်။
မဟာရှေးဟောင်း နတ်ဘီလူးဟာ မျက်မှောင်ကြုတ်လိုက်ပါတယ် “လာပြီ...”
တခြား နတ်ဘီလူးတွေလည်း စပြီးတော့ စကားပြောကြပါတယ်။
“သူတို့တွေက ဘာဖြစ်လို့ မဟာရှေးဟောင်းနယ်မြေဘက်ကို ရုတ်တရက် လှည့်လာရတာလဲ”
“တကယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ တည်ရှိမှုတစ်ခုက နတ်အာဏာရှင် စစ်သူကြီးတွေကို ကြိုးကိုင်နေတာပဲ၊ သူတို့က ငါတို့ ပဋိပက္ခ နတ်ဘီလူးတွေ စွမ်းအားကြီးလာမှာကို ကြောက်နေတာပဲ”
“ကံဆိုးလိုက်တာ... ငါ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေကို စည်းရုံးချင်သေးတယ်”
“သေမှာကြောက်တဲ့လူတွေက အမြဲတမ်း ရှိတယ်၊ ငါတို့တွေ ဒီတိုက်ပွဲကို အနိုင်ရရင် အနာဂတ်မှာ ပဋိပက္ခက ငါတို့အပိုင်ပဲ”
“ဟားဟား... လာကြစမ်းပါ၊ ပဋိပက္ခက ငါတို့ နတ်ဘီလူးတွေ အပိုင်ပဲ၊ အတိတ်မှာ ငါတို့တွေ တိုက်ခိုက်တုန်းက နတ်အာဏာရှင် စစ်သူကြီးမပြောနဲ့၊ မဟာတာအို နတ်စိတ်ဝိညာဉ်တောင် မရှိဘူး”
ပဋိပက္ခ နတ်ဘီလူး အကုန်လုံးဟာ တက်ကြွနေကြပြီး အကြောက်အလန့် ကင်းပါတယ်။ သူတို့အကုန်လုံးဟာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးပါပြီ။ တိုက်ပွဲမစခင်မှာ စိတ်ဓာတ်ကျစေမဲ့ စကားမျိုးကို မပြောကြပါဘူး။ အရေးအကြီးဆုံးက သူတို့တွေမှာ တခြားလမ်း မရှိတာပါ။
ပန်ကူးက ပြောလိုက်ပါတယ် “အစီအမံ တည်ဆောက်ဖို့ ပြင်ဆင်ကြတော့...”
မဟာရှေးဟောင်း နတ်ဘီလူးဟာ ခေါင်းညိတ်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။
နှစ်ပေါင်း ဘီလီယံချီမှာ တွေ့ရခဲလှတဲ့ ရှေးဟောင်း တိုက်ပွဲတစ်ပွဲဟာ မကြာခင်မှာ ဖြစ်ပေါ်လာပါတော့မယ်။
.....
