ပဋိပက္ခနတ်ဘီလူးများ ချေမှုန်းခံရခြင်း
Vol. 80 Ch. 847
နှစ်ငါးရာ ကြာတဲ့အခါမှာတော့ အန္တိမမော်တယ်ဝတ်ရုံက ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ ဒီအခါ အံ့ဩဖို့ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ အန္တိမမော်တယ်ဝတ်ရုံဟာ တစ်ခါတည်း ပျောက်ကွယ်သွားပြီး ရုပ်အသွင်ကွယ်ကာ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ကို တွယ်ကပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ကာလတာအိုဝတ်ရုံကိုတောင် ချွတ်စရာ မလိုပါဘူး။
ရှင်းအောင်ပြောရရင် ဟန်ကျွယ်ဟာ ဝတ်ရုံ ရတနာနှစ်ပါးကို တစ်ခါတည်း ဝတ်ဆင်ထားလိုက်တာပါ။ ဒါက လုံးဝကို ထိုးဖောက်ဖို့ မဖြစ်နိုင်တဲ့ ခံစစ်ပါ။
ဟန်ကျွယ်ဟာ ယုံကြည်မှုအပြည့် ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ချက်ချင်းဝင်ပြီး မဟာတာအို အထွတ်အထိပ်အဆင့် ဓားရူးတာအိုပညာရှိ တစ်သောင်းကို စိန်ခေါ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မတ်မတ်ရပ်ပြီး ဓားရူးတာအိုပညာရှိ တစ်သောင်းကို စိတ်ကြိုက် တိုက်ခိုက်ခိုင်းပါတယ်။
ငါးမိနစ်ကြာမှပဲ ဓားရူးတာအိုပညာရှိတစ်သောင်းဟာ အန္တိမမော်တယ်ဝတ်ရုံရဲ့ ခံစစ်ကို ဖျက်ဆီးလိုက် နိုင်ပါတယ်။ အန္တိမမော်တယ်ဝတ်ရုံက တကယ်ကို ခံစစ်ကောင်းတာပါ။
နောက်ဆုံးတော့ ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေကို ရင်ဆိုင်ဖို့ စိတ်ချလက်ချ ဖြစ်သွားပါပြီ။ အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
မဟာရှေးဟောင်းနယ်မြေ တိုက်ပွဲမှာ ပဋိပက္ခ နတ်ဘီလူးတွေ အလုံးစုံ ဖျက်ဆီးခံလိုက်ရပါတယ်။ စွမ်းအားကြီးမားလှတဲ့ မဟာရှေးဟောင်း နတ်ဘီလူးနဲ့ ပန်ကူးတောင် ပျက်စီးသွားပါတယ်။ ဒီတိုက်ပွဲက ပဋိပက္ခရဲ့ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေပြီး သက်ရှိအားလုံးကို တုန်လှုပ် ချောက်ချားသွားစေပါတယ်။
ပဋိပက္ခ နတ်ဘီလူး။
သက်ရှိအကုန်လုံးဟာ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ ဒဏ္ဍာရီကို နားထောင်ပြီး ကြီးပြင်းလာကြတာပါ။ နတ်ဘီလူးတွေက သက်ရှိအားလုံးရဲ့ နှလုံးသားထဲမှာ အမြင့်ဆုံး တည်ရှိမှုတစ်ခုလည်း ဖြစ်ပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ နတ်ဘီလူးအများစုကို တိုက်ပွဲတစ်ပွဲတည်းနဲ့ ချေမှုန်းလိုက်တာကြောင့် အချိန်တစ်ခုအတွင်း ပဋိပက္ခတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားပါတယ်။
တုန်လှုပ်ချောက်ချားပြီးနောက် သက်ရှိအများစုဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေ မရှိတော့တဲ့အတွက် သူတို့တွေ အင်အားကြီးလာဖို့ အခွင့်အရေးတစ်ခု ရသွားတယ် မဟုတ်ပါလား။