ကောင်းကင်တာအို။
ဟန်ကျွယ်ဟာ နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံပြီးပေမဲ့ မနားဘဲ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုကလည်း အဆင်ပြေ ချောမွေ့နေပါတယ်။ မဟာတာအိုပညာရှိနဲ့ မဟာတာအိုပညာရှိချုပ် စောင့်ကြပ်နေမှတော့ နတ်အာဏာရှင် စစ်သူကြီးတွေကလွဲရင် ဘယ်သူကများ ကောင်းကင်တာအိုကို ပြဿနာရှာရဲမှာလဲ။
ဟန်ကျွယ်ရဲ့ လောကဦးကမ္ဘာဟာ ဆက်ပြီးတော့ ကျယ်ပြန့်ပြီး အထဲမှာရှိတဲ့ ဝိုးတိုးဝါးတား လောကဦးချီကလည်း ဆက်တိုးလာတဲ့အတွက် ဟန်ကျွယ်ရဲ့ အထွတ်အထိပ် စွမ်းအားဟာ ပိုအားကောင်းလာပါတယ်။
အချိန်တစ်ခု အရောက်မှာတော့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခမှာ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေတာကို ခံစားမိလိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထိန်းပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ သူ ဂူအောင်းကျင့်ကြံတာ နှစ် ကိုးသောင်းကျော်ပဲ ရှိသေးတာကို တွေ့လိုက်ရပါတယ်။
‘နတ်အာဏာရှင် စစ်သူကြီးတွေက မဟာရှေးဟောင်း နယ်မြေကိုတောင် ရောက်သွားပြီလား၊ ဒါ နည်းနည်း မြန်မနေဘူးလား... ဒီလိုဆို ဒီကောင်တွေ ကောင်းကင်တာအိုကို ရောက်လာမဲ့ အချိန်က ရှေ့တိုးလာလောက်ပြီ’
ဟန်ကျွယ်ဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ပြီးပြီမလို့ နတ်အာဏာရှင် စစ်သူကြီးတွေကို မကြောက်ပါဘူး။
ဟန်ကျွယ်ဟာ မဟာရှေးဟောင်းနယ်မြေကို လှမ်းကြည့်လိုက်ပါတယ်။ ပဋိပက္ခ နတ်ဘီလူး ဒါဇင်ကျော်ဟာ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းရဲ့ အလယ်မှာ အဝိုင်းခံထားရပါတယ်။ တိုက်ပွဲ အပြင်ဘက်မှာတော့ ဘိုးဘေးမှော်ပညာရှိ ၁၂ ပါးဟာ မှော်မျိုးနွယ်စုကို ဦးဆောင်ပြီး ရောက်လာပေမဲ့ တိုက်ပွဲထဲ မဝင်ရဲပါဘူး။
မှော်မျိုးနွယ်စုတင် မဟုတ်ပါဘူး။ တခြားမျိုးနွယ်စုတွေကလည်း တိုက်ပွဲကို စောင့်ကြည့်ပြီး အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြပါတယ်။ ဒီမျိုးနွယ်စုတွေက ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ဆက်နွှယ်နေတာ ဖြစ်နေပါတယ်။
တိုက်ပွဲက ပြင်းထန်လှပါတယ်။ ဒီအထဲမှာ ပန်ကူးက အဆွဲဆောင်ဆုံးပါ။ ပန်ကူးဟာ နတ်အာဏာရှင် စစ်သူကြီးတစ်ထောင်ကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေက ဖျက်ဆီးခံရတိုင်း ချက်ချင်း ပြန်ရှင်လာတဲ့အတွက် လောလောဆယ်တော့ ဘယ်သူနိုင်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။
ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေ အနိုင်ရလိမ့်မယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဟာရှေးဟောင်း နတ်ဘီလူးနဲ့ ပန်ကူးကလွဲရင် တခြား နတ်ဘီလူးတွေက ဓားရူးတာအိုပညာရှိလောက် မစွမ်းကြလို့ပါပဲ။ ပဋိပက္ခ နတ်ဘီလူးအများစုက နတ်အာဏာရှင် စစ်သူကြီးတစ်ပါးကိုတောင် ခက်ခက်ခဲခဲ ရင်ဆိုင်နေကြရပါတယ်။