ပဋိပက္ခ နတ်ဘီလူးတစ်ပါးက နယ်မြေတစ်ခုကို ထိန်းချုပ်ထားနိုင်တဲ့အတွက် အဲဒီ ပဋိပက္ခ နတ်ဘီလူး သေဆုံးတာနဲ့ အဲဒီနယ်မြေထဲမှာရှိတဲ့ အင်အားစုတွေကို အတောမသတ်နိုင်လောက်အောင် သက်ရောက်မှာပါ။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခ သက်ရှိတွေရဲ့ အကြည့်ဟာ ကောင်းကင်တာအိုဆီ ရောက်သွားကြပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေ သေသွားပြီ ဖြစ်တဲ့အတွက် နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ပစ်မှတ်က ကောင်းကင်တာအိုပဲ ကျန်ပါတော့တယ်။
ကောင်းကင်တာအိုနဲ့ နီးကပ်တဲ့ အင်အားစုအသီးသီးဟာ ကောင်းကင်တာအိုရဲ့ တိုးတက် ပြောင်းလဲမှုတွေကို ကြည့်ပြီး ကောင်းကင်တာအိုက ဒီကပ်ဘေးကို လွတ်မြောက်နိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ ကြေကွဲဖွယ် အဆုံးသတ်ကို မြင်ရတဲ့အခါမှာတော့ ကောင်းကင်တာအို နိဂုံးက သတ်မှတ်ပြီးသားလို့ တွေးလာကြပါတယ်။
ဒီသတင်း ကောင်းကင်တာအိုဆီ ရောက်တဲ့အခါ အင်မော်တယ်ကမ္ဘာက သက်ရှိအားလုံး ဒီအကြောင်းကို သိသွားပြီး ကြောက်လန့်ကုန်ကြပါတယ်။
တာအိုပညာရှိတွေဟာ သူတို့ရဲ့ တာအိုစက်ကွင်း အသီးသီးမှာ တာအိုဟောကြားပြီး တာအိုနားထောင်သူတွေကို နှစ်သိမ့်ပေးပါတယ်။ တာအိုနားထောင်သူတွေဟာ သူတို့ကြားရသမျှကို ပါးစပ်ကတစ်ဆင့် ပြန်ဖြန့်တာကြောင့် အင်မော်တယ်ကမ္ဘာရဲ့ နေရာတိုင်းကို ရောက်ရှိသွားကြပါတယ်။
အင်မော်တယ်ကမ္ဘာအောက်မှာရှိတဲ့ သေမျိုးကမ္ဘာ ထောင်ကျော်ကတော့ ဒီအကြောင်းကို လုံးလုံး မသိကြပါဘူး။ ကျင့်ကြံမှုအဆင့်က ကွာခြားလွန်းတဲ့အတွက် သတင်းအချက်အလက်က လုံးဝ တားဆီးခံလိုက်ရပါတယ်။
စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုဝေးနေကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိတွေလည်း ရောက်လာကြပါတယ်။ လူတိုင်းဟာ မဟာရှေးဟောင်းနယ်မြေရဲ့ တိုက်ပွဲအကြောင်းပဲ ပြောနေကြပါတယ်။
“သူတို့တွေ အကုန်လုံး သေသွားမယ်လို့ ငါ မထင်မိဘူး၊ ပန်ကူးတောင် သေသွားတယ်”
“ဟုတ်တယ်၊ ငါလည်း ပဋိပက္ခ နတ်ဘီလူးတွေက နတ်အာဏာရှင် စစ်သူကြီးတွေကို နည်းနည်းတော့ ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ ထင်ထားတာ၊ အခုတော့ ထင်ထားတာနဲ့ တခြားစီပါ”
“ဟင်း... ငါတို့အလှည့်လည်း မကြာခင် ရောက်လာတော့မယ်”
“မပြောနဲ့၊ ပြောရင်ဆိုရင်း ငါ ကျောချမ်းလာပြီ”
“ဘာကြောက်စရာ ရှိလို့လဲ၊ ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား၊ ပဋိပက္ခ နတ်ဘီလူးတွေ ရှုံးနိမ့်တာကို ငါတို့တွေ အနိုင်ယူလိုက်ရင် ပဋိပက္ခမှာရှိတဲ့ သက်ရှိတွေက ငါတို့ကို ဘယ်လိုတွေးမယ်လို့ ထင်လဲ”
“မင်းက ဘာတွေ လေလုံးထွားနေတာလဲ၊ တကယ့်အချိန်ရောက်ရင် ငါတို့က ပွဲကြည့်ပရိသတ်တွေ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိသုံးပါး တိုက်ခိုက်တာကို ထိုင်ကြည့်ရမှာ”
တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိတွေက ဟန်ကျွယ်ကို အကြွင်းမဲ့ ယုံကြည်တာကြောင့်သာ မဟုတ်ရင် စကြဝဠာခန်းမဟာ အုံ့မှိုင်းပြီး တိတ်ဆိတ်နေမှာပါ။ သူတို့တွေဟာ ပဋိပက္ခ နတ်ဘီလူးတွေ ရှုံးမယ်မှန်း သိပါတယ်။ ဒါပေမဲ့ အကုန်လုံး သေသွားလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။
ပဋိပက္ခ နတ်ဘီလူးတွေက တစ်ယောက်မှ ရှင်မကျန်ခဲ့တာပါ။ ဒီရလဒ်က သယ်ဆောင်လာတဲ့ ထိတ်လန့်မှုနဲ့ ဖိအားက အတော်လေး ကြီးမားလှပါတယ်။ သူတို့တွေ ဒီသတင်းကို ပထမဆုံး ကြားလိုက်ရတဲ့အခါ အသက်ရှူကျပ်သလို ခံစားလိုက်ရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပြောလိုက်ပါတယ် “ပဋိပက္ခကောင်းကင်လမ်းကို ယာယီ ပိတ်ထားမယ်၊ ကောင်းကင်တာအို သက်ရှိတွေကိုပဲ ပြန်လာခွင့်ပြုမယ်၊ ထွက်သွားခွင့် မပြုဘူး”
ပန်ရှင်းနဲ့ ကျင်းရှန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ စီမံစရာရှိတာတွေကို ဆက်ပြောပါတယ်။ တာအိုပညာရှိတိုင်းကလည်း ကိစ္စတွေကို စနစ်တကျ စီစဉ်ပါတယ်။ ဒီတည်ငြိမ်မှုက တာအိုပညာရှိတွေရဲ့ ဘောင်ဘင်ခတ်နေတဲ့ နှလုံးသားကို ငြိမ်သက်သွားစေပါတယ်။
တာအိုပညာရှိတွေဟာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ယုံကြည်ဖို့ပဲ ရွေးချယ်လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် နှစ်ငါးသောင်း ဂူအောင်းကျင့်ကြံပါတယ်။ ဂူအောင်းကျင့်ကြံလို့ ပြီးတဲ့အခါ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီ သွားပြီး နတ်ဘီလူးအသစ်တစ်ပါးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
ဝူတောက်ကျန့်က မေးလိုက်ပါတယ် “သခင်... နတ်အာဏာရှင် စစ်သူကြီးတွေက ကောင်းကင်တာအိုကို တိုက်ခိုက်တော့မှာလား၊ သခင်မှာ ယုံကြည်ချက်ရှိလား”
ဝူတောက်ကျန့်ဟာ အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ မဟာရှေးဟောင်း နယ်မြေရဲ့ အဆုံးသတ်ကို သိထားပြီးပြီမလို့ တော်တော်လေး စိုးရိမ်နေပါတယ်။
လီယောင်ကလည်း ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “မရှိဘူး”
“ဟမ်...” ဝူတောက်ကျန့်ဟာ အလန့်တကြား ဖြစ်သွားပါတယ် “ဒါဆို ထွက်ပြေးကြရအောင်...”
ဟန်ကျွယ်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။
လီယောင်ဟာ ဝူတောက်ကျန့်ကို ကြည့်ပြီး မနေနိုင်တော့တာကြောင့် ဝင်ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်က ယုံကြည်ချက်မရှိရင် နင် သတိပေးတာကို စောင့်နေမှာလား...”