ဒီလိုအခြေအနေမှာ မသေနိုင်တဲ့ နတ်အာဏာရှင် စစ်သူကြီးတွေ ရှုံးနိမ့်စရာအကြောင်း လုံးဝကို မရှိပါဘူး။
ဟန်ကျွယ်ဟာ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုပါတယ်။
ဒါပေမဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြည့်ရတာ ငြီးငွေ့လာပါတယ်။ ဒီတိုက်ပွဲက အချိန်တိုအတွင်း ပြီးမဲ့ကိန်း မရှိပါဘူး။
“နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုဆီ ရောက်ဖို့ ဘယ်လောက်လိုသေးလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[နှစ်ငါးသိန်း။]
ဒီအဖြေက နောက်ဆုံး ကြိုတင် ခန့်မှန်းချက်သာ ဖြစ်ပြီး တကယ့်အချိန်က ဒီထက်မြန်မယ်ဆိုတာကို ဟန်ကျွယ် သိပါတယ်။ ဟန်ကျွယ်တောင် ကံတရားရဲ့ ပြောင်းလဲမှုကို သက်ရောက်အောင် လုပ်နိုင်သေးရင် တခြားလူတွေလည်း လုပ်နိုင်မှာပါ။ ဟန်ကျွယ်ထက် စွမ်းအားကြီးတဲ့ တည်ရှိမှုဆိုရင်တော့ ပြောစရာကို မလိုတာပါ။
‘လာကြစမ်းပါ... ငါ မင်းတို့ကို စောင့်နေမယ်’
ဟန်ကျွယ်ဟာ ဂုဏ်ယူစွာ တွေးလိုက်ပါတယ်။ နှစ်ပေါင်း သုံးသန်းကြာအောင် တိတ်တိတ်လေး ကျင့်ကြံအားထုတ်ပြီးတဲ့ နောက်မှတော့ သူ့စွမ်းအားကို စမ်းသပ်ဖို့ အချိန်ကျပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုဆီ အသံလွှင့်ပြီး ဝရုန်းသုန်းကားဖြစ်တာကို ကာကွယ်ဖို့ ကြိုတင် ပြင်ဆင်ခိုင်းလိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို ချက်ချင်း စုစည်းလိုက်ပါတယ်။
ဧည့်ကြိုနန်းတော်။
ဂိုဏ်းချုပ်တျန်ကျွယ် ထွက်သွားတဲ့အခါ ဓားရူးတာအိုပညာရှိဟာ မျက်လုံးဖွင့်ပြီး ပဋိပက္ခကို လှမ်းကြည့်လိုက်ပါတယ်။ ဓားရူးတာအိုပညာရှိဟာ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ခံစားချက်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ စွမ်းအားက ဓားရူးတာအိုပညာရှိကို စိတ်လေးစေပါတယ်။
ပန်ကူးက ဓားရူးတာအိုပညာရှိရဲ့ အတွင်းနတ်ဆိုးပါ။ ဒီလို စွမ်းအားကြီးလှတဲ့ အတွင်းနတ်ဆိုးတောင် နတ်အာဏာရှင် စစ်သူကြီးတွေ ဖိနှိပ်တာကို ခံနေရတယ် မဟုတ်ပါလား။
ဓားရူးတာအိုပညာရှိရဲ့ ရင်ထဲမှာ ခံစားချက်မျိုးစုံ ပေါ်လာပါတယ်။ ဓားရူးတာအိုပညာရှိဟာ ကြောက်လည်း ကြောက်သွားသလို ဝမ်းလည်း ဝမ်းသာသွားပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေဟာ ကန့်သတ်စည်း တစ်မျိုးမျိုးကို တတ်ကျွမ်းပုံပါပဲ။ အသတ်ခံရတဲ့ ပဋိပက္ခ နတ်ဘီလူးတချို့ဟာ ထွက်ပြေးချင်ပေမဲ့ မဟာရှေးဟောင်း နယ်မြေကနေ အပြင်ထွက်မရအောင် ကန့်သတ်ခံလိုက်ရပါတယ်။
လွတ်လမ်း မရှိပါဘူး။
ပဋိပက္ခ နတ်ဘီလူးတစ်ပါးက တကယ် သေသွားပါပြီ။