ဒီတော့မှ ဝူတောက်ကျန့်ဟာ သဘောပေါက်သွားပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “စိတ်အေးလက်အေး ကျင့်ကြံအားထုတ်ချည်၊ နတ်အာဏာရှင် စစ်သူကြီးတွေက ငါတို့ရဲ့ နောက်ဆုံးရန်သူ ဖြစ်လာမှာ မဟုတ်ဘူး၊ နောက်ကျရင် ဒီထက်ကြီးမားတဲ့ ရန်သူတွေ ရှိလာနိုင်တယ်၊ အဲဒီအချိန်ကျရင် ငါ မင်းတို့ရဲ့ အကူအညီကို လိုအပ်တယ်၊ ငါ ကိုယ်တိုင် အကုန်လုံးကို လိုက်ဖြေရှင်းနေလို့ မဖြစ်ဘူးမလား၊ ဟုတ်တယ်မလား...”
လီယောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ မျက်နှာပူသွားပါတယ်။
ဒီအကြောင်း ပြောရရင် တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ဟန်ကျွယ်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ တစ်ခါမှ ဝင်မကူရသေးပါဘူး။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်တို့နဲ့ စကားနည်းနည်းပါးပါး ပြောပြီးမှ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပဋိပက္ခကို လှမ်းကြည့်လိုက်ပါတယ်။
ပဋိပက္ခကနေ ကြည့်ရင် နတ်အာဏာရှင် စစ်သူကြီးတွေက ကောင်းကင်တာအိုဆီ မျဉ်းဖြောင့်အတိုင်း တန်းတန်းမတ်မတ်ကြီး ချီတက်နေတာပါ။
ဟန်ကျွယ်ဟာ ပြင်ဆင်ထားပြီးပြီဆိုပေမဲ့ နည်းနည်းတော့ ရင်တုန်နေပါသေးတယ်။ ဟန်ကျွယ်ဟာ နှစ်သုံးသန်းကျော် ရှင်သန်ခဲ့ပေမဲ့ ဒီလိုမျိုး တိုက်ပွဲကို သိပ်မကြုံခဲ့ရပါဘူး။
စိတ်လှုပ်ရှားမှု။
မျှော်လင့်ချက်မှု။
ရင်ခုန်မှု။
ဟန်ကျွယ်ဟာ နည်းနည်းလည်း ကြောက်နေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို သတ်လိုက်ရင် ငါ သေနိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မသေနိုင်ပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ထပ်မေးလိုက်ပါတယ် “ငါ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို သတ်လိုက်ရင် ပဋိပက္ခနတ်မင်းတွေ ကိုယ်တိုင် လှုပ်ရှားနိုင်လား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မလှုပ်ရှားပါ။]
‘ဒီလိုဆိုရင်တောင် ပဋိပက္ခ နတ်မင်းတွေက မလှုပ်ရှားဘူးလား... ဒီကောင်တွေက ငကြောက်တွေလား... မဟုတ်သေးဘူး... တစ်ခုခုတော့ မှားနေပြီ’
“ငါ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို သတ်လိုက်ရင် ပဋိပက္ခ နတ်မင်းတွေက ဘာဖြစ်လို့ မလှုပ်ရှားတာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခုက သူတို့ကို နှောင်ဖွဲ့ထားသည်။]
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။ ဒီလျှို့ဝှက်ဆန်းကြယ်မှုက ပန်ကူး၊ တာအိုဘိုးဘေး တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပန်ကူးနဲ့ တာအိုဘိုးဘေးက အတူ ပူးပေါင်းထားတာလည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ လုံးဝ သက်သာရာ ရသွားပါတယ်။ တကယ်တော့ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်မင်းတွေ တိုက်ခိုက်ရင်တောင် မကြောက်ပါဘူး။ အများဆုံး ဟန်ကျွယ်အနေနဲ့ တာအိုစက်ကွင်းထဲ ဝင်ပုန်းရုံပါ။