ဓားရူးတာအိုပညာရှိဟာ တိုက်ပွဲကို ကြည့်နေတာ ရပ်လိုက်ပြီး အင်မော်တယ်ကမ္ဘာကို ပြန်ကြည့်လိုက်ပါတယ် ‘ဒီကောင် အခု ဘာတွေးနေတာလဲ... ငါ သူ့ကို အိပ်မက်ပေးသင့်လား... မဟုတ်သေးဘူး၊ ဒီကောင် ဒီတိုက်ပွဲကို သိနေလောက်ပြီ၊ ငါ သူ့ကို အိပ်မက်ပေးလိုက်ရင် ငါ သတ္တိကြောင်ရာ ရောက်သွားလိမ့်မယ်’
ဓားရူးတာအိုပညာရှိဟာ သူ့စိတ်အခြေအနေကို ပြုပြင်လိုက်တဲ့အခါ မျက်လုံးထဲမှာ တိုက်ခိုက်လိုစိတ်တွေ ပြန်ပြည့်လာပါတယ်။
‘နတ်အာဏာရှင် စစ်သူကြီးတစ်သောင်း ရှိတော့ ဘာဖြစ်လဲ’
‘ငါ့ဓားတာအိုက မင်းတို့ကို ဓားသွားကျောက် လုပ်ပစ်မယ်’
ဓားရူးတာအိုပညာရှိက တစ်ဖန်ပြန်ပြီးတော့ စိတ်ဓာတ် တက်ကြွသွားပါတယ်။
နှစ်တစ်ထောင်ကြာတဲ့ အခါမှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်မြင်ကွင်းထဲကို ရွေးချယ်မှုနှစ်ခု ရုတ်တရက် ရောက်လာပါတယ်။
[နတ်အာဏာရှင် စစ်သူကြီးများသည် ကောင်းကင်တာအိုကို တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ရှာဖွေ တွေ့ရှိထား၏။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ နတ်အာဏာရှင် စစ်သူကြီးများနှင့် တိုက်ခိုက်ရန် ပြင်ဆင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ လောကဦး အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
[၂။ ကောင်းကင်တာအိုမှ ချက်ချင်း ထွက်ပြေး၍ ပြဿနာနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]
ဟန်ကျွယ်ဟာ သူ့မြင်ကွင်းထဲက ရွေးချယ်မှုနှစ်ခုကို ကြည့်ပြီးနောက် နံပါတ်တစ်ကို တုံ့ဆိုင်းခြင်းမရှိ ရွေးချယ်လိုက်ပါတယ်။ ဟန်ကျွယ် နံပါတ်တစ်ကို ရွေးချယ်တာက တကယ်ကို ကြုံတောင့်ကြုံခဲပါ။
[သင်သည် နတ်အာဏာရှင် စစ်သူကြီးများနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့သဖြင့် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ လောကဦး အပိုင်းအစ တစ်စနှင့် အကောင်းစား ရတနာတစ်ပါးအား ဆုလာဘ်အဖြစ် ရရှိပါသည်။]
[အန္တိမတာအိုရတနာ အန္တိမမော်တယ် ဝတ်ရုံကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[အန္တိမမော်တယ် ဝတ်ရုံ: ခံစစ် အန္တိမတာအိုရတနာ၊ မော်တယ်စွမ်းအားကို စုပ်ယူပြီး ဖြစ်တည်လာသော အကောင်းစား ရတနာတစ်ပါး ဖြစ်သည်။ အရောင်အဆင်းနှင့် အသွင်အပြင် ကင်းမဲ့ပြီး တာအိုဖန်တီးရှင်၏ တိုက်ချက်တစ်ချက်ကို ခုခံနိုင်သည်။]
ဟန်ကျွယ်ဟာ မျက်လုံးပြူးသွားပြီး အသက်ရှူ မြန်သွားပါတယ်။ တာအိုဖန်တီးရှင်ရဲ့ တိုက်ချက်တစ်ချက်ကို ခုခံနိုင်တယ်လို့ ပြောထားတာ မဟုတ်ပါလား။
တစ်ချက်တည်းဆိုပေမဲ့ ဒီဟာက ဟန်ကျွယ်ကို စိတ်လှုပ်ရှားသွားစေပါတယ် ‘စနစ်က ငါ့ကို တကယ် ဂရုစိုက်တာပဲ’
ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အန္တိမမော်တယ်ဝတ်ရုံကို ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။
အန္တိမတာအိုဝတ်ရုံက အနီရောင်အလုံးတစ်လုံးဖြစ်ပြီး ဝတ်ရုံနဲ့ နည်းနည်းမှကို မတူပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။