ဟန်ကျွယ်ဟာ ပဋိပက္ခကို ဆက်ပြီးတော့ စိုက်ကြည့်လိုက်ပါတယ်။ တကယ်ကိုပဲ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ အလျင်က တိုးလာပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ခရီးနှင်နှုန်းက မြန်သထက် မြန်လာပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး မဟာဟင်းလင်းပြင်ဝိညာဉ် တာအိုပညာရှိကိုခေါ်ကာ ကောင်းကင်တာအို အပြင်ဘက် ခုန်ထွက်လိုက်ပါတယ်။ ပြီးမှ စကြဝဠာခန်းမထဲ ခုန်ဝင်လိုက်ပါတယ်။
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ရင်တုန်သွားပါတယ်။ ဟန်ကျွယ်က သူ့ကို ဘာလို့ အပြင်ခေါ်ထုတ်လဲဆိုတာ သိနေတယ် မဟုတ်ပါလား။
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ အရင်တုန်းက ပဋိပက္ခကို ထောက်လှမ်းခဲ့တဲ့အတွက် နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ စွမ်းအားကို တပ်အပ် မြင်တွေ့ခဲ့ပြီးပါပြီ။
‘သခင်... ကျွန်တော်ကို ဘာဖြစ်လို့ ဒီနေရာ ခေါ်လာတာလဲ၊ ကျွန်တော်က ဘာမှလုပ်နိုင်မှာလည်း မဟုတ်ဘဲနဲ့...’ မဟာဟင်းလင်းပြင်ဝိညာဉ် တာအိုပညာရှိဟာ ဝမ်းနည်းသွားပေမဲ့ ဘာမှ မပြောရဲပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ရှန်ပေါင် တာအိုကျင့်ကြံသူ တိုက်ခိုက်တုန်းက မဟာဟင်းလင်းပြင်ဝိညာဉ် တာအိုပညာရှိဟာ မျက်နှာ လုံးဝ ပျက်ခဲ့ရတဲ့အတွက် မျက်နှာပြန်ရဖို့ အခွင့်အရေးကို ရှာဖွေနေခဲ့တာပါ။
နောက်ဆုံးတော့ ကောင်းကင်တာအို ကပ်ဘေး ရင်ဆိုင်ရတဲ့အချိန်ကို ရောက်လာပါတယ်။ ဒါပေမဲ့ ရန်သူက ရှန်ပေါင်တာအိုကျင့်ကြံသူထက် အဆပေါင်း ဆယ်သန်းကျော် ပိုကြောက်ဖို့ ကောင်းနေပါတယ်။
‘ဘာလို့ ဒီလိုဖြစ်ရတာလဲ’ မဟာဟင်းလင်းပြင်ဝိညာဉ် တာအိုပညာရှိဟာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက သူ့ကို ပစ်မှတ်ထားနေတယ်လို့ ခံစားလိုက်ရပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်။ အရင်တုန်းက ကောင်းကင်အရှင်ရွှမ်တုဟာ ဒီလိုမလုပ်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ သူ ထမ်းထားရတဲ့ ဖိအားက မိုးထက်ကြီးနေတယ် မဟုတ်ပါလား။
ကောင်းကင်အရှင်ရွှမ်တုဟာ အပြင်ပန်းမှာ တည်ငြိမ်နေပေမဲ့ ရင်ထဲမှာတော့ ပုကျိုးနတ်တောင် ဆယ်ကုဋေကို ထမ်းထားရသလို လေးလံနေပါတယ်။ ကြီးမားတဲ့ဖိအားအောက်မှာ ကောင်းကင်တာအိုရဲ့ အခြေအနေ ပြိုလဲမသွားအောင် အစွမ်းကုန် ထောက်ကန်ထားရတယ် မဟုတ်ပါလား။
ကောင်းကင်အရှင်ရွှမ်တုဟာ ဂရုတစိုက် မေးလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... ဘာကိစ္စရှိလို့လဲ”
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်က မနိုင်နိုင်လို့ ထွက်ပြေးမယ်လို့ ပြောမှာကို တော်တော်လေး ကြောက်နေပါတယ်။ အဲဒီလိုသာဆိုရင် ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုထဲက သက်ရှိတွေနဲ့ တခြားတာအိုပညာရှိတွေကို ဘယ်လိုနည်းနဲ့မှ မျက်နှာပြရဲတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုဘေး ထိုင်ပြီး ပြောလိုက်ပါတယ် “တာအိုပညာရှိတွေကို စုဝေးလိုက်... နတ်အာဏာရှင် စစ်သူကြီးတွေ လာနေပြီ၊ ငါတို့တွေ အတူစောင့်ကြရအောင်...”
မြန်မာပြည် ငြိမ်းချမ်းပါစေ